အသုံးမကျတဲ့ကောင်
Vol. 1 Ch. 33
ကျန်းဂိုဏ်းတွင် လူငယ်များစွာ ရှိသည်။ တိုက်ရိုက် ဆင်းသက်သူများသည် တိုက်ရိုက်မျိုးဆက် မဟုတ်သူများထက် အယောက်နှစ်ဆယ်ခန့် ပိုများသည်။ ကျန်းရုဟူကဲ့သို့ တိုက်ရိုက်မျိုးဆက် မဟုတ်သူများသည် အနည်းဆုံး အယောက်တစ်ရာခန့် ကျော်လေသည်။ အစစ်အမှန် ထူးချွန်သော လူငယ်များသည် သိုင်းပညာ သရုပ်ပြခန်းမတွင် ပေါ်မလာကြပေ။
ဝိညာဉ်သားရဲ သင်တန်းကျောင်းနှင့် အနောက်ဘက် မြို့စောင့်တပ်၏ လူသစ်လက်ခံပွဲ အခမ်းအနားသည် မကြာခင်တွင် ကျင်းပတော့မည် ဖြစ်သည်။ ကျန်းယွင်ရှန်သည် စွမ်းအား အဆင့်အတန်း တစ်ခုရှိသော လူငယ်များကို သိုင်းပညာနှင့် စိတ်စွမ်းအင်ကို တံခါးပိတ်ကျင့်ရန် ညွှန်ကြားထားသည်။ သိုင်းပညာ သရုပ်ပြဆောင်တွင် ရောက်ရှိနေသော လူငယ်များ အားလုံးသည် စွမ်းရည် လုံလောက်မှု မရှိသေးသည်မှာ ထင်ရှားသည်။
သိုင်းပညာ သရုပ်ပြဆောင် ခန်းမတွင်းရှိ လူငယ်များသည် ထူးချွန်သော အဆင့်တွင် မရှိသော်လည်း သူတို့ အားလုံး၏ အဆင့်အတန်းသည် ကျန်းရီထက် မြင့်မားပေသည်။ အထူးသဖြင့် ကျန်းဟန်ရွှေနှင့် မျက်နှာ အမူအရာ ဆင်သော လူနှစ်ယောက် ဖြစ်သည်။ တစ်ယောက်သည် ကျန်းဟန်ရွှေ၏ ညီအရင်း ကျန်းကူရွှေ ဖြစ်ပြီး အခြားတစ်ယောက်မှာ စည်းကမ်း ထိန်းသိမ်းရေးဆောင်မှ တာဝန်ရှိ အကြီးအကဲ ကျန်းယွင်ရှစ်၏သား ကျန်းယူလန် ဖြစ်သည်။
ကျန်းရီ ပြောခဲ့သော မိမိကိုယ်ကို ယုံကြည်မှု ရှိသော စကားများသည် ထိုနှစ်ဦးကို သိသာစွာ ဒေါသ ထွက်သွားစေသည်။ သို့သော် ကျန်းရီ ခေါ်ထုတ်လိုက်သော သူသည် ကျန်းရုဟူသာ ဖြစ်နေခဲ့သည်။ သူတို့သည် နှုတ်ခေါင်းရှုံ့လိုက်ကာ ကျန်းရုဟူကိုကြည့်၍ ပွဲကြီးပွဲကောင်းတစ်ပွဲကိုသာ စောင့်စားနေလိုက်သည်။
သူတို့ နှစ်ယောက်သည် စိတ်ငြိမ်ငြိမ် ထားနိုင်ခဲ့သည်။ သို့သော် တံခါးဝတွင် ရပ်နေသော သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း တတိယအဆင့်ရှိ လူငယ်သည် ဒေါသထွက်သွားခဲ့သည်။ ကျန်းရုဟူသည် စကားပြောရန် အခွင့်အရေး မရခင်မှာပင် ကျန်းရီကို ညွှန်ပြလိုက်ကာ အော်ဟစ်လိုက်သည်။
''မင်းကိုမင်း ဘယ်သူလို့ ထင်နေတာလဲ။ ဒီကနေထွက်သွား''
'' ဝှစ်"
ကျန်းရီ၏ အတွင်းအားများသည် ပေါ်ထွက်လာခဲ့သည်။ သူတို့ အော်ဟစ်နေသော သူထံ လျပ်စီးကဲ့သို့ လက်ဝါးရိုက်ချက် တစ်ချက် ပေးလိုက်သည်။ ထိုသူသည် မီတာအတော်များများ လွင့်ထွက်သွားကာ ကြမ်းပြင်နှင့် ရိုက်မိခဲ့သည်။
''သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္တအဆင့်''
ကျန်းကူရွှေနှင့် ကျန်းရူလန်တို့သည် အံ့အားသင့်သွားကြသည်။ သူတို့သည် ကျန်းရီ၏ ဒန်တျန်းမှာ ချိတ်ပိတ် ခံထားရကြောင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ ပြီးခဲ့တဲ့နှစ်ကမှ သူကသဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ပထမအဆင့်မှာပဲရှိသေးတာ မဟုတ်ဘူးလား။ ဘာလို့ သူ့အင်အားတွေက ရုတ်တရက်ကြီး ထိုးတက်သွားရတာလဲ။
ကျန်းရုဟူနှင့် လူအုပ်သည် ဆွံ့အသွားကြသည်။ လွန်ခဲ့သည့် နှစ်လက အနောက်ဘက် တောင်ကုန်းတွင် တွေ့ခဲ့စဉ် ကျန်းရီသည် သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့်မှာပင် ရှိသေးသည် ... ဟုတ်တယ်မလား။ ဒီလောက် အချိန်တိုတိုလေး အတွင်းမှာ အရမ်းတိုးတက်သွားတယ် ... သူကကောင်းကင် အဆင့် ဆေးလုံးကို စားလိုက်တာများလား။ ကျန်းရီသည် သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိအဆင့်တွင် ရှိသောအခါက သူသည် ရောင်ကိုင်းသည်အထိ အရိုက်ခံရသည့် အကြောင်းကို ပြန်တွေးလိုက်မိသည်။ ကျန်းရုဟူသည် မနေနိုင်တော့ဘဲ ယောင်ယမ်းကာ နောက်ကို ခြေနှစ်လှမ်းမျှ ဆုတ်လိုက်မိသည်။
''ငါက ကျန်းရုဟူ ကျန်းပေါင်နဲ့ ကျန်းစုန့်ရဲ့ ခြေထောက်တွေကိုပဲ ချိုးချင်တယ်လို့ ပြောခဲ့တာ တခြားလူတွေကို မထိခိုက်စေချင်ဘူး ... ဒါကြောင့် ဘေးဖယ်နေကြပါ''
ကျန်းရီ၏ ခံစားချက် မပါသာ လေသံသည် ထွက်ပေါ်လာခဲ့သည်။ ကျန်းဂိုဏ်းမှ တိုက်ရိုက် မျိုးဆက် လူငယ်များသည်ပင် နောက်သို့ ဆုတ်သွားကြသည်။ ကျန်းရီသည် သိုင်းပညာ သရုပ်ပြခန်းမကို လာရောက်၍ လှုပ်ရှားရဲမှတော့ အကျိုးဆက်ကို ပြင်ဆင်ထားပြီး ဖြစ်ရပေမည်။ ရူးသွပ်နေသော သူနှင့် မတိုက်ခိုက်သည်က ပို၍ ကောင်းပေလိမ့်မည်။
"ဝှစ်"
အခြေအနေ မကောင်းသည်ကို မြင်လျှင် ကျန်းစုန့်သည် ဘေးတံခါးပေါက်မှ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သူ့ခြေထောက်ကျိုးရမည်ထက် ထွက်ပြေးရသည်က ပိုကောင်းပေသည်။ ကျန်းကူရွှေနှင့် ကျန်းရူလန်တို့သည် ကျန်းရီကို တားဆီးမည့်ပုံ မပေါ်ပေ ... ကျန်းရုဟူ၏ အင်အားကိုလည်း အားကိုးနေ၍ မရပေ ... သူသာ ပြေးထွက်၍ ကျန်းရီ တစ်ယောက်ယောက်ကို ထိခိုက်အောင် လုပ်နေပါသည်ဟု အော်နိုင်လျှင် စည်းကမ်း ထိန်းသိမ်းရေးဆောင်မှ ကျန်းရီကို အပြစ်ပေးပေလိမ့်မည်။
"ဝှစ်"
သို့သော် ပုံရိပ်တစ်ခုသည် သူ့ထက် မြန်ဆန်နေခဲ့သည်။ ကျန်းစုန့်သည် သူ့နောက်မှ သတ်ဖြတ်လိုသော အရှိန်အဝါများကို ခံစားလိုက်ရသည်။ သူသည် နောက်သို့ အလျင်အမြန် လှည့်လိုက်သောအခါ လေထုအလယ်တွင် လှုပ်ရှားလာသော ခြေထောက်တစ်ချောင်းကို မြင်လိုက်ရသည်။ သူသည် ခြောက်ခြားစွာ အော်ဟစ်လိုက်သည် ...
"တတိယသခင်လေး ... အကိုလန် ... အကိုဟူ ... ကျွန်တော့်ကို ကယ်ပါ"
တစ်ချိန်တည်းမှာပင် ကျန်းစုန့်သည် မြွေကြာပွတ် ခြေထောက်သိုင်းကို ခံနိုင်ရန် ကြိုးစားနေလိုက်သည်။
"ခရက်"
အရိုးကျိုးသံများကို ကြားနေရသည်။ ကျန်းရီသည် အင်အားအပြည့် ကန်ချက်နောက်တွင် တုံ့ဆိုင်းမနေတော့ဘဲ ကျန်းစုန့်၏ လက်မောင်းနှစ်ဖက်ကိုပါ ချိုးလိုက်သည်။
"ဘန်း''
ကျန်းရီသည် လေထဲသို့ ခုန်လိုက်ကာ ခြေထောက်တစ်ဖက်ကို မြှောက်လိုက်ပြီး ကျန်းစုန့်ကို နင်းချေလိုက်သည်။
"ကျန်းရီ ... မင်းရူးသွားတာလား”
"ကျန်းရီ ... ရပ်လိုက်"
တတိယသခင်လေး ကျန်းကူရွှေ ဝင်လာသောကြောင့်သာ မဟုတ်လျှင် ကျန်းစုန့်၏ ခြေထောက်များ တစ်စစီ ကျိုးသွားပေလိမ့်မည်။ စည်းကမ်း ထိန်းသိမ်းရေးဆောင်မှ လက်ထောက် အကြီးအကဲ၏သား ကျန်းရူလန်သည် ဂိုဏ်းမှ လူငယ်များကို ဖိနှိပ်ရန် စည်းကမ်း ထိန်းသိမ်းရေးဆောင်သို့ မကြာခဏ ခေါ်သွားလေ့ရှိသည်။ သို့ဖြစ်ရာ သူသည် ရပ်၍ ကြည့်မနေနိုင်ပေ ...
"ခရက်" ”အား"
သူတို့၏ စကားများကို တုံ့ပြန်လိုက်သည်ကား အရိုးကျိုးသော အသံနှင့် ကျန်းစုန့်၏ ငယ်သံပါအောင် အော်ဟစ်လိုက်သံပင် ဖြစ်သည်။ ကျန်းကူရွှေနှင့် ကျန်းရူလန်၏ အော်သံကို မကြားသကဲ့သို့ပင် ကျန်းရီသည် ခြေထောက်တစ်ဖက်ကို မြှောက်ကာ ကျန်းစုန့်၏ အခြား ခြေတစ်ချောင်းကို နင်းချေလိုက်ပြန်သည်။ ကျန်းရီသည် ကျန်းကူရွှေကို လှည့်ကြည့်လိုက်ကာ ထူးမခြားနားစွာ ပြောလိုက်သည် ...
"ကျန်းဂိုဏ်းမှာ စကားနဲ့တောင် ပြောစရာမလိုဘဲ သိတဲ့ စည်းမျဉ်းတွေ ရှိတယ် ... တခြားဂိုဏ်းသားတွေက တစ်ယောက်ယောက်ရဲ့ ပြဿနာကို ဖြေရှင်းနေတဲ့အခါမှာ ဝင်မပါရဘူး..ဟုတ်တယ်မလား။ ... ကျန်းရုဟူနဲ့ လူအုပ်က ငါ့ကို မကျေနပ်လို့ ငါ့ကို လာရှာရင် ငါဘာမှ ဆင်ခြေပေးနေစရာမလိုဘူး ... ဒါပေမယ့် သူတို့က ဒီကိစ္စကို သိုင်းပညာနဲ့ ပတ်သက်ပြီး တစ်ခုလေးတောင် နားမလည်တဲ့ ငါ့အစေခံဆီ ယူသွားစရာ လိုလို့လား။ ... ဒီနေ့.. မင်းတို့နှစ်ယောက်ရှိနေတာကို အသာထား ... ဘုရားသခင် ဒီမှာ ရှိနေရင်တောင် ... ငါသူတို့ရဲ့ ခြေထောက်တွေကို ချိုးပစ်ဦးမှာပဲ"
သူ၏ စကားဆုံးသည်နှင့် ကျန်းရီသည် ကျန်းပေါင်ကို လှည့်ကြည့်လိုက်ကာ လျှပ်စီးအလျင်နှင့် ပြေးသွားလိုက်သည်။ သူသည် သတ်ဖြတ်ခြင်း နတ်ဘုရားအလားပင် ... သူ၏ ခြေထောက်များနှင့် ဝတ်ရုံစတို့သည် ကျန်းစုန့်၏ သွေးများ စွန်းထင်းနေခဲ့သည်။
"ကျန်းရီ..မင်းလူတွေကို နာကျင်အောင် လုပ်ရဲလား။ ... ဘယ်သူမှ မင်းကို ကယ်နိုင်မှာ မဟုတ်တော့ဘူး"
"ဟုတ်တယ် ... ကျန်းရီ ... မင်းထပ်ပြီး တစ်ခုခု လုပ်ရဲတယ်ဆိုရင် ရက်စက်တယ်လို့ ငါတို့ကို အပြစ်မတင်နဲ့"
ကျန်းကူရွှေနှင့် ကျန်းရူလန်သည် အော်ဟစ်လိုက်လျှင် ကျန်းရုဟူသည် သူတို့နောက်သို့ သွားပုန်းနေလိုက်သည်။ ကျန်းရုယင်းသည် သူ့အစ်ကို ကျန်းရုလုံကို သွားခေါ်နေပြီ ဖြစ်သည်။ ကျန်းရုလုံသာ ရောက်လာပါလျှင် ကျန်းရီအတွက် သေလမ်းသာ ရှိသည်။ ကျန်းရီသည် ယနေ့တွင် ကြမ်းကြမ်းတမ်းတမ်း ပြုမူခဲ့သည့်အတွက် သူတို့သည် သူ့ကို မတော်တဆ သတ်မိခဲ့လျှင်တောင် မှားယွင်းသည်ဟု မဆိုနိုင်ပေ ... အဆိုးဆုံးမှ ဆူပူကြိမ်းမောင်း ခံရရုံသာ ရှိမည် ...
"ဘန်း"
ကျန်းရီသည် ကျန်းကူရွှေနှင့် ကျန်းရူလန်ကို လုံးဝ လျစ်လျူရှု ထားခဲ့သည်။ သူသည် ကျန်းပေါင်ထံသို့သာ ဆက်လက် ပြေးသွားခဲ့သည်။ သူသည် မည်သည့်သိုင်းပညာမှ မသုံးပဲ သာမန် လက်သီးတစ်လုံးသာ ကျန်းပေါင်ထံ ပစ်သွင်းလိုက်သည်။ ထိုလက်သီးသည် သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့်သို့ ရောက်နေသော ကျန်းပေါင်အတွက် ဘာမှမဟုတ်ပေ ...
"ဗုန်း"
ကျန်းပေါင်သည် ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း သူ့နောက်ကျောမှ ပြင်းထန်လှသော အားကို ခံစားလိုက်ရသည်။ သူ၏ ပါးစပ်မှ သွေးများ လျှံတက်လာပြီး ထွက်ကျလာလေသည်။ သူသည် နာကျင်မှုနှင့် ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည် ...
"တတိယသခင်လေး ... အကိုလန် ... ဘာလို့ ရပ်ကြည့်နေကြတာလဲ။ ... ကျွန်တော်သာ ဒီလို ထပ်ခံရရင် သေသွားလိမ့်မယ်"
ကျန်းကူရွှေနှင့် ကျန်းရူလန်တို့သည် ရပ်မြဲတိုင်း ရပ်နေကြသည်။ ကျန်းပေါင်ကဲ့သို့ အရေးမပါသူတစ်ဦး ထိခိုက်သည်က ကိစ္စမရှိပေ ...
"ခရက်"
ကျန်းရီ၏ နင်းချေမှုကြောင့် ကျန်းပေါင်၏ ခြေထောက်များ ကျိုးသွားပြီးနောက် ကျန်းရီ၏ အကြည့်သည် ကျန်းရုဟူထံ ကျရောက်လာခဲ့သည်။ ကျန်းကူရွှေနှင့် ကျန်းရူလန်တို့သည် ဆက်လက်ကြည့်မနေနိုင်တော့ဘဲ အတွင်းအားများကို ထုတ်ဖော်လိုက်သည်။ ကျန်းကူရွှေသည် အော်ဟစ်လိုက်သည် ...
"ကျန်းရီ ... ဒါမင်းရဲ့ နောက်ဆုံး အခွင့်အရေးပဲ ... အခုရပ်လိုက်ပြီး စည်းကမ်း ထိန်းသိမ်းရေးဆောင်က အပြစ်ပေးတာကို စောင့်နေလိုက် ... မဟုတ်ရင် ငါတို့ကို မယဉ်ကျေးဘူးလို့ မပြောနဲ့"
သူတို့နှစ်ယောက်လုံးသည် သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်တွင် ဖြစ်သည်။ သူတို့မျက်လုံးထဲတွင် ကျန်းရီသည် ဘာမှ မဟုတ်ပေ ... ။ သူတို့သည် ကျန်းရုဟူ၏ ပြဿနာတွင် ဝင်မပါချင်သော်လည်း ကျန်းရုဟူ၏ ခြေထောက်များ အချိုးခံရမည်ကိုမူ ကြည့်မနေနိုင်ပေ။
"ဒီနေ့ ... ငါကျန်းရုဟူရဲ့ ခြေထောက်ကို ချိုးမယ် ... ငါ့ကို တားဆီးတဲ့ သူတိုင်း အကျိုးဆက်ကို ခံစားရမယ်"
ကျန်းရီသည် လူအုပ်ထံ လျှောက်သွားလိုက်လေသည်။ သူ၏ အနက်ရောင်ဝတ်ရုံနှင့် လက်တစ်ဖက်သည် သွေးများ လွှမ်းနေခဲ့သည်။ သတ်ဖြတ်လိုသော ဆန္ဒများပါ ထည့်ပေါင်းလိုက်လျှင် သူ၏ ပုံရိပ်သည် ခြောက်ခြားဖွယ်ရာ တည်ရှိမှု အလားပင် ...
"ဟမ့် ... ကျန်းရီက လူတွေရှေ့မှာ ပြစ်မှုတွေကို ကျူးလွန်နေတာပဲ ... ငါတို့တွေ သူ့ကို အကြံပေးခဲ့ပေမယ့် သူက ခေါင်းမာနေတုန်းပဲ ... အားလုံးပဲ ... ငါ့စကားကို နားထောင်ပြီး ကျန်းရီကို တိုက်ခိုက်ကြ"
ကျန်းကူရွှေသည် အော်ဟစ်လိုက်ပြီးနောက် ကျန်းရီထံ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ ယခု ဂိုဏ်း၏ တတိယသခင်လေးသည် တိုက်ခိုက်ရန် ဦးဆောင်နေရာ မည်သူမှ အေးအေးဆေးဆေး ထိုင်မနေရဲတော့ပေ ... ကျန်းရီသည် ကြောက်မက်ဖွယ် ကောင်းနိုင်သော်လည်း လူတစ်ယောက်သည် လူပေါင်းများစွာကို မည်သို့ ရင်ဆိုင်နိုင်မည်နည်း။
"ဒီအပြစ်သားရဲ့ ခြေထောက်တွေကို သွားချိုးပြီး စည်းကမ်းထိန်းသိမ်းရေးဆောင်ဆီ ပို့လိုက်ကြ ... ငါ့အဖေက သူ့ကို အပြစ်ပေးလိမ့်မယ်"
ကျန်းရူလန်သည်လည်း အော်ဟစ်လိုက်ကာ ကျန်းရီထံ အခြားဘက်မှ ပြေးဝင်လာခဲ့သည်။
ဤအရာသည် ကျန်းရုဟူ လိုလားသော အရာဖြစ်သည်။ ကျန်းရီသည် ဘယ်လောက်ပင် အားကောင်းနေပါစေ ... လူအများကြီးကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ သူတို့သည် ကျန်းရုလုံ ရောက်လာသည်အထိ အချိန်ဆွဲထားရန်သာ လိုအပ်သည်။
"ငါအကုန်လုံးနဲ့ ရန်သူ မဖြစ်ချင်ဘူး ... ငါ့ကို ဖိအားမပေးနဲ့ ... နောက်ဆုတ်ကြ"
ကျန်းရီ၏ မျက်လုံးသည် အနက်ရောင် တစ်ချက် လက်သွားခဲ့သည်။ သူသည် အနက်ရောင် အတွင်းအားကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ သူ၏ ကိုယ်သည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ ရှေ့သို့ ပြေးထွက်သွားခဲ့သည်။ သူ၏ လက်သီးသည်လည်း ပုံရိပ်ခြောက်ခု အဖြစ် ပြောင်းလဲသွားကာ လူအုပ်ကို ဦးဆောင်လာသော ကျန်းကူရွှေထံ ပြေးဝင်သွားခဲ့သည်။
"ပုံရိပ်ယောင် လက်သီ ... ငါလည်း သိတယ်လေ"
ကျန်းကူရွှေသည် ကျန်းရီ၏ လက်သီး ပုံရိပ်ခြောက်ခုကို ချေဖျက်ရန် လက်သီးပုံရိပ် ခြောက်ခုကို ထုတ်ဖော်လိုက်သည်။ သူ့အမြင်တွင် သူနှင့် ကျန်းရီသည် ကျင့်ကြံဆင့် တစ်ခု ကွာခြားသည့်အပြင် သူ၏ အမြန်နှုန်းသည်လည်း ကျန်းရီထက် ပိုမိုမြန်ဆန်ပေသည်။ သူနှင့်ရင်ဆိုင်သည်ကား ကျန်းရီမှာ သေချင်နေ၍သာ ဖြစ်ရပေမည်။ ကျန်းရီသည် သူ့ပြိုင်ဘက် လုံးဝ မဟုတ်ပေ။
ကျန်းရီ၏ လက်သီးပုံသည် ရေမှော်ပင်များကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ သူ၏ ခြေထောက်သည်လည်း မြွေကဲ့သို့ တွန့်လိမ်ကာ ကျန်းကူရွှေဆီ တိုးဝင်သွားခဲ့သည်။ ကျန်းကူရွှေသည် ပြန်လည် တုံ့ပြန်ချိန်ပင် မရလိုက်ပေ။
"ဘန်း"
ကျင့်ကြံဆင့် တစ်ဆင့် ကွာခြားသော်လည်း ကျန်းကူရွှေသည် ကျန်းရီ၏ ကန်ချက်ကြောင့် လွင့်စင်ထွက်သွားရသည်။ ကျန်းရီသည် အင်အားအပြည့် မသုံးခဲ့၍သာ ကံကောင်းသည်။ မဟုတ်လျှင် သူ၏ ခြေထောက်များ ထိခိုက်သွားပေလိမ့်မည်။
"သိုင်းပညာချင်း ယှဉ်ချင်တာလား။ ... မင်းတို့ အသုံးမကျတဲ့ ကောင်တွေ ... ဘယ်တုန်းကများ ငါ့ကို ယှဉ်နိုင်မယ်လို့ တွေးလိုက်တာလဲ”
ကျန်းရီ၏ လှောင်ပြောင်သံသည် လူအုပ်အကြား လေပြည်ကဲ့သို့ ပျံ့လွင့်သွားခဲ့သည်။ ကျန်းကူရွှေသည် ကျန်းရီကြောင့် လွင့်စင်သွားရသည်ကို မြင်လျှင် လူတိုင်းသည် ဆွံ့အသွားကြသည်။ ဒီအမှိုက်က ဘယ်တုန်းက အင်အားကြီးသွားရတာလဲ။
ကျန်းရီသည် သူ၏ အင်အားကို တိုးမြှင့်ရန် အနက်ရောင် အတွင်းအားကိုပင် မသုံးခဲ့ချေ။ သူသည် ကြောက်မက်ဖွယ် အမြင်အာရုံနှင့် သိုင်းပညာကိုပင် အားကိုးကာ ဤနေရာရှိ လူများကို အလွယ်တကူ အနိုင်ယူနိုင်ပေသည်။ သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်လား။ ... သူ့မျက်လုံးထဲတွင် သူတို့သည် အမှိုက်တစ်ပုံသာ ဖြစ်သည်။
"ဖုန်း ... ဖုန်း ... ဖုန်း"
တစ်ယောက်ပြီး တစ်ယောက်သည် လွင့်ထွက်သွားကြသည်။ သူတို့သည် ဒေါသတကြီး အော်ဟစ်နေကြသော်လည်း မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ဖုံးလွှမ်းနေခဲ့သည်။ အမှန်တကယ်တွင် သူတို့မှာ ထိခိုက်ဒဏ်ရာရသွားသည် မဟုတ်ဘဲ ထပ်မံ၍ မတိုက်ခိုက်ရရန် နာကျင်ဟန် ဆောင်နေကြခြင်းသာ ဖြစ်သည်။ သူတို့ထဲမှ အများစုသည် ကျန်းရီကို အနိုင်တိုက်ဖို့နေနေသာသာ ကျန်းရီသုံးသော သိုင်းပညာများကိုပင် မသိကြချေ။ ကျန်းရီဆီ ပြေးဝင်သွားခြင်းကား ကိုယ့်ဒုက္ခကိုယ်ရှာခြင်းသာ ဖြစ်သည်။
သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်တွင် ရှိသော ကျန်းရူလန်မှာလည်း သူ၏ အရေပြားရှိ ကျန်းရီရိုက်လွှတ်လိုက်သော နေရာတွင် အနီရောင် လက်ဝါးရာကြီးပင် ထင်နေသည်ကို တွေ့လိုက်ရသည်။
"ဝှစ်"
ကျန်းရုဟူသည် အခြေအနေကို ဆက်တိုက်အကဲခတ်နေခဲ့ခြင်း ဖြစ်သည်။ ကျန်းရူလန်ပါ လွင့်ထွက်သွားသည်ကို မြင်လိုက်ရလျှင် သူသည် ဆက်ကြည့်မနေရဲတော့ပေ။ သူသည် သူ၏ လေးလံသော ခန္ဓာကိုယ်ကြီးကို သယ်ကာ ဘေးတံခါးပေါက်သို့ ပြေးလေတော့သည်။ ကျန်းရုလုံသည် ရောက်မလာသေးပေ။ သူသာ မလွတ်မြောက်နိုင်လျှင် ကြမ်းပြင်ပေါ်ရှိ ကျန်းပေါင်နှင့် ကျန်းစုန့်တို့၏ အဖြစ်နှင့် အတူတူဖြစ်သွားပေလိမ့်မည်။
"ဟမ့် ... ပြေးဖို့ ကြိုးစားနေတုန်းလား။ ... ကျန်းရုဟူ ... သေဖို့ ပြင်ထားတော့"
ကျန်းရီသည် ကျန်းရုဟူ ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်လျှင် သူသည် လူအုပ်ကို ကျော်ဖြတ်၍ ကျန်းရုဟူထံ ပြေးသွားကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
"ကျန်းရုဟူ ... သေဖို့ပြင်ထား ... ဟုတ်လား”
ထိုခဏတွင် အေးစက်စက် လေသံတစ်ခုသည် ဘေးတံခါးပေါက်မှ ထွက်ပေါ်လာခဲ့သည်။ ပုံရိပ်တစ်ခုသည် ပြေးဝင်လာကာ ကျန်းရီ၏ လက်သီးသည် ကျန်းရုဟူ၏ နောက်ကျောဆီ တိုးဝင်သွားသည်ကို မြင်လျှင် ဒေါသတကြီး အော်ဟစ်လိုက်သည် ...
"ခွေးကောင် ... မင်း ငါ့ညီကို နာကျင်အောင် လုပ်ရဲတယ်လား။ ... မင်းဒီနေ့ သေရမယ်''
"ကျန်းရုလုံ”
ကျန်းရီသည် ကျန်းရုလုံကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ လက်သီးကို ပြန်ရုတ်လိုက်ကာ ပိုးမျှင်လက်ကို သုံး၍ ကျန်းရုဟူ၏ ဆံပင်ကို ဆွဲလိုက်သည်။ ထို့နောက် သူသည် အားပြင်းသော ခြေကန်ချက် တစ်ခုကို သုံးကာ ကျန်းရုဟူကို လဲကျသွားအောင် ကန်လိုက်သည်။
ဆက်လက်၍ ကျန်းရုလုံ၏ ရှေ့တွင်ပင် ကျန်းရီသည် ကျန်းရုဟူ၏ ရင်ဘတ်ကို နင်းချေလိုက်သည်။ သူသည် လှောင်ပြောင်ကာ ကျန်းရုလုံကို ကြည့်လိုက်သည် ...
"ငါသူ့ကို နာကျင်အောင် လုပ်နေတာ မဟုတ်ဘူး ... သူ့ကို မသန်မစွမ်း ဖြစ်အောင် လုပ်နေတာ ... မင်း ငါ့ကို သတ်ချင်တယ်လား။ ... မင်းမှာ အဲ့လို လုပ်နိုင်တဲ့ အစွမ်း ရှိတာ သေချာလား”
"ခရက်"
ကျန်းရီသည် စကားမဆုံးခင်တွင်ပင် သူ၏ ဘယ်ဘက်ခြေထောက်ကို မြှောက်ကာ ကျန်းရုဟူ၏ ခြေထောက်တစ်ချောင်းကို နင်းချေလိုက်လေသည်။
*****