အပြစ်ဒဏ် ခံယူဖို့ အဆင်သင့် ဖြစ်ပြီလား
Vol. 69 Ch. 1027
ချူးယုချင်နှင့် ကုတင်ပေါ်တွင် နှစ်ရက်ကြာ ကစားပြီးနောက် နဂါးနက်ခရိုင်သို့ လုချန်း ဦးတည်ခဲ့သည်။
နဂါးနက်ခရိုင်၌ အခြားအမျိုးသမီးတစ်ဦး ရှိနေသေးသည်။ သူမ သူ့ကို တစ်နှစ်ကြာမျှ တွေ့ဆုံခြင်း မပြုခဲ့ရပေ။ သူမ သူ့ကို အလွန် လွမ်းဆွတ်နေရမည် ဖြစ်သည်။
ထို့ပြင် ဤနှစ်တွင် သူမသည် ကျင့်ကြံသူများ ညီလာခံ၌ လုချန်းဖုန်းအား အလွန် အကူအညီ ပေးခဲ့သည်။ လုချန်းဖုန်း၏ ဖခင်တစ်ဦးအနေနှင့် သူမအား သင့်လျော်စွာ ကျေးဇူးဆပ်ရန် တာဝန်ရှိပေသည်။
ကျေးဇူးဆပ်ရမည်ဆိုလျှင်လည်း လက်တွေ့ လုပ်ရပ်ဖြင့်သာ ပေးဆပ်ရမည် ဖြစ်သည်။
………
ထိုအခိုက်အတန့်တွင်။
မြူခိုးမှော်ဂိုဏ်း၏ နောက်ဘက်တောင်ကုန်းပေါ်ရှိ ဝါးအိမ်အတွင်း၌။
စုဟန်ယန် ရုတ်တရက် ချမ်းစိမ့်စိမ့် ခံစားလိုက်ရပြီး နှာချေမိသွားသည်။
စုဟန်ယန် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ ဥပဒေ နိယာမ အလုံးစုံအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော သူမက အမှန်တကယ် နှာချေခဲ့တာလား။
ချက်ချင်းပင် စုဟန်ယန်က လေထဲသို့ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ထွက်ခဲ့။”
စုဟန်ယန်၏ စကားသံဆုံးသည်နှင့် တစ်ပြိုင်နက် သူမ၏ ဝါးအိမ် အပြင်ဘက်တွင် အနက်ရောင် မြူခိုးအစုအဝေးတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် ထိုမြူခိုးထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဂိုဏ်းချုပ် စုက ဥပဒေ နိယာမ အလုံးစုံအဆင့် ကျင့်ကြံသူတစ်ယောက် လို့မပြောရဘူး ကျွန်တော် ရောက်လာတာနဲ့ တစ်ခါတည်း သိလိုက်တယ်။”
စုဟန်ယန်က သူမ၏ ရှေ့မှ အဘိုးအိုကို လှမ်းကြည့်လိုက်ပြီး ရယ်မောလိုက်သည်။
“ဂိုဏ်းချုပ်လီက အပြောင်းအလဲတစ်ရာ ဂိုဏ်းရဲ့ အရင် ဂိုဏ်းချုပ်ကို သတ်ပြီး ဂိုဏ်းကို ထိန်းချုပ်နိုင်ခဲ့တာ အံ့ဩစရာ မရှိတော့ဘူး။ ရှင်က နတ်ဆိုးကျင့်ကြံသူ ဖြစ်သွားတာကိုး။”
လီရှင်းဟွိုင်က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ “ကျွန်တော် နတ်ဆိုးကျင့်ကြံသူ ဖြစ်သွားတော့ ဘာဖြစ်လဲ။ ဖြောင့်မတ်တဲ့သူ ဖြစ်ဖြစ်၊ ဆိုးယုတ်တဲ့သူ ဖြစ်ဖြစ် အားလုံးက ကျင့်ကြံသူတွေပဲ။ အားလုံးက ထာဝရတန်ခိုးရှင်ဘဝကို ရှာဖွေနေကြတာ။ နောက်ပြီး ဖြောင့်မတ်သူလို့ ခေါ်ကြတဲ့သူတွေနဲ့ နတ်ဆိုးကျင့်ကြံသူတွေရဲ့ လုပ်ရပ်တွေက သိပ်ပြီး ကွာခြားတာ မဟုတ်ဘူး။”
စုဟန်ယန်က အေးစက်စွာဖြင့်
“ဂိုဏ်းချုပ်လီ။ ဒီနေ့ ရှင် ကျွန်မဆီကို ဒီစကားတွေ ပြောဖို့ပဲ လာခဲ့တာလား။”
လီရှင်းဟွိုင်က ပြုံးလိုက်ပြီး
“မဟုတ်ပါဘူး။”
“ကျွန်တော် ဒီနေ့ ဂိုဏ်းချုပ် စု အတွက် သတင်းကောင်းတစ်ခု ယူလာခဲ့တယ်။”
စုဟန်ယန်က အေးစက်စွာဖြင့်
“နတ်ဆိုးကျင့်ကြံသူ တစ်ယောက်က ကျွန်မဆီကို ဘယ်လို သတင်းကောင်းမှ ယူလာပေးနိုင်မယ်လို့ မထင်ဘူး။”
လီရှင်းဟွိုင်က
“ဒီသတင်းက ခင်ဗျားကို ဆွမ်ဧကရာဇ်ရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်စေနိုင်တယ် ဆိုရင်ရော။”
ထိုစကားများကြောင့် စုဟန်ယန် အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။
လီရှင်းဟွိုင်ကလည်း သူမ၏ မျက်နှာပေါ်မှ အမူအရာကို ချက်ချင်းဖမ်းမိလိုက်သည်။
သူမ၏ စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် စုဟန်ယန်က နှာခေါင်းရှုံ့လိုက်ပြီး
“ဂိုဏ်းခေါင်းဆောင် လီ။ ကျွန်မနဲ့ ဆွမ်ဧကရာဇ်ကြားက ဆက်ဆံရေးကို ရှင် သေချာပေါက် သိမှာပါ။ ကျွန်မက သူ့ရဲ့ မိန်းမ။ ရှင်က ကျွန်မနဲ့ ဆွမ်ဧကရာဇ်ကြားမှာ ပြဿနာဖြစ်အောင် သွေးထိုးလှုံ့ဆော်ဖို့ ဒီကို လာတာလား။”
လီရှင်းဟွိုင်က
“ပထမဆုံးအနေနဲ့ ဂိုဏ်းချုပ် စု ဆွမ်ဧကရာဇ်ရဲ့ မိန်းမ ဖြစ်လာခဲ့တဲ့ အကြောင်းရင်းက ခင်ဗျား ဆွမ်ဧကရာဇ်လောက် အင်အား မကြီးလို့ပဲ။ ခင်ဗျားမှာ ရွေးချယ်စရာ မရှိခဲ့ဘူး။ ပြီးတော့ သူ့မှာ နတ်လှေ ပိုင်ဆိုင်ထားတဲ့ အချက်ကို ထည့်စဉ်းစားလိုက်ရင် ဆွမ်ဧကရာဇ်ကို မှီခိုမှသာ ခင်ဗျားက ထျန်းချန်ကမ္ဘာကနေ ထွက်ခွာနိုင်မှာ။”
လီရှင်းဟွိုင်၏ အမြင်တွင် စုဟန်ယန်သည် လုချန်းအပေါ် အမှန်တကယ် သစ္စာစောင့်သိသူ မဟုတ်ပေ။ အခွင့်အရေး ရပါက သူ့ကို သေချာပေါက် သစ္စာဖောက်လိမ့်မည် ဖြစ်သည်။
လီရှင်းဟွိုင်၏ စကားများကို ကြားပြီးနောက် စုဟန်ယန် တိတ်ဆိတ်သွားခဲ့၏။ ရွေးချယ်ရာမဲ့သော အခြေအနေကြောင့် သူမ လုချန်း၏ အမျိုးသမီး ဖြစ်ခဲ့ရခြင်းကတော့ အမှန်တရား ဖြစ်သည်။
စုဟန်ယန်က စကားဆက်မပြောသည်ကို မြင်သောအခါ လီရှင်းဟွိုင်လည်း သူ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း ရိပ်မိသွားသည်။ သူက ဆက်လက်၍
“အခု ဆွမ်ဧကရာဇ်က အချိန်အကြာကြီး တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေခဲ့ပြီ။ သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာ သေချာတယ်။”
“အခု ကျွန်တော်တို့တွေသာ ပူးပေါင်းလိုက်ရင် ဆွမ်ဧကရာဇ်ကို သတ်နိုင်လိမ့်မယ်။ ပြီးတော့ သူ့ဆီက နတ်လှေကို သိမ်းယူနိုင်လိမ့်မယ်။ အဲ့ဒီအခါကျရင် ထျန်းချန်ကမ္ဘာကနေ ထွက်ခွာဖို့ လွယ်ကူသွားမှာပဲ။”
စုဟန်ယန်က ခပ်ပြတ်ပြတ် လေသံဖြင့်
“ဆွမ်ဧကရာဇ် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်လို့ ရှင်တကယ် ထင်နေရင် ဘာလို့ သူ့ဆီ တိုက်ရိုက် မသွားတာလဲ။ ဘာလို့ ကျွန်မကို စည်းရုံးဖို့ လိုရတာလဲ။”
“ရှင် ပြခဲ့တဲ့ အငွေ့အသက်အရ ရှင်အခု ဥပဒေ နိယာမ အလုံးစုံအဆင့်ကို ရောက်နေပြီ မဟုတ်လား။ ရှင့်ရဲ့ အင်အားနဲ့ ဒဏ်ရာရနေတဲ့ ဆွမ်ဧကရာဇ် တစ်ယောက်ကို မကိုင်တွယ်နိုင်မှာ စိုးရိမ်နေတုန်းပဲလား။”
လီရှင်းဟွိုင်က
“ဆွမ်ဧကရာဇ် ဒဏ်ရာရထားတယ်လို့ ယုံကြည်ပေမဲ့ ဆွမ်ဧကရာဇ်မှာ ဘယ်လို ဝှက်ဖဲတွေ ရှိနေလဲ ဘယ်သူမှ မသိဘူး။ ကျွန်တော်သာ ဂိုဏ်းချုပ် စုကို စည်းရုံးနိုင်ခဲ့ရင် ဆွမ်ဧကရာဇ်မှာ တကယ်ပဲ လှည့်ကွက်တချို့ ရှိနေခဲ့ရင်တောင် အလွယ်တကူ ကိုင်တွယ်နိုင်လောက်တယ်။”
လီရှင်းဟွိုင်၏ စကားကို ကြားသောအခါ စုဟန်ယန်သည် ရယ်မောလိုက်သည်။ လီရှင်းဟွိုင်သည် အမှန်တကယ်ပင် လိမ္မာပါးနပ်စွာ ကစားနေခြင်း ဖြစ်သည်။
သို့သော် ပြောရမည်ဆိုလျှင် အကယ်၍ လီရှင်းဟွိုင် သူမအား ယခင်က ချဉ်းကပ်ခဲ့ပါက သူမ သူနှင့် ပူးပေါင်းရန် အမှန်တကယ် သဘောတူခဲ့ကောင်း တူခဲ့နိုင်ပေသည်။ သူမ လုချန်း၏ ကစားစရာ တစ်ခု မဖြစ်ချင်ခဲ့ပေ။
သို့သော် ယခုတော့ အခြေအနေများက ကွဲပြားသွားခဲ့သည်။ သူမ လုချန်း၏ အင်အားကို ကောင်းစွာသိသည်။ အကယ်၍ သူတို့ အမှန်တကယ် တိုက်ခိုက်ခဲ့လျှင်ပင် လုချန်း၏ နည်းလမ်းများက သူတို့အား အလွယ်တကူ ဖိနှိပ်နိုင်လိမ့်မည် ဖြစ်သည်။
ဟုတ်ပါသည်။ ဒါက အဓိက အကြောင်းပြချက် မဟုတ်သလို ဒုတိယ အကြောင်းပြချက်ပင် မဟုတ်ပါ။ သူမ လုချန်းကို သစ္စာမဖောက်မည့် တကယ့်အကြောင်းပြချက်က ရှိနေသည်။ သူမ သူ့ကို ချစ်မိသွားခဲ့ပြီး သူ့ကို မစွန့်ခွာနိုင်တော့ခြင်းကြောင့် ဖြစ်သည်။
တကယ်တော့ လုချန်းက သူမအား စတေးခံ တစ်ဦးအဖြစ် လေ့ကျင့်ပေးနေခြင်း ဖြစ်နိုင်သည်ဟု သူမ အမြဲ ခံစားခဲ့ရသည်။ ထိုသို့သော အတွေးများ ရှိနေသည့်တိုင် သူမ လုချန်းကို မစွန့်ခွာနိုင်ခဲ့ပေ။ ဤအချက်သည် သူ့ကို တစ်နှစ်ကြာ မတွေ့ခဲ့ရပြီးနောက် ပိုမို သိသာလာသည်။
လုချန်းအပေါ် သူမ၏ လွမ်းဆွတ်မှုသည် မယုံနိုင်လောက်အောင် ပြင်းထန်လာခဲ့သည်။ထိုအချက်က သူ့အပေါ်ထားရှိသော သူမ၏ ခံစားချက်များကို သဘောပေါက်စေခဲ့သည်။
လုချန်းအပေါ်ရှိ သူမ၏ ခံစားချက်များသည် အချစ်နှင့် အမုန်း နှစ်မျိုးလုံး ဖြစ်ခဲ့သည်။ လုချန်း၏ ဆိုးရွားသော ပြုမူပုံကို သူမ မုန်းတီးခဲ့သည်။ သို့သော်လည်း လုချန်းကို ထိခိုက်စေရန် နတ်ဆိုးကျင့်ကြံသူတစ်ဦးနှင့် ပူးပေါင်းဖို့တော့ မဖြစ်နိုင်ပေ။
ဟုတ်ပါသည်။ လီရှင်းဟွိုင်အား ယခုချက်ချင်း ငြင်းပယ်ရန် စုဟန်ယန်၌ အစီအစဉ် မရှိပေ။ ထို့နောက် သူမက ဆက်မေးလိုက်သည်။
“ဂိုဏ်းချုပ်လီက ကျွန်မတစ်ယောက်တည်းကိုပဲ စည်းရုံးဖို့ ကြိုးစားနေတာတော့ မဟုတ်လောက်ဘူးထင်တယ်။”
လီရှင်းဟွိုင်က
“နဂါးနက်ခရိုင်ရဲ့ အင်အားစုတွေထဲက တစ်ဝက်က ကျွန်တော်နဲ့ ပူးပေါင်းဖို့ ရွေးချယ်ပြီးပါပြီ။”
“ဆွမ်ဧကရာဇ်ရဲ့ နတ်လှေက ကျွန်တော်တို့အားလုံး ထျန်းချန်ကမ္ဘာကနေ ထွက်ခွာဖို့ လုံလောက်အောင် ကြီးမားတယ်။”
စုဟန်ယန်က ဆက်လက်၍
“ဂိုဏ်းခေါင်းဆောင် လီက ဘယ်အချိန်မှာ စလှုပ်ရှားဖို့ အစီအစဉ် ရှိလဲ။”
လီရှင်းဟွိုင်က
“ဂိုဏ်းချုပ် စုသာ ကျွန်တော်နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိမယ် ဆိုရင် ဒီလအတွင်းပဲ ရန်ခရိုင်ကို တိုက်ခိုက်နိုင်တယ်။”
စုဟန်ယန်က
“ကောင်းပြီလေ။ ကျွန်မ သဘောတူတယ်။”
စုဟန်ယန် သဘောတူသည်ကို မြင်သောအခါ လီရှင်းဟွိုင်၏ နှုတ်ခမ်းများ အပေါ်သို့ အနည်းငယ် ကွေးတက်သွားခဲ့သည်။ သူက ပြုံးလျက်
“ဂိုဏ်းချုပ် စုက တခြားသူတွေရဲ့ လက်အောက်မှာ ကျရှုံးခံမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိသားပဲ။”
ထိုအခိုက်တွင် စုဟန်ယန်က
“ဒါပေမဲ့ ကျွန်မမှာ နောက်ထပ် အခြေအနေတစ်ခု ရှိသေးတယ်။”
လီရှင်းဟွိုင်က
“ပြောပါ ဂိုဏ်းချုပ် စု။”
စုဟန်ယန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ဆွမ်ဧကရာဇ်က ကျွန်မကို အကြိမ်ကြိမ် စော်ကားခဲ့တယ်။ ကျွန်မကို သူ့ရဲ့ စိတ် ဖျော်ဖြေရာ ကိရိယာတစ်ခုလို သဘောထားခဲ့တယ်။ ကျွန်မ သူ့ကို အစိမ်းလိုက် ဆွဲဖြဲပစ်ချင်နေတာ ကြာလှပြီ။ ဒါကြောင့် ဆွမ်ဧကရာဇ်ရဲ့ အသက်ကို ကျွန်မကိုယ်တိုင် အဆုံးသတ်မယ်။”
လီရှင်းဟွိုင်က
“ကောင်းပြီလေ။ ပြဿနာ မရှိပါဘူး။”
“အခု ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူပြီးပြီ ဆိုတော့ ကျွန်တော် ပြန်လိုက်ဦးမယ်။ သုံးရက်နေရင် ကျွန်တော် အပြောင်းအလဲတစ်ရာ ဂိုဏ်းမှာ အစည်းအဝေးတစ်ခု ကျင်းပမယ်။ ဂိုဏ်းချုပ် စု မဖြစ်မနေ တက်ရောက်ရမယ်။”
လီရှင်းဟွိုင် စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်သည် အနက်ရောင် မြူခိုးအစုအဝေးတစ်ခုအဖြစ် နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့ပြီး ဝါးအိမ်မှ ထွက်ခွာသွားခဲ့သည်။
လီရှင်းဟွိုင် ထွက်ခွာသွားပြီးနောက် စုဟန်ယန်၏ မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူမက ညင်သာစွာ ရယ်မောလိုက်သည်။
“တကယ် မိုက်မဲတာပဲ။”
စုဟန်ယန် စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူမ၏ နောက်မှ ရင်းနှီးသော အသံတစ်ခု ပဲ့တင်ထွက်လာသည်။
“ဘယ်သူက မိုက်မဲတာလဲ။”
စုဟန်ယန်၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ ထိုအသံကို သူမ အလွန် ရင်းနှီးသည်။ သို့သော် သူမ ထိုအသံကို တစ်နှစ်ကြာ မကြားခဲ့ရပေ။
သတိပြန်ဝင်လာသောအခါ စုဟန်ယန် ချက်ချင်း လှည့်ကြည့်လိုက်သည်။ အမှန်တကယ်ပင် သူမ၏ ဝါးအိမ်အတွင်းရှိ ကုတင်ပေါ်တွင် တစ်စောင်း လှဲလျောင်းနေသော လုချန်းကို တွေ့ရှိလိုက်ရသည်။
ထို့နောက် စုဟန်ယန်က
“ရှင် အားလုံး ကြားလိုက်လား။”
လုချန်း စောစောကတည်းက ရောက်ရှိနေခဲ့သည်ဟု စုဟန်ယန် တွေးလိုက်သည်။ ထို့ကြောင့် လီရှင်းဟွိုင်နှင့် သူမ ပြောနေသည်များကို သူ ကြားလိုက်ရမည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် သူမ အတန်ငယ် စိုးရိမ်ပူပန်နေခဲ့သည်။ လုချန်းက သူမ၏ စကားများကို အတည်ယူကာ သူမ လီရှင်းဟွိုင်နှင့် မဟာမိတ်ဖွဲ့ခဲ့သည်ဟု တကယ် ယုံကြည်သွားမည်ကို ကြောက်ရွံ့နေခဲ့သည်။
လုချန်းက ပြုံးလျက် မေးလိုက်သည်။
“ဘာကြားရမှာလဲ။ ကိုယ် ခုလေးတင် ရောက်လာတာ။”
ထိုသို့ ပြောရင်း လုချန်းက ဝါးအိမ်တစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်ပြီး
“ဒီဝါးအိမ်ထဲက နတ်ဆိုးအငွေ့အသက် က တော်တော် ပြင်းထန်တာပဲ။ နတ်ဆိုးကြီးတစ်ကောင် ခုလေးတင် ဒီမှာ ရှိနေခဲ့ပုံပဲ။”
“ကိုယ်က တစ်နှစ်ပဲ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်ခဲ့တာ။ ဂိုဏ်းချုပ် စုက အထီးကျန်တာကို မခံနိုင်ပဲ နတ်ဆိုးကြီး တစ်ကောင်နဲ့ ပနံသင့်နေပြီ။ ဒါက ကိုယ့်ရင်ကို တကယ်ပဲ အေးစက်သွားစေတယ်။”
စုဟန်ယန်က အလျင်အမြန်ပင်
“မင်းကြီး နားလည်မှု လွဲနေပါပြီ။ ကျွန်မ…”
စုဟန်ယန် စကားမဆုံးမီတွင် လုချန်း ရုတ်တရက် သူ၏ လက်ကို မြှောက်လိုက်ကာ သူ၏ စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြု၍ စုဟန်ယန်၏ ခန္ဓာကိုယ်ကို မကာသူမအား သူ၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ဆွဲသွင်းလိုက်သည်။
စုဟန်ယန် တစ်စုံတစ်ခုကို ဆက်လက် ရှင်းပြလိုခဲ့သော်လည်း လုချန်းက သူမအား အခွင့်အရေး မပေးခဲ့ပေ။ သူက အေးစက်စွာဖြင့်
“ဂိုဏ်းချုပ် စု။ ခင်ဗျားရဲ့ အပြစ်ဒဏ်ကို ခံယူဖို့ အဆင်သင့် ဖြစ်ပြီလား။”
“မင်းကြီး။ ကျွန်မ… အွန်း…”
စုဟန်ယန် စကားမဆုံးမီတွင် သူမ၏ နှုတ်ခမ်းများ ပိတ်ဆို့ခြင်း ခံလိုက်ရသည်။ ထို့နောက် ဝါးအိမ်အတွင်း၌ အဝတ်ဖြဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။