← Chapters

ခင်ဗျား ကျွန်တော့်ဆီ ရောက်လာလိမ့်မယ်လို့ ထင်မထားဘူး

Vol. 69 Ch. 1030

ခင်ဗျား ကျွန်တော့်ဆီ ရောက်လာလိမ့်မယ်လို့ ထင်မထားဘူး

Vol. 69 Ch. 1030

လီရှင်းဟွိုင်၏ စကားများ ရပ်တန့်သွားသည်နှင့် နတ်ဆိုးစွမ်းအားများ လုချန်းထံသို့ တိုးဝင်လာခဲ့သည်။

သို့သော် လုချန်း၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု တစ်စုံတစ်ရာ မပြခဲ့ပေ။ သူသည် သူ၏နေရာတွင် တည်ငြိမ်စွာ ထိုင်နေပြီး လီရှင်းဟွိုင်၏ နတ်ဆိုးစွမ်းအားများ ရောက်ရှိလာသည်ကို စောင့်ဆိုင်းနေ၏။

အခြားဂိုဏ်းများမှ လူတိုင်းက လုချန်း သေဆုံးတော့မည်ဟု ထင်မှတ်နေချိန်တွင် လီရှင်းဟွိုင်၏ နတ်ဆိုးစွမ်းအားများသည် အတားအဆီး တစ်မျိုးမျိုးနှင့် ကြုံတွေ့ရပုံရပြီး လုချန်းထံသို့ ဆက်လက်တိုးကပ်နိုင်ခြင်း မရှိတော့ချေ။

ဒါက...

သူ၏ နတ်ဆိုးစွမ်းအားများ လုချန်း၏ ရှေ့မှောက်တွင် ရပ်တန့်သွားသည်ကို မြင်သောအခါ လီရှင်းဟွိုင် လုံးဝ အံ့အားသင့်သွား၏။

ဘာတွေဖြစ်နေတာလဲ။

ဘာလို့ ငါ့ရဲ့ နတ်ဆိုးစွမ်းအားက ဒီလူကို အန္တရာယ် မပေးနိုင်ရတာလဲ။

လီရှင်းဟွိုင်သည် ယခုလေးတင် အသေသတ်ရန် တိုက်ခိုက်ခဲ့သည်။ သူ ညှာတာနေမှာ မဟုတ်တာ ထင်ရှားသည်။ ထို့ကြောင့် ရှိနေသူတိုင်းလည်း ကြက်သေသေသွားကြသည်။

ယခုအခါ နတ်ဆိုးစွမ်းအားများသည် ထိုလူ၏ ရှေ့တွင် ဆက်မတိုးနိုင်ဖြစ်နေသည်။ လုချန်းက ၎င်းကိုတားဆီးရန် နည်းလမ်းတစ်ခုခု အသုံးပြုခဲ့သည်မှာ သိသာထင်ရှားလှသည်။

မြူခိုးမှော်ဂိုဏ်းမှာ နတ်ဆိုးစွမ်းအားရဲ့ တိုက်ခိုက်မှုကို တွန်းလှန်နိုင်တဲ့သူ တကယ်ရှိနေတာလား။

ဤအခိုက်အတန့်တွင် လီရှင်းဟွိုင် ပို၍ စိတ်ပျက်လာသည်။ သူ၏ စိတ်ထဲမှ ထိတ်လန့်သော ခံစားချက်သည်လည်း ပိုမို အားကောင်းလာသည်။

“ခင်ဗျား ဘယ်သူလဲ။”

လုချန်းက လီရှင်းဟွိုင်၏ မေးခွန်းကို ပြန်မဖြေပဲ ပြန်လည် မေးခွန်းထုတ်လိုက်သည်။

“ခင်ဗျားရဲ့ ကောင်းကင်နတ်ဆိုး စွမ်းအားက ဘယ်ကလာတယ်ဆိုတာ ကျွန်တော့်ကို မပြောရသေးဘူး။ ထျန်းချန်ကမ္ဘာမှာတော့ ကောင်းကင်နတ်ဆိုးတွေ မရှိတာ သေချာတယ်။ ခင်ဗျား လိမ်ညာနေတာတော့ မဟုတ်ပါဘူးနော်။”

လုချန်း၏ မယုံကြည်ဟန်ကို မြင်သော် လီရှင်းဟွိုင်က မထီမဲ့မြင် ပြုံးလိုက်သည်။ ထို့နောက်

“ကျုပ်ခန္ဓာကိုယ်ထဲက ကောင်းကင်နတ်ဆိုး စွမ်းအားက ထျန်းချန်ကမ္ဘာက လာတယ်လို့ တစ်ခါမှ မပြောခဲ့ဘူး။”

ထို့နောက် လုချန်းက တည်ငြိမ်စွာဖြင့်

“ထျန်းချန်ကမ္ဘာက မဟုတ်ဘူးဆိုရင် အိမ်နီးချင်း ကျိယန်ကမ္ဘာက ဖြစ်ရမှာပေါ့။ ဂိုဏ်းချုပ်လီက ကျိယန်ကမ္ဘာက ရန်သူတွေနဲ့ ပူးပေါင်းနေလိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့ဘူး။”

ထိုအရာကို ကြားလိုက်ရသောအခါ လီရှင်းဟွိုင် တုန်လှုပ်သွား၏။

ထို့နောက် သူက အေးစက်စွာဖြင့်

“ခင်ဗျား ဘယ်သူလဲ။”

သူ စကားပြောနေစဉ်တွင် လီရှင်းဟွိုင်၏ ပတ်ပတ်လည်မှ နတ်ဆိုးစွမ်းအားများ လှိုင်းထန်လာသည်။ ထိုဖိအားကြောင့် ရှိနေသော ကျင့်ကြံသူများပင် အသက်ရှူရ ခက်ခဲလာကြသည်။

လီရှင်းဟွိုင်၏ ပြင်းထန်သော တုံ့ပြန်မှုကို မြင်သောအခါ လုချန်း ဆက်လက် ဟန်ဆောင်မနေတော့ပေ။ ထိုတုံ့ပြန်မှုက လီရှင်းဟွိုင်၏ နတ်ဆိုးစွမ်းအားသည် ကျိယန်ကမ္ဘာမှ လာကြောင်း အတည်ပြုလိုက်သကဲ့သို့ ဖြစ်၏။

ထို့အတူ ကောင်းကင်နတ်ဆိုး ကျိယန်ကမ္ဘာတွင် ရှိနေကြောင်း အတည်ပြုသလိုလည်းဖြစ်သည်။ ထို့ကြောင့် လီရှင်းဟွိုင်သည် နောက်ထပ် အသုံးမဝင်တော့ပေ။ ထို့နောက် လုချန်းက ယင်ယန်မှန်ကို ထိန်းချုပ်ကာ သူ၏ မူလရုပ်သွင်သို့ ပြန်လည် ပြောင်းလဲလိုက်သည်။

လုချန်း၏ ရုပ်သွင် ပေါ်ထွက်လာသည်နှင့် ရှိနေသူများ တုန်လှုပ်သွားကြသည်။

“ဆွမ်ဧကရာဇ်။ ဒါ ဆွမ်ဧကရာဇ်ပဲ။”

“ဒုက္ခတော့ ရောက်ပြီ။ ကျွန်တော်တို့ အလှည့်စား ခံလိုက်ရပြီ။”

“ဆွမ်ဧကရာဇ် ဒီနေရာကို ရောက်နေတယ်။”

လုချန်း ဖြစ်နေသည်ကို မြင်သောအခါ လီရှင်းဟွိုင် ခဏခန့် ရပ်တန့်သွားသည်။ ထို့နောက် သူက ကျယ်လောင်စွာ ရယ်မောလိုက်ကာ

“ကျုပ်က ခင်ဗျားကို ခဏလောက် ဆက်ထားမလို့ ကြံစည်ထားတာ။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ဆီ ဒီလိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။”

လုချန်းက ပြုံးလျက်

“ခင်ဗျားနောက်မှာ ကောင်းကင်နတ်ဆိုးရဲ့ ထောက်ပံ့မှု ရှိနေတယ်ဆိုရင်တောင် ဂိုဏ်းချုပ်လီက ကျွန်တော့်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မယ်လို့ တကယ် ထင်နေတာလား။”

လီရှင်းဟွိုင်က နှာခေါင်းရှုံ့ကာ

“ခင်ဗျားရဲ့ ပြိုင်ဘက် ဟုတ်မဟုတ်ဆိုတာကတော့ တိုက်ခိုက်ကြည့်ပြီးတာနဲ့ သိသွားမှာပါ။”

ပြောနေရင်းပင် လီရှင်းဟွိုင်၏ နတ်ဆိုးစွမ်းအားများ ချက်ချင်း လှုပ်ရှားလာကာ လုချန်းအား တိုက်ခိုက်သည်။ လုချန်းလည်း အချိန်ပို မဖြုန်းလိုတော့ပဲ နတ်ဆိုးနှင်အလံကို တိုက်ရိုက် ထုတ်ယူလိုက်သည်။

နတ်ဆိုးနှင်အလံ ပေါ်ထွက်လာသည်နှင့် ခန်းမတစ်ခုလုံးရှိ နတ်ဆိုးစွမ်းအားများ ချက်ချင်း သန့်စင်သွား၏။ နတ်ဆိုးနှင်အလံ၏ ရွှေရောင်အလင်းတန်းက လီရှင်းဟွိုင်အပေါ်သို့ ကျရောက်သောအခါ သူ၏ ခန္ဓာကိုယ်ထဲတွင် ပြင်းထန်သော နာကျင်မှုတစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။

လုချန်းသည် နတ်ဆိုးစွမ်းအားကို ထိန်းချုပ်နိုင်သည့် အစွမ်းထက်ပစ္စည်းတစ်ခု ပိုင်ဆိုင်ထားသောကြောင့် သူ့အား တိုက်ရိုက် ရင်ဆိုင်ရဲခြင်း ဖြစ်ကြောင်း လီရှင်းဟွိုင် နောက်ဆုံးတွင် နားလည်သွားသည်။

ထို့နောက် လီရှင်းဟွိုင်က ရှိနေသူ အားလုံးကို လှမ်းပြောလိုက်သည်။

“ဆွမ်ဧကရာဇ် ရောက်နေပြီ။ ကျွန်တော်တို့အားလုံး ပူးပေါင်းပြီး သူ့ကို နှိမ်နင်းကြတာပေါ့။”

လီရှင်းဟွိုင်၏ စကားများ ဆုံးသည်နှင့် စုဟန်ယန်နှင့် မြူခိုးမှော်ဂိုဏ်း၏ အကြီးအကဲများ ချက်ချင်း မတ်တပ်ရပ်လိုက်ကြသည်။ ထို့နောက် စုဟန်ယန်သည် ရှိနေသော ဂိုဏ်းချုပ်များနှင့် အကြီးအကဲများထံသို့ တိုက်ရိုက် ပြေးဝင်သွားသည်။

စုဟန်ယန်က မျက်နှာသေဖြင့်

“လူကြီးမင်းတို့ကို စိတ်ပျက်စေမိပြီ ထင်ပါတယ်။ ကျွန်မက ဆွမ်ဧကရာဇ်ရဲ့ မိန်းမပါ။ သူ့ကို သစ္စာဖောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

ထိုအရာကို ကြားလိုက်ရသောအခါ ရှိနေသူတိုင်း၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။ ဆွမ်ဧကရာဇ် ကိုယ်တိုင်က ဥပဒေနိယာမ အလုံးစုံ နယ်ပယ်၏ အင်အားကို ပိုင်ဆိုင်ထားသည်။ ယခုအခါ ဥပဒေနိယာမ အလုံးစုံ နယ်ပယ်မှ နောက်ထပ် အင်အားကြီးသူတစ်ဦးဖြစ်သည့် စုဟန်ယန်လည်း ရှိနေသည်။

ထို့ပြင် လီရှင်းဟွိုင်သည် ဆွမ်ဧကရာဇ်၏ ဖိနှိပ်မှုကို ခံနေရသည်။ သို့ဖြစ်ရာ သူတို့တွင် ယခု အနိုင်ရရန် အခွင့်အရေး လုံးဝ မရှိတော့ချေ။

တစ်ခဏချင်းတွင် ရှိနေသူများလည်း ချက်ချင်း ထွက်ပြေးရန် ရွေးချယ်လိုက်ကြသည်။

စုဟန်ယန်က‌တော့ သူတို့အား ထွက်ပြေးခွင့်ပေးရန် ရည်ရွယ်ချက်ရှိပုံ မပေါ်ပေ။ သူမက လျှပ်တပြက်အတွင်း ‘မြူခိုးအရိပ်’ ကို ချက်ချင်း အသုံးပြုလိုက်သည်။ ခဏအကြာတွင် ခန်းမတစ်ခုလုံး ခရမ်းရောင် မြူခိုးများဖြင့် ဖုံးလွှမ်းသွားသည်။

ထို့နောက် စုဟန်ယန် သတ်ဖြတ်မှုများကို စတင်ခဲ့သည်။ မကြာမီပင် ခန်းမထဲရှိ ကျင့်ကြံသူ အများအပြား သေဆုံးသွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်သောအခါ လီရှင်းဟွိုင်သည် သူ၏ကောင်းကင်နတ်ဆိုး စွမ်းအားကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူက

“ခင်ဗျား ကောင်းကင်နတ်ဆိုး စွမ်းအားကို အပြည့်အဝ တွန်းလှန်နိုင်မယ်လို့ ကျုပ် မယုံဘူး။”

ထို့နောက် ချက်ချင်းပင် လီရှင်းဟွိုင်၏ နောက်ကျောမှ အနက်ရောင် မြူခိုးလက်တစ်စုံ ထွက်ပေါ်လာကာ လုချန်းထံသို့ တည့်တည့် လှမ်းလာသည်။ လုချန်းကလည်း နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကို ချက်ချင်း အသက်သွင်းလိုက်ပြီး သူ၏ နတ်ဆိုးနှင်အလံကို နောက်တစ်ကြိမ် လှုံ့ဆော်လိုက်သည်။

နတ်ဆိုးနှင်အလံဆီမှ ချက်ချင်းပင် စူးရှသော ရွှေရောင်အလင်းတန်းများ ထွက်‌ပေါ်လာကာ ကောင်းကင်နတ်ဆိုး စွမ်းအားများ စုစည်းမှုဖြင့် ဖွဲ့စည်းထားသော လက်များသည် ထိုအလင်းတန်းကြောင့် ကြေမွသွားသည်။

ဤမြင်ကွင်းကို မြင်သောအခါ လီရှင်းဟွိုင်၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်နေသော အမူအရာတစ်ခု ပေါ်လာသည်။

“မ... မဖြစ်နိုင်ဘူး...”

“ဒါက ကောင်းကင်နတ်ဆိုး စွမ်းအား။”

“ဘယ်ကျင့်ကြံသူက ကောင်းကင်နတ်ဆိုး စွမ်းအားကို အပြည့်အဝ ကြံ့ကြံ့ခံနိုင်မှာလဲ။”

ကောင်းကင်နတ်ဆိုးသည် ကျင့်ကြံသူအားလုံး၏ ရန်သူ ဖြစ်၏။ ကောင်းကင်နတ်ဆိုးနှင့် ရင်ဆိုင်ရပါက ကျင့်ကြံသူအများစု ကြောက်ရွံ့ကြသည်။ အားနည်းသော ကောင်းကင်နတ်ဆိုးနှင့် ရင်ဆိုင်ရသည့်တိုင် ထွက်ပြေးရုံသာ တတ်နိုင်ကြသည်။ အကောင်းဆုံးအနေဖြင့် ကျင့်ကြံသူတို့သည် အချို့သော နည်းဗျူဟာ ပုံစံများဖြင့် ကောင်းကင်နတ်ဆိုးကို ချိတ်ပိတ်ထားရုံသာ တတ်နိုင်သည်။

လီရှင်းဟွိုင်သည် ကောင်းကင်နတ်ဆိုးဘက်တွင် ရပ်တည်ခဲ့ပြီး ၎င်း၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ထျန်းချန်ကမ္ဘာရှိ မည်သည့် ကျင့်ကြံသူမှ သူ၏ ပြိုင်ဘက် ဖြစ်မည် မဟုတ်ဟု သူ ထင်မှတ်ထားခဲ့သည်။ ဆွမ်ဧကရာဇ်က ကောင်းကင်နတ်ဆိုး စွမ်းအားကို တန်ပြန်နိုင်လိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

နတ်ဆိုးစွမ်းအားက စိတ်ဝိညာဉ် စွမ်းအားကို ဖိနှိပ်ရမှာ မဟုတ်ဘူးလား။

ကျင့်ကြံသူတွေက ကောင်းကင်နတ်ဆိုးအတွက် အစာသက်သက်ပဲ မဟုတ်ဘူးလား။

ဘာလို့ သူ့ဆီက ကောင်းကင်နတ်ဆိုး စွမ်းအားက လုချန်းအပေါ်မှာ ဘာအကျိုးသက်ရောက်မှုမှ မရှိရတာလဲ။

လုချန်းမှာ နတ်ဆိုးစွမ်းအားကို တွန်းလှန်နိုင်တဲ့ ရတနာတွေ ရှိရင်တောင် ကောင်းကင်နတ်ဆိုး စွမ်းအားကို လုံးဝ ကြံ့ကြံ့ခံနိုင်စွမ်း မရှိသင့်ပေ။

သူ အသက်ရှင် လွတ်မြောက်နိုင်တော့မည် မဟုတ်ကြောင်း လီရှင်းဟွိုင် သဘောပေါက်သွားသည်။ ထို့‌ကြောင့်လီရှင်းဟွိုင်လည်း သူ၏ အတွင်းမှ ကောင်းကင်နတ်ဆိုး စွမ်းအားကို နောက်တစ်ကြိမ် ဆင့်ခေါ်လိုက်သည်။ ထို့နောက်

“ကောင်းကင်နတ်ဆိုးမင်း ကျွန်တော့်ကို ကယ်ပါ။”

ဟု အော်ဟစ်လိုက်သည်။

လီရှင်းဟွိုင်၏ စကားများ ဆုံးသွားသည်နှင့် မိုးကောင်းကင်မှ အနက်ရောင် စွမ်းအားစီးကြောင်းတစ်ခု ရုတ်တရက် ကျဆင်းလာသည်။ ၎င်းသည် ခန်းမ၏ အမိုးကို ထိုးဖောက်ကာ လီရှင်းဟွိုင်ထံသို့ သွန်လောင်း ဝင်ရောက်သွားသည်။

လုချန်းသည် အနက်ရောင် စွမ်းအားကြောင့် သူ၏ တိုက်ခိုက်မှုကို မရပ်တန့်ခဲ့ပေ။ သူက သူ၏ နတ်ဆိုးနှင်အလံကို နောက်တစ်ကြိမ် လှုံ့ဆော်လိုက်သည်။ ထို့နောက် သူ၏ စနစ် သိုလှောင်နေရာထဲမှ လူသတ်လှံကို ထုတ်ယူလိုက် ပြီးနောက် အလင်းအရိပ် လှုပ်ရှားမှုဖြင့် လီရှင်းဟွိုင်၏ နောက်သို့ ရောက်ရှိသွားသည်။

လီရှင်းဟွိုင် ကမန်းကတန်း လှည့်လာပြီး သူ၏ လက်ဝါးဖြင့် လုချန်းကို ရိုက်ထုတ်လိုက်သည်။ သို့သော် သူ ထုတ်လွှတ်လိုက်သော နတ်ဆိုးစွမ်းအားသည် လုချန်းကို မထိတွေ့မီမှာပင် ပျောက်ကွယ်သွားပြီးက လုချန်းးက သူ၏ လှံဖြင့် လီရှင်းဟွိုင်၏ ခန္ဓာကိုယ်ကို ချက်ချင်း ထိုးစိုက်လိုက်‌တော့သည်။

နတ်ဆိုးစွမ်းအားများသည် ရေလွှတ်ပေါက်တစ်ခု ရှာတွေ့သွားသကဲ့သို့ လီရှင်းဟွိုင်၏ ရင်ဘတ်မှ ဒလဟော ထွက်ကျလာသည်။

ထိုစွမ်းအားများသည် အသိစိတ် ရှိနေသကဲ့သို့ ဖြစ်နေသည်။ ၎င်းတို့သည် ထွက်ပြေးရန် ကြိုးစားနေပုံဖြင့် ကောင်းကင်ထက်သို့ တိုက်ရိုက် ပျံသန်းသွားသည်။

ထိုမြင်ကွင်းကို မြင်သောအခါ လုချန်းက ရယ်လိုက်သည်။

“ခင်ဗျား ဒီလောက်ထိ ရောက်အောင် လာပြီးမှ ထွက်ပြေးလို့ ရမယ် ထင်နေတာလား။”

ဆက်လက်၍ လုချန်း နတ်ဆိုးနှင်အလံကို နောက်တစ်ကြိမ် အသက်သွင်းလိုက်သည်။ ထိုအခါ အလံထဲမှ မရေမတွက်နိုင်သော ခရမ်းရောင် အလင်းလှိုင်းများကို ထွက်ပေါ်လာသည်။

အလင်းလှိုင်းများ အနက်ရောင် နတ်ဆိုးစွမ်းအားများကို ထိတွေ့လိုက်သည်နှင့် ထိုစွမ်းအားများသည် သန့်စင်ခံလိုက်ရသကဲ့သို့ အငွေ့ပျံလာသည်။ ထို့နောက် အလွန် တိုတောင်းသော အချိန်အတွင်း ပျောက်ကွယ်သွားသည်။

လုချန်းက လီရှင်းဟွိုင်၏ ခန္ဓာကိုယ်မှ လူသတ်လှံကို ပြန်လည် ထုတ်ယူလိုက်ရာ လီရှင်းဟွိုင်လည်း မျက်လုံးများ ပြူးကျယ်လျက် မြေပြင်ပေါ်သို့ လဲကျသွား၏။ သူ သေဆုံးသည့်အချိန်တွင် အလွန် စိတ်မကျေမနပ် ဖြစ်နေပုံရသည်။

ထိုအချိန်တွင် ဂိုဏ်းအဖွဲ့အစည်း အသီးသီးမှ အကြီးအကဲများလည်း လက်နက်ချခွင့်ပြုရန် အော်ဟစ် တောင်းပန်လာကြသည်။ သို့သော် လုချန်း သူတို့အား ဤအခွင့်အရေးကို မပေးတော့ပေ။

သူတို့အား နမူနာအဖြစ် ပြသရမည်ဖြစ်သည်။ ထို့ကြောင့် သူ့ဘက်မှ သနားညှာတာမှု မပြနိုင်ခဲ့ပေ။ သူ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်တိုင်း အချို့က ပုန်ကန်မည်ဆိုပါက အမှန်တကယ် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှသည်။

ထို့ကြောင့် နောက်ထပ်ကြိုးစားမှုများကိုတားဆီးရန် ပုန်ကန်ရန် ရည်ရွယ်ခဲ့သူများထဲမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ အသက်ချမ်းသာ မပေးနိုင်ပါ။

မကြာမီတွင် ပုန်ကန်ရန် ရည်ရွယ်ခဲ့သော ထိုအင်အားစုများကို လုချန်းနှင့် စုဟန်ယန်တို့က လုံးဝ ရှင်းလင်း သုတ်သင်လိုက်သည်။ သို့သော်လည်း ကိစ္စက ထိုမျှနှင့် မပြီးသေး ပေ။

ယခု ဖြေရှင်းပြီးသူများသည် ခေါင်းဆောင်များနှင့် အကြီးအကဲများသာ ဖြစ်သည်။ ၎င်းတို့သည် ထိုအဖွဲ့အစည်းများ၏ အထက်ပိုင်းလွှာမျှသာ ဖြစ်သည်။

ထို့နောက် ပုန်ကန်မှုတွင် ပါဝင်သော အင်အားစုအားလုံးကို ရှင်းလင်း သုတ်သင်ရန် တန်ခိုးရှင် တစ်သောင်းဂိုဏ်းအား လုချန်း အမိန့်ပေးလိုက်သည်။

All Chapters