← Chapters

သတ်လိုက်ရန် တောင်းဆိုခြင်း

Vol. 1 Ch. 34

သတ်လိုက်ရန် တောင်းဆိုခြင်း

Vol. 1 Ch. 34

ကျန်းရုလုံ၏ အရပ်မှာ ၇ပေခန့် ရှည်လေသည်။ ကျန်းရီထက် ခေါင်းနှစ်လုံးစာမျှ ပိုမြင့်နေသည်။ သူသည် ပေါက်ကွဲစေသော ဝက်ဝံတစ်ကောင်ကဲ့သို့ပင် ... ကျန်းရုနှင့် ကွာခြားသည်ကား သူ့တွင် ကြွက်သားများ ရှိနေခြင်း ဖြစ်သည်။ သူ့တွင် လေးထောင့်ပုံ မျက်နှာနှင့် နားရွက် ကားကားများရှိသည်။ သူ၏ ပုံပန်းသွင်ပြင်မှ သူသည် ရက်စက်သော တိုက်ခိုက်ရေးသမား ဖြစ်ကြောင်း ပြောနိုင်သည်။

"ငါမင်းကိုသတ်မယ် ... ခွေးသား"

ကျန်းရီသည် ကျန်းရုဟူ၏ ခြေထောက်ကို ချိုးလိုက်သည်အား မြင်လိုက်ရသော် သတ်ဖြတ်လိုသော စိတ်ဆန္ဒတို့သည် လျှံထွက်လာကြသည်။ သူသည် ကျန်းရီထံသို့ သွေးရူးသွေးတန်း ပြေးဝင်လာခဲ့သည်။

"ဟမ့်"

ကျန်းရီသည် ကျန်းရုလုံ ရောက်လာရန် မျှော်လင့်ထားပြီး ဖြစ်သည်။ ကျန်းရုလုံသည် ကျန်းဟန်ရွှေနှင့်အတူ ကျန်းအိမ်တော်သို့ ပြန်မရောက် လာခဲ့ပါလျှင် ကျန်းရုဟူသည် ကျန်းရှောင်နူကို ထိရဲမည် မဟုတ်ပေ။ ကျန်းရုလုံ ပြန်ရောက် လာသောကြောင့်သာလျှင် ကျန်းရုဟူသည် ကျန်းရီကို လက်စားချေရန် ရှာဖွေလို စိတ်များ ထက်သန်လာကာ ကျန်းရှောင်နူကို ဓားစာခံအဖြစ် အသုံးချခဲ့ခြင်း ဖြစ်သည်။

ကျန်းရုယင်း ထွက်သွားချိန်တည်းက သူသည် သတိထားမိခဲ့ပြီး ကျန်းရုလုံအတွက် ကျန်းရုဟူကို နောက်ဆုံးမှ တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ သူသည် ကျန်းရုလုံရှေ့တွင် ကျန်းရုဟူ၏ ခြေထောက်ကို ချိုးခြင်းဖြင့် ဒေါသကို ဆွရန်ဖြစ်သည်။

ထို့ကြောင့်ပင် ကျန်းရုလုံသည် သူ့ထံ သွေးရူးသွေးတန်း ပြေးလာခဲ့ခြင်း ဖြစ်သည်။ ကျန်းရီသည် အေးအေးဆေးဆေးပင် သူ့ခြေထောက် တစ်ချောင်းဖြင့် ကျန်းရုဟူကို ပင့်တင်လိုက်ကာ ကျန်းရုလုံကို တိုက်ခိုက်ရန် လက်နက်အဖြစ် အသုံးပြုလိုက်သည်။

သူသည် ဤနည်းလမ်းကို အနောက်ဘက် တောင်ကုန်းတွင် အသုံးပြုခဲ့ပြီး ဖြစ်သည်။ ကျန်းရုလုံ၏ သဏ္ဍာန်သုံးဆင့်  အသွင်ပြောင်းခြင်း သတ္တမအဆင့်သည် အားကောင်းလွန်းသည်။

ယခုမူ ကျန်းရုလုံသည် စိတ်ရှုပ်ထွေး နေခဲ့သည်။ သူ့တွင် ဘာမဆို လုပ်နိုင်သော စွမ်းအားရှိသည်။ သို့သော် ကျန်းရီသည် သူ့ညီအား လက်ဝှေ့အိတ် အဖြစ် အသုံးချထားသည်။ သူမည်သို့ လုပ်နိုင်ပါမည်နည်း။ သူသည် ချက်ချင်း နောက်ဆုံးလိုက်ကာ ဒေါသတကြီး အော်ပြောလိုက်သည်။

"ခွေးသားလေး ... ငါမင်းကိုသတ်မယ် ... မင်းမှာသတ္တိရှိရင် ငါ့ညီကို အခုချက်ချင်းချလိုက် ... ငါမင်းကို တစ်စစီ လုပ်ပစ်မယ်"

"ဟူး ... ဟူး"

ကျန်းရီသည် ကျန်းရုဟူကို လွှဲလိုက်ရင်း ကျန်းရုလုံကို လှောင်ပြောင်လိုက်သည်။ (၇၈)ကီလိုဂရမ်ခန့် လေးသော ကျန်းရုဟူသည် ကျန်းရီ၏လက်ထဲတွင် အလွှဲခံနေရသည်မှာ အိတ်တစ်အိတ်နှင့် မခြားပေ။

ကျန်းကူရွှေနှင့် ကျန်းရူလန်တို့သည်လည်း ဆွံ့အနေကြသည်။ သူတို့သည် အကြိမ်များစွာ တိုက်ခိုက် ဖူးကြသည်။ သို့သော် ဤတစ်ယောက်ကဲ့သို့ လူမဆန်သူကို မမြင်ဖူးခဲ့ချေ။ သူတို့သည် အခြေအနေကို စောင့်ကြည့် နေကြသည်။ ကျန်းရီသာ မတော်တဆ ကျန်းရုဟူ၏ ခေါင်းကို ထုံးကျောက် ကြမ်းပြင်နှင့် ရိုက်မိသွားလျှင် မည်သို့ ဖြစ်သွားမည်နည်း။ သူ့ဦးနှောက်များ ထွက်ကျလာလေမလား။

"အား ... အား ... အား"

ကျန်းရုဟူသည် သေရန် ပြင်ဆင်ထားပြီး ဖြစ်သည်။ စူးရှရှ နာကျင်မှုသည် သူ၏ အသိတရားများကို ထိုးနှက် နေလေသည်။ သူ၏စိတ်သည်လည်း မူးဝေနေခဲ့သည်။ သူသည် လူများ၏ ရှေ့တွင် အမွှေ့ခံရသည်မှာ ဒုတိယအကြိမ် ဖြစ်သည်။ သူသည် ကျန်းဂိုဏ်းတွင် မည်သို့ မျက်နှာ ပြရတော့မည်နည်း။ ...

"အိုး ... မဟုတ်ဘူး"

ကျန်းရီ ကျန်းရုဟူကို ဆုပ်ကိုင်ထားသော လက်သည် ချော်ထွက် သွားခဲ့သည်။ သူသည် ပြင်းပြင်းထန်ထန် မွှေ့ရမ်း နေခဲ့ပြီး သေသေချာချာ ဆုပ်ကိုင် မထားခဲ့ဟု ထင်ရသည်။ ကျန်းရုဟူ၏ ခန္ဓာကိုယ်သည် နံရံတစ်ခုဆီ လွင့်ထွက်သွားခဲ့သည်။ ကျန်းရုဟူ၏ ခေါင်းသာ နံရံနှင့် ရိုက်မိသွားပါလျက် ဖရဲသီးတစ်လုံးကဲ့သို့ ကွဲထွက် လာပေလိမ့်မည်။

"ခွေးသား"

ကျန်းရုလုံသည် ကြောက်လန့် သွားခဲ့သည်။ သူ့ခန္ဓာကိုယ်သည် ဘေးဘက်သို့ ရွှေ့လျားသွားကာ ကျန်းရုဟူဆီ ကျည်ဆန်တစ်ခုကဲ့သို့ ပြေးထွက်သွားခဲ့သည်။ သူသည် နောက်ဆုံးတွင် ကျန်းရုဟူနံရံနှင့် မတိုက်ခင် အချိန်မီ ဖမ်းလိုက်နိုင်သည်။

"သီသီကလေးပဲ"

ကျန်းရုလုံ၏ မျက်နှာတွင် ချွေးစေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ သူသည် ဆွံ့အနေစဉ်မှာပင် သူ့ထံ ကျရောက်လာသော သတ်ဖြတ်လိုစိတ်များကို ခံစားလိုက်ရသည်။ သူလှည့်ကြည့် လိုက်သောအခါတွင် လက်သီးတစ်လုံးသည် သူ့အမြင်အာရုံသို့ တိုးဝင်လာခဲ့သည်။

"ခွေးသား ... မင်းက ရွံဖို့ ကောင်းလိုက်တာ"

ကျန်းရုလုံသည် ကျန်းရီမှာ အရာအားလုံးကို ကြိုတင် စီစဉ်ထားကြောင်း သဘော ပေါက်သွားခဲ့သည်။ ယခု သူသည် ကျန်းရုဟူကို သယ်ဆောင် ထားရသည်ဖြစ်ရာ တိုက်ခိုက်နိုင်စွမ်းများ လျော့ပါးနေသည်။ ကျန်းရီအတွက် ချောင်းမြောင်း တိုက်ခိုက်ရန် အခွင့်အရေး ကောင်းပင် ဖြစ်သည်။

ကျန်းရုလုံသည် ကျန်းဂိုဏ်း၏ လူငယ်မျိုးဆက်တွင် နံပါတ်နှစ် ရရန် ထိုက်တန်ပေသည်။ ယခုကဲ့သို့ သေရေးရှင်ရေး အချိန်မျိုးတွင် သူသည် ကျန်းရုဟူကို လက်တစ်ဖက်ဖြင့် ဆွဲလိုက်ကာ ဘေးသို့ ပို့လိုက်သည်။ သူသည် ချက်ချင်းပင် ခြေတစ်ဖက် ထောက်လိုက်ကာ နောက်သို့ ခုန်လိုက်ပြီး အခြား ခြေတစ်ဖက်ဖြင့် ကျန်းရီကို လှမ်းကန်လိုက်သည်။

သဏ္ဍာန်သုံးဆင့်  အသွင်ပြောင်းခြင်း သတ္တမအဆင့်ရဲ့ အင်အားက တကယ့်ကို အထင်ကြီးစရာပဲ။ ကျန်းရီသည် တိတ်တဆိတ် သက်ပြင်း ချလိုက်သည်။ သို့သော် ကြောက်လန့် မသွားခဲ့ပေ၊ သူ့တွက် ကျန်းရုလုံ၏ တိုက်ခိုက်မှုများကို ကြိုတင် မှန်းဆနိုင်သော ကြောက်မက်ဖွယ် အမြင်အာရုံ ရှိသည်။ သူသည် ရှေ့သို့ တိုးသွားကာ ကျန်းရုလုံ၏ ခြေထောက်ကို ရှောင်တိမ်းလိုက်သည်။ သူသည် ပိုးမျှင် လက်ကို အသုံးပြုကာ ကျန်းရုလုံ၏ အခြားခြေထောက်ကို ဖမ်းဆွဲလိုက်ပြီး စတင် လှည့်ပါတော့သည်။

ကျန်းရီ၏ လှည့်ခြင်းခံနေရသော ကျန်းရုလုံ၏ စိတ်သည် မူးဝေနေခဲ့ပြီ ဖြစ်သည်။ ကျန်းရီသည် သူ့ခန္ဓာကိုယ်ကို လှည့်ကာ ကျန်းရုလုံကို လှည့်ရန် အင်အားကုန် အသုံးချလိုက်သည်။ ထို့နောက်တွင် ကျန်းရီသည် ကျန်းရုလုံကို နံရံထံ ပစ်ပေါက်လိုက်သည်။

"ဘန်း ...”

ထိုမျှအင်အားနှင့် ပစ်လိုက်သည် ဖြစ်ရာ ရလဒ်ကို ပြောနေစရာပင် မလိုချေ။ ကျန်းရုလုံ၏ ခေါင်းသည် သွေးများ ထွက်လာကာ နံရံတစ်ဝက်ခန့်သည် သွေးများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

"အား ... ခွေးသား ... ငါမင်းကိုသတ်မယ် ... မင်းကိုသတ်မယ် ...”

ကျန်းရုလုံသည် ဒေါသတကြီး အော်ဟစ်နေခဲ့သည်။ စူးရှရှ နာကျင်မှုသည် သူ့ခေါင်းမှစတင်၍ ပျံ့နှံ့လာခဲ့သည်။ သူ့မျက်လုံးထဲသို့ စီးကျလာသော သွေးများသည် သူ၏စိတ်ကို ထိန်းမရဖြစ်စေသည်။ သူသည် ကိုယ်ကို လူးလှိမ့်နေကာ ဒေါသတကြီး အော်ဟစ်နေခဲ့သည်။ သူ့ခြေထောက် များသည်လည်း ကျန်းရီကို ထိခိုက်စေရန် ရည်ရွယ်၍ တောင်ကန် မြောက်ကန် ကန်နေခဲ့သည်။

"မင်းရဲ့ ဒီလောက် အင်အားလေးနဲ့ ငါ့ကို သတ်ချင်တာလား။ ... ငါတိုက်တောင် မတိုက် ရသေးဘူးလေ"

သက်ပြင်းတစ်ချက် ချလိုက်ရင်း ကျန်းရီသည် ကျန်းရုလုံ၏ တိုက်ပွဲဝင် အင်အားကို အတော်လေး စိတ်ပျက် သွားခဲ့သည်။ သူသည် သူ၏အင်အားကို တိုးမြှင့်ရန် အနက်ရောင် အတွင်းအားကိုပင် မသုံးရသေးပေ။ သူသည် ကျန်းရုဟူကို အနိုင်တိုက်ရန် ပရိယာယ်လေး နည်းနည်းကိုသာ သုံးလိုက်ရသေးသည်။ သူသည် စိတ်ကျေနပ်ဖွယ် တိုက်ပွဲတစ်ခုကိုပင် မတွေ့ကြုံခဲ့ရပေ။

သူသည် ကျန်းရုလုံ၏ ခေါင်းကို ထိခိုက်အောင် လုပ်ခဲ့ပြီးနောက် ကျန်းရီတွင် စောင့်ထိန်းစရာ ကိုယ်ကျင့်တရား မကျန်တော့ပေ။ သူသည် ကျန်းရုလုံကို သိုင်းပညာ သရုပ်ပြခန်းမထဲတွင် အရူးတစ်ယောက် ဖျော်ဖြေနေသကဲ့သို့. မွှေ့ရမ်းခဲ့သည်။ သို့သော် သူသည် ကျန်းရုလုံကို သေသွားသည်အထိ မလုပ်ရဲသောကြောင့် သူ၏အင်အားကို ထိန်းချုပ်ထားခဲ့သည်။

ကျန်းကူရွှေနှင့် အခြားလူများသည် တစ်ယောက်နှင့်တစ်ယောက် ကူကယ်ရာမဲ့စွာ ကြည့်လိုက်ကြသည်။ သူတို့သည် သူတို့ အထင်သေးစွာ ကြည့်ခဲ့သော အမှိုက်က ကြောက်မက်ဖွယ် ကောင်းသော တည်ရှိမှု ဖြစ်လာလိမ့်မည်ဟု ဘယ်တော့မှ မတွေးခဲ့ဖူးပေ။ ကျန်းရီသည် ဂိုဏ်းသားများစွာကို ဖိနှိပ်နိုင်ရုံသာမက ဂိုဏ်း၏ လူငယ်မျိုးဆက်တွင် နံပါတ် နှစ် ဖြစ်သော ကျန်းရုလုံကိုပင် လွယ်လွယ်ကူကူ အနိုင်ယူနိုင်ခဲ့သည်။

"ငါမင်းကိုသတ်မယ် ...”

သိုင်းပညာ သရုပ်ပြ ခန်းမဆောင်ထဲတွင် သနားစဖွယ် အော်ဟစ်နေသော ကျန်းစုန့်၊ ကျန်းပေါင်နှင့် ကျန်းရုဟူမှတစ်ပါး ဒေါသတကြီး ကျိန်းမောင်းနေသော ကျန်းရုလုံသာ ကျန်ရှိတော့သည်။

"ဝှစ်"

ကျန်းရီသည် သေချာရပ်လိုက်ကာ လက်နှစ်ဖက်နှင့် ကျန်းရုလုံ၏ ခန္ဓာကိုယ်ကို အမြှောက်ဆံတစ်ခုကဲ့သို့. မြှောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ခြေထောက်နှင့် ခြင်းခတ်သကဲ့သို့ ကန်လိုက်သည်။  ထို့နောက် သူသည် ကျန်းရုလုံကို လက်နှင့် ပြန်ဖမ်းလိုက်ပြီး အောက်သို့ပစ်ချလိုက်သည်။ ဆက်လက်၍ သူသည် ခြေထောက် တစ်ချောင်းနှင့် ကျန်းရုလုံ၏ လက်ကောက်ဝတ်ကို နင်းချေလိုက်သည်။

"ခရက်"

လူတိုင်းသည် မကြည့်နိုင်တော့ဘဲ မျက်လုံးများ မှိတ်ချလိုက်ကြသည်။ သို့သော် အရိုးကျိုးသံများကို ရှင်းရှင်းလင်းလင်း ကြားနေကြရသည်။ သူတို့ စိတ်များသည် ကျန်းရီကို ကြည့်ရင်း တုန်လှုပ်လာကြသည်။

သာမန် အဆင့်နိမ့် အမှိုက်ကောင်က ဤသို့ အားကောင်း၍ အညှာအတာမဲ့ ရက်စက်တတ်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ ကျန်းရုဟူနှင့် ကျန်းရုလုံသာ ဂိုဏ်းသားများ မဟုတ်ပါလျှင် သူတို့သည် သေအောင် နှိပ်စက်ခံရမည် မဟုတ်ပါလား။

ယခုနေရာတွင် ရှိနေသော လူတိုင်းသည် တစ်စုံတစ်ယောက် သို့မဟုတ် အဆင့်နိမ့် ဂိုဏ်းသားများကို အနိုင်ကျင့် ရိုက်နှက် ခဲ့ကြဖူးသည်သာ ... သူတို့သည် လူများကို ရက်ရက်စက်စက် ရိုက်နှက် ခဲ့ကြသည်။ ယခုတွင်မူ သူတို့သည် ကျန်းရီကို ကြည့်၍ ဆွံ့အကြရသည်။ သူတို့ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိခဲ့သည် ... အနာဂတ်တွင်  ဒီလူငယ်၏ ဒေါသကို သွားမဆွရန် ဖြစ်သည်။

"ရှပ်..ရှပ်..ရှပ်"

အပြင်မှ ထွက်ပေါ်လာသော ခြေသံကျယ်ကျယ်များသည် လူတိုင်းကို အသိဝင်သွားစေသည်။ အနာဂတ်။ ဘာအနာဂတ်လဲ။

ဒီကျန်းရီမှာ အနာဂတ်ရော ရှိသေးလို့လား။ စည်းကမ်း ထိန်းသိမ်းရေးဆောင်မှ သူ့ကို မသတ်လျှင်တောင် သူ၏ ကျင့်ကြံဆင့်များကို ဖျက်စီးပေလိမ့်မည်။ သူသည် သူ့ကျန်ဘဝ တစ်လျှောက်တွင် အမှိုက်အဖြစ် ဖြတ်သန်း သွားရပေလိမ့်မည်။

"ရပ်လိုက်"

ကျယ်လောင်သော အသံတစ်သံသည် သိုင်းပညာ သရုပ်ပြခန်းမ အတွင်းရှိ လူများအကြား ဟိန်းထွက် လာခဲ့သည်။ အနက်ရောင် ဝတ်စုံဝတ် သက်လတ်ပိုင်းအရွယ်  လူတစ်ယောက်သည် ခက်ထန်သော မျက်လုံးများနှင့် လမ်းလျှောက် ဝင်လာခဲ့သည်။ သူ၏ အကြည့်များသည် ကျန်းရီ အပေါ်တွင်သာ စူးစိုက်နေခဲ့သည်။ အတွင်းအားများသည် သူ့လက်မှ ပေါ်ထွက်လာကြသည်။ ကျန်းရီသာ မရပ်တန့်လျှင် သူကိုယ်တိုင် ရပ်အောင် လုပ်မည်မှာ သေချာပေါက်ပင်။

"ကျန်းရီက သိုင်းပညာ ခန်းမဆောင်ရဲ့ အကြီးအကဲကို အရိုအသေ ပေးပါတယ်"

ကျန်းရီသည် အရူးမဟုတ်ပေ။ သူသည် မူလက ကျန်းရုလုံကို နင်းချေထားသော ခြေထောက်ကို ချက်ချင်း ပြန်ရုတ်လိုက်ပြီး ဖြစ်သည်။ သူသည် အကြီးအကဲကို အရိုအသေ ပေးစဉ်တွင် နောက်မတွန့်သော အမူအရာနှင့် ကြည့်နေခဲ့လိုက်သည်။

လူတိုင်းသည်လည်း အရိုအသေ ပေးလိုက်ကြသည် ...

"သိုင်းပညာ ခန်းမဆောင်ရဲ့ အကြီးအကဲကို အရိုအသေ ပေးပါတယ်"

"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ”

သက်လတ်ပိုင်း အရွယ် လူ၏ အတွင်းအားများသည် ပျောက်ကွယ် သွားကြသည်။ သူသည် ဒေါသ ထွက်နေသော အမူအရာနှင့် အော်ဟစ်လိုက်သည် ...

"ဘာလို့ မင်းတို့တွေ ရပ်နေကြသေးတာလဲ။ ... ဒဏ်ရာ ရထားတဲ့လူကို ကုသဖို့ ခေါ်မသွား ကြသေးဘူးလား။ ... အကုန်လုံး စည်းကမ်း ထိန်းသိမ်းရေးဆောင်ကို အပို့ခံချင် နေကြတာလား။ ... မင်းတို့တွေက တော်တော်လေးကို အထိန်းအကွပ် မဲ့နေတာပဲ"

"အကြီးအကဲကို လျှောက်တင်ပါတယ် ... ဘာဖြစ်ခဲ့လဲ ဆိုတာ ကျွန်တော် အတိအကျ သိပါတယ်"

ကျန်းရီသည် သိုင်းပညာ ခန်းမဆောင်၏ အကြီးအကဲနှင့် မျက်နှာချင်းဆိုင် နေရာတွင် တစ်ချက်မှတောင် မျက်နှာ ပျက်မသွားခဲ့ပေ။ သူသည် ပုံမှန်လေသံနှင့်သာ ပြောဆိုခဲ့လိုက်သည် ...

"ဒီက လူတွေအားလုံးက ကျွန်တော့်ကြောင့် ဒဏ်ရာ ရထားကြတာပါ ... ကျွန်တော်ကိုယ်တိုင် စည်းကမ်း ထိန်းသိမ်းရေးဆောင်ကို သွားပြီး အပြစ်ကို ဝန်ခံပါ့မယ် ... ကျွန်တော် အကြီးအကဲတို့ကို ကြိုပြီး တောင်းပန်ပါရစေ ... မဟုတ်ရင် ... စည်းကမ်း ထိန်းသိမ်းရေးဆောင်ကို သွားရတာထက် ကျွန်တော် သေသွားတာက ပိုကောင်းပါလိမ့်မယ် ... ကျန်းရီကို အကြီးအကဲကိုယ်တိုင် အပြစ်ပေးဖို့ တောင်းဆိုပါတယ်"

သိုင်းပညာ ခန်းမဆောင် အကြီးအကဲ၏ အမူအရာသည် ပိုမို ခက်ထန်လာခဲ့သည်။ သူသည် လက်တစ်ဖက်မှ အတွင်းအားများကို ထုတ်ဖော်ရင်း ကျန်းရီဆီ တိုးလာကာ ဒေါသတကြီး ပြောဆိုလာခဲ့သည်။ အေးစက်စက် လေသံသည် သိုင်းပညာ သရုပ်ပြခန်းမဆောင် တစ်ခုလုံးသို့ ပျံ့လွင့်သွားခဲ့သည် ...

"ဒီခွေးကောင်က လူတွေ အများကြီးကို ထိခိုက်စေပြီးတာတောင် ဘယ်လိုမျိုး ရဲတင်း လွန်းနေတာလဲ။ ငါမင်းကို မသတ်ရဲဘူးလို့ ထင်နေတာလား”

ကျန်းရီသည် ခေါင်းကို အနည်းငယ်မျှပင် မော့မလာဘဲ နှိမ့်ချစွာ ခေါင်းငုံ့ ထားခဲ့လိုက်သည်။ သူသည် ထပ်မံ ပြောဆို ခဲ့လိုက်သည်။

"အကြီးအကဲက ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို လက်ခံပေးဖို့ တောင်းဆိုပါတယ် ... ကျန်းရီက အကြီးအကဲရဲ့ လက်ထဲမှာ သေဆုံးသွားဖို့ ဆန္ဒရှိပါတယ် ... ဒါပေမယ့် စည်းကမ်း ထိန်းသိမ်းရေးဆောင်ကို သွားပြီး ညင်းပန်း နှိပ်စက်ခံရပြီးမှ သေသွားဖို့ ဆန္ဒ လုံးဝမရှိပါဘူး"

*****

All Chapters