ကျိချိုးယု၏ စိတ်ကူး
Vol. 70 Ch. 1036
လုချန်းသာ လနက်မြို့တွင် နေထိုင်မည်ဆိုပါက ယခုမှစ၍ လနက်မြို့သည် နတ်ဆိုးဒီရေကို ကြောက်ရွံ့စရာ မလိုတော့ဟု တွေးမိသည်နှင့် လနက်မြို့မှ စစ်သားများ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာကြပြီး လုချန်းအား ဖမ်းချုပ်ထားလိုက်ချင်ကြသကဲ့သို့ ဖြစ်သွား၏။
ထိုအချိန်တွင် ကျိချိုးယု၌လည်း ထိုအတွေးမျိုး ရှိနေခဲ့သည်။
သူမ လနက်မြို့၏ မြို့သခင် ဖြစ်လာခဲ့ပြီးနောက် ယခုလို အခြေအနေမျိုးနှင့် ကြုံတွေ့ရခြင်းက ပထမဆုံးအကြိမ် ဖြစ်၏။
လူတစ်ဦးတည်းက မြို့တစ်မြို့ကို ကာကွယ်ခဲ့ခြင်း ဖြစ်သည်။ လုချန်းသည် နတ်ဆိုးများ၏ ရန်သူတော်ကြီး ဖြစ်ကြောင်း ရှင်းလင်းနေ၏။
သူ အဘယ်ကြောင့် နတ်ဆိုးများကို မောင်းထုတ်နိုင်သည်ကို သူမ မသိသော်လည်း သူသာ လနက်မြို့တွင် နေထိုင်မည်ဆိုပါက အနာဂတ် နတ်ဆိုးဒီရေများသည် ကိုင်တွယ်ရန် ထိုမျှ ခက်ခဲတော့မည် မဟုတ်ပေ။
နတ်ဆိုးများ လှုပ်ရှားမှု မရှိတော့သည်ကို မြင်ပြီးနောက် လုချန်း ကျိချိုးယုထံသို့ လှည့်ကြည့်လိုက်ရာ ကျိချိုးယု၏ လှပသော မျက်လုံးများက သူ့အား စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
လုချန်း ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
ထို့နောက် သူသည် စနစ်ကို အသုံးပြု၍ ကျိချိုးယု၏ နှစ်သက်မှုကို စစ်ဆေးကြည့်ရာ သူ့အပေါ်ရှိ သူမ၏ နှစ်သက်မှုသည် ရှစ်ဆယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူရဲကောင်းလုပ်၍ အလှမယ်ကို ကယ်တင်သည့် ဤနည်းလမ်းသည် မိန်းကလေး အများစုအပေါ်တွင် အမှန်တကယ် အကျိုးသက်ရောက်မှု ရှိသည်ဟု ဆိုရပေမည်။
ကျိချိုးယု သတိပြန်ဝင်လာပြီးနောက် သူမက ချက်ချင်းပင် လုချန်း၏ ဘေးသို့ သွားပြီး
“ကျင့်ကြံသူလု။ ရှင်က တကယ်ပဲ အထင်ကြီးစရာကောင်းတာပဲ။ နတ်ဆိုးဒီရေကို လွယ်လွယ်ကူကူ တွန်းလှန်နိုင်ခဲ့တယ်။”
လုချန်းက ပြုံးလျက်
“ဒီနတ်ဆိုးတွေ ဒီလောက် အားနည်းမယ်လို့ ကျွန်တော် မထင်ခဲ့ဘူး။ ဒီနေ့ ကျွန်တော် ဒီနေရာမှာပဲ အသက်ဆုံးသွားမလားလို့တောင် ထင်မိတာ။”
လုချန်း၏ စကားကို ကြားသောအခါ ကျိချိုးယု၏ မျက်ခွံများ အနည်းငယ် တွန့်သွားသည်။
အလွန် အားနည်းတယ်တဲ့လား။
လုချန်းက ဤနတ်ဆိုးများကို အားနည်းသည်ဟု အမှန်တကယ် ထင်နေတာလား။
ဟုတ်ပါသည်။ သူ့အတွက်တော့ ဤနတ်ဆိုးများက အမှန်တကယ်ပင် ထိုမျှ အင်အားမကြီးပေ။
သူသည် ဓားကွက် တစ်ကွက်တည်းဖြင့် နတ်ဆိုး သိန်းပေါင်းများစွာကို ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်သည်။ နတ်ဆိုးများ၏ အင်အားသည် သူ၏ ရှေ့မှောက်တွင် အမှန်တကယ်ပင် ဘာမှ မဟုတ်ခဲ့ချေ။
ကျိချိုးယုက
“ကျင့်ကြံသူလုက နတ်ဆိုးတွေကို ဒီလောက် လွယ်လွယ်ကူကူ ချေမှုန်းဖို့ ဘယ်လို ဓားသိုင်းပညာမျိုးကို အသုံးပြုခဲ့လဲဆိုတာ ကျွန်မ နည်းနည်း သိချင်မိတယ်။”
လုချန်းက
“ဒါက ကျွန်တော့်တို့ဂိုဏ်းက လက်ဆင့်ကမ်းလာတဲ့ ဓားသိုင်းပညာပါ။ အပြင်လူတွေကို ထုတ်ဖော်ပြောလို့ မရပါဘူး။”
ကျိချိုးယု အနည်းငယ် စိတ်ပျက်သွားသည်။
လုချန်း၏ ဓားသိုင်းပညာကို အခြားသူများထံ လက်ဆင့်ကမ်းနိုင်မည် ဆိုပါက အနာဂတ်တွင် နတ်ဆိုးများကို ကိုင်တွယ်ရန် ပိုမို လွယ်ကူသွားမည်ဟု သူမ တွေးနေမိခြင်းဖြစ်သည်။
သို့သော် ဂိုဏ်းများ၏ ကျင့်စဉ်နည်းလမ်းများကို ယေဘုယျအားဖြင့် အပြင်လူများအား ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိသည်ကိုလည်း သူမ နားလည်သည်။
လုချန်း၏ ဓားသိုင်းပညာသည် နတ်ဆိုးများအပေါ် ဤမျှ အစွမ်းထက်သော အကျိုးသက်ရောက်မှု ရှိနေသည်ကို ထောက်ရှုပါက ထိုဓားပညာသည် အလွန်အစွမ်းထက်ရမည်ဖြစ်သည်။ လုချန်းက ၎င်းကို အလွယ်တကူ ပေးအပ်ဖို့ဆိုတာက ပို၍ပင် မဖြစ်နိုင်ပေ။
သို့သော် သူမ ဒီအတိုင်း လက်လျှော့ရန် အစီအစဉ် မရှိခဲ့ချေ။
ဤဓားပညာသည် သူတို့အတွက် အလွန် အသုံးဝင်လှသဖြင့် လုချန်းထံမှ ထိုဓားပညာကို လှည့်ဖြားရယူရန် နည်းလမ်းအချို့ အသုံးပြုရင် ကောင်းမလားဟု သူမ တွေးတောနေခဲ့ပြီး ဖြစ်သည်။
ကျိချိုးယု မသိခဲ့သည့် အချက်က လုချန်း နတ်ဆိုးများကို ဤမျှ လွယ်ကူစွာ ချေမှုန်းနိုင်ခြင်းသည် အဓိကအားဖြင့် ဓားပညာကြောင့် မဟုတ်ပဲ နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကြောင့် ဖြစ်သည်ဟူသည့် အချက်ဖြစ်သည်။
လုချန်း ကျင့်ကြံခဲ့သော ရေခဲရှစ်ဆင့် ဓားသိုင်းသည် ကောင်းကင်အဆင့် ဓားသိုင်းပညာ ဖြစ်သဖြင့် အမှန်တကယ်ပင် အလွန် အဆင့်မြင့်သော်လည်း နတ်ဆိုးမြေမြုပ်ကျင့်စဉ်၏ အကူအညီသာ မရခဲ့ပါက လုချန်း ထုတ်လွှတ်လိုက်သော ဓားစွမ်းအားသည် နတ်ဆိုးများအပေါ် ဤမျှ ကြီးမားသော သက်ရောက်မှု ဖြစ်စေနိုင်မည် မဟုတ်ပေ။
ကျိချိုးယု စကားထပ်ပြောမည် ပြုစဉ်မှာပင် ဗိုလ်ချုပ်တစ်ဦး ကျိချိုးယု၏ ရှေ့မှောက်သို့ ရောက်လာပြီး
“မြို့သခင်။ ဗိုလ်ချုပ်ပိုင် ထွက်ပြေးသွားပါပြီ။”
ထိုသို့ ကြားသောအခါ ကျိချိုးယု နောက်ဆုံးတွင် သတိဝင်လာပြီး ပိုင်ဝမ်ပင်းကို အတန်ကြာကတည်းက မတွေ့မိခဲ့သည်ကို သတိရလာသည်။
ထို့နောက် ကျိချိုးယုက
“သူ ဘယ်တုန်းက ထွက်သွားတာလဲ။”
ဗိုလ်ချုပ်က
“ဒုတိယ နတ်ဆိုးဒီရေလှိုင်း ပေါ်လာတဲ့အချိန်မှာ ဗိုလ်ချုပ်ပိုင် ထွက်သွားတာပါ”
ကျိချိုးယုသည် ထိုအပေါ် တွင်များစွာ အာရုံမစိုက်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူမသည် ပိုင်ဝမ်ပင်းအပေါ် အားကိုးနေခဲ့ခြင်း မဟုတ်ပေ။
ပိုင်ဝမ်ပင်း မည်သို့သော လူစားမျိုး ဖြစ်သည်ကို သူမ အခြားသူများထက် ပိုသိ၏။
ကျိချိုးယုက ခပ်ပေါ့ပေါ့ပင်
“သူ ထွက်ပြေးသွားရင်လည်း ပြေးသွားပါစေ”
ထိုသို့ ဆိုပြီးနောက် ပိုင်ဝမ်ပင်း ချန်ထားခဲ့သော စစ်သားများအား ကျိချိုးယု လှမ်းကြည့်လိုက်သည်။
ပိုင်ဝမ်ပင်း ထွက်ပြေးသွားခဲ့သော်လည်း သူ ခေါ်ဆောင်လာခဲ့သော စစ်သားများသည် ရှေ့တန်းတွင် ရှိနေဆဲ ဖြစ်သဖြင့် အနည်းငယ် အထောက်အကူပြုသည်ဟု ယူဆနိုင်သည်။
…….
တစ်ချိန်တည်းမှာပင်။
ပိုင်ဝမ်ပင်းသည် မိုးပျံလှေတစ်စင်း၏ ကုန်းပတ်ပေါ်တွင် ရှိနေပြီး အဝေးရှိ ချိပ်ပိတ်နတ်ဆိုးနယ်မြေများဘက်မှ တက်လာသော နတ်ဆိုးစွမ်းအားများ တဖြည်းဖြည်း ပိုမို သိပ်သည်းလာသည်ကို ကြည့်နေသည်။
လနက်မြို့ ယခုအချိန်တွင် ကျဆုံးသွားလောက်ပြီဟု ပိုင်ဝမ်ပင်း တွေးမိကာ သူ၏ စိတ်နှလုံး တုန်လှုပ်ခြောက်ခြားသွားသည်။
ထိုအခိုက်တွင် မိုးပျံလှေတစ်စင်း အဝေးမှ ပျံသန်းလာသည်။
မိုးပျံလှေကို မောင်းနှင်လာသူမှာ သူ၏ လက်အောက်ငယ်သားများထဲမှ တစ်ဦး ဖြစ်သည်။
သူသည် အစောပိုင်းက အလွန် အလျင်စလို ထွက်ပြေးလာခဲ့ရာ သူ၏ လက်အောက်ငယ်သားများ အားလုံးကို ချန်ထားခဲ့သည်။
မကြာမီ လူတစ်ဦးသည် မျက်နှာချင်းဆိုင် မိုးပျံလှေပေါ်မှ ပျံသန်းလာပြီး ပိုင်ဝမ်ပင်းအား
“တပ်မှူးပိုင်။ သတင်းကောင်း ရှိပါတယ်။”
သူ၏ လက်အောက်ငယ်သား၏ စကားကို ကြားပြီးနောက် ပိုင်ဝမ်ပင်းသည် ခဏခန့် ကြက်သေသေသွားသည်။
သတင်းကောင်းလား။
ဤအချိန်တွင် ဘယ်လို သတင်းကောင်း ရှိနိုင်မည်နည်း။
ထို့နောက် ပိုင်ဝမ်ပင်းက
“ဘာသတင်းကောင်းလဲ”
လက်အောက်ငယ်သားက
“လနက်မြို့က နတ်ဆိုးဒီရေ အကျပ်အတည်းကို ဖြေရှင်းပြီးပါပြီ။ ပြီးတော့ အဲဒီ နတ်ဆိုးသတ္တဝါတွေအားလုံး နတ်ဆိုးချိပ်ပိတ်နယ်မြေတွေဆီကို ပြန်ဆုတ်ခွာသွားကြပါပြီ။”
ဟမ်။
ထိုသို့ ကြားသောအခါ ပိုင်ဝမ်ပင်း လုံးဝ ကြက်သေသေသွားသည်။
အကျပ်အတည်းက ဤအတိုင်း ဖြေရှင်းပြီးသွားခဲ့ပြီလား။
ဒီလောက်တောင် မြန်လား။
လနက်မြို့က နတ်ဆိုးသတ္တဝါ လွှမ်းမိုးတာကိုခံနေရပြီ မဟုတ်လား။
ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ။
ထို့နောက် ပိုင်ဝမ်ပင်းက
“အဲဒီ နတ်ဆိုးသတ္တဝါတွေက မြို့ကိုဆက်မတိုက်ခိုက်ခဲ့ဘူးလား။”
လက်အောက်ငယ်သားက
“အဲ့ဒီလိုတော့ မဟုတ်ပါဘူး။ ဒါတွေအားလုံးက မြို့သခင်ကျိ ဖိတ်ခေါ်ထားတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူကြောင့်ပါ။ အဲဒီ ကျင့်ကြံသူက အရမ်းအစွမ်းထက်ပါတယ်။ ဓားချက်တစ်ချက်တည်းနဲ့ နတ်ဆိုး သိန်းပေါင်းများစွာကို ချေမှုန်းနိုင်ခဲ့တယ်။ ကျန်တဲ့မိစ္ဆာတွေလည်း သူ့ကြောင့် ကြောက်လန့်ပြီး နတ်ဆိုးချိပ်ပိတ်နယ်မြေတွေဆီကို ပြန်ဆုတ်ခွာသွားကြတာပါ။”
ဒါက...
ပိုင်ဝမ်ပင်း နောက်တစ်ကြိမ် ထပ်မံ ကြက်သေသေသွားသည်။
ထို့နောက် သူက
“ခင်ဗျား ပြောတဲ့ တစ်သီးပုဂ္ဂလ ကျင့်ကြံသူဆိုတာ လုချန်းလို့ခေါ်တဲ့ မူလအစ ကမ္ဘာနယ်မြေ အဆင့် ကျင့်ကြံသူလား။”
လက်အောက်ငယ်သားက
“သူ့နာမည်တော့ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ သူက တပ်မှူးပိုင် ပြောခဲ့တဲ့လူပါပဲ။ အစောပိုင်းက တပ်မှူးနဲ့ စကားပြောခဲ့တဲ့ တစ်ယောက်ပါ။”
ပိုင်ဝမ်ပင်း မျက်မှောင်ကြုတ်လိုက်သည်။
လုချန်းဟု အမည်ရသော တစ်ကိုယ်တော် ကျင့်ကြံသူသည် မူလအစ ကမ္ဘာနယ်မြေ အဆင့်၏ အင်အားကိုသာ ပိုင်ဆိုင်ထားသည်ကို သူ ကောင်းစွာ သတိပြုမိ၏။
သို့ဖြစ်လျှင် သူက အဘယ်သို့ ဤမျှ ကြောက်မက်ဖွယ် ကောင်းနိုင်မည်နည်း။
သူက သူရဲ့ စွမ်းအားအမှန်ကို ဖုံးကွယ်ထားခဲ့တာများလား။
ပိုင်ဝမ်ပင်းက
“ဘာတွေ ဖြစ်ခဲ့လဲဆိုတာ အသေးစိတ် ပြောပြ။”
ထို့နောက် သူ၏ လက်အောက်ငယ်သားလည်း လနက်မြို့တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်ပြောပြလိုက်သည်။
သူ၏ လက်အောက်ငယ်သား၏ အစီရင်ခံချက်ကို ကြားပြီးနောက် ပိုင်ဝမ်ပင်း အတွေးထဲ နစ်မြောသွားသည်။
အဘယ်ကြောင့် လုချန်းတွင် နတ်ဆိုးများကို ကိုင်တွယ်ရန် အထူးကျင့်စဉ်နည်းလမ်းအချို့ ရှိနေသကဲ့သို့ ခံစားနေရသနည်း။
မဟုတ်လျှင် သူက ထိုနတ်ဆိုးများကို ဤမျှ လွယ်ကူစွာ မည်သို့ သတ်ဖြတ်နိုင်ခဲ့သနည်း။
လုချန်း ပိုင်ဆိုင်သော ကျင့်စဉ်ကိုသာ သူ ရရှိနိုင်မည်ဆိုပါက...
ထိုသို့ တွေးမိသောအခါ ပိုင်ဝမ်ပင်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။
ထို့နောက် သူက မိုးပျံလှေကို မောင်းနှင်နေသော စစ်သားအား
“လနက်မြို့ကို ချက်ချင်း ပြန်သွား”
ဟု အမိန့်ပေးလိုက်သည်။
ဤအခိုက်တွင် ကျိချိုးယုသည်လည်း ဓားသိုင်းပညာကို သင်ယူနိုင်ရန် မျှော်လင့်လျက် လုချန်းနှင့် ရင်းနှီးအောင် ကြိုးပမ်းနေပြီ ဖြစ်သည်။
သူမ လုချန်းအား ယခင်ကကဲ့သို့ ဆက်ဆံ၍ မရတော့ချေ။
“ကျင့်ကြံဖော်လု ရှင်က တစ်ကိုယ်တော် ကျင့်ကြံသူလို့ ပြောခဲ့တာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး ရှင့်မှာ ဂိုဏ်း ရှိနေရတာလဲ။ ရှင့်ရဲ့ ဂိုဏ်းက ဒီလောက် အစွမ်းထက်တဲ့ ဓားသိုင်းပညာကို ပိုင်ဆိုင်ထားတာ။ ဒါက ကြီးမားတဲ့ အင်အားစုတစ်ခု ဖြစ်မှာ သေချာတယ်။”
လုချန်းက ပြုံးလျက်
“ကျွန်တော့်ဂိုဏ်းက အစွမ်းမထက်ပါဘူး။ ပျောက်ကွယ်သွားတာလည်း ကြာပါပြီ။ ကျွန်တော်က ကျွန်တော့်ဂိုဏ်းရဲ့ နောက်ဆုံးအဖွဲ့ဝင်ပါ။ ဒါကြောင့် အပြင်မှာ ကိုယ့်ကိုယ်ကိုယ် တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်အဖြစ်ပဲ ပြောဆိုမိတ်ဆက်ပါတယ်။”
ကျိချိုးယုက
“သြော်။ ဒီလိုကိုး”
ကျိချိုးယုက
“ကျင့်ကြံဖော်လု။ ရှင် နောက် ဘယ်ကို သွားဖို့ စီစဉ်ထားလဲဆိုတာ ကျွန်မ သိလို့ရမလား။”
လုချန်းက
“ကျွန်တော် မဆုံးဖြတ်ရသေးပါဘူး”
ကျိချိုးယုက
“ဒါဆိုရင် ရှင် ဒီမှာပဲ နေလိုက်ပါလား။ ကျင့်ကြံဖော်လုသာ လနက်မြို့မှာ ရှိနေရင် ကျွန်မတို့ အနာဂတ်မှာ နတ်ဆိုးဒီရေကို ကြောက်နေစရာ မလိုတော့ဘူး။”
“ကျွန်မက ရှင့်ရဲ့ စွမ်းဆောင်ချက်တွေကို ချူး နန်းတွင်းကို အစီရင်ခံပါ့မယ်။ ပြီးတော့ နန်းတွင်းက ရှင့်ကို ဒုတိယမြို့သခင်အဖြစ် ခန့်အပ်ဖို့ ကျွန်မ အကြံပြုပေးပါ့မယ်။ ဘယ်လိုလဲ ကျင့်ကြံဖော်လု။”
လုချန်းအား ဤနေရာတွင် ထိန်းသိမ်းထားခြင်းဖြင့်သာ သူ့ထံမှ နတ်ဆိုးများကို သတ်ဖြတ်နိုင်စွမ်းရှိသော ဓားသိုင်းပညာကို ရရှိရန် အခွင့်အရေး ရှိမည် ဖြစ်သည်။
ကျိချိုးယု၏ စကားကို ကြားသောအခါ လုချန်း အနည်းငယ် ပြုံးလိုက်ပြီးနောက်
“ကောင်းပါပြီ။ ကျွန်တော် လောလောဆယ် လနက်မြို့မှာ နေပါ့မယ်။”
လုချန်း သဘောတူညီသည်ကို မြင်သောအခါ ကျိချိုးယု အတန်ငယ် စိတ်လှုပ်ရှားသွားသည်။
သူမက ချက်ချင်းပင်
“စိတ်ချပါ ကျင့်ကြံဖော်လု။ ရှင့်ရဲ့ စွမ်းဆောင်ချက်တွေ မကြာခင် မင်းကြီးရဲ့ နားထဲကို ရောက်ရှိသွားမှာပါ။ ပြီးတော့ မင်းကြီးက ရှင့်ကို ရက်ရောတဲ့ ဆုလာဘ်တစ်ခု မလွဲမသွေ ချီးမြှင့်ပါလိမ့်မယ်။”
ကျိချိုးယု စကားဆုံးသည်နှင့် တပြိုင်နက် အမျိုးသားတစ်ဦး၏ အသံသည် အဝေးမှ ထွက်ပေါ်လာသည်။
“စွမ်းဆောင်ချက်တွေ ဟုတ်လား။ ဒါကို စွမ်းဆောင်ချက်တစ်ခုလို့ မဖြစ်မနေ သတ်မှတ်လို့ မရလောက်ဘူး။ ကျင့်ကြံဖော်လုက ဒီလောက် အစွမ်းထက်နေမှတော့ ဘာလို့ အစောကြီးကတည်းက မလှုပ်ရှားခဲ့တာလဲ။ လနက်မြို့နဲ့ ကျွန်တော့်တပ်တွေ ဒီလောက် အထိနာခဲ့ရတာ။ ဒါကို စွမ်းဆောင်ချက်တစ်ခုလို့ တကယ် သတ်မှတ်လို့ ရနိုင်လို့လား။”