သူ လုံးဝ ရူးနေပြီ
Vol. 2 Ch. 30
Lamborghini ကားထဲတွင် ဆံပင်အဝါရောင်နှင့် ကောင်လေးနှစ်ယောက် အေးအေးဆေးဆေး စကားပြောနေကြသည်။
"အားဆန်… အဲ့အလှလေးကို ရင်းနှီးနေတယ်လို့ မင်း မထင်ဘူးလား"
ဆံပင်အဝါရောင်လေးနှင့် ကောင်လေးက သူ့သူငယ်ချင်းကို မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"ငါ သူ့ကို တစ်နေရာရာမှာ မြင်ဖူးနေသလိုပဲ"
သူ့စကားကြောင့် အားဆန်ဟု ခေါ်သည့် ကောင်လေးက
"ထားလိုက်စမ်းပါကွာ… သူမက လှလွန်းလို့ မင်း သူ့ကို ဘုချင်နေတာမလား။ အမှန်အတိုင်း ပြောရရင် သူမက တော်တော်လှတာကွ။ သူ့မျက်နှာလှလှလေးနဲ့တင် သူမက တကယ့်ကို ထိပ်တန်း နတ်ဘုရားမပဲကွ"
လင်းလန်၏ မျက်နှာလေးကို မြင်ယောင်ရင်း အားဆန် သွားရည်ယိုလာသည်။
လင်းလန်နှင့် ယှဉ်လျင် သူ့ကောင်မလေးက လုံးဝကို ရွက်ကြမ်းရေကျိုပင်။ တစ်ခြား ဆံပင်အဝါရောင်နှင့်ကောင်ကလည်း ညစ်ပတ်စွာ ပြုံး၍ မနာလိုစွာ ပြောလာသည်။
"နှမြောစရာကြီးကွာ… ဒီလောက်ကောင်းတဲ့ ဂေါ်ဖီထုပ်ကြီးက တောသား ဖျက်စီးတာ ခံလိုက်ရတယ်လို့။ ဘယ်လိုလုပ် သာမန်ကားမောင်းတဲ့ကောင်ရဲ့ ဆော်က ငါတို့ဆော်တွေထက် ပိုလှနေရတာလဲ။ မတရားလိုက်တာ"
သူဌေးသားများ ဖြစ်သည့်အားလျော်စွာ သူတို့သည် မိန်းကလေးတွေ ထည်လဲတွဲလေ့ရှိသည်။ သို့သော်လည်း ဒီလောက် ရှားပါးလှသည့် အလှမျိုးတော့ သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
သူ့စကားကြောင့် အားဆန် ဒေါသထွက်နေသော မျက်နှာနှင့် ပြန်ပြောလိုက်သည်။
"ဟုတ်ပါ့ကွာ…. အဲ့ဆင်းရဲသားရဲ့ကားက ငါတို့ကားကို ယှဉ်တောင်မယှဉ်နိုင်တာ။ ဒီလို အလှလေးမျိုးကို ဘယ်လိုလုပ်ရသွားလဲ မသိပါဘူးကွာ။ စိတ်ပျက်စရာကောင်းလိုက်တာ"
နှစ်ယောက်လုံး ယဲ့ဖန်ကို အရမ်းမနာလို ဖြစ်နေကြသည်။ ထိုစဉ် အသံကျယ်ကြီးတစ်ခုကို ကြားလိုက်ရသဖြင့် သူတို့ ကြောင်အ သွားကြသည်။ နောက်ကြည့်မှန်မှတစ်ဆင့် သူတို့၏ မနီးမဝေးအနေအထားလောက်တွင် ကားတစ်စီး ရှိနေသည်ကို တွေ့လိုက်ရပြီး သူတို့ ထိတ်လန့်သွားကြသည်။
"ချီး…ချီးပဲကွာ…ငါ စိတ်ချောက်ချားနေတာလား? တကယ်…တကယ်ပဲ အဲ့ကားက ငါတို့အနောက် ရောက်နေတာလား?"
အားဆန် မျက်လုံး အပြူးသားနှင့် ဇဝေဇဝါ ဖြစ်နေသောအသံဖြင့် ပြောလိုက်သည်။
တစ်ခြားတစ်ယောက်က တွေဝေ မိန်းမောကာ ရေရွတ်မိသည်။
"ချီး… အိမ်စီးကားက ပြိုင်ကားလိုမျိုး လုပ်နိုင်တယ်တဲ့လား။ ဒါ… ဒါ လုံးဝမဖြစ်နိုင်ဘူး"
လူငယ်နှစ်ယောက် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေသည်။ အထူးသဖြင့် သူတို့ ကားထဲမှ ယဲ့ဖန်ကို မြင်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
"သေစမ်းကွာ…သေစမ်း…သေစမ်း… အဲ့ဒါ ဟိုတောသားပဲ။ သူ…သူ တကယ်ကြီး ငါတို့ကို အမှီလိုက်လာတယ်ဟ"
အားဆန် ခဏမျှ မှင်တက်နေမိပြီးမှ လီဗာကို ဖိနင်းလိုက်သည်။
အသံကျယ်ကြီး ထွက်ပေါ်လာပြီး Lamborghini ကားက အရှိန်မြှင့်သွားသည်။
သို့သော်လည်း လူငယ်နှစ်ယောက်ကတော့ စိတ်ရှုပ်ထွေးနေသည်။
သူတို့လို ပြိုင်ကားနှင့် ကားမောင်းပြိုင်ကြသည့် လူဆိုးကောင်လေးတွေကို အိမ်စီးကားလေးက ကျော်တက်သွားပါက လူရယ်စရာ ဖြစ်ပေလိမ့်မည်။
*ရှက်ဖို့ ကောင်းလိုက်တာ*
"သေစမ်း… ငါတို့ သူတို့ကို နောက်ကောက်ချထားခဲ့လို့ မရဘူးဟ…မဖြစ်နိုင်ဘူး"
အားဆန်၏ မျက်နှာသည် မှုန်မှိုင်းနေကာ သူတို့ လီဗာကို အားကုန်နင်းထားသော်လည်း ထိုကားကို အပြတ်ဖြတ်လို့ မရမှာကို တွေးကာ ထိတ်လန့်လာသည်။
ရလဒ်ကတော့ ကားနှစ်စီးသည် တဖြည်းဖြည်း ကပ်လာသည်။
"မြန်မြန်…လမ်းဆုံရောက်ရင် ဘယ်ချိုးလိုက်။ အဲ့နေရာက ထောင့်ချိုးပဲ။ ငါတို့ကား ငြိမ်တာကို အခွင့်ကောင်းယူပြီး သူ့ကို ခါချခဲ့လို့ရတယ်"
ဘေးကကောင်က အားဆန်ကို ပြောလိုက်သည်။ သူ့အမြင်တွင် ထိုကားသည် အလွန် အရှိန်မြန်သော်လည်း ရုတ်တရက် ကွေ့လိုက်သည့်အခါ ကားက ငြိမ်လိုက်မည်ဟု သူ မထင်ပေ။
သို့သော် သူတို့ ထောင့်ချိုးကွေ့ကို ကျော်လာပြီးနောက် မြင်လိုက်ရသည့်အရာကြောင့် သူတို့ သွေးပျက်သွားသည်။ ထိတ်လန့်စရာ ပွတ်တိုက်သံနှင့်အတူ ကားသည် ၁၈၀ ဒီဂရီ လည်ထွက်သွားသည်။
"စကင်ဒီနေး လှုပ်ရှားခြင်း"
အားဆန်နှင့် နောက်တစ်ယောက် အံ့အားသင့်သွားသည်။ ထိုအရည်အချင်းသည် အလွန်တရာခက်ခဲသည့် skill ဖြစ်သည်။ ဤမျှ ခက်ခဲသည့် drift ဆွဲနည်းမျိုးကို သူတို့ မြင်လိုက်ရသည်။ ဤ skill မျိုးကို ကမ္ဘာ့ကားချန်ပီယံပြိုင်ပွဲတွင်သာ တွေ့ရလေ့ရှိတာ ဖြစ်သည်။
ကျန်းရှီမြို့၏ ပြိုင်ကားမောင်းသူများထဲတွင် ပြိုင်ကားဘုရင် သခင်လေးလင် သာ ဤ drift ဆွဲနည်းကို လုပ်တတ်သည်။
သို့သော်လည်း ယခုအခါတွင်တော့…
အားဆန်နှင့် နောက်လူငယ်လေးတို့ သွေးခဲသွားသလို ခံစားလိုက်ရသည်။ ဒီတောသားက ဒီလောက်ခက်ခဲသည့် drift ဆွဲနည်းကို လုပ်တတ်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပါ။
"အရှိန်မြှင့်…အရှိန်မြှင့်…အရှိန်မြှင့်… သူ ငါတို့ကို မှီတော့မယ်"
ဘေးကကောင်က အားဆန်ကို တုန်လှုပ်စွာ သတိပေးသည်။ အားဆန် ရှေ့ကို တည့်တည့်ကြည့်ရင်း နဖူးတွင်လည်း ချွေးတွေစို့လာသည်။
"ရှေ့မှာV-shape ပုံစံ ထောင့်ချိုး ရှိတယ်။ ငါတို့ အရှိန်လျှော့မှ ရမယ် မဟုတ်ရင် ကားမှောက်သွားလိမ့်မယ်"
အားဆန်က သူ့ကားမောင်းသည့်အရည်အချင်းကို ကောင်းကောင်းနားလည်သည်။ တကယ်လို့ သူသာ V-shape ပုံစံ ထောင့်ချိုးတွင် အရှိန်မလျှော့ခဲ့လျင် သူ သေသွားနိုင်သည်။
Lamborghini ကားသည် V-shape ပုံစံ ထောင့်ချိုးမရောက်ခင် ရုတ်တရက် အရှိန်လျှော့ကာ drift ဆွဲ၍ နောက်ပြန်လှည့်လိုက်သည်။
ထိုအခါမှ လူငယ်နှစ်ယောက် စိတ်သက်သာရာရကာ သက်ပြင်းချမိသည်။
"တော်သေးတယ်… ဒီထောင့်ချိုးက တော်တော် ခက်တယ်ကွ။ ဟိုကားတော့ အရှိန်လွန်ပြီး မှောက်မှာပဲကွ"
သူတို့ နောက်ကြည့်မှန်မှတစ်ဆင့် နောက်ကို ကြည့်ကာ ပြုံးနေကြသည်။ သူတို့ ထိုဆင်းရဲသား ကားထဲမှ ဒလိမ့်ခေါက်ကွေး ကျလာသည်ကို မြင်လိုနေကြသည်။
"သူ လာနေပြီ"
အသံကျယ်ကြီးကို ကြားရပြီးနောက် သူတို့ ပို၍ အားရစွာ ပြုံးနေကြသည်။ သို့သော် ထိုအသံကျယ်ကြီးက သူတို့နှင့် နီးကပ်လာသောအခါ သူတို့ မှင်တက်သွားရသည်။
"ဒီ…ဒီကောင် နည်းနည်းလေးတောင် အရှိန်မလျှော့ပါလား ... မဖြစ်နိုင်ဘူး"
ထိုအသံအရ ယဲ့ဖန် အရှိန်မလျှော့မှန်း သူတို့ သိလိုက်သည်။
"ဟားဟား… ဒီအရူးတော့ သွားပြီပဲ။ ဒါ V-shape ပုံစံ ထောင့်ချိုးမှန်းတောင် သူ မသိဘူး။ သူ့ကားကတော့ သေချာပေါက် မှောက်မှာပဲ"
"သေချာတာပေါ့… ထိပ်တန်းအလှလေးကတော့ သူ့ကြောင့် နစ်နာရတော့မှာ သနားစရာပဲ"
သူတို့နှစ်ယောက် V-shape ပုံစံ ထောင့်ချိုးကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။
ထိုကွေ့နားမှာ ယဲ့ဖန်ကား ဘယ်လိုလိမ့်သွားမလဲ သူတို့ ကြည့်ချင်နေကြသည်။ သို့သော် ထိုအချိန်မှာပဲ ထိတ်လန့်ဖွယ် ပွတ်တိုက်သံနှင့်အတူ ကားလေးက V-shape ပုံစံ ထောင့်ချိုးနား၌ တစ်ပတ်လှည့်လိုက်သည်။
ထိုမြင်ကွင်းကြောင့် လူငယ်လေး နှစ်ယောက် လုံးဝအံ့အားသင့်သွားကြသည်။
"ဒါ…ဒါ သေမင်းတစ်ပတ်လှည့်ခြင်းပဲ"
"မ…မဖြစ်နိုင်ဘူး"
သူတို့နှစ်ယောက် သရဲတွေ့လိုက်ရသည့်အလား သွေးပျက်သွားကြသည်။ ကမ္ဘာ့ကားချန်ပီယံပြိုင်ပွဲ၌သာ တွေ့ရလေ့ရှိသည့် drift မျိုးကို ဒီမှာ တွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဤသည်က သူတို့၏ အမြင်ကို ပြောင်းလဲပေးသွားခဲ့သည်။
*မဖြစ်နိုင်ဘူး*
*ဒါ လုံးဝ မဖြစ်နိုင်ဘူး*
"ကျန်းရှီမြို့ရဲ့ သခင်လေးလင် တောင် ဒီလောက်ခက်တဲ့ drift ကို မလုပ်နိုင်ဘူး"
နှစ်ယောက်သား တုန်လှုပ်ချောက်ချား သွားကြသည်။ သို့သော်လည်း သူတို့ရှေ့၌ ဖြစ်သွားသည်က အမှန်ဖြစ်နေသည့်အတွက် သူတို့ အမူအရာတွေ ပြောင်းလဲသွားသည်။
ထိုကားက V-shape ပုံစံ ထောင့်ချိုး၌ drift ဆွဲပြီးသည်နှင့် သူတို့ကား Lamborghini ဆီသို့ အရှိန်မြှင့်၍ လာနေသည်။
"မဟုတ်ဘူး…အဲ့…အဲ့ကောင် ရူးနေပြီ"
ထိုကားက သူတို့ဆီ အရှိန်မြှင့်၍ လာနေသည်ကို မြင်ပြီး နှစ်ယောက်သား ကြောက်ချေးပါလာကြသည်။
ကားနှစ်စီးသာ အရှိန်နှင့် တိုက်မိပါက ကားရော၊လူပါ သေကြေ ပျက်စီးနိုင်သည်။
*ရူးနေပြီ*
*သူ လုံးဝ ရူးနေပြီ*
*မဟုတ်ပါဘူး…သူ အဲ့လိုမလုပ်လောက်ပါဘူး*
အားဆန် မျက်နှာကြီး နီကာ စတီယာရင်ကို ဘယ်ဘက်သို့ ဆွဲလှည့်လိုက်သည်။
ဘန်း!
ရုတ်တရက် ဘရိတ်အုပ်လိုက်သည့်အသံနှင့်အတူ Lamborghini သည် လမ်းဘေးရှိ လက်ရန်းကို တိုက်မိသွားသည်။