← Chapters

ညှိနှိုင်းခြင်းနှင့် ချိန်ခွင်လျှာ

Vol. 171 Ch. 2438

ညှိနှိုင်းခြင်းနှင့် ချိန်ခွင်လျှာ

Vol. 171 Ch. 2438

ရီဖူရှင်းက တိတ်ဆိတ်နေခဲ့ပြီး စကားမပြောခဲ့ပေ။ သူ၏ တုန့်ပြန်မှုကို ကြည့်ကာ ဆန္ဒခြောက်ပါးအရှင်သခင်က မေးလိုက်သည်။ "ရီဖူရှင်း အမှန်အတိုင်း ပြောပါ။ မင်းက ဆန္ဒခြောက်​ပါးကောင်းကင်နန်းတော်ကို ဝင်ရောက်ဖို့ ဆန္ဒရှိခဲ့တာလား။ ကျုပ်က အဲဒီလိုလုပ်ဖို့ ဖိအားပေးခဲ့တာလား။"

ရီဖူရှင်းက ထိုနေရာ၌ ရပ်ကာ ဆက်လက်တိတ်ဆိတ်နေခဲ့သည်။ တချို့အချိန်များတွင် စကားမပြောဘဲနေခြင်းက စကားပြောသည်ထက် ပို၍ အကျိုးသက်ရောက်မှု ရှိပေသည်။

"သူ ပြောတာ မှန်တယ်။ အမှန်အတိုင်းပြောပါ။ ဆန္ဒခြောက်ပါးအရှင်သခင်က မင်းကို ကောင်းကင်နန်းတော်မှာ အကျဥ်းချထားခဲ့တာလား။ သူ့ရဲ့ ခြိမ်းခြောက်မှုကြောင့် မင်းက နတ်ဘုရားရုပ်ကြွင်းကို လက်လွှဲပေးခဲ့ရတာလား။" ကျင့်ကြံသူသုံးယောက်ထဲမှ တစ်ယောက်က ရီဖူရှင်းအား ဖိအားပေး၍ မေးမြန်းရန် ကြိုးစားလိုက်သည်။

ဤအခြေအနေတွင် ရီဖူရှင်းသည် သူပြောသည့်အတိုင်း အလျင်စလိုနှင့် မျှောလိုက်ကာ အရူးလုပ်ခံလိမ့်မည် မဟုတ်ပေ။ ထိုလူများက သူနှင့် အနည်းငယ်မှ သက်ဆိုင်ခြင်း မရှိချေ။ သူတို့က မည်သည့်အတွက်ကြောင့် သူ့အသက်ကို ဂရုစိုက်လိမ့်ပါမည်နည်း။ သူတို့က နတ်ဘုရားရုပ်ကြွင်းနှင့် မဟာအင်ပါယာများ၏ အမွေအနှစ်ကို လိုချင်သည့်အတွက်ကြောင့်သာ ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။ သူက ခြိမ်းခြောက်ခံရပါသည်ဟု ဝန်ခံလိုက်သည့် အခိုက်အတန့်တွင် ထိုလူများက လှုပ်ရှားရန် ဆင်ခြေရသွားပေလိမ့်မည်။ ထို့နောက်တွင် သူ သေသေရှင်ရှင် အရေးကြီးလိမ့်တော့မည် မဟုတ်ပေ။

"ဒီကိုလာပြီး သူတို့ကို ပြောပြလိုက်။" ဆန္ဒခြောက်ပါးအရှင်သခင်က ဆက်ပြောလိုက်သည်။ သူ၏ စွမ်းအားများက ဆန္ဒခြောက်ပါးကောင်းကင်တစ်ခွင်ကို လွှမ်းခြုံသွားခဲ့၏။

"ဆန္ဒခြောက်ပါး မင်းက သူ့ကို အကျပ်ကိုင်နေတာပဲ။" ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သော်လည်း ဆန္ဒခြောက်ပါးအရှင်သခင်က ဂရုမစိုက်ခဲ့ပေ။ နောက်ဆုံး၌ ရီဖူရှင်းက လှုပ်ရှားလာခဲ့သည်။ သူသည် ဆက်လက်တိတ်ဆိတ်နေခဲ့လျှင် သူလိုချင်သည့် အရာ၏ ဆန့်ကျင်ဘက် သက်ရောက်မှုများ ဖြစ်လာလိမ့်မည်ကို သိပေသည်။ သူက ယန်ရှင်းတောင်မှ လျှောက်ထွက်လာကာ လေထဲ ဖြတ်၍ ပျံသန်းသွားသည်။ သူက ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်၏ အဓိကခန်းမရှေ့ ရောက်လာခဲ့ပြီး တစ်နေရာ၌ ရပ်လိုက်သည်။

သူက ဆန္ဒခြောက်ပါးအရှင်သခင်နှင့် အခြားကျင့်ကြံသူ သုံးယောက်ကို အရိုအသေပြုလိုက်သည်။ "အရှင်နဲ့ စီနီယာတို့ကို နှုတ်ဆက်ပါတယ်။ ကျုပ်က ဆန္ဒခြောက်ပါးအရှင်သခင်ရဲ့ ကောင်းကင်နန်းတော်ကို ဝင်ရောက်ဖို့ 'ဖိတ်ခေါ်' တာ ခံခဲ့ရတာပါ။ ဆန္ဒခြောက်ပါးအရှင်သခင်က ကျုပ်ရဲ့ ကျင့်ကြံခြင်းမှာ အကြံဉာဏ်ပေးဖို့ ဆန္ဒရှိလို့ ကောင်းကင်နန်းတော်ကို ဝင်ရောက်ခဲ့တာပါ။ နတ်ဘုရားရုပ်ကြွင်းက အရှင့် လက်ထဲမှာ ပိုပြီး အစွမ်းထက်လိမ့်မယ်။ အဲဒါဆို ကျုပ် ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းပိုပြီး ကာကွယ်နိုင်စွမ်းရှိလာအောင် လုပ်ပေးလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ အရှင်က ကျုပ် မဟာအင်ပါယာတွေဆီက ဆက်ခံခဲ့ရတဲ့ နည်းစနစ်တွေကို သင်ကြားပေးဖို့ ဆန္ဒရှိတယ်။ ဒါက ကျုပ်ရဲ့ ကျင့်ကြံခြင်းတွေ တိုးတက်လာစေဖို့ အကျိုးရှိစေလိမ့်မယ်။"

၎င်းတို့သည် ရီဖူရှင်း၏ နှလုံးသားထဲမှ လာသော စကားလုံးများ ဖြစ်ပုံရလေသည်။ ၎င်းတို့က ရိုးသား ပွင့်လင်းကာ ယဥ်ကျေးသိမ်မွေ့နေသည်။ သို့သော် ရောက်ရှိနေကြသည့် ကျင့်ကြံသူများသည် သူ၏ စကားများမှ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိနိုင်ပေသည်။ သူက ဆန္ဒခြောက်ပါးအရှင်သခင်၏ 'ဖိတ်ကြားခြင်း' ကို ခံခဲ့ရပြီး ဆန္ဒခြောက်ပါးအရှင်သခင်က သူ၏ ကျင့်ကြံခြင်း၌ပင် 'အကြံဉာဏ်' ပေးရန် ဆန္ဒရှိခဲ့ပြီး သူ ဆက်ခံခဲ့ရသည့် မဟာအင်ပါယာများထံမှ ကျင့်ကြံရေးနည်းစနစ်များကိုပင် 'သင်ကြား' ပေးရန် ဆန္ဒရှိခဲ့သည်။ ရီဖူရှင်းက မဟာအင်ပါယာ၏ ကျင့်ကြံခြင်းနည်းစနစ်များကို ဆန္ဒခြောက်ပါးအရှင်သခင်မှ သင်ကြားပေးမှုအား လိုအပ်နေပါသည်လား။

ထိုသည်က သေချာပေါက် အတွေးများဖွယ် အခြေအနေပင် ဖြစ်သည်။

ဆန္ဒခြောက်ပါးအရှင်သခင်သည်လည်း ရီဖူရှင်း ပြောလိုက်သော စကားများ၌ တစ်ခုခု မှားယွင်းနေပါကြောင်း ခံစားမိသော်လည်း သူက ထိုစကားလုံးများထဲ၌ ဟာကွက်များ ရှာမတွေ့ခဲ့ပေ။ သူက နန်းတော်သို့ ကိုယ်တိုင်ဆန္ဒရှိစွာ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ယခုအချိန်တွင် ဆန္ဒခြောက်ပါးအရှင်သခင်သည် သူက ရီဖူရှင်းကို ခြိမ်းခြောက်ထားကြောင်း ထိုကျင့်ကြံသူသုံးယောက်အား သက်သေပြလိုက်သလို ဖြစ်သွားလိမ့်မည် စိုးသည့်အတွက် ရီဖူရှင်းနှင့် ပတ်သတ်၍ မည်သို့မှ မလုပ်နိုင်ခဲ့ပေ။

ကျင့်ကြံသူများထဲမှ တစ်ယော​က်က ပြောလိုက်သည်။ "ဘယ်လိုလဲဆိုတာ ကျုပ်သိပြီ။ ဆန္ဒခြောက်ပါးအရှင်သခင်က အဲဒီလိုလုပ်နိုင်ရင် ကျုပ်လည်း လုပ်နိုင်တယ်။ ကောင်းကင်ဒေသမှာ မင်း ရန်သူတွေအများကြီး ရှိတာခဲ့တာ ကျုပ် သိတယ်။ အနာဂတ်မှာ မင်း တကယ်ပြဿနာတစ်ခုခု ဖြစ်ခဲ့ရင် ဆန္ဒခြောက်ပါးအရှင်သခင်တစ်ယောက်တည်း သူတို့အားလုံးကို မတိုက်ခိုက်နိုင်မှာ စိုးမိတယ်။ ပြီးတော့ ဒီလောက် ရက်တွေအများကြီး ကြာတာတောင် ဆန္ဒခြောက်ပါးအရှင်သခင်က နတ်ဘုရားရုပ်ကြွင်းရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို မဖြေရှင်းနိုင်သေးဘူး။ သူက မဟာအင်ပါယာအောက်က အကြီးမြတ်ဆုံးကျင့်ကြံသာ ဖြစ်မလာနိုင်တာလည်း ဖြစ်နိုင်တာပဲ။" သူက ဆက်ပြောလိုက်သည်။ "ကျုပ်က ယဲ့မော်ကောင်းကင်က လာခဲ့ပြီး ကျုပ်ကလည်း ကောင်းကင်နန်းတော်ရဲ့ အရှင်သခင်တစ်ယောက်ပဲ။ ကျုပ်လည်း မင်းအတွက် ကျင့်ကြံခြင်းကို သင်ကြားပေးနိုင်ပြီး ကူညီထောက်ပံ့ပေးနိုင်တယ်။ မင်း ​ကျုပ်ရဲ့ နန်းတော်မှာ လာပြီး ​ကျင့်ကြံဖို့ ဆန္ဒရှိလား။"

"ယဲ့မော်… ရီဖူရှင်းက ​ကျုပ်ရဲ့ ဆန္ဒခြောက်ပါးကောင်းကင်ကို ဝင်ပြီးသွားပြီ။ ဒါက ဘာကိုဆိုလိုတာလဲ။" ဆန္ဒခြောက်ပါးအရှင်သခင်က မေးလိုက်၏။

"ရီဖူရှင်းက နန်းတော်တစ်ခုတည်းကိုပဲ ဝင်နိုင်တယ်လို့ ဘယ်သူပြောလဲ။" နောက်ထပ် ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။ "ပြီးတော့ ဆန္ဒခြောက်ပါး မင်းက ရီဖူရှင်းကို ကာကွယ်ပြီး ကူညီထောက်ပံ့ပေးမယ်လို့ မပြောခဲ့ဘူးလား။ မင်း တကယ်ပဲ ကောင်းကင်ဒေသရဲ့ အင်အားစုတွေကို တစ်ယောက်တည်း ဆန့်ကျင်တိုက်ခိုက်နိုင်မယ်လို့ ထင်လား။ အဲဒီလိုဆိုရင် အခု ကျုပ်တို့ ရောက်နေပြီဆိုတော့ အရင်ဆုံး ကျုပ်တို့နဲ့ သုံးယောက်တစ်ယောက် ယှဥ်ဖို့ ကြိုးစားကြည့်ပါလား။"

ထိုစကားက ဆန္ဒခြောက်ပါးအရှင်သခင်၏ အမူအရာကို အနည်းငယ် အရုပ်ဆိုးသွားစေခဲ့သည်။ ထိုကျင့်ကြံသူ သုံးယောက်သည် ရီဖူရှင်းအား သူ့ထံမှ အလစ်သုတ်ယူရန် ကြိုးစားနေသည်မှာ ရှင်းလင်းပေသည်။

သုံးယောက် တစ်ယောက်လား။ သေချာပေါက် သူက ထိုသို့ မလုပ်နိုင်ပေ။ ထိုသုံးယောက်က သူနှင့် တူညီသော ကျင့်ကြံဆင့်၌ ရှိနေပေသည်။ သူတို့က နှစ်ပေါင်းများစွာ အချင်းချင်း သိလာခဲ့ပြီး ယခင်ကလည်း တိုက်ခိုက်ခဲ့ဖူးကြသည်။ သုံးယောက် တစ်ယောက်မဆိုထားနှင့် တစ်ယောက်ချင်းပင် သူက အနိုင်ရရန် အာမခံချက်မရှိနိုင်ပေ။

"အရှင်ယဲ့နဲ့ လွတ်လပ်မှုအရှင်သခင် ပြောတာမှန်တယ်။ ကျုပ်လည်း စိတ်ထဲ မထားပါဘူး။"  နောက်ဆုံးတစ်ယောက်က ပြောလိုက်သည်။ သူက သင်္ကန်းကဲ့သို့ ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ကို ကြည့်ရသည်မှာ ထူးခြားလှသည့် ဗုဒ္ဓဘုန်းတော်ကြီးတစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။ ထိုကျင့်ကြံသူသုံးယောက်က တူညီသောပန်းတိုင် ရှိနေကြပေသည်။ သူတို့က ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်သို့ ဝင်ရောက်ပြီးသည့် ရီဖူရှင်းအား အတင်းအကျပ် လုယူချင်နေကြပေသည်။

ထို့ပြင် သူတို့က ရီဖူရှင်း သူတို့အား ငြင်းဆန်လိမ့်မည် မဟုတ်ကြောင်း ယုံကြည်ပေသည်။

ဤကျင့်ကြံသူ သုံးယောက်မှာ ယဲ့မော်ကောင်းကင်၏ အရှင်ယဲ့၊ လွတ်လပ်မှုကောင်းကင်၏ လွတ်လပ်မှုအရှင်သခင်နှင့် အရှင်ချူးချန်တို့ ဖြစ်ပေသည်။

အနောက်ဘက်လောကက အဆုံးမရှိလုနီးပါး ကျယ်ပြောပေသည်။ ၎င်းသည် လောကအသေးလေးများ ပါဝင်သည့် ကောင်းကင်ဘုံတစ်ခုကဲ့သို့ ထင်မှတ်ရပေသည်။ ထိုကျင့်ကြံသူ သုံးယောက်နှင့် ဆန္ဒခြောက်ပါးအရှင်သခင်က ထိုလောကများ အားလုံး၏ ထိပ်ဆုံးတွင် ရပ်တည်နေခဲ့သော အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။

သူတို့အဆင့်မှ ကျင့်ကြံသူများက အတူတကွ ပေါ်ထွက်လာဖူးသည်။ သို့သော် ယနေ့တွင် သူတို့လေးယောက်လုံးက ရီဖူရှင်းကြောင့် ရောက်ကြလာခြင်း ဖြစ်သည်။ အမှန်တကယ်တွင် သူတို့က နတ်ရတနာအတွက် ရောက်လာကြခြင်း ဖြစ်ပေသည်။

ရီဖူရှင်းက ထိုကျင့်ကြံသူသုံးယောက်၏ စကားများကြောင့် အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ထိုသည်မှာ ထိပ်သီးအဆင့်မှ ကျင့်ကြံသူများ၏ ဉာဏ်ပညာ ဖြစ်နိုင်ပေသည်။ သူက အနည်းငယ်သာ အရိပ်အမြွက်ပေးခဲ့သော်လည်း သူတို့က မည်သို့လုပ်ရမည်ကို အတိအကျ သိရှိကြသည်။ သူတို့သည် သူက ခြိမ်းခြောက်ခံရလျှင်ပင် ဆန္ဒခြောက်ပါးအရှင်သခင်နှင့် ပြဿနာဖြစ်စေရန်မဖြစ်နိုင်သည့်အတွက် သူက အလျင်စလိုနှင့် တစ်ခုခုပြောလိမ့်မည် မဟုတ်ကြောင်း သိထား​ပေသည်။ သူတို့က သူ့ကို သူတို့၏ နန်းတော်များကိုပါ ဝင်ရောက်ရန် အကြံပြုခဲ့သည့်အတွက်ကြောင့် သူက ဆန္ဒခြောက်ပါးအရှင်သခင်ကို ဆန့်ကျင်မိလိမ့်မည် မဟုတ်တော့ပေ။ တစ်ချိန်တည်းတွင် ထိုကျင့်ကြံသူများက သူ၏ နတ်ရတနာများကို မျှဝေနိုင်ပေသည်။ သူတို့က အချင်းချင်း တိုက်ခိုက်ရန် မလိုအပ်သည်လည်း ဖြစ်နိုင်သည်။ ဆန္ဒခြောက်ပါးအရှင်သခင်က ကတိအချို့ပေးနေသရွေ့ လူတိုင်းက ကျေနပ်လိမ့်မည် ဖြစ်သည်။

ထိုကဲ့သို့ အကြံကောင်းမျိုး။ ရီဖူရှင်းက လေးစားမှုကို ခံစားမိလိုက်ပေသည်။

ထို့ပြင် သူက သူတို့ကို မငြင်းပယ်နိုင်ပေ။

နှမြောစရာကောင်းသည်မှာ ထိုကျင့်ကြံသူလေးယောက်က အချင်းချင်း သူမသာကိုယ်မသာ အခြေအနေ၌ ရှိနေခြင်း ဖြစ်သည်။ မော့ယွင်ကျီ၏ မှတ်ဉာဏ်များအရ သူတို့ထဲက မည်သူကမှ သာလွန်ခြင်း မရှိပေ။ ထို့ကြောင့် သူတို့က မျှတသော အခြေအနေကို ဖန်တီးနိုင်စွမ်း ရှိပေသည်။

"ရီဖူရှင်း မင်း ဒါကို သဘောတူလား။" အရှင်ယဲ့က ရီဖူရှင်းကို တိုက်ရိုက်မေးလိုက်သည်။

"ကျုပ်က ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်ကို ဝင်ပြီးပြီမို့ ဆန္ဒခြောက်ပါးအရှင်သခင်ရဲ့ ခွင့်ပြုချက်လိုပါတယ်။" ရီဖူရှင်းက အလွန် ရိုးသားဟန်ဖြင့် ဆန္ဒခြောက်ပါးအရှင်သခင်ကို ကြည့်လိုက်သည်။ သူက သူတို့ကို ငြင်းပယ်လိမ့်မည် မဟုတ်ပေ။ ဆန္ဒခြောက်ပါးအရှင်သခင်တစ်ယောက်တည်းက သူ့ကို ခြိမ်းခြောက်ကာ ထိန်းချုပ်ထားခြင်းနှင့်စာလျှင် ထိုကျင့်ကြံသူ လေးယောက်က အချင်းချင်း မျှခြေမပျက်စေရန် ထိန်းညှိစစ်ဆေးစေသည်မှာ ပိုကောင်းပေသည်။

သို့သော် သူက တိုက်ရိုက်သဘောမတူခဲ့ပေ။ ထို့အစား သူက ဆန္ဒခြောက်ပါးအရှင်သခင်ကို ဆုံးဖြတ်ချက်ပြုလုပ်စေခဲ့၏။

"ဆန္ဒခြောက်ပါး မင်း ဘာပြောမလဲ။" အရှင်ယဲ့က ဆန္ဒခြောက်ပါးအရှင်သခင်ကို မေးလိုက်သည်။ ထိုသုံးယောက်၏ အကြည့်များက သူ့ပေါ်ကျရောက်လာသောအခါ သူ့အမူအရာက အနည်းငယ် အရုပ်ဆိုးသွားခဲ့သည်။

"ဟမ့်…" ဆန္ဒခြောက်ပါးအရှင်သခင်က နှာမှုတ်ကာ ပြောလိုက်သည်။ "ရီဖူရှင်းက ကျုပ်တို့ရဲ့ ဆန္ဒခြောက်ပါးကောင်းကင်ကို ဝင်ရောက်ပြီးနေပေမယ့် မင်းတို့သုံးယောက်က ဒီလောက် ရန်လိုတဲ့ တောင်းဆိုချက်မျိုး ပြုလုပ်လာတယ်။ ဒီနေ့အဖြစ်အပျက်ကို ကျုပ် သေချာပေါက် မှတ်ထားမယ်။"

"ဆိုလိုတာက မင်း သဘောတူတာလား။" လွတ်လပ်မှုအရှင်သခင်က မေးလိုက်သော်လည်း ဆန္ဒခြောက်ပါးအရှင်သခင်က ပြန်မဖြေခဲ့ပေ။ ထို့အစား သူက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းဘက် လှည့်ကာ ဆက်လက်လေ့လာနေခဲ့သည်။ သူက အခြားကျင့်ကြံသူသုံးယောက်ထက် စော၍ စတင်လေ့လာခဲ့သည်။ သူသည် ရီဖူရှင်း ယခင်က ထုတ်လွှတ်ခဲ့သော စွမ်းအားတို့ကို အခြေခံကာ သူတို့သုံးယောက်ထက် အရင် နတ်ဘုရားရုပ်ကြွင်း၏ အလုပ်လုပ်ပုံကို နားလည်နိုင်လျှင် ထိုသုံးယောက်နှင့် ရင်ဆိုင်ရန် လုံလောက်ပေလိမ့်မည်။

ထိုသို့ဖြစ်လာသည့်အခါ သူသည် သူတို့အား မည်သူက ဦးဆောင်သူဖြစ်ကြောင်း သိစေပေလိမ့်မည်။

သို့သော် ယခုတွင် သူက ထိုသုံးယောက်နှင့် တိုက်ရိုက် ပဋိပက္ခ​ဖြစ်ခြင်းမှ ရှောင်တိမ်းရပေလိမ့်မည်။ သူက သူတို့နှင့် သုံးယောက် တစ်ယောက် တိုက်ပွဲဝင်ရန် ယုံကြည်ချက် မရှိပေ။

"အဲဒီလိုဆိုရင် ရီဖူရှင်း အခုကစပြီး မင်းက ကျုပ်တို့ရဲ့ တပည့်လည်း ဖြစ်သွားပြီပေါ့။" အရှင်ယဲ့က ရီဖူရှင်းကို ပြောလိုက်သည်။

ရီဖူရှင်းက စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ နှမြောစရာကောင်းသည်မှာ သူတို့က စတင် မတိုက်ခိုက်ခဲ့ကြပေ။ သို့သော် အလျင်လိုစရာ မရှိချေ။ ပဋိပက္ခမျိုးစေ့က စိုက်ပျိုးပြီး ဖြစ်လေရာ ပြဿနာတက်ရန်မှာ အချိန်မရွေးပင် ဖြစ်ပေသည်။ သူက အချိန်တချို့ စောင့်ဆိုင်းရန် လိုအပ်သည်။

"ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။" ရီဖူရှင်းက သူတို့ကို အရိုအသေပြုလိုက်သည်။ "ကျုပ် အရင်သွားတော့မယ်။"

သူက ပြန်လှည့်ကာ ထွက်သွားခဲ့သည်။ ထိုကျင့်ကြံသူသုံးယောက်က မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းကို စိုက်ကြည့်ခဲ့ပြီးနောက် သူတို့၏ ပုံရိပ်များက ဆင်းသက်လာကာ သူတို့ နတ်အာရုံများက နတ်ဘုရားရုပ်ကြွင်းကို လွှမ်းခြုံ၍ ၎င်းရှေ့သို့ ရောက်ရှိလာသည်။ သူတို့အားလုံးက နတ်ဘုရားရုပ်ကြွင်းကို သင်ယူလေ့လာ၍ နားလည်သဘောပေါက်ကာ ရယူချင်နေပေသည်။

All Chapters