သူ ဒီကိုဘယ်လိုရောက်လာမလဲဆိုတာ ကြည့်ကြသေးတာပေါ့
Vol. 22 Ch. 296
သုံးရက်ဆိုသည့် အချိန်က ခဏလေးနှင့် ကုန်သွားခဲ့သည်။ ထိုနေ့မှာ လန်ယာတောင်တွင် တရုတ်ပြည်ရှိ နယ်ပယ်အသီးသီးမှာရှိနေကြသော သိုင်းပညာရှင်များစွာရောက်နေသဖြင့် စည်ကားသိုက်မြိုက်နေသည်။
သိုင်းလောကမိသားစုများနှင့် ဂိုဏ်းများအကြား အချင်းများမှုနှင့် ပဋိပက္ခများစွာ ရှိကြသော်လည်း ဘုံရန်သူတူသောအခါ စည်းလုံးသွားကြတော့သည်။ ထိုသတင်းထွက်လာပြီးနောက် ပြင်းထန်သောတုံ့ပြန်မှုကို ချက်ချင်းရခဲ့သည်။
ယန်ဟွမ်အဖွဲ့၏ အကြံပေးကိုယ်တိုင် လာမည့်သုံးရက်အတွင်း ထိုနေရာကို ရောက်လာမည်ဟု စာထဲမှာ ရေးထားသည်။ သို့သော်လည်း သူနှင့်အတူ လူဘယ်နှယောက်ပါလာမည်ဆိုသည့်အချက်ကို ထည့်ရေးထားခြင်း မရှိပေ။ ထို့ကြောင့် လန်ယာတောင်ရှိ လူအကုန်လုံးက သတိကြီးစွာ စောင့်နေကြ၏။
ထိုစွမ်းအားရှင်အဖွဲ့နှင့် ရင်ဆိုင်ရန် နတ်ဘုရားဘုံအဆင့်နှင့် မြင့်မြတ်သောနတ်ဘုရားအသွင်ကူးပြောင်းခြင်း အဆင့်မှာရှိသော လူမှတစ်ပါး ဂိုဏ်းရှစ်ခု နှင့် မိသားစု ၁၂ခုက စုဝေးရောက်ရှိနေကြသည်။ထို့အပြင် အလယ်အလတ်အဆင့်၊ အဆင့်မြင့်အဆင့်နှင့် ပါရမီရှင်အဆင့် သိုင်းသမားများကိုပါ တစ်ပါတည်း စုဝေးထားကြသည်။
“ခေါင်းဆောင်ဟွမ်..အစောကြီးရောက်နေတာကိုး”
ချန်ဝေသည် ချန်းမိသားစုအကြီးအကဲများနှင့် အတူရောက်ချလာသည်။
“ခေါင်းဆောင်ချန်လည်း နောက်မကျပါဘူးဗျာ”
ဟွမ်မိသားစုခေါင်းဆောင်ဖြစ်သူ ဟွမ်ဟွေဖန့်က တရိုတသေနှုတ်ဆက်ရင်း ချန်ဝေ၏ အနားကိုကပ်လာသည်။
“ချန်မိသားစုက အကောင်းစားသားမက်ရသွားပြီလို့ကြားတယ်။ အခုတော့ တူမလေး မုန့်ဟန်လည်း အတော်လေး တိုးတက်လာတယ်ဆို။ သူက ဂန်ပြောင်းလဲခြင်းအဆင့်တောင် ရောက်ခါနီးပြီ မဟုတ်လား”
“ဟား ကောလဟာလတွေပါဗျာ”
ချန်ဝေက ဖန့်ကြွယ်ယွီဆီက အားဆေးအမြောက်အမြားရသည့်အကြောင်းကို ချန်မိသားစု၏ အကြီးအကဲတချို့ သာ သိကြသည်။
ချန်မုန့်ဟန်က အားဆေးကိုသောက်သုံးပြီးနောက် သူမ၏ အဆင့်တိုးတက်မှုက ဒုံးကျည်အလားမြန်ဆန်နေသည်။
သူမက ဂန်ပြောင်းလဲခြင်းအဆင့်တွင်ရှိရုံသာမက သိုင်းပါရမီရှင်အဆင့်ကိုပါ ဖြတ်ကျော်လုနီးပါး ဖြစ်သည်။
ချန်မုန့်ဟန်က ဘာမှမပြောဘဲ ချန်ဝေ၏ အနောက်မှာ ရပ်နေသည်။ နတ်ဘုရားအကယ်ဒမီမှာ တက်ရောက်ပြီး နောက် သူမ၏ အဆင့်များက သိသိသာသာပြောင်းလဲလာခဲ့သည်။ သူမ၏ စိတ်ထဲမှာ နတ်ဘုရားဘုံအဆင့်နှင့် မြင့်မြတ်သောနတ်ဘုရားအသွင်ကူးပြောင်းခြင်းအဆင့်ကို တက်လှမ်းရန် မခက်တော့ဘူးဟု ထင်လာသည်။
ယန်ဟွမ်က အကြံပေးနှင့်တွေ့မည့်အစား နတ်ဘုရားအကယ်ဒမီမှာ ကျင့်ကြံပါက သူမအတွက် ပိုအကျိုးရှိ လိမ့်မည်ဟု စိတ်ထဲမှ တွေးနေမိသည်။
“စွန်းမိသားစုက စေ့စပ်ကြောင်းလမ်းပွဲမှာ အထိနာသွားတယ်လို့ကြားတယ်။ဘာတွေဖြစ်ကြတာလဲ”
ဟွမ်ဟွေဖန့်က စိတ်ဝင်တစားမေးမြန်းသည်။ ထိုနေ့တုန်းက ဟွမ်မိသားစုဘက်မှ လူတစ်ဦးစေလွှတ်ပြီး ခေါင်းဆောင်ချန်၏ မွေးနေ့ကိုတက်ခိုင်းခဲ့သည်။ ထိုလူက ပွဲကနေပြန်လာသော်အခါ ကြောက်လန့်နေပြီး မြင်တွေ့ခဲ့ရသမျှကို ပြန်မပြောရဲဖြစ်နေသည်။
“အင်း..”
ချန်ဝေက အသံကို ခပ်တိုးတိုးလေးပြောသည်။
“အကိုဟွမ်..ငါ့သားမက်ရဲ့ အသိုင်းအဝိုင်းက တကယ်ကိုကြောက်စရာကောင်းလောက်အောင် ကြီးကျယ် ခမ်းနားတာပါ”
“အဲ့လောက်တောင်ပဲလား”
ချန်ဝေက ခေါင်းညိမ့်ပြသည်။
“ဟေး ပိုင်မိသားစုလည်း ရောက်လာကြပြီ”
ပိုင်မိသားစုက မိသားစုလေးဖြစ်သော်လည်း ပိုင်မိသားစုခေါင်းဆောင်က ဂန်ပြောင်းလဲခြင်းအဆင့်ကို ရောက်ရုံသာရှိသေးသည်။ သို့သော် ပိုင်မိသားစုသည် ပိုင်ယိုအပါအဝင် ထူးချွန်သည့် မျိုးဆက်သစ်လူငယ် နှစ်ဦးကို မွေးထုတ်နိုင်ခဲ့သည်။
အသက် ၂၀ကျော်အရွယ်လေးနှင့် ပိုင်ယိုသည် သိုင်းပါရမီရှင်အဆင့်ကို တက်လှမ်းနိုင်လုနီးပါး ဖြစ်နေသည်။ လွန်ခဲ့သောလက ကျင်းပခဲ့သည့် မျိုးဆက်သစ်သမားတော်များပြိုင်ပွဲတွင် ပိုင်ယိုက ပထမနေရာ ရခဲ့သည်။ သူမက စစ်မှန်သောအားဆေးကို ဖော်စပ်နိုင်ခဲ့ပြီး သိုင်းလောကအတွက် နှစ်ပေါင်းများစွာ ပျောက်ကွယ်နေသော ဆေးတစ်လက်ကို ဖော်ထုတ်ပေးနိုင်ခဲ့သည်။
ထိုအချိန်တွင် ဆေးပညာရှင်က သူမကို တပည့်အဖြစ်လက်ခံလိုကြသည်။ သို့သော် ပိုင်ယိုက သူတို့၏ ကမ်းလှမ်းမှုကို ပြောင်ပြောင်တင်းတင်း ငြင်းဆိုသည်။ အကြောင်းပြချက်မှာ ဆေးပညာရှင်က သူမ၏ ဆရာဖြစ်ရန် အရည်အချင်းမပြည့်မီသူများဟု မှတ်ယူသောကြောင့်ဖြစ်သည်။
ဆေးပညာရှင်သည် ပါရမီရှင်အဆင့်မှာရှိပြီး နာမည်ကြီးမိသားစုအသိုင်းအဝိုင်းမှ ဆင်းသက်လာသူတစ် ဦးဖြစ်သည်။ ထို့ကြောင့် သူ့အား စော်ကားမော်ကားပြောဆိုမှုကို သည်းမခံနိုင်ဘဲ ပိုင်ယိုအားတိုက်ခိုက်ခဲ့သည်။
ပါရမီရှင်အဆင့်တစ်ဝက်မှာပဲ ရောက်နေသေးသော ပိုင်ယိုက သူ့ကို သိုင်းဆယ်ကွက်တောင်မထုတ်လိုက်ရဘဲ အနိုင်ရခဲ့သည်။ ထိုပြိုင်ပွဲကြောင့်ပင် သိုင်းလောကမှာ သူမက နာမည်တစ်ခုရခဲ့သည်။
“ချင်မိသားစုလည်း ရောက်လာပါပြီ”
ချင်မိသားစုသည် တရုတ်ပြည်၏ သိုင်းလောကတွင် နာမည်ကြီးဖြစ်သည်။ ချင်မိသားစုတွင် သိုင်းပါရမီရှင်တစ်ဦးသာရှိသည်။
လွန်ခဲ့သောလကမှ ချင်မိသားစု၏ မျိုးဆက်သစ်လူငယ်များထဲက တစ်ဦးသည် သိုင်းပါရမီရှင်အဆင့်ကို ဝင်ရောက်ခဲ့သည်။ ထိုသူသည် အသက် ၂၅ နှစ်ပင် မပြည့်သေးပေ။
“ဟေး ပိုင်ယို နင်ကလည်းဟာ။ ငါ့ကိုဆို အမြဲမစိမ်းကားပါနဲ့တော့”
ပိုင်မိသားစုနှင့် ချင်မိသားစုက အတူတူဝင်လာကြသည်။ ထိုသို့ ဝင်လာကြသည့် လမ်းတစ်လျှောက် ပိုင်ယိုကို ချင်ယွင်ကစနောက်လာခြင်းဖြစ်သည်။
ချင်ယွင်က ရွှတ်ရွှတ်နောက်နောက် နေတတ်သော်လည်း သူက ပညာလည်းတော်သလို အရည်အချင်းလည်း ရှိသူဖြစ်သည်။ပိုင်ယုဟိုင်၏ မွေးနေ့ပွဲတုန်းက ပိုင်ယိုက သူ့ကိုအနိုင်ရခဲ့သော်လည်း ယခုအချိန်မှာ သူက သူမထက် သာလွန်နေပြီဖြစ်၏။
“ဟွန့် ငါနဲ့ဝေးဝေးနေစမ်းပါ”
ချင်ယွင်ကို ဖန့်ကြွယ်ယွီက နတ်ဘုရားအကယ်ဒမီခေါ်ခဲ့သည့်အပေါ် ပိုင်ယိုက မကျေနပ်နေပေ။
“ဟေး မုန့်ဟန်”
ပိုင်ယိုသည် ချန်မုန့်ဟန်ကို ခပ်လှမ်းလှမ်းကတည်းက မြင်နေရသည်။ ချန်မုန့်ဟန်က သူမကို ပြန်ရယ်ပြသည်။
သိုင်းလောကမိသားစုများက သူတို့အချင်းချင်းရင်းနှီးတာ မြင်လိုက်ရချိန်တွင် တအံ့တဩဖြစ်နေကြသည်။
ပုံမှန်အခြေအနေအတိုင်းဆို သိုင်းလောက၏ မျိုးဆက်သစ် လူငယ်များကြား ပြိုင်ဆိုင်မှုပြင်းထန်ကြသည် မဟုတ်ပါလော။သူတို့ကြားမှာ ဘာလို့များ ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုရှိနေတာပါလိမ့်။
သူတို့သုံးဦးက ငယ်စဉ်ကတည်းက အတန်းဖော်များဖြစ်ကြသည်။ သူတို့၏ သူမတူသော စွမ်းရည်များက ကျောင်းတက်ကတည်းက ရှိခဲ့ကြသည်ဆိုတာကို မည်သူကမှ မသိကြပေ။
“ပါးပါးတို့စကားပြောနေကြတုန်း သမီးလည်း သူငယ်ချင်းတွေနဲ့ ဆုံတုန်းလေး နှုတ်ဆက်လိုက်ဦးမယ်”
ချန်မုန့်ဟန်တို့က အကြီးအကဲများကို လိုက်လံနှုတ်ဆက်ကြသည်။
“သူတို့ကိုလွှတ်ထားလိုက်ပါ။ သူတို့က သူမတူအောင် ထူးချွန်ကြတယ်ဆိုပေမဲ့ ဒီပြိုင်ပွဲမှာတော့ သိုင်းပါရမီရှင်အဆင့်မရောက်သေးတဲ့လူက ပွဲကြည့်ပရိတ်သက်သာသာပဲလေ”
“ဟုတ်ပြီ သူတို့ကိုဘယ်လိုတုံ့ပြန်ကြမလဲဆိုတာနဲ့ပတ်သက်ပြီး အရင်ဆုံးပြောကြတာပေါ့”
“အားလုံးပဲ စိတ်မပူကြပါနဲ့”
အဖွဲ့၏ ဥက္ကဌဖြစ်သူ စွန်းရှင်ဟဲက ပြောသည်။
“ငါက လန်ယာတောင်ခြေမှာ အစီအရင်တစ်ခုလုပ်ထားပြီးပါပြီ။အဲ့တာရှိနေရင် သိုင်းပါရမီရှင်အဆင့်မှာ ရှိတဲ့လူတွေလည်း ထိုးဖောက်ဝင်ရောက်နိုင်မှာမဟုတ်သလို နတ်ဘုရားဘုံအဆင့်မှာရှိနေတဲ့လူတွေလည်း ထောင်ချောက်ထဲမိကုန်ကြမှာပါ”
“ဥက္ကဌစွန်းမှာ အဲ့လိုအစီအရင်ရှိနေမယ်လို့ ဘယ်သူမှ မထင်ကြဘူး”
“ဟား ယန်ဟွမ်အဖွဲ့ရဲ့ အကြံပေးဆိုတဲ့ကောင် အဲ့အစီအရင်ကိုဖြတ်ပြီး မလာနိုင်ဘူးဆိုရင် ငါတို့ကို သူဘယ်လိုများ အုပ်ချုပ်မှာလဲ”
“ဒါက ပထမ အတားအဆီးလိုပါပဲ။ မင်းတို့တွေ ဝူလီကို သိကြလား”
စွန်းရှင်ဟဲက မေးသည်။
“တိဗက်က ထူးဆန်းတဲ့ ခွေးကိုပြောတာလား”
“သိပ်ဟုတ်တာပေါ့ကွာ”
စွမ်းအားရှင်များက လူသားမျိုးနွယ်များမှာပဲရှိတာမဟုတ်ဘဲ တိရစ္ဆာန်တွေမှာလည်း အနည်းငယ်ရှိကြသည်။
သို့သော် ထိုတိရစ္ဆာန်မျိုးက ငယ်စဉ်ဘဝမှာပဲ အကြောင်းပြချက်မရှိဘဲ သေဆုံးကြရသော်ငြား ဝူလီက ခြွင်းချက်ဖြစ်၏။
တရုတ်ပြည်အနောက်ပိုင်းရှိ အိမ်များတွင် မွေးမြူထားသော နွားနှင့် သိုးများ ပျောက်သည့်အပေါ် တရုတ်အစိုးရက သံသယဝင်ကြသည်။ သူ့ကိုဖမ်းရန် လူလွှတ်သော်လည်း မမိဘဲ ကိုယ့်ဘက်က လူကိုတောင် တစ်ခါတလေ ဆုံးရှုံးကြရသည်။ လွန်ခဲ့သော ၅နှစ် ၆နှစ်အတွင်း ထိုကိစ္စနှင့် ပတ်သက်သော သတင်းအစအနပင် မကြားရတော့ပေ
“ဥက္ကဌကြီးပြောချင်တာက ဝူလီက ငါတို့အဖွဲ့ထဲမှာ ရောက်နေပြီဆိုတဲ့သဘောလား”
“ဟုတ်တာပေါ့ကွာ။ လွန်ခဲ့တဲ့နှစ်တွေတုန်းက သူ့ကိုဖမ်းဖို့ ငါတို့အဖွဲ့ထဲက နတ်ဘုရားအဆင့်မှာရှိနေတဲ့ လေးဦးကို လွှတ်လိုက်တာ။ သူ့ကိုဖမ်းနိုင်ဖို့ နှစ်နှစ်လောက်ကြာခဲ့တာ။ အခုတော့ သူက ငါတို့အဖွဲ့ရဲ့ အစောင့်အကြပ်တစ် ဦးလိုဖြစ်နေပါပြီ”
“ဟား ဝမ်လီကရှိနေတော့ ယန်ဟွမ်အဖွဲ့က အကြံပေးနဲ့အဖွဲ့က အထဲကို ဝင်နိုင်ပါဦးမလား”
“ဟားဟားဟား သူတို့ဒီအထဲကို ဝင်နိုင်မယ်လို့ ထင်ကြလား”
“မဖြစ်နိုင်ဘူးထင်တာပဲ။ သူတို့တွေလမ်းတစ်ဝက်လောက်မှာပင် လှည့်ပြန်သွားကြလိမ့်မယ်”
“ဥက္ကဌ တောင်ခြေမှာလွှတ်ထားတဲ့ ငါတို့လူတွေက သတင်းပေးပို့လာပါတယ်။ ယန်ဟွမ်အဖွဲ့က ဥက္ကဌနဲ့ အဖွဲ့က လန်ယာတောင်ရဲ့ နယ်နိမိတ်ကို ဝင်ရောက်လာပါပြီ”
သူတို့စကားစမြည်ပြောနေကြချိန်တွင် အသင်းဝင်တစ်ဦးက သတင်းပေးပို့လာသည်။
“အိုဟုတ်လား။ ဟိုအကြံပေးဆိုတဲ့လူက ဘယ်လိုလဲ။ သူနဲ့အတူအဖွဲ့ဝင်ဘယ်နှဦး ခေါ်လာခဲ့တာလဲ”
“အကြံပေးဆိုတဲ့လူက အသက်ငယ်ရွယ်ပြီး သူနဲ့အတူ အဖွဲ့သား အယောက်၃၀နဲ့ ခွေးတစ်ကောင်ခေါ် လာခဲ့ပါတယ်”
“ခွေးတစ်ကောင်ခေါ်လာတယ်။ဟုတ်လား ဟား။ ဒီကောင်က အဆက်အသွယ်ကောင်းလို့ ဒီနေရာရလာတာများ လား”
“သူတို့သုံးဦးရောပါလာလား”
သတင်းပို့တဲ့သူက ခေါင်းခါပြသည်။ စွန်းရှင်ဟဲက အဆင့်-၇အထက် စွမ်းအားရှင်သုံးဦးပါလာလားဟု မေးခြင်းဖြစ်သည်။
“မပါလာပါဘူး။ ပါလာတဲ့ လူတွေကလည်း အကုန်မျက်နှာသစ်တွေချည်းပါ”
အကြီးအကဲများအားလုံးက သံပြိုင်ဟားတိုက်ရယ်မောကြသည်။ထိုသုံးဦးမပါလာဘဲနှင့် သူတို့က ဘယ်လိုလုပ်ပြီး တောင်ထိပ်ပေါ်ရောက်နိုင်မည်နည်း။
“ကောင်းပြီ”
စွန်းရှင်ဟဲက ပိုပြီး ယုံကြည်ချက်ရှိလာသည်။ ထိုစွမ်းအားရှင် သုံးဦးပါလာလည်း သူကမမှုပေ။
“ဒီယန်ဟွမ်က လူတွေကဘယ်လိုလူစားမျိုးတွေလည်း ဆိုတာကြည့်ကြသေးတာပေါ့”