ချက်ချင်း ကွပ်မျက်လိုက်
Vol. 1 Ch. 35
"ဘန်း"
ကျန်းရီ၏ စကားဆုံးသည်နှင့် သိုင်းပညာခန်းမဆောင် အကြီးအကဲ၏ လက်ဝါးသည် ကျန်းရီ၏ ဘယ်ဘက်ပခုံးထံ ကျဆင်းလာခဲ့လေသည်။ ကျန်းရီ၏ ဘယ်ဘက်ပခုံးရှိ ဝတ်ရုံသည် စုတ်ပြတ်သွားကာ လတ်လတ်ဆတ်ဆတ် သွေးများ ပန်းထွက်လာကြသည်။ လူသည်လည်း နံရံနှင့် ရိုက်မိလေသည်။
သိုင်းပညာ ခန်းမဆောင်သည် ကျန်းဂိုဏ်း၏ အာဏာအကြီးဆုံးသော အဆောင်ဖြစ်ပြီး ဂိုဏ်းပြင်ပ တိုက်ပွဲများနှင့် ကျန်းဂိုဏ်းကို ကာကွယ်ရန်အတွက် တာဝန်ရှိလေသည်။ သိုင်းပညာခန်းမဆောင် အကြီးအကဲ ကျန်းယွင်မုန့်သည် ယခုနှစ်မှ အသက်ငါးဆယ် ပြည့်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဝင် စွမ်းရည်သည်ကား အကြီးအကဲ ချုပ်နှင့် ဂိုဏ်းချုပ်အောက် တည်ရှိသည်။ ကောင်းကင်တောင်ပံမြို့အတွင်းတွင်ပင် သူ၏ ပုံရိပ်သည် ကောင်းမွန်စွာ ကျော်ကြားလေရာ သူ၏ ဂုဏ်သိက္ခာများသည် ကျန်းရီလို အဆင့်နိမ့် ကလေကချေ တစ်ယောက်၏ လက်ထဲတွင် မည်သို့ အထိခိုက်ခံရမည်နည်း။
သို့သော် သူသည် ကျန်းရီ ဖော်ပြသော အကြောက်အလန့်ကင်းသည့် ပုံကို မျက်နှာသာ ပေးခဲ့လေသည်။ မဟုတ်လျှင် သူသည် လက်ဝါးရိုက်ချက်ကို ကျန်းရီကို သတ်ရန် သို့မဟုတ် သူ၏ ဘယ်ဘက်ပခုံးရှိ အရိုးများ ကျိုးသွားသည်အထိ အားသုံးလိုက်မည် ဖြစ်သည်။
သူသည် ခြေလှမ်းအနည်းငယ် ရှေ့တိုးသွားလိုက်ပြီး ကြမ်းတမ်းသော အရှိန်အဝါများ ထုတ်လွှတ်လိုက်သည်။ သူသည် ကျန်းရီကို ကျောချမ်းဖွယ် ကောင်းအောင် စိုက်ကြည့်ကာ မေးလိုက်သည် ...
"ညှဉ်းပန်းနှိပ်စက်ခံရပြီး သေရတာလား ... ဘယ်လိုမျိုး မမျှမတမှုများ ရှိနေလို့လဲ ငါမြင်တာတော့ မင်းက လူတွေရှေ့မှာ ပြစ်မှုကျူးလွန်နေတာပဲ တွေ့တယ် ... မင်းက မကျေနပ်သေးဘူးလား ... မင်းမှာ ငါနဲ့ စကားပြောဖို့ အရည်အချင်း ရှိတယ်လား ... ဒီခွေးကောင်ကို စည်းကမ်း ထိန်းသိမ်းရေးဆောင်ကို ခေါ်သွားပြီး သူ့စကားကို ပြောခိုင်းကြ"
"နေပါဦး"
ကျန်းရီသည် ကျန်းယွင်မုန့်၏ တောင်တစ်လုံးကဲ့သို့ အရှိန်အဝါအောက်တွင် ခက်ခက်ခဲခဲ ကြိုးစား မတ်တတ်ရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် တုန်ရီနေခဲ့ပြီး သူ့ဒဏ်ရာများမှ သွေးများ စိမ့်ထွက်နေခဲ့သည်။ သူ၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် ပြုံးယောင်သန်း နေခဲ့သည်။ ထို့နောက် သူသည် ကျန်းယွင်မုန့်ကို တောက်ပနေသော မျက်လုံးများနှင့် ကြည့်လိုက်ပြီး ပြောလိုက်သည် ...
"သိုင်းပညာ ခန်းမဆောင် အကြီးအကဲ ... ကျွန်တော် ကြားဖူးတာ အကြီးအကဲက ဖြောင့်မတ်တယ်၊ တည့်တိုး ပြောတတ်တယ်၊ ကျားတစ်ကောင်လို ဒေါသကြီးတတ်တယ်တဲ့ ... ကျွန်တော်ကျန်းရီက လူကဲခတ် ညံ့ဖျင်းသွားတယ် ထင်ပါတယ် ... ထားပါတော့ ... အကြီးအကဲက ကျွန်တော့်ကို သတ်ချင်စိတ် မရှိမှတော့ ကျွန်တော့်အသက်ကို ကျွန်တော် ယူလိုက်ပါ့မယ် ... ကျွန်တော်သာ စည်းကမ်းထိန်းသိမ်းရေး ဆောင်ကို သွားရမယ်ဆိုရင် ကျွန်တော့်ကို သေခိုင်းလိုက်တာနဲ့ အတူတူပါပဲ"
သူသည် အလေးအနက်ပြောပြီးသည်နှင့် သူ့လက်မှ အတွင်းအားများ ဖော်ထုတ်လိုက်ကာ သူ့ခေါင်းကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ သူ့မျက်နှာသည် ယခင်အတိုင်း တည်ငြိမ်နေဆဲပင်..သူ၏ မျက်လုံးများသည် ကျန်းယွင်မုန့်ကိုသာ စိုက်ကြည့်နေခဲ့လိုက်သည်။
"ဟမ်.. "
ကျန်းကူရွှေနှင့် အခြားလူများသည် ကျန်းရီ သူ့အသက်ကို ကိုယ်တိုင် နုတ်ယူလိုက်သည်ကို မြင်ရသော် ဆွံ့အသွားကြသည်။ ဒီကောင်က တကယ့်ကို ရူးနေတာပဲ ... သူသည် သိုင်းပညာခန်းမဆောင် အကြီးအကဲကို ဒေါသထွက်အောင် လုပ်ရုံသာမက သူ့အသက်သူ နုတ်ယူရန် သတ္တိရှိသည်လား သူတို့သည် ကျန်းရီ၏ ရိုက်ချက်အတွင်း အင်အားအပြည့် ထည့်ထားသည်ကို ရှင်းရှင်းလင်းလင်း ခံစားနေမိနေသည်။ သူသည် တစ်ချက်လေးတောင် တွန့်ဆုတ်မနေဘဲ ကိုယ့်ကိုယ်ကိုယ် အမှန်ပင် သတ်သေတော့မည် ဖြစ်သည်။
"ဟမ့်"
ကျန်းယွင်မုန့်၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ ကျန်းယွင်မုန့်သည် အလင်းအလျင်နှင့် လက်ကို ဆန့်ထုတ်လိုက်ပြီး ကျန်းရီ၏ လက်ကို ဖမ်းလိုက်သည်။ သူသည် ယခင်ကလောက် ဒေါသမထွက်တော့ပဲ ကျန်းရီရှေ့ လျှောက်သွားကာ လေသံကို လျှော့၍ ပြောလိုက်သည် ...
"ကောင်းတယ် ... ကောင်စုတ်လေး ... မင်းမှာ သတ္တိရှိသားပဲ ... စည်းကမ်းထိန်းသိမ်းရေး ဆောင်ကိုသွား ... ငါကမင်းအတွက် အကြီးအကဲတွေ အားလုံးကို ဆင့်ခေါ်ပေးမယ်… ဒါပေမဲ့ ... မင်းစိုးရိမ်မနေနဲ့ ... အကြီးအကဲတွေ အားလုံး ရှိနေမှာဆိုတော့ မင်းဒီနေ့ မသေစေရပါဘူး"
"ကျေးဇူးတင်ပါတယ် ... အကြီးအကဲ"
ကျန်းရီသည် ပြုံးလိုက်သည်။ ထိုအပြုံးသည် အလွန်တရာ တောက်ပနေခဲ့သည်။ သူသည် စိတ်သက်သာရာ ရသွားခဲ့သည်။ အကြီးအကဲ ကျန်းယွင်မုန့်သာ အနည်းငယ်မျှ နောက်ကျသွားပါလျှင် သူ့ ဝိညာဉ်သည် ကောင်းကင်ဘုံသို့ ရောက်နေလောက်ပြီ ဖြစ်သည်။ သူသည် သူ့အသက်ကို အလောင်းအစား လုပ်ခဲ့ရုံသာ ... ရလဒ်သည်ကား သူသည် အလောင်းအစားတွင် နိုင်ခဲ့ပေသည်။
"သူတို့ကို စည်းကမ်း ထိန်းသိမ်းရေးဆောင်ကို ခေါ်သွားလိုက် ... အကြီးအကဲတွေနဲ့ ဂိုဏ်းချုပ်ကို သွားအကြောင်းကြားချေ ... ငါက သူတို့ကို စည်းကမ်း ထိန်းသိမ်းရေးဆောင်ကို ဖိတ်ခေါ်တယ်လို့"
ကျန်းယွင်မုန့်သည် နောက်လှည့်ကာ ချက်ချင်းထွက်သွားခဲ့သည်။ သူက ဒီကောင်စုတ်လေးရဲ့ အကျပ်ကိုင်တာကို ခံလိုက်ရတာလား ... သူ့ဘဝတစ်ခုလုံးတွင် တစ်ခါမှ မခံစားရဖူးသော နစ်နာမှုကို ခံစားလိုက်ရသည်။
***
ကျန်းဂိုဏ်းတစ်ခုလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ရဲတင်းသော ဂိုဏ်းသား တစ်ယောက်သည် သိုင်းပညာသရုပ်ပြခန်းမဆောင် အတွင်းတွင် အခြားလူများကို ထိခိုက်ဒဏ်ရာရအောင် လုပ်ရဲသည်လား သူသည် ကြီးကြပ်ရေးမှူး ခေါင်းဆောင် ကျန်းယွင်ရှဲ၏သားကိုတောင် ဒဏ်ရာရအောင် လုပ်ရဲသည်။ အရေးကြီးဆုံးသည်ကား သူသည် ကျန်းဂိုဏ်း၏ နံပါတ်(၂) ပါရမီရှင် ကျန်းရုလုံ၏ ခေါင်းအား ပေါက်သွားစေသည့် အပြင် ကျောရိုးကိုပင် ချိုးလိုက်သေးသည်။
ခြေလက်အရိုးများနှင့် နံရိုးများ ကျိုးသွားသည်က ကိစ္စမရှိပေ ... ထိုအရိုးများကို အဆင့်မြင့် ဆေးဝါးများ သုံး၍ ဆယ်ရက်မှ နှစ်ပတ်အတွင်း ပြန်လည်ကုသ နိုင်ပေသည်။ သို့သော် ကျောရိုးနှင့် ဦးခေါင်းခွံရိုးတို့သည် လူ့ခန္ဓာကိုယ်တွင် အရေးကြီးသော အရိုးများ ဖြစ်ရာ ကုသရန် ခက်ခဲလေသည်။ ကောင်းမွန်စွာ မကုသနိုင်ပါလျှင် ထိုလူသည် မသန်မစွမ်းလူနှင့် မခြားတော့ပေ။
ဝိဉာဏ်သားရဲ သင်တန်းကျောင်း၏ လူသစ်လက်ခံပွဲသည် နောက်လတွင် စတင်တော့မည် ဖြစ်သည်။ ကျန်းရုလုံ၏ တိုက်ပွဲစွမ်းအားသည် ဝိဉာဏ်သားရဲ သင်တန်းကျောင်းကို ဝင်ရောက်ရန် မဖြစ်နိုင်သော်လည်း အနောက်ဘက် မြို့စောင့်တပ်သို့ သေချာပေါက် ဝင်ရောက်နိုင်မည် ဖြစ်သည်။ ကျန်းရီ လုပ်လိုက်သော အရာသည် ကျန်းရုလုံ၏ အနာဂတ်ကို ရိုက်ချိုးလိုက်ရုံသာမက ကျန်းဂိုဏ်း၏ မျှော်လင့်ချက် တစ်ခုကိုပါ ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။
သူတို့သည် အပြစ်သားမှာ မည်မျှ ကြမ်းတမ်းရိုင်းစိုင်း သည်ကို အတိအကျ မသိသော်လည်း ဂိုဏ်းသား အများစုသည် အပြစ်သားအား အပြေးအလွှား လာကြည့်ကြလေသည်။ သူသည် တကယ်ကို ကျန်းယွင်ရှဲ၏ ဒေါသနှင့် စည်းကမ်းထိန်းသိမ်းရေးဆောင်၏ လုပ်ပိုင်ခွင့်ကို ရန်စဝံ့သည်လား
စည်းကမ်းထိန်းသိမ်းရေး ဆောင်၏ အပြင်ဘက်တွင် ဂိုဏ်းသားများနှင့် ပြည့်နှက်နေလေသည်။ ကျန်းကူရွှေနှင့် ကျန်းရူလန်သည် စည်းကမ်းထိန်းသိမ်းရေး ဆောင်တွင်းသို့ ခေါ်ဆောင်သွားခြင်း ခံရပြီး အခြားသူတို့မှာ ဆင့်ခေါ်ခံရန် အပြင်ဘက်တွင် စောင့်ဆိုင်းနေကြလေသည်။ စည်းကမ်းထိန်းသိမ်းရေးဆောင်ရှိ ကျန်းယွင်ရှစ်သည် ငရဲမင်း တစ်ပါးကဲ့သို့ ကြောက်စရာ မျက်နှာထားကို ဖော်ပြထားလေသည်။ အကြီးအကဲများ တစ်ယောက်ပြီး တစ်ယောက်သည် ဝင်လာကြလျှင် သူ၏ အမူအရာသည် ပို၍ပင် ခက်ထန်လာခဲ့သည်။ သူသည် ကျန်းရီကို သတ်ဖြတ်ချင်စိတ် အပြည့်ဖြင့် စိုက်ကြည့်နေလိုက်သည်။
ဒီခွေးကောင်က စည်းကမ်းထိန်းသိမ်းရေး ဆောင်ကနေ ထွက်သွားတာ မကြာသေးဘူး ... ချက်ချင်းဘဲ တခြားလူကို ကိုယ်ထိလက်ရောက် ကျူးလွန်လိုက်တယ်… ပိုပြီးအရေးကြီးတာက သူက ကျန်းယွင်မုန့်ကို ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေ အားလုံး ဒီနေရာမှာ ရှိနေဖို့ တကယ်ကြီး တောင်းဆိုခဲ့တယ် ... သူက စည်းကမ်းထိန်းသိမ်းရေး ဆောင်က မမျှမတ အုပ်ချုပ်နေတယ်ဆိုတာ ပြောဖို့ ကြိုးစားနေတာ မသိသာဘူးလား
သူသည် စည်းကမ်း ထိန်းသိမ်းရေး ဆောင်တွင် လက်ထောက် အကြီးအကဲအဖြစ် တာဝန်ယူစဉ်တည်းက ဤမျှ ရဲတင်း၍ အကြောက်အလန့်ကင်းသော သူမျိုးကို ယခုမှ တွေ့ဖူးခြင်းဖြစ်သည်။ သူသည် သူ့ကိုယ်သူ စိတ်ငြိမ်ငြိမ်ထားရန်နှင့် ပြဿနာကို ချောမွေ့စွာ ပြီးဆုံးသွားစေရမည်ဟု သတိပေး နေခဲ့လိုက်သည်။ သူသည် ကျန်းရီကို သေလမ်းသို့ ပို့ရုံသာမက စည်းကမ်းထိန်းသိမ်းရေး ဆောင်နှင့် သူ၏ ဂုဏ်သိက္ခာကိုပါ ပြန်လည် ထိမ်းသိန်းနိုင်ရမည်။ သို့သော် သူလုပ်မည့်အရာသည် အခြားသူများ မဝေဖန်နိုင် လောက်အောင် သမာသမတ် ကျနေရပေမည်။
ကျန်းဂိုဏ်းတွင် စုစုပေါင်း အကြီးအကဲဆယ်ယောက် ရှိသည်။ သို့သော် ကျန်းယွင်ဟိုင် ပျောက်ဆုံးသွားခြင်းနှင့် အကြီးအကဲလျှို၏ သေဆုံးခြင်းတို့ကြောင့် ရှစ်ဦးသာ ကျန်ရစ်တော့သည်။ ငါးမိနစ်မျှ ကြာပြီးနောက်တွင် ခုနှစ်ဦးမှာ ရောက်ရှိ လာကြပြီး ဖြစ်သည်။ အချို့တွင် ဒေါသထွက်နေသော အမူအရာများ ရှိကြပြီး အချို့သည် မှုန်တေတေ အကြည့်များနှင့် ဖြစ်သည်။ အချို့ကမူ ကျန်းရီ၏ မျက်နှာကို အကဲခတ်နေကြလေသည်။
"ဝှစ်"
ရှည်လျားပြီး ထွားကျိုင်းသော ပုံရိပ်တစ်ခုသည် အပြင်ဘက်တွင် ရောက်ရှိလာခဲ့သည်။ ထိုလူသည် စည်းကမ်းထိန်းသိမ်းရေး ဆောင်သို့ မရောက်မီကပင် သူ၏ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတို့သည် အဆောင်တွင်းသို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ အပြင်ဘက်တွင် ရပ်နေကြသော လူများသည် ဘေးသို့ ဖယ်ပေးလိုက်ကြသည်။ သူတို့သည် ကျန်းရီကို သေလူတစ်ယောက်ကဲ့သို့ ကြည့်နေလိုက်ကြသည်။
"ဟမ်''
ကျန်းရီသည် သူ့အပေါ်ကျရောက်လာသော သေစေလိုသော ဆန္ဒတို့ကို ခံစားလိုက်ရသည်။ သူသည် အလျင်အမြန် လှည့်ကြည့်လိုက်ပြီးနောက် သူ၏ အမူအရာသည် အေးစက်သွားခဲ့သည်။ အမည်တစ်ခုသည် သူ့ခေါင်းထဲတွင် ပေါ်လာခဲ့သည် ... ကျန်းယွင်ရှဲ
ကျန်းယွင်ရှဲသည် ဂိုဏ်း၏ အကြီးအကဲ မဟုတ်ပေ ... သို့သော် သူသည် ဂိုဏ်း၏ အကြီးအကဲ အများစုထက် ပို၍ လုပ်ပိုင်ခွင့် ရှိပေသည်။ ဂိုဏ်း၏ အတွင်းရေးကိစ္စများတွင် ကြီးကြပ်ရေးမှူး ခေါင်းဆောင် ဖြစ်သောကြောင့် သူသည် ကျန်းဂိုဏ်း၏ ငွေကြေးဆိုင်ရာ ကိစ္စများကို ကိုင်တွယ်ရလေသည်။ ဂိုဏ်းသား အားလုံး၏ လစာသည် သူ့လက်ထဲတွင် ရှိပေသည်။ ထို့ကြောင့် ကျန်းဂိုဏ်းသားအားလုံး၏ ရင်ထဲတွင် ကျန်းယွင်ရှဲသည် စည်းကမ်းထိန်းသိမ်းရေးဆောင် လက်ထောက်အကြီးအကဲ ပြီးလျှင် နံပါတ်(၂) ကြောက်စရာ အကောင်းဆုံး ဖြစ်သည်။
ကျန်းယွင်ရှဲသည် လူအုပ်ကို သိမ်းငှက်တစ်ကောင်ကဲ့သို့ ဖြတ်သန်းလာခဲ့ပြီး စည်းကမ်းထိန်းသိမ်းရေး ဆောင်ထဲသို့ ဝင်လာခဲ့သည်။ သူသည် သူ့လက်ကို သိမ်းငှက်လက်သည်းနှယ် ပုံဖော်၍ ကျန်းရီ၏ ခေါင်းကို ရိုက်ချခဲ့လိုက်သည်။
ကျန်းရီသည် သူ့သားနှစ်ယောက်လုံးကို ထိခိုက်အောင် လုပ်ခဲ့သည်။ အဆိုးဆုံးသည်ကား ကျန်းရုလုံ၏ အနာဂတ်ကို ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။ မြင့်မားသော အဆင့်အတန်းရှိသော သူသည် အဆင့်နိမ့် ဂိုဏ်းသားလေး တစ်ယောက်ကို မည်သို့ ဖက်ပြိုင်၍ အနိုင်ကျင့်ရမည်နည်း ... သူသည် ကျန်းရီကို ဤနေရာတွင် သတ်လိုက်လျှင်တောင် မည်သူမျှ ပြောဝံ့မည် မဟုတ်ချေ။
ကျန်းယွင်ရှဲသည် ရောက်လာစဉ်ကပင် သတ်ချင်ဖြတ်ချင်စိတ်များ ပြည့်နေသည်ကို မြင်လိုက်ရသောအခါ ကျန်းယွင်ရှစ်နှင့် ကျန်းယွင်မုန့်၏ အမူအရာများ ပြောင်းလဲသွားကြသည်။ သို့သော် မည်သည့်စကားမှ မဆိုကြချေ။
"ဟား..ဟား..ဟား"
ကျန်းယွင်ရှဲ၏ ပြင်းထန်သော ရိုက်ချက်အောက်တွင် ကျန်းရီမှာ ပြေးစရာ နေရာမရှိပေ။ သူ၏ လက်ရှိအင်အား နှင့်လည်း မလွတ်မြောက်နိုင်ပေ ... သူသည် ကြောက်လန့်ခြင်း ကင်းမဲ့စွာ ရယ်မောလိုက်၍ ကျန်းယွင်ရှဲကို လျစ်လျူ ရှုလိုက်သည်။ ထို့နောက် သူသည် အကြီးအကဲများကို လှည့်ကြည့်လိုက်သည် ...
"သိုင်းပညာခန်းမဆောင် အကြီးအကဲ ... .ကျွန်တော် စည်းကမ်းထိန်းသိမ်းရေး ဆောင်မှာ မတရားသဖြင့် မသေသွားစေရဘူးလို့ မပြောခဲ့ဘူးလား ... အခု စည်းကမ်းထိန်းသိမ်းရေး ဆောင်ကတောင် စီရင်ချက် မချရသေးဘူး ... အခု ကျွန်တော့်ကို တစ်ယောက်ယောက်က သတ်တော့မယ် ... ကျန်းဂိုဏ်းရဲ့ စည်းမျဉ်းတွေက ခွေးချေးလိုပဲ ... စည်းကမ်း ထိန်းသိမ်းရေးဆောင်ကလည်း ခွေးချေးပဲ ... ကျွန်တော် ကျန်းရီက ဒီလို သေသွားရမှာကို လက်မခံနိုင်ဘူး"
ကျန်းယွင်ရှဲ၏ ပြင်းထန်သော ရိုက်ချက်သည် ကျန်းရီ၏ သွေးလွှမ်းနေသော ဝတ်ရုံနှင့် အနက်ရောင် ဆံပင်များကို လှုပ်ခါသွားစေသည်။ သက်သာစပြုနေသော ဒဏ်ရာများသည် သွေးများ ထပ်ထွက်လာပြန်သည်။ သူ၏ နူးညံ့သော မျက်နှာထက်တွင် ကြောက်ရွံ့မှု တစ်စက်မှ ရှိမနေဘဲ ... လှောင်ပြောင်လိုမှု တို့ဖြင့်သာ ပြည့်နေခဲ့သည်။
"ရပ်လိုက်"
"ယွင်ရှဲ ... ရပ်လိုက်"
ကျန်းယွင်မုန့်နှင့် ကျန်းယွင်ရှစ်တို့သည် သတိဝင်လာကာ ပြိုင်တူ အော်ဟစ်လိုက်ကြသည်။ ဂိုဏ်းသား အများစုသည် အပြင်တွင် ကြည့်နေကြပြီး အကြီးအကဲအများစုသည်လည်း ရောက်ရှိနေကြသည်။ ကျန်းရီသာ ဤနေရာတွင် ကျန်းယွင်ရှဲ၏ သတ်ဖြတ်ခြင်း ခံလိုက်ရပါက ဂိုဏ်းအတွင်းတွင် ဆူပူအုံကြွမှုများ ဖြစ်လာမည်မှာ သံသယပင် ဖြစ်စရာ မလိုချေ။ စည်းကမ်းထိန်းသိမ်းရေးဆောင်၏ ဂုဏ်သိက္ခာသည် ကျဆင်းသွားမည်ဖြစ်ပြီး ဂိုဏ်း၏ စည်းမျဉ်းများသည်လည်း အောက်ဆုံးသို့ ကျဆင်းသွားမည် ဖြစ်ပေသည်။
"ဟမ့်"
ကျန်းယွင်ရှဲ၏ သိမ်းငှက်လက်သည်းသည် ကျန်းရီထံရောက်ရန် တစ်ပေခန့်အကွာတွင် ရပ်တန့်သွားခဲ့သည်။ သူသည် ကျန်းရီကို စိုက်ကြည့်လိုက်ကာ အေးစက်စက်လေသံနှင့် မှတ်ချက်တစ်ခု ပြုလာခဲ့သည် ...
"ဒီလောက် ပါးနပ်ပြီး ပြောတတ်လိုက်တဲ့ ပါးစပ် ... ခွေးကောင် ... မင်းဘယ်လောက်ပဲ လျှာစောင်း ထက်ထက် မင်းဒီနေ့ သေခြင်းကနေ မလွတ်မြောက်နိုင်ဘူး"
ကျန်းရီသည် ကျန်းယွင်ရှဲကို တည်တည်ငြိမ်ငြိမ်ပင် ကြည့်ကာ ပြန်ပြောလိုက်သည် ... .
"ကြီးကြပ်ရေးမှူး ခေါင်းဆောင် ... ကျွန်တော်က အကြီးအကဲချုပ် ကျန်းယွင်ဟိုင်ရဲ့ မြေးပါ ... ကျွန်တော့်ကို ခွေးကောင်လို့ ကြိမ်းမောင်းလိုက်တာလား ... အကြီးအကဲချုပ်ကိုပါ ပြောဖို့ ရည်ရွယ်လိုက်တာလား ... ခေါင်းဆောင်ရဲ့ သားနှစ်ယောက်က ခွေးကောင်လို့ ထပ်ခါတလဲလဲ ပြောနေတာ မထူးဆန်းတော့ပါဘူး ... သူတို့က ခေါင်းဆောင်နဲ့ စကားပြော တူတယ် ထင်ရတာပဲ..''
"မင်း ... "
ကျန်းယွင်ရှဲသည် ဒေါသထွက်လွန်း၍ အသားများပင် တုန်လာရသည်။ ကျန်းရီ၏ စကားများသည် အရှိုက်ထိသွား၍ သူသည် တစ်ခဏမျှ ဆွံ့အနေခဲ့သည်။ သူသည် ကျန်းရီကို သတ်ချင်စိတ်များ ထပ်မံပေါ်ပေါက် လာရပြန်သည်။
ရှပ်..ရှပ်..ရှပ်
ထိုအချိန်တွင် အပြင်မှ ခြေသံများကို ကြားလိုက်ရသည်။ ဂိုဏ်းမှ လူငယ်မျိုးဆက် အုပ်စုသည် ယဉ်ကျေးစွာ နှုတ်ဆက်လာကြသည် ...
"နှုတ်ဆက်ပါတယ်… ဂိုဏ်းချုပ် ... နှုတ်ဆက်ပါတယ် ... ဒုတိယ အကြီးအကဲ "
ကျန်းယွင်ရှဲသည် သူ့ဒေါသများကို ချိုးနှိမ်လိုက်ပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။ အဖိုးတန် အဝတ်အစားများကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် ခါးကိုင်းနေသော ဆံပင်ဖြူ အဘိုးအို တစ်ယောက်နှင့်အတူ ဝင်လာခဲ့သည်။
ကျန်းရီသည် ခါးကိုင်းနေသော အဘိုးအိုကို မြင်လိုက်သည်နှင့် သူ့ရင်ထဲမှ ပေါ့ပါးသွားရသည်။ ဂိုဏ်းမှ အကြီးအကဲများထဲတွင် အကြီးအကဲချုပ်နှင့် ရင်းနှီးသော ဒုတိယအကြီးအကဲသည် သူ၏ နာမည်ကောင်းကြောင့် ကျော်ကြားလေသည်။ ဒုတိယအကြီးအကဲ ရောက်လာမှတော့ ကျန်းရီသည် သူ့အသက်သူ ကယ်တင်ရန် လွယ်ကူသွားပြီ ဖြစ်သည်။
သူသည် ချွန်းယာအိမ်မှ လာခဲ့သော လမ်းတွင် အားလုံးကို စီစဉ်ထားခဲ့သည်။ ကျန်းရှောင်နူ အရိုက်ခံထားရသည်ကို မြင်လျှင် သူသည် ဒေါသထွက်သွားခဲ့သည်။ သူသည် အရာရာတိုင်းကို လုပ်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။ သူသည် ပြဿနာ ဖန်တီးကာ ကျန်းရုဟူတို့ သုံးယောက်ကို လက်စားချေရန် ဆုံးဖြတ်ခဲ့သည်။ သူသည် ကျန်းရှောင်နူကို ထိရဲသော သူတိုင်းသည် ကျန်းရီ၏ ဒေါသအတွက် ပြင်ဆင်ထားရမည်ဟု ဂိုဏ်းသားတိုင်းကို သိစေချင်သည်
သူသည် သိုင်းပညာသရုပ်ပြခန်းမအတွင်းတွင် ပြဿနာ ဖန်တီးရသည့် အကြောင်းအရင်းကား ကျန်းရုလုံ ပေါ်လာသည်ကို စောင့်ရန်ဖြစ်သည်။ ကျန်းရုလုံကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင်လုပ်ပြီး သိုင်းပညာခန်းမဆောင် အကြီးအကဲရှေ့တွင် သတ်လိုက်ရန် တောင်းဆိုခြင်းကား ဆူပူအုံကြွမှု တစ်ခု ဖန်တီးရန် ဖြစ်သည်။ ကျန်းဂိုဏ်းတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ ဤ အဖိုးအို၏ အာရုံစိုက်မှုကို ရရှိခဲ့လေသည်။
ကျန်းရီ၏ အစီအစဉ်များသည် ကောင်းကောင်းအလုပ် ဖြစ်လေသည်
သို့သော် ကျန်းရီဆွံ့အသွားရသည်ကား ကျန်းဂိုဏ်းချုပ် ကျန်းယွင်ရှန် ရောက်ရှိလာခြင်းပင်ဖြစ်သည်။ သူသည် ကျန်းရီကို ကြက်သီးထဖွယ် ကောင်းသော အကြည့်တစ်ချက် ပေးလိုက်ပြီး ချက်ချင်း ကြေညာလိုက်သည် ...
"ဘာကို ဆုံးဖြတ်နေမှာလဲ ... ငါသတင်းတွေ အကုန်ရထားပြီးပြီ ... ဒီလောက် ရိုင်းစိုင်းကြမ်းတမ်း နေတဲ့ ဂိုဏ်းသားတစ်ယောက်က အနှေးနဲ့အမြန် ဒုက္ခဖြစ်လာမှာပဲ ... ချက်ချင်း ကွပ်မျက်လိုက်"
*****