သခင်လေးရဲ့ စိတ္တဇဆေးရုံက လူမနေတဲ့နေရာမှာရှိတယ်
Vol. 22 Ch. 293
“ပထမဇာတ်ကားကိုအလကားကြည့်ရမယ်”
ဖန့်ကြွယ်ယွီ၏စကားကိုကြားရချိန်တွင် သတင်းထောက်များသာမက ဝမ်ချုံးအပါအဝင် ရုပ်ရှင်အဖွဲ့သားများက တအံ့တဩဖြစ်ကုန်ကြသည်။
သရုပ်ဆောင်များအတွက် ထိုက်သင့်သော သရုပ်ဆောင်ခကို ဖန့်ကြွယ်ယွီက ပေးပြီးပြီဖြစ်သည်။ ထို့ကြောင့် ဒီရုပ်ရှင်မှ ဖန့်ကြွယ်ယွီ ဘယ်လောက်ပြန်ရမလဲဆိုသည့် အပိုင်းကို သူတို့စိတ်မဝင်စားတော့ပေ။
ရုံတင်သည့်အချိန် ရသမျှ ပိုက်ဆံများကိုဝမ်ချုံးကိုပေးမည်ဟု ဖန့်ကြွယ်ယွီက ကတိပေးခဲ့သည်။ ဝမ်ချုံးက ဤရုပ်ရှင်ကားအတွက် ရင်းနှီးမြှုပ်နှံသည့်ပမာဏကလည်း မများပေ။
အရင်တစ်ခေါက်တုန်းက ဂူချန်ဂိုဏ်းထံမှ ရသော ဘီလီယံနှင့်ချီသည့် လျော်ကြေးငွေကို ဝမ်ချုံးကိုပေးထားပြီး သားမို့ ရုပ်တင်ခပိုက်ဆံမရလည်း ဝမ်ချုံးက စောဒကတက်စရာမရှိပေ။
ဖန့်ကြွယ်ယွီက ဘာအကြောင်းကြောင့် ဒီလိုလုပ်သလဲဆိုတာ သူတို့နားမလည်ကြပေ။
ရုပ်ရှင်ရိုက်ကွင်းအတွက်ကုန်ကျစရိတ်နှင့် မင်းသားမင်းသမီးကြေးများကို ထည့်မစဉ်းစားလျှင်တောင်မှ ရုပ်ရှင်ရုံတင်ခမှ ပြန်ရသည့်အမြတ်ငွေက ဘီလီယံနှင့်ချီပြီးရှိနိုင်သည်။ မည်မျှပင်ချမ်းသာစေကာမူ ထိုပမာဏကတော့ လက်လွှတ်ဖို့ရာ များလွန်းပေသည်။
သတင်းစာရှင်းလင်းပွဲကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေခြင်းဖြစ်ပြီး ဖန်သားပြင်တစ်ခုလုံး ထူးခြားသည့် မှတ်ချက်များဖြင့်ပြည့်နှက်နေသည်။
ဒေါ်လာဘီလီယံ ၄၀ဟူသောပမာဏက ဖန့်ကြွယ်ယွီအတွက်မပြောပလောက်ပေ။ အကြောင်းမှာ သူသည် ထိုပမာဏကို ရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်း သူ၏ တခြားစီးပွါးရေးလုပ်ငန်းများမှ ပြန်ရနေသည်။ သို့သော် သာမန်လူအဖို့တော့ ထိုပမာဏမှာ စိတ်ကူးနှင့်ပင် တွေးကြည့်လို့မရလောက်အောင် များပြားပေသည်။
ရုပ်ရှင်ကို အလကားကြည့်ရှုခွင့်ပေးခြင်းက ပရိတ်သက်များကို အလွန်အံ့အားသင့်စေသည်။
တရုတ်နိုင်ငံတွင် အဆင့်မြင့် VRရုပ်ရှင်ရုံများက များစွာမရှိသေးပေ။ ရုပ်ရှင်ရိုက်ကူးသည့် ကုန်ကျစရိတ်ကို ထည့်မထွက်လျှင်တောင်မှ ရုပ်ရှင်ရုံများကို VRစနစ်ပြောင်းလဲသည့်ကုန်ကျစရိတ်က အလွန်များပြားပေသည်။
တစ်နိုင်ငံလုံးမှာရှိသော ရုပ်ရှင်ရုံကို မွမ်းမံပြင်ဆင်သည့်ကုန်ကျစရိတ်ကို တွက်ချက်ကြည့်ပါက ယွမ် ၁၀၀ဘီလီယံရှိပေမည်။
ထိုပမာဏနှင့်ပင် ရုပ်ရှင်ရုံလက်မှတ်က စျေးကြီးနိုင်ပေသည်။ ယခုလက်ရှိပေါက်စျေးအရ 3Dရုပ်ရှင်အတွက် အနိမ့်ဆုံး လက်မှတ်ခသည် ၃၀မှ ၄၀ကြားရှိသည်။ သူ့ရုပ်ရှင်အတွက် ထိုပေါက်စျေးထက် နှစ်ဆစျေးတင်ထားလည်း မများပေ။ ဇာတ်လမ်းအကြိုပြကွက်၊ သုံးထားသော ကိရိယာများနှင့် ကုန်ကျစရိတ်အရ လက်မှတ်တစ်စောင်ကို ၁၀၀နှင့် ရောင်းလည်း မများပေ။
သို့သော် ဖန့်ကြွယ်ယွီက အလကားပြသမည့်နည်းလမ်းကိုရွေးချယ်သည်။ သူ့အနေဖြင့် ပိုက်ဆံဆုံးရှုံးနိုင်သည့် အကွက်ကို မသိပဲမနေပေ။
“အခုချိန်မှာ ကျွန်တော့်ကို မလိုအပ်ပဲ ပိုက်ဆံဖြုန်းတယ်လို့ စိတ်ထဲမှာပြောနေကြမယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က စိတ်ရှည်ပါတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က ကျွန်တော့်ကိုအကြောင်းမဲ့ စော်ကားလာရင် တော့ ဘာပဲဖြစ်ဖြစ် ရအောင် လက်စားချေပါတယ်။ ဒီပွဲမှာ ကျွန်တော်ဘယ်လောက်ပဲရှုံးရှုံး ဟောလိဝုဒ်ကအဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်သွားပါမယ်”
“ဘယ်သူက နောက်ဆုံးမှာ အောင်နိုင်သူအဖြစ်ကျန်ရစ်မလဲဆိုတာ သူတို့ကို သိစေချင်တာပါ”
ဖန့်ကြွယ်ယွီက ယုံကြည်ချက်အပြည့်နှင့်ပြောဆိုသည်။
“ဟျောင့် ဥက္ကဌရဲ့ဒေါသနဲ့ဆို မလွယ်ဘူး။ ဒီပွဲကို ကြည့်မှရမယ်”
“ဟုတ်တယ် ပွဲကြည့်မဲ့စာရင်းထဲ ငါ့ကိုပါထည့်လိုက်”
“သူက ဘယ်လိုလုပ်ပြီး ဟောလိဝုဒ်အဖွဲ့နဲ့ ငြိသွားတာလဲ။ တစ်ယောက်လောက် ရှင်းပြကြပါဦး”
“ဒီပွဲတော့ ငါမီလိုက်တယ်။ ဥက္ကဌဖန့်က အစက ဟောလိဝုဒ်က အထူးပြုလုပ်ချက်အဖွဲ့ကိုငှါးတာ။ သူတို့က ပရောဂျက်အသစ်ပေါ်လာလို့ဆိုတဲ့ ခေါင်းစဉ်နဲ့ စာချုပ်ကိုဖျက်သွားကြတာ”
“ဟာ ဒါကြီးတော့ လွန်တာပေါ့။ ဥက္ကဌဖန့် ခင်ဗျားဘက်မှာ ကျွန်တော်တို့ရှိမယ်။ သူတို့ရုပ်ရှင်တွေကို ဘယ်တော့မှ ပြန်မကြည့်ဘူး”
“ဟောလိဝုဒ်က ကောင်တွေကတော့ သနားစရာပဲ။ ဥက္ကဌနဲ့ငြိတာ သူတို့ကံဆိုးတာပဲ။ ချမ်းသာတာချင်းယှဉ်လျှင်တောင် ဥက္ကဌဖန့်က အသာကြီးပဲ”
….
“ဟုတ်ပါပြီ နောက်ထပ်တစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်ကြတာပေါ့”
ဖန့်ကြွယ်ယွီက ဟောလိဝုဒ်ကိုအလဲထိုးမည့်အကြံကို တွေးမိပြီး ကျေနပ်နေသည်။
မီးရောင်က စင်၏တစ်ခြားတစ်ဖက်ကို ရွှေ့သွားသောအခါ အနက်ရောင်ဝတ်စုံနှင့် မိန်းမလှလေးတစ်ဦးပေါ် လာသည်။
“ဘုရားရေ မိုက်လှချည်လား။ ဒါက စကားလက်လေ။ ဥက္ကဌက သူ့ကိုတောင် ဒီကို ဖိတ်နိုင်တယ်”
“ဝါး အရမ်းလေးစားသွားပြီ။ ဒါဆို ဇာတ်ဆောင်ကို လုယူလိုက်တာပဲ။ မာဗယ်ကတော့ ပြိုလဲခါနီးဖြစ်ပြီပေါ့”
…
“ဒီနေ့ကစပြီး မစ္စစကားလက်က ငါတို့ရဲ့ ကုမ္ပဏီနဲ့ လက်တွဲဖို့ စာချုပ်ချုပ်လိုက်ပါပြီ”
“ဟုတ်လို့လား”
တိုက်ရိုက်ထုတ်လွှင့်မှုက တရုတ်ပြည်တွင်းသာမက ပြည်ပနိုင်ငံများကိုပါ အာရုံဖမ်းစားနိုင်သည်။ စကားလက်သည် ဟောလိဝုဒ်နှင့် ငါးနှစ်စာချုပ်ချုပ်ဆိုထားပြီး စာချုပ်ဖောက်ဖျက်ပါက ပေးဆောင်ရမည့် လျော်ကြေးက မနည်းမနောပမာဏဖြစ်သည်။
“မဖြစ်နိုင်တာမရှိပါဘူး။ လျော်ကြေး ပေးရမှာက ဒေါ်လာသန်း၂၀၀ပဲရှိတာ။ ငါ့အတွက် လေယာဉ်တစ်စီးဝယ်ဖို့ ပမာဏပဲရှိတာ”
သူက စကားလက်ကိုတစ်ခါတုန်းက အကြီးအကျယ် ကူညီပေးခဲ့တာမို့ စကားလက်က သူ၏ ကမ်းလှမ်းမှုကို မငြင်းဆန်နိုင်ပေ။
“ရုပ်ရှငိအသစ်မှာ စကားလက်ရဲ့ အခန်းလည်း မတွေ့မိပါဘူး။ ဥက္ကဌက သူ့ကိုဒီတိုင်း ခေါ်ထားတာလား”
“သူ့အတွက်တော့ ဒေါ်လာသန်း ၂၀၀က နှစ်ဒေါ်လာလိုပဲ ပြောနေတယ်လို့ မင်းမထင်ဘူးလား”
“သွားပြီ။ ဟောလိဝုဒ်ကတော့ ကျဆုံးပြီ။ ဥက္ကဌက တခြားလူတွေကိုရော မငှါးသေးဘူးလားမသိ”
“ဟား မင်းက သူ့အကြောင်းမသိသေးဘူးထင်တယ်။ မင်းသားမင်းသမီးအကုန်လုံးကို ငှါးရင် ဟောလိဝုဒ်မှာ ရုပ်ရှင်ဘယ်လိုရိုက်ကြမလဲ။ သူတို့ရုပ်ရှင်မထွက်လာရင် ဥက္ကဌက သူတို့ကို ဘယ်လိုမျိုးနှိမ်လို့ရတော့မလဲ”
“မင်းပြောတာဟုတ်တယ်။ မင်းက သူ့အကြောင်းတကယ်သိတာပဲ”
…
“မစ္စတာဘရီလာ ပြသနာတော့တက်ပြီ”
သူ၏လက်ထောက်ဖြစ်သူက ဘရီလာ၏ ရုံးခန်းထဲကို ဒရောသောပါး ပြေးလာသည်။ လုပ်ငန်းရှင်များက ကမ္ဘာအနှံ့ရှိ ပွဲကြီးများကို မျက်ခြေမပြတ်စောင့်ကြည့်လေ့လာရသည်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်က ဟောလိဝုဒ် ကျရှုံးစေရန် ပြင်ဆင်နေသည်ဆိုသော သတင်းက တမဟုတ်ချင်း ပျံ့နှံ့လာသည်။
တိုက်ရိုက်ထုတ်လွှင့်မှု၏ မပြီးဆုံးသေးခင်မှာပင် ထိုသတင်းကို ကြားသော ရင်းနှီးမြှုပ်နှံသူများက ပြန်လည်ရုပ်သိမ်းကြသဖြင့် ကုမ္ပဏီ၏ ရှယ်ယာစျေး ထိုးကျကုန်သည်။
“သူ့ကိုခေါက်ထားလိုက်စမ်းပါ။ ရုပ်ရှင်ရိုက်တာကိုပဲ အာရုံစိုက်နေ။ တရုတ်က ငါတို့ရဲ့ ပရိတ်သက်အကြီးစားတွေက ငါတို့ကို အားမပေးဘူးဆိုတာ မယုံပါဘူး”
အန်ခယ်တို့ဆီက ဘာသတင်းမှ မကြားရသဖြင့် ဘရီလာတစ်ယောက် နေမထိထိုင်မသာဖြစ်နေသည်။ ယနေ့မှာ ဖန့်ကြွယ်ယွီအသက်ရှင်နေသေးတာကို မြင်လိုက်ရသဖြင့် အန်ခယ်တို့ ဒုက္ခရောက်နေပြီဆိုတာတော့ မှန်းဆမိလာသည်။
“သောက်တရုတ်ကောင်တွေကွာ”
ဘရီလာက ဒေါသတကြီးဖြင့် လက်ထဲက ကော်ဖီခွက်ကို ညှစ်ထားလိုက်သည်။
“ဪ ပြောရဦးမယ်”
ဖန့်ကြွယ်ယွီက အခုမှ တစုံတရာကို သတိရဟန်ပေါ်လာသည်။
“တစ်ခုလောက်ထပ်ပြီးကြေညာပါရစေ။ ငါတို့ကုမ္ပဏီက ဂိမ်းကုမ္ပဏီကြီးတွေဖြစ်တဲ့ Tomb Raider နဲ့ World of Warcraft တို့နဲ့ အကျိုးတူပူးပေါင်းလိုက်ပြီမို့နောက်နှစ်ကစပြီး နောက်ပိုင်းဇာတ်ကားတွေကို ငါတို့ရဲ့ ရုပ်ရှင်ရိုက်ကွင်းမှာ ရိုက်ကူးတော့မှာပါ။ ကျေးဇူးပြုပြီး အားပေးကြပါဦး”
ထိုကြေညာချက်အပြီးမှာ အသံများစီခနဲထွက်လာသည်။ ထိုအကွက်က ဟောလိဝုဒ်အဖွဲ့အတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်သည်။ ရုပ်ရှင်အမှာစာများ မရပါက သူတို့ဘယ်လိုမျိုး ရပ်တည်သွားကြမည်နည်း။
တကယ်တော့ အစမ်းပြကွက်ထွက်ကတည်းက ကုမ္ပဏီများက ဖန့်ကြွယ်ယွီကို ဆက်သွယ်ဖို့ ကြိုးပမ်းကြသည်။
ဟောလိဝုဒ်၏ အထူးပြုလုပ်ချက်များက ဖန့်ကြွယ်ယွီ ထုတ်လွှင့်သော အစမ်းပြကွက်နှင့် ယှဉ်ပါက အမှိုက်သာသာဖြစ်၏။
စီးပွါးရေးသမားများအတွက် အကျိုးအမြတ်က အသက်ဖြစ်သည်။ ရုပ်ရှင်ကို ဘယ်သူက ထုတ်ဝေသည်ဆိုသည့် အချက်ထက် မည်မျှ အကျိုးအမြတ်ရနိုင်မလဲဆိုတာက သူတို့အတွက် ပိုပြီး အရေးကြီးသည်။
အခုအနေအထားအရ ကမ္ဘာ့ရုပ်ရှင်စျေးကွက်သည်တဖြည်းဖြည်းနှင့် တရုတ်ဘက်ကို ရွှေ့လာသည်ဆိုသည့် သဘောဖြစ်သည်။ နောင်နှစ်အနည်းငယ်မှာ ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးက အရှုံးပေါ်ပြီး တရုတ်ဘက်မှာ အခြေချရတော့မှာဖြစ်သည်။ ထိုအချက်နှင့်ပင် ဘရီလာ၏ စီးပွါးရေးအကြံအစည်တစ်ခုလုံးကို အလဲထိုးနိုင်သည်။
ဒီလိုဖြစ်လာရခြင်း၏ အဓိကအကြောင်းရင်းမှာ အထူးပြုလုပ်ချက်များနှင့် VRနည်းပညာဆိုတာ မည်သူက မသိဘဲနေပါ့မည်နည်း။
….
“ဘာကြီး သူတို့လုပ်ငန်းတွေကို တရုတ်ပြည်ကို ရွှေ့သွားတယ် ဟုတ်လား”
ဘရီလာက ထိုသတင်းကိုကြားပြီး ခေါင်းတစ်ခုလုံး ချာချာလည်သွားသည်။ သူက ဟောလိဝုဒ်ကို ထိန်းချုပ်နိုင်ဖို့ နှစ်ပေါင်းများစွာရင်းခဲ့ရသည်။ သို့သော် ထိုတရုတ်ကောင်ကတော့ အရာရာကို အသာလေး ယူသွားနိုင်သည်။
“မစ္စတာ ဘရီလာ”
နောက်ထပ် လက်ထောက်တစ်ဦးက သူ့အခန်းထဲဝင်လာပြန်သည်။
“အခုလေးတင်ပဲ မာဗယ် (Marvel)ဘက်က ကိုယ်စားလှယ်က ဆက်သွယ်လာတယ်။ ဒီရုပ်ရှင်ကားပြီးတာနဲ့ ကျွန်တော်တို့နဲ့ လက်တွဲလုပ်တာ ရပ်လိုက်တော့မယ်တဲ့။ သူတို့က တရုတ်က အဆင်မြင့်နတ်ဘုရားကုမ္ပဏီနဲ့ ညှိနှိုင်းဆွေးနွေးတာတွေစတင်နေပြီပြောတယ်”
“သွားပြီ…လုံးဝကိုသွားပြီကွာ”
ဘရီလာက ထိုင်ခုံပေါ်ကို ခြေပစ်လက်ပစ်ကျသွားသည်။ သူတို့သည် ဇာတ်ကားရုံတင်တဲ့အထိတောင် တောင့်မခံနိုင်ဘဲ အခုပဲ အပြတ်အသတ်ရှုံးနိမ့်နေပြီဖြစ်သည်။
“မစ္စတာဘရီလာ..ငါရဲ့ သခင်လေးက မင်းအတွက် အမှာစကားပါးလိုက်ပါတယ်”
ဘရီလာ၏ နားထဲမှာ အသံတစ်သံပဲ့တင်ထပ်လာသည်။
“ဘယ်သူ…ဘယ်သူရောက်နေတာလဲ”
ဘရီလာက ဘေးဘီဝဲယာကိုကြည့်သောအခါ သူ့လက်ထောက်မှလွဲပြီး ဘယ်သူမှ မရှိနေပေ။
“ဘယ်သူ..ဘယ်သူလဲ”
ဘရီလာက သူ့ဘေးနားမှာ ဘယ်သူရောက်နေတာလဲဆိုတာ အာရုံမခံစားမိပေ
ထိုအသံက သူ့မေးခွန်းကို မဖြေဘဲ စကားဆက်ပြောသည်။
“သခင်လေးကပြောလိုက်ပါတယ်။ သိပ်မကြာခင်က သူပိုင်တဲ့ စိတ္တဇဆေးရုံက တိတ်ဆိတ်ခြောက်ကပ်နေတာမို့ လာတက်မဲ့ လူနာကိုမျှော်နေတာ။ ခင်ဗျားက အသင့်တော်ဆုံးပဲလို့ ပြောပါတယ်”
“ဘန်း”
ဘရီလာက ထိုင်ခုံပေါ် ပစ်လဲသွားပြီး သူ့မျက်လုံးများက ခံစားသက်ဝင်မှု
ကင်းမဲ့သွားသည်။