ငါ့ရုပ်ရည်တစ်ခုတည်းနဲ့ လုပ်စားနေတယ်လို့ မထင်စေချင်ဘူး
Vol. 22 Ch. 294
“မစ္စတာ ဘရီလာ မစ္စတာဘရီလာ”
သူ၏ လက်ထောက်ဖြစ်သူက ဘရီလာကိုကြည့်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားသည်။
“ဟဲဟဲ”
ဘရီလာ၏ ခေါင်းက တစ်ခြမ်းစောင်းနေပြီး သွားရည်များကျကာ လက်ထောက်ဖြစ်သူကို ထူးထူးဆန်းဆန်း အကြည့်ဖြင့် စိုက်ကြည့်နေသည်။
“စကြာဝဠာကြီးက မျှခြေဖြစ်ဖို့လိုနေပြီ။ ငါက လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ မင်းတို့အားလုံးပျောက်သွား စေရမယ်”
“ဆရာ ဆရာ”
…
ဘရီလာကဲ့သို့ ထူးချွန်လှသော လူတော်တစ်ဦးကို အရူးတစ်ယောက်သဖွယ်ဖြစ်အောင် ချက်ချင်းဖန်တီးနိုင်သည့် ဖန့်ကြွယ်ယွီ၏ အစွမ်းကိုမည်သူမှ မသိကြပေ။
သတင်းထောက်များက နိုင်ငံအနှံ့မှလာကြပြီး သူတို့၏ အင်တာဗျူးအလုပ်များအပြင် တခြားရည်ရွယ်ချက်များ လည်း ပါလာကြသည်။ ပြည်တွင်းသတင်းထောက်များကလည်း ရလာမည့်အခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။
“မစ္စတာဖန့် ခင်ဗျားတို့နိုင်ငံက ပူးပေါင်းဖို့အတွက် အရင်ဆုံး စကားဦးသမ်းခဲ့ကြတာမလား။ ခင်ဗျားတို့ ဒီနည်းပညာကို မျှဝေသင့်တယ်ထင်ပါရဲ့။ ဒါမှသာ ခင်ဗျားတို့ဖြစ်စေချင်သလို ကမ္ဘာ့ရုပ်ရှင်လောက တစ်ခုလုံးက ပြောင်းလဲတိုးတက်လာတော့မှာ”
“ဒါက ကိုရီးယားဘာသာစကားလား”
“ဟေး သူဘာပြောနေတာလဲ။ တစ်ယောက်လောက် ဘာသာပြန်ပေးကြပါဦး”
ကိုရီးယားဘာသာစကားကို နားလည်သောလူအား မြန်မြန်ဆန်ဆန်ရှာတွေ့ပြီးနောက် သူပြောသည့် အကြောင်းအရာကို ဖန်သားပြင်ထက်တွင် ဘာသာပြန်ပေးသည်။
“ဒီလူက ရဲတင်းလှချည်လား”
သူ့စကားများက ဖန့်ကြွယ်ယွီကို စိန်ခေါ်သည့်ပုံပေါ်နေသည်ကို သိလိုက်ရသည်။သူတို့က နည်းလမ်းပေါင်းစုံသုံးပြီး တရုတ်ပြည်၏ VRနည်းပညာကို ရယူရန် ကြိုးပမ်းနေသော်ငြား မအောင်မြင်ကြပေ။
“သူပြောတာ ဒါတင်ဘယ်ကသေးမလဲ။ သူပြောသမျှ အကုန်ဘာသာပြန်ပေးနိုင်တဲ့ ပရော်ဖက်ရှင်နယ်ဘာသာပြန်သမားသာရှိလျှင် ဒီ့ထက်ပိုပြီးရှက်စရာကောင်းဦးမှာ”
သို့သော် ဖန့်ကြွယ်ယွီက ပြုံးပြီး ကိုရီးယားဘာသာစကားဖြင့်ပြန်ဖြေသည်။
“တကယ်တော့ မင်းတို့နိုင်ငံလည်း အကျိုးတူပူးပေါင်းတဲ့နေရာမှာ တော်ပါတယ်။မင်းတို့နိုင်ငံက ဇာတ် ကားကောင်းတွေ အများကြီးထွက်တာပဲ။ ဒါ့အပြင် တခြားနိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းနေကြတာပဲလေ”
ကိုရီးယားစကားပြန်က ရှက်ပြီး မျက်နှာကြီးရဲတက်လာသည်။ သူက ဖန့်ကြွယ်ယွီကို ဘာပြန်ပြောလို့ ပြောရမှန်းတောင် မသိတော့ပေ။
ဖန့်ကြွယ်ယွီ၏ စကားလုံးများက ပရိတ်သက်များက ဖန်သားပြင်ထက်တွင် ဘာသာပြန်ကြသည်။
“ဒါရိုက်တာက တကယ်မိုက်တာပဲ”
“အလကား ဒီလူက ရသမျှအကုန် အချောင်လိုချင်နေတာ။ ဒါပေမဲ့ ဒါရိုက်တာရဲ့ တွေးခေါ်နိုင်စွမ်းက တမူထူးခြား တယ်”
“ဒါရိုက်တာက ကိုရီးယားစကားပြောတာ အရမ်းပီသလွန်းနေတယ်လို့ မထင်ဘူးလား။ ငါ့လောက်ကိုရီးယားမှာ အကြာကြီးနေခဲ့တဲ့လူတောင် သူ့လောက်မပီနေဘူး”
“မစ္စတာဖန့် မနောက်ပါနဲ့ဗျာ။ ငါတို့က နည်းပညာဖလှယ်ဖို့နဲ့ အကျိုးတူပူးပေါင်းရေးကိစ္စတွေကို ဆွေးနွေးနေတာ မဟုတ်လား”
“အဲ့လိုလည်းရပါတယ်။ ဒါဆို မင်းတို့ဘက်က သတ္ထုသန့်စင်ရေး နဲ့ အင်ဂျင်နည်းပညာတွေကို ပြန်ပေးမလား”
သူက ထိုသို့ပြန်မေးလိုက်သောအခါ ကိုရီးယားသတင်းထောက်ဘက်က ဘာမှပြန်မပြောနိုင်ဘဲ ငြိမ်ကျသွားတော့သည်။
…
“မစ္စတာ ဖန့်ကြွယ်ယွီ ငါတို့နိုင်ငံက စုံစမ်းရသလောက်တော့ ငါတို့ဆီက သုတေသီတွေ တရုတ်ဘက်ကို အလည်လာတုန်း ဒီVR နည်းပညာနဲ့ အထူးပြုလုပ်ချက်နည်းပညာကို ပျောက်သွားတာလို့ ဆိုကြတယ်။ မင်းတို့ဘက်က တာဝန်သိစွာနဲ့ ပြန်ပေးဖို့ မျှော်လင့်ပါတယ်”
“ဟာ ချီးဦးနှောက်နဲ့ကောင် ရောက်လာပြန်ပြီ”
တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုသာ မလုပ်ပါက ဖန့်ကြွယ်ယွီက သူ့ကို မြစ်ထဲကန်ချနေပြီဖြစ်သည်။ သူက ထိုအရာကို အမှန်သဖွယ် ဘာကြောင့်များ ပြောရဲရသနည်း။
“ဆရာ ခင်ဗျားနိုင်ငံကိုပြန်ပြီး ခင်ဗျားတို့ဝန်ကြီးချုပ်ကို ပြန်ပြောပေးပါ။ ငါ့အဘိုးက ခင်ဗျားတို့နိုင်ငံမှာ ၂၀၀ စတုရန်းမီတာ ပတ်လည်ကျယ်တဲ့ မြေကို ဝယ်ဖူးပါတယ်။ နောက်ပိုင်းမှာ ခင်ဗျားတို့နိုင်ငံ ဝန်ကြီးချုပ်စံအိမ်တော် ဆောက်ချင်တယ်ဆိုလို့ မြေငှါးပေးခဲ့တာပါ။အခုချိန်ကစပြီး မြေငှါးခကို မြင့်ဖို့ စဉ်းစားလိုက်ပြီ။ နောက်နှစ်ကစပြီး မြေငှါးက နှစ်ဆပေးရပါမယ်”
“ဘုရားရေ သူက ဘာသာစကားဘယ်နှမျိုးတောင်ပြောတတ်နေတာလဲ”
“သူက Nature နဲ့ Scienceမှာ သုတေသန စာစောင် ၂၀ထုတ်ဝေတာ မကြားမိဘူးလား။ ဒီလောက်တော်တဲ့လူက ဘာသာစကားသင်ဖို့က အလွယ်လေးပေါ့”
“ဘာသာပြန်ဘယ်မှာလဲ”
“နားလည်ပါပြီ..(ဘာသာပြန်ထားသည့်စာ ထွက်လာသည်)”
“ဘာကြီး သူ့အဖိုးက သူများနိုင်ငံမှာ ၂၀၀စတုရန်းကီလိုမီတာကျယ်တဲ့ မြေကိုဝယ်ခဲ့တယ်လို့ပြောချင်တာလား။ ဒါကမှန်ပါ့မလား”
“မဖြစ်နိုင်ပါဘူး ဒါရိုက်တာက သပ်သပ်နောက်တာပဲ ဖြစ်ရမယ်”
“တခြားသူပြောတာဆို ငါမယုံဘူး။ ဒါပေမဲ့ သူပြောတာဆိုရင်တော့ ငါအကြွင်းမဲ့ ယုံတယ်”
“ကလင် ကလင်”
သတင်းထောက်က တစ်ခုခုပြောဖို့ ကြံနေတုန်းမှာပင် သူ၏ ဖုန်းက မြည်လာသည်။ ဖုန်းခေါ်ဆိုသည့် နံပါတ်ကိုကြည့်ပြီး ကြက်သီးမွေးညင်းများပင် ထလာသည်။
“သောက်ရူးကောင် မင်းဘာတွေလျှောက်ပြောနေတာလဲ”
“အယ်..အယ်ဒီတာချုပ် ပြောထားတဲ့အတိုင်း တရုတ်တွေဆီက VRနည်းပညာနဲ့ အထူးပြုလုပ်ချက်တွေ ရဖို့ ကြိုးပမ်းနေတာပါ”
“မမေးနဲ့တော့။ မင်း ဒီကိုပြန်လာခဲ့တော့။ ဒါက သမ္မတရုံးရဲ့ အမိန့်ပဲ။ မင်းထပ်ပြီး လျှာရှည်နေမယ်ဆို ဒုက္ခတွေ့တော့မယ်”
“ဟမ်”
သတင်းထောက်က နားမလည်နိုင်အောင်ဖြစ်နေသည်။
“သူပြောတာမှန်တယ်။ သူပြောသလိုပဲ ငါတို့နိုင်ငံရဲ့ စတုရန်းမီတာ ၂၀၀ပတ်လည် ဧရိယာကို သူက ပိုင်ဆိုင်တယ်။ သမ္မတကိုယ်တိုင် ငါ့ဆီဖုန်းဆက်လာတာ။ သူ့ဘက်က မြေငှါးခကို ထပ်ပြီးမြှင့်လိုက်မယ်ဆို ငါတို့ ရုပ်သံဌာနတစ်ခုလုံး အလုပ်လက်မဲ့ဖြစ်ကုန်တော့မယ်”
ထိုစကားကိုကြားရချိန်တွင် သတင်းထောက်၏ မျက်နှာက သွေးမရှိသလို ဖြူဖျော့လာသည်။ ဖန့်ကြွယ်ယွီက သူ့ကို ထိုးနှက်နေသည်ဟု ထင်လာမိသည်။ ၂၀၀ စတုရန်းမီတာသည် နိုင်ငံမြို့တော်၏ သုံးပုံပုံတစ်ပုံ ဧရိယာလောက်ရှိသဖြင့် သူပြောတာကို မည်သူက ချက်ချင်းယုံနိုင်မည်နည်း။
သို့သော်ငြား သူပြောသည်များက မုသားမဟုတ်ဘဲ မှန်ကန်နေကြောင်း သိလာရသည်။
သူက ဖုန်းချလိုက်ချိန်တွင် သူ့ကိုအားလုံးက ဝိုင်းကြည့်နေကြသည်။သူ၏ ဖုန်းက စပီကာနှင့်ချိတ်ဆက် ထားတာကို သတိမမူမိပေ။ ထို့ကြောင့် သူပြောသည့် အရာများကို အားလုံးက အတိုင်းသားကြားနေရသည်။
“စကားပြန်ဘယ်မှာလဲ”
“ငါ..ဘာသာတောင် မပြန်ရဲတော့ဘူး။ ဖုန်းထဲက တစ်ဖက်လူက သူ့ကို ဘာမှ မပြောဖို့မှာနေတာ။ သူတို့နိုင်ငံက သမ္မတကိုယ်တိုင် ဘာမှ ထပ်မပြောဖို့ အမိန့်ပေးတာတဲ့။ဒါရိုက်တာပြောတာတွေက အကုန်မှန်နေတာပဲ”
“ဘုရားရေ ဝတ္ထုထဲမှာတောင် ဒါမျိုးတွေ့ရမယ်လို့ မထင်ဘူး။ ဒါရိုက်တာက ဘယ်တုန်းကများ အိမ်ခြံမြေလောကထဲ ဝင်သွားတာလဲ”
“သေစမ်းကွာ..ငါတော့ ဒုက္ခရောက်ပါပြီ”
အကြိမ်းမောင်းခံရပြီးနောက် သတင်းထောက်လည်း သတင်းစာရှင်းလင်းပွဲမှ ကသောကမျော ထထွက်သွား သည်။ အရှက်တကွဲအကျိုးနည်းဖြစ်နေသော သတင်းထောက်တစ်ဦးနှစ်ဦးကိုမြင်ရသော်လည်း တခြားသတင်းထောက်များက လက်မလျှော့ကြပေ။
ဖန့်ကြွယ်ယွီက သတင်းထောက်များမေးလာသည့် မေးခွန်းတိုင်းကို အထစ်အငေါ့မရှိ အဆင်ပြေပြေ ပြန်လည်ဖြေဆိုနိုင်သည့်အပေါ် သတင်းထောက်များက အံ့အားသင့်နေရသည်။ ဒါတင်မကသေးဘဲ သူက ဘာသာစကားတိုင်းကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်သည့်အချက်ကိုလည်း တအံ့တဩဖြစ်ကြရသည်။
ဖန့်ကြွယ်ယွီက သုတေသနပိုင်းမှာထူးချွန်ရုံတင်မကဘဲ ဘာသာစကားမှာလည်း ပါရမီပါသူတစ်ဦးဟု ထင်ရသည်။
“ဒါရိုက်တာက အဘိဓာန်ကိုဖက်ပြီး ကြီးပြင်းခဲ့တာလား”
“တကယ်လေးစားတယ်ကွာ။ ဒါရိုက်တာက ဥစ္စာပေါ ရုပ်ချော ပညာတတ်။ ကမ္ဘာကြီးပ မတရားဘူးကွာ”
“ဒါရိုက်တာ နောက်ဆုံးမေးခွန်းလေးတစ်ခုလောက် မေးလို့ရမလား ခင်ဗျာ”
သတင်းစာရှင်းလင်းပွဲကို တရုတ်သတင်းထောက်တစ်ဦး၏ မေးခွန်းဖြင့် အဆုံးသတ်တော့မည်။
“ရပါတယ် မေးပါ”
“ဒါရိုက်တာက အသက်၂၁နှစ်ဆိုတဲ့ အရွယ်ငယ်ငယ်လေးနဲ့ စာပေပိုင်းသုတေသနပိုင်းမှာလည်း ထူးချွန်တဲ့ အပြင် ဘာသာစကားပိုင်းမှာထူးချွန်အောင် ဘယ်လိုများ လေ့ကျင့်ခဲ့သလဲဆိုတာ သိပါရစေ”
“ခင်ဗျားကို အရင်ဆုံး မေးခွန်းလေးတစ်ခုပြန်မေးပါရစေ”
ဖန့်ကြွယ်ယွီက ပြုံးပြီးပြောသည်။
“ရပါတယ် မေးပါ”
“ကြည့်ရတာ ဒါရိုက်တာက တစ်ခုခုပြန်ပြောတော့မယ့်ပုံပဲ”
“ငါလည်းအဲ့လိုပဲထင်နေတယ်”
“အားလုံးပဲ အာရုံစိုက်ထားကြ..ဒါရိုက်တာက ကြွားလုံးထုတ်တော့မဲ့ပုံပဲ”
“ကျွန်တော်ချောလား”
ဖန့်ကြွယ်ယွီက မေးလိုက်သည်။
“အမ်”
သတင်းထောက်က ဘာဖြေလို့ဖြေရမှန်း မသိတော့ပေ။
ဖန့်ကြွယ်ယွီ၏ အရည်အချင်းထက် ရုပ်ရည်ကိုပိုပြီး သတိထားမိကြသည်။ သေချာကြည့်ပါက သူ၏ ရုပ်ရည်သွင်ပြင်သည် နှစ်လိုဖွယ်ကောင်းလောက်အောင် တည်ကြည်ခံ့ညားပေသည်။
“ချောပါတယ်”
သတင်းထောက်က ခေါင်းညိမ့်ပြသည်။
“အင်း ရှင်းရှင်းလေးပါပဲ။ ကျွန်တော့်ကို လူတိုင်းက ရုပ်လေးဗန်းပြပြီး လုပ်စားနေတယ်လို့ မထင်စေချင်ဘူး”