ဆန်းကြယ်ဓားသိုင်း
Vol. 22 Ch. 305
ထိုဓားသိုင်းသည် အလွန်ရှေးကျပြီး တရုတ်ပြည်ရှိ ကိုယ်ခံပညာပေါင်းများစွာပါဝင်သည်။ ဓားသိုင်းနှင့် ပတ်သက်သည့် ကျွမ်းကျင်မှုရှိရသည့်အပြင် စိတ်တန်ခိုးစွမ်းအင်လည်း လိုအပ်ပေသည်။
ထိုဓားသိုင်းနှင့် ပတ်သက်သည့် ကျင့်စဉ်က ပျောက်ဆုံးနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ အူမူဖန့်က ကံကောင်းထောက်မစွာဖြင့် အဆင့်-၃ ဓားသိုင်းကျင့်စဉ် မိတ္တူကိုရရှိခဲ့သည်။ သို့သော် သူရရှိသည့် အပိုင်းက ဓားသိုင်းတစ်ခုလုံး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အူမူဖန့်က နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံပြီး ထိုဓားသိုင်းကို လေ့ကျင့်ခဲ့သည်။
နှစ်ပေါင်းများစွာကြိုးစားပမ်းစား လေ့ကျင့်ပြီးသည့်နောက် အူမူဖန့်က ဓားသိုင်း၏ လျှို့ဝှက်ချက်များစွာကို သဘောပေါက်နားလည်ပြီး တရုတ်ပြည်၏ သိုင်းလောကထဲသို့ ဓားသိုင်းပညာကို ပြန်လည်ရယူပေးခဲ့သည်။
ဓားတစ်ချောင်းချင်းစီက ထုတ်လွှတ်သော အစွမ်းသည် အသုံးပြုသူ၏ အင်အားနှင့် ညီမျှသည်။ အူမူဖန့်၏ ဓားလေးချောင်းက နတ်ဘုရားပြောင်းလဲခြင်းအလယ်အလတ်အဆင့် ကျွမ်းကျင်သူ လေးဦးနှင့် ညီမျှသည်။ သို့သော် သိုင်းလောကတွင် ထိုအနေအထားမှာရှိနေသောသူ မရှိကြပေ။ ထို့ကြောင့် အူမူဖန့်သည် သိုင်းလောကတွင် ဆရာတစ်ဆူဖြစ်နေ၏။ ယန်ဟွမ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူတောင်မှ သူ့ကို ရှုံးနိမ့်ခဲ့ရသည်။
သို့သော်ငြား နှစ်ပေါင်းများစွာ မျှော်စင်တွက် အပတ်တကုတ် ကြိုးစားလေ့ကျင့်ပြီးသည့်နောက် သူ၏ အစွမ်းက ယခင်ကထက် အဆပေါင်းများစွာမြင့်မားလာခဲ့သည်။ ယန်ဟွမ်အဖွဲ့တစ်ဖွဲ့လုံး လန်ယာတောင်မှာ လာရောက်ပြီး တိုက်ခိုက်ပါကလည်း အူမူဖန့်က မမှုတော့ပေ။
သို့သော် ဖန့်ကြွယ်ယွီကိုယ်တိုင်က ဓားသိုင်းကို လိုသလိုအသုံးပြုနိုင်ပြီး ဓားပေါင်းများစွာကို ထိန်းချုပ်နိုင် လိမ့်မည်ဟု မည်သူကမှ မထင်ထားကြပေ။ သူက ထိုကဲ့သို့ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ရန် နှစ်ပေါင်းများစွာ လေ့ကျင့်သင်ကြားလာခဲ့ရသလို ဖြစ်နေသည်။
အဆင့်-၄နှင့် အထက် ဓားသိုင်းကသာ ဓားအချောင်းပေါင်းများစွာကို တစ်ပြိုင်တည်း ထိန်းချုပ်နိုင်စွမ်းရှိသည်။ အူမူဖန့် ကိုယ်တိုင်က အဆင့်-၂ဓားသိုင်းကို တတ်မြောက်ရန် နှစ်ပေါင်း ၃၀ အချိန်ယူခဲ့ရသည်။ သူ့ကို သင်ကြားပေးနေသည့် ဆရာရှိခဲ့တာလား။ ဘယ်လိုလုပ်ပြီး အသက် ၂၀အရွယ် လူငယ်လေးက ထိုပညာကို တတ်မြောက်နေသနည်း။
မိမိ၏ ကိုယ်ခံပညာကမြင့်ပြီး စိတ်တန်ခိုးစွမ်းအင် မြင့်မားလျှင်တောင်မှ သိုင်းလောကတစ်ခုလုံး အဆင့်မြင့် လက်နက် ၁၀၀ကိုပိုင်ဆိုင်သည်ဆိုတာက အလွန်ရှားပါးပေသည်။ ထိုလက်နက်တွေက ဘယ်က ရောက်လာတာလဲဆိုတာ စဉ်းစားစရာပင်ဖြစ်၏။
သူတို့မသိကြသေးသည့်အချက်က ရှောင်းရီ၏ သိမ်းဆည်းဂိုဒေါင်ထဲတွင် ထိုလက်နက်မျိုးက တောင်ပုံရာပုံရှိ နေသည်ဆိုသည့် အချက်ဖြစ်၏။ လက်နက်များက မရေမတွက်နိုင်လောက်အောင် များပြား၏။ သူ၏ ဘိုးဘေးများထဲတွင် လက်နက်ထုတ်လုပ်သည့် အတတ်ပညာကို လေ့လာခဲ့သူများက မနည်းမနောဖြစ်သည်။ ထိုလက်နက်များက သူတို့၏ မျက်လုံးထဲတွင် စမ်းသပ်သည့်အဆင့်သာဖြစ်ပြီး ဘာမှ အဖိုးမတန်ပေ။
အူမူဖန့်က ဖန့်ကြွယ်ယွီထုတ်သည့် ဓားသိုင်းကို စိုက်ကြည့်ပြီး ဘာမှမပြောနိုင်အောင်ဖြစ်ရသည်။ ထိုအရာကို ကြည့်နေချိန်တွင် ကြောက်ဒူးများပါတုန်ရီလာတော့သည်။ သူ၏ အသက် ၂၀၀ကျော် သက်တမ်းအတွင်း ယခုကဲ့သို့ အဖြစ်အပျက်ကို တစ်ခါမှ မတွေ့ကြုံဖူးခဲ့ပေ။
“မဟုတ်ဘူး သူက ပါရမီရှင်အဆင့်မှာပဲရှိဦးမှာ။ သူဘယ်လောက်ပဲ တော်နေပါစေ ငါ့ပြိုင်ဘက်တော့ မဖြစ်နိုင်ဘူး”
အူမူဖန့်က သူ့စိတ်ထဲက သံသယဖြစ်မှုကို ရှင်းလင်းပစ်လိုက်သည်။ သူတို့နှစ်ဦး၏ အဆင့်ကွာဟချက်က မြင့်မားသည်။ ထို့ကြောင့် ကိုယ်ခံပညာများတောင်မှ ထိုကွာဟချက်ကို နည်းအောင် မလုပ်ပေးနိုင်သလို သူကလည်း မရှုံးသေးပေ။
ဖန့်ကြွယ်ယွီကို အရှင်လတ်လတ်ဖမ်းမိပါက ယန်ဟွမ်အဖွဲ့ကို အလဲထိုးနိုင်မှာဖြစ်သလို ဖန့်ကြွယ်ယွီဆီမှလည်း ဓားသိုင်းများကို ရယူနိုင်သည်။ ထိုသို့တွေးမိပြီးနောက် သူသည် စိတ်အားထက်သန်လာသည်။ သူ၏ အနောက်ဘက်မှာလည်း တစ္ဆေလေးကောင်၏ ပုံရိပ်က ပိုမိုကြည်လင်ပြတ်သားလာသည်။
“မင်းရဲ့ ဓားသိုင်းအစီအရင်ကို ငါဘယ်လိုဖျက်ပြမလဲဆိုတာကြည့်နေ”
လေထုထဲမှာ အော်သံကြီးက ဟိန်းထွက်နေသည်။ ဓားလေးချောင်းနှင့်အတူ တစ္ဆေလေးကောင်က ဖန့်ကြွယ်ယွီထံကို ပြေးဝင်လာသည်။
“ဟမ် ကိုယ့်ကိုကိုယ်သိပ်ကိုအထင်ကြီးနေတယ်ပေါ့”
ဖန့်ကြွယ်ယွီက အေးတိအေးစက်တုံ့ပြန်သည်။ သူ့ကို နတ်ဘုရားအဆင့်မှာ ရောက်နေသူများတောင်မှ မယှဉ်ပြိုင် နိုင်ပေ။
“ဓားတစ်ထောင်သိုင်းကွက်”
သူက လက်ဖျောက်တစ်ချက်တီးလိုက်ရုံဖြင့်ဓားအချောင်းပေါင်းရာနှင့် ချီပြီး အူမူဖန့်ကို တိုက်ခိုက်တော့သည်။
နတ်ဘုရားဓားလေးချောင်း သိုင်းကွက်သည် အလွန်ပြင်းထန်ပြီး ဖန့်ကြွယ်ယွီ၏ ဓားပျံများကို အဆက်မပြတ် ခုခံနိုင်သည်။
“တော်ပြီ ခင်ဗျားရဲ့ အဆင့်-၂ဓားသိုင်းကို ငါ့ရှေ့မှာ ကြွားလုံးထုတ်နေတာတွေ ရပ်ပါတော့”
“ပိုင်ရှင် အချိန်မဆွဲနဲ့တော့။ မင်းရဲ့ အခုလက်ရှိ အစွမ်းနဲ့ဆို အဆင့်-၄ ဓားသိုင်းကို ထိန်းချုပ်နိုင်ရုံပဲ ရှိသေးတာ။ သူ့ကို မြန်မြန်အပြတ်ရှင်းလိုက်တော့”
“ဟုတ်သား ငါမေ့တော့မလို့”
သူက ပထမဆုံး ဓားတစ်ထောင်သိုင်းကွက်ကို စသင်တုန်းက သူ့အင်အားများ ကုန်ခမ်းခဲ့တာကို သတိရသွား သည်။ သူ့ခေါင်းထဲ မူးနောက်နောက်ဖြစ်လာ၍ ခေါင်းကို ခါမိသည်။
“ဓားတစ်ထောင်သိုင်းကွက်…အချိန်နေရာဝါးမြိုလိုက်”
ဖန့်ကြွယ်ယွီက အချိန်ထပ်မဖြုန်းတော့ပေ။ ဓားပျံများကလည်း အရောင်တဖြည်းဖြည်း မှိန်လာသည်။
“ဝှစ် ဝှစ် ဝှစ်”
ဓားအချောင်းပေါင်းများစွာက ကောင်းကင်ပေါ်မှ ကြယ်မိုးရွာနေသလို ဆင်းချလာသည်။ ထိုဓားများမှာ ချီစွမ်းအင်ပါဝင်ရုံသာမက ဝါးမြိုတောက်လောက်နိုင်စွမ်းလည်း ရှိကြသည်။
ကြောက်မက်ဖွယ် တစ္ဆေလေးကောင်လည်း ချက်ချင်းဆိုသလို ကြောက်လန့်တုန်လှုပ်သွားကြသည်။
“ဂျွတ်”
အူမူဖန့်၏ ဓားလေးချောင်းလည်း ဓားမိုးများရွာသွန်းမှုအောက်တွင် အစိတ်စိတ်အမွှာမွှာကျိုးပျက်သွား တော့သည်။
“ခန္ဓာကိုယ်ကာကွယ်တဲ့ဓားအလင်းရောင်”
အခြေအနေကိုရိပ်မိသော အူမူဖန့်က သူ၏ အကောင်းဆုံး ခုခံသည့်အကွက်ကို ထုတ်သုံးလိုက်သည်။ သို့သော် ရွှေရောင်အကာအကွယ်က ငါးစက္ကန့်တောင်မကြာလိုက်ဘဲ အက်ကွဲသွားတော့သည်။
အူမူဖန့်တောင်မှ အရေးနိမ့်သဖြင့် သိုင်းလောကအဖွဲ့အစည်းရှိကျန်လူများကတော့ ပြောဖွယ်မရှိပေ။
“ဂျွတ်”
အူမူဖန့်၏ ခန္ဓာကိုယ်ကိုကာကွယ်သည့် ဓားအလင်းရောင်က ချက်ချင်း ပျက်စီးသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း ဓားထိုးခံရပြီး သွေးများထွက်လာသည်။
“ဝှစ် ဝှစ် ဝှစ်”
ရာနှင့် ချီသော ဓားပျံများက အူမူဖန့်၏ ပတ်ပတ်လည်မြေပြင်ပေါ်သို့ ထိုးစိုက်လာပြီး သူ့ကို လှောင်ပိတ် ထားသလို ဖြစ်နေသည်။
ဖန့်ကြွယ်ယွီက အသက်ဝဝရှုထုတ်လိုက်သည်။ အားဖြည့်ဆေးကို သောက်သုံးပြီးနောက် ကုန်ဆုံးသွားသည့် အားအင်များကပြန်လည်ပြည့်ဖြိုးလာသည်။ စက္ကန့်အနည်းငယ်အကြာမှာ သူ၏ အသက်ရှုသံများက ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
လန်ယာတောင်တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်သွားသည်။ စွန်းရှင်ဟဲ၏ မျက်နှာသည်လည်း သွေးမရှိသည့်အလား ဖြူဖပ်ဖြူရော်ဖြစ်နေသည်။သူတို့၏ တစ်ဦးတည်းသော အားကိုရာဖြစ်သည့် အူမူဖန့်ကို အနိုင်ယူနိုင်သည့် လူမျိုး ပေါ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထားဘူးပေ။
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
တစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့ရသဖြင့် အူမူဖန့်လည်း သွေးပျက်ပြီး မြေပြင်ပေါ်တွင် ငူငူကြီးထိုင်နေသည်။ သူ့ကို အနိုင်ယူခဲ့သော လူ၏နာမည်ကိုလည်း တစ်ခါမှ မကြားဖူးပေ။ အသက် ၂၀အရွယ်ဖြင့် အစွမ်းထက်နေသည့် အပြင်အဆင့်မြင့် ဓားသိုင်းကိုပါ တတ်မြောက်နေခြင်းက အံ့ဖွယ်အတိဖြစ်၏။
ရာစုနှစ်ပေါင်းများစွာ ကြိုးစားပမ်းစားထိန်းသိမ်းလာခဲ့သည့် သူ၏ ဂုဏ်သိက္ခာများလည်း ယခုလို ပျက်စီးခဲ့ရသည်။
“ဟေး ခင်ဗျားရှုံးပြီနော်။ ခင်ဗျားရှုံးနိမ့်ရတဲ့အပေါ် အခုထိ လက်မခံနိုင်အောင် ဖြစ်နေရတာလား”
အူမူဖန့်က ခေါင်းကိုဖြည်းဖြည်းချင်းမော့ပြီး သူ့ကို နာနာကြည်းကြည်း ကြည့်နေမိသည်။ တကယ်တော့ သူအနေဖြင့် အရှုံးကို ချက်ချင်းလက်မခံနိုင်ပေ။
“ဟူး”
ဖန့်ကြွယ်ယွီက သက်ပြင်းချသည်။
“ငါ ခဏခဏပြောဖူးပါတယ်။ သိုင်းသမားတွေက စွမ်းအားရှင်တွေကို အထင်သေးတာ ရပ်တန်းက ရပ်ကြပါလို့။ ဒါပေမဲ့ မင်းတို့ကမှ နားမထောင်ကြတာ”