အားကော လုပ်လိုက်စမ်း
Vol. 22 Ch. 299
လန်ယာတောင်ပေါ်ရှိ ဝင်္ကပါသည် အပြင်လူများ ကျူးကျော်ဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ရန် တစ်နှစ်ပတ်လုံး တပ်ဆင်ထားသည်။ သို့သော် တောင်ပေါ်ရှိလူများက အပြင်လူများနှင့် ဆက်ဆံဖို့ လိုသေးသည် မဟုတ်ပါလော။
ထို့ကြောင့် သိုင်းလောကအဖွဲ့အစည်းမှ အဖွဲ့သားများသည် တောင်အောက်ကို ဆင်းရန် တက်ရန်အတွက် လမ်းသပ်သပ်တစ်ခုရှိသည်။
“အကြံပေး ငါ့နောက်က ထပ်ကြပ်မကွာလိုက်ခဲ့ကြပါ။ ငါ့ခြေလှမ်းအတိုင်း တသွေမတိမ်းလှမ်းကြပါ။ တစ်လှမ်းမှ မကွာစေနဲ့။ ပြီးတော့ ဘာကိုမှလည်း မထိကြနဲ့”
ထိုလူ၏ နာမည်မှာ ယန်လီဟုခေါ်ပြီး အသက်က ၂၃နှစ်သာရှိသေးကြောင်း ဖန့်ကြွယ်ယွီသိလိုက်ရသည်။ သူငယ်စဉ်ကတည်း သိုင်းပညာသင်ကြားဖို့ သိုင်းလောကအဖွဲ့တစ်ခုထဲကို သူ့မိဘများက စေလွှတ်ခဲ့သည်။ သူက အရည်အချင်းရှိသဖြင့် အဖွဲ့ထဲမှာ ဆက်လက်ထားရှိခြင်းဖြစ်သည်။
နောက်ပိုင်းတွင် သူတို့အဖွဲ့ကို ပြိုင်ဘက်များက ဖျက်ဆီးခဲ့ကြသည်။ အလှည့်အပြောင်းများစွာ ကြုံတွေ့ပြီး နောက် ယန်လီသည် သိုင်းလောကအဖွဲ့အစည်းထဲကို ဝင်ရောက်ခဲ့သည်။ ထိုအဖွဲ့သည် သိုင်းလောက မိသားစုဝင်များနှင့် ဂိုဏ်းများက ပူးတွဲပြီး တည်ထောင်ထားခြင်းဖြစ်ပြီး ဂိုဏ်းတစ်ခုပုံစံဖြစ်သည်။
ယန်လီသည် ပြင်ပအဖွဲ့ဝင်တစ်ဦးအနေနှင့် ရှိနေသည်။
အဖွဲ့ဝင်အနေဖြင့် ရရှိသောလစာက အသုံးစရိတ်ကို ကာမိရုံမျှသာရှိသည်။ သူသည်လည်း သာမန်လူများကဲ့သို့ အိမ်ထောင်တစ်ခုထူထောင်ရပေဦးမည်။ ထိုအတွက် ပိုက်ဆံကလိုအပ်ပေသည်။
ဒီတစ်ကြိမ်မှာတော့ သူ့ဘဝအတွက် အရဲစွန့်ရတော့မည်။ အကြံပေးသာရှုံးနိမ့်ခဲ့လျှင် သူသည် လန်ယာတောင်မှ အသက်ရှင်လျက်ထွက်သွားဖို့ မဖြစ်နိုင်ပေ။ ထို့အပြင် သူ့ကို သိုင်းလောကအဖွဲ့အစည်းက ကြီးလေးစွာပြစ်ဒဏ်ချမှတ်လိမ့်မည်။
သို့သော် အကြံပေးသာ အောင်မြင်ခဲ့ပါက သိုင်းလောကအဖွဲ့အစည်းက နိုင်ငံ၏ စီမံကွပ်ကဲမှုအောက်တွင် နေရတော့မည်။ ယခုမှ အသစ်စက်စက် ဖွဲ့စည်းထားသော ရှန်ကွမ်အဖွဲ့၏ တရားဝင်ဝန်ထမ်းဖြစ်ရသည့်အတွက် သူ့အတွက် အကျိုးအမြတ်များစွာရနိုင်ပေမည်။
အလျော်အစားက ကြီးသည်ဆိုသော်ငြား လောင်းကြေးထပ်ရတော့မည်။
ယန်လီ၏ လမ်းပြမှုအောက်တွင် မြူဆိုင်းနေသည့်တောကိုဖြတ်ခဲ့ရသည်။ ထိုတောမှာ အဆိပ်များနှင့် လျှို့ဝှက် လက်နက်များစွာ ပြည့်နှက်နေသည်။ ကူးရီသာလာရောက်ပြီး မရှင်းပေးလျှင် ဖန့်ကြွယ်ယွီတောင်မှ ဤတောကို ဖြတ်ဖို့မလွယ်ကူပေ။
အန္တရာယ်အပြည့်ဖြစ်သော်လည်း ယန်လီ၏ ဦးဆောင်မှုကြောင့် တောကို အေးအေးဆေးဆေး ဖြတ်ကျော်နိုင် ခဲ့သည်။
“အကြံပေး ငါတို့ ဒီတစ်ခုတော့ ဖြတ်နိုင်ခဲ့ပြီ။ ဒါပေမဲ့ အရှေ့မှာ ရှိနေတဲ့ တစ်ခုကိုတော့ ငါမကူညီပေးနိုင်ဘူး”
“ဘာဖြစ်လို့လဲ အရှေ့မှာရှိတဲ့ထောင်ချောက်တွေက ပိုပြီးကြမ်းလို့လား”
“မဟုတ်ဘူး ဘာထောင်ချောက်မှ မတပ်ထားပါဘူး။ ဒါပေမဲ့ ဒီတောင်ကို စောင့်ရှောက်နေတဲ့ ဝူလီလို့ခေါ်တဲ့ ခွေးဆိုးကြီးတစ်ကောင်တော့ရှိတယ်”
“ခွေးဆိုးကြီးဟုတ်လား”
ဖန့်ကြွယ်ယွီက မျက်တောင်ကို တစ်ချက်ပင့်လိုက်သည်။
တိရစ္ဆာန်များကို စွမ်းအားရှင်များအဖြစ် ပြောင်းလဲနိုင်ခြင်းက လွန်စွာမှ ရှားပါးပေသည်။
ထိုသတ္တဝါများကို စွမ်းအားရှင်အဖြစ်ပြောင်းလဲနိုင်ပါက သူတို့၏ ကြီးထွားမှုက မြန်ဆန်ပြီး အလွန်အင်အားကြီးမားလာကြသည်။
အားကောကတော့ နှစ်သန်းပေါင်းများစွာ ပြောင်းလဲသန္ဓေတည်လာခဲ့သော ရှားပါးအစွမ်းထက် သတ္တဝါတစ်ကောင်ဖြစ်သည်။
ရှောင်းရီ၏သတင်းပေးချက်အရ လန်ယာတောင်ပေါ်က သတ္တဝါများက လူကဲ့သို့ ဥာဏ်ရည်မြင့်မားကြသည်ဟု ဆိုသည်။ သူတို့မှာ ရုပ်ရှည်သွင်ပြင်ပိုင်းဆိုင်ရာ အားသာချက်ရှိသဖြင့် လူနှင့် အစွမ်းထက်သတ္တဝါက အဆင့်တူနေလျှင်တောင်မှ လူထက်အများကြီးသာလွန်သည်။