← Chapters

ကျေးဇူးကြွေးတင်သွားပြီ

Vol. 70 Ch. 1037

ကျေးဇူးကြွေးတင်သွားပြီ

Vol. 70 Ch. 1037

လုချန်းနှင့် ကျိချိုးယု နှစ်ဦးလုံး ပိုင်ဝမ်ပင်းအား ကြည့်ရန် ခေါင်းလှည့်လိုက်ကြ၏။ ရောက်လာသူ မည်သူဖြစ်သည်ကို သိလိုက်သောအခါ ကျိချိုးယု၏ မျက်ခုံးများ တွန့်သွားသည်။

ထို့နောက် ကျိချိုးယုက

“တပ်မှူးပိုင် ရှင် ဘာလို့ ပြန်လာတာလဲ။”

“လနက်မြို့က အရမ်းအန္တရာယ်များတယ်။ တပ်မှူးပိုင် အဝေးမှာပဲ နေတာ ပိုကောင်းလိမ့်မယ်။”

ကျိချိုးယု၏ ညိုမှောင်သော မျက်နှာထားကို မြင်သောအခါ ပိုင်ဝမ်ပင်းက အလျင်အမြန် ပြုံးလျက်

“ချိုးယု။ ကျွန်တော် ခုနက ထွက်ပြေးတာ မဟုတ်ပါဘူး။ နတ်ဆိုးတွေ အရမ်းများလွန်းတာကို ကျွန်တော် မြင်လိုက်တယ်။ ပြီးတော့ လနက်မြို့ရဲ့ စစ်သားတွေကလည်း မထိန်းနိုင်တော့ဘူး။ ဒါကြောင့် ကျွန်တော် အင်အားဖြည့်တင်းဖို့ ပြန်သွားခဲ့တာပါ။”

ကျိချိုးယုက လှောင်ရယ်ရယ်သော်လည်း များများစားစား မပြောခဲ့ပေ။

ထို့နောက် ပိုင်ဝမ်ပင်းက လုချန်းအား တစ်ချက် ကြည့်လိုက်ပြီး

“ချိုးယု။ ခင်ဗျားဘေးက ဒီလူကို သတိထားသင့်တယ်။”

“သူတကယ်သာ လနက်မြို့ကို ကူညီချင်ခဲ့ရင် နတ်ဆိုးဒီရေ ပေါ်လာကတည်းက သူ ဝင်ကူညီခဲ့မှာပဲ။ လနက်မြို့ စစ်သားတွေ အများကြီး မကျဆုံးမချင်း စောင့်နေခဲ့မှာ မဟုတ်ဘူး။”

“လနက်မြို့အတွက် အန္တရာယ်အရှိဆုံး အခိုက်အတန့်မှာ သူက ခင်ဗျားရဲ့ သဘောကျမှုကို ရဖို့အတွက် မိန်းမလှကို ကယ်တင်တဲ့ သူရဲကောင်း လုပ်ချင်ခဲ့တာ ထင်ရှားတယ်။ သူ့မှာ နောက်ကွယ်က ရည်ရွယ်ချက်တွေ ရှိတယ်။ တစ်ခုခု ကြံစည်နေတာ သေချာတယ်လို့ ကျွန်တော် ထင်တယ်။”

ထိုစကား ကြားသောအခါ ကျိချိုးယုက တည်ငြိမ်စွာဖြင့်

“မိတ်ဆွေလုက လနက်မြို့ကို ပထမဆုံးအကြိမ် လာလည်တာ။ ပြီးတော့ နတ်ဆိုးဒီရေကိုလည်း ပထမဆုံးအကြိမ် ကြုံဖူးတာပဲ။ သူ့ကျင့်စဉ်က နတ်ဆိုးတွေအပေါ် ဒီလောက် သေစေနိုင်မှန်း မိတ်ဆွေလု အစကတည်းက မသိခဲ့တာ ဖြစ်နိုင်ပါတယ်။”

ကျိချိုးယုသည် လူမိုက် မဟုတ်ပေ။

လုချန်းက သူမ၏ သဘောကျမှုကို ရရှိရန် သူရဲကောင်း လုပ်ပြနေခြင်း ဖြစ်နိုင်သည်ကို သူမ မသိပဲ နေမှာလား။

သို့သော် လက်ရှိ အခြေအနေမှာတော့ လုချန်းအား လနက်မြို့တွင် ဆက်ရှိနေစေလိုသည်။

လုချန်းက သူမအပေါ် အကြံအစည်များ အမှန်တကယ် ရှိနေလျှင်ပင် သူမက ပွင့်ပွင့်လင်းလင်း ပြောမည် မဟုတ်ပဲ ဘာမှမသိသကဲ့သို့ ဟန်ဆောင်နေမည် ဖြစ်သည်။

ဒါက သူတို့နှစ်ဦးကြားရှိ တိတ်ဆိတ်သော နားလည်မှုပင် ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်ကို နားလည်သော်လည်း မသိသလို ဟန်ဆောင်နေကာ သူ၏ ရဲရင့်မှုကို အသိအမှတ်ပြုသလိုဖြင့် နှစ်ဦးကြား နားလည်မှုတစ်ခုကို တိတ်တဆိတ် ထိန်းသိမ်းထားခြင်း ဖြစ်သည်။

ကျိချိုးယုက လုချန်းဘက်မှ ရပ်တည်နေသည်ကို မြင်သောအခါ ပိုင်ဝမ်ပင်း၏ မျက်နှာ ညိုမှောင်သွား၏။ ပိုင်ဝမ်ပင်းက စကားဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် ကျိချိုးယုက

“မိတ်ဆွေလု။ နတ်ဆိုးဒီရေ ကိစ္စတွေအတွက် နောက်လည်း ရှင့်ကို အနှောင့်အယှက် ပေးရဦးမယ် ထင်တယ်။ နတ်ဆိုးစွမ်းအင်တွေက မပျောက်သေးဘူး။ နတ်ဆိုးဒီရေက ဘယ်အချိန်မဆို ကျွန်မတို့ဆီ နောက်တစ်ကြိမ် တိုးဝင်လာနိုင်တယ်။”

ထိုအရာကို ကြားသောအခါ ပိုင်ဝမ်ပင်း၏ စိတ်နှလုံးထဲ တုန်လှုပ်သွား၏။ ထို့နောက် နတ်ဆိုးချိပ်ပိတ်နယ်မြေရှိ အခြေအနေကို လှည့်ကြည့်လိုက်သည်။ နတ်ဆိုးချိပ်ပိတ်နယ်မြေ အတွင်းမှ နတ်ဆိုးစွမ်းအင်များသည် စုစည်းနေဆဲဖြစ်ပြီး နတ်ဆိုးများ ပိုမို စုပုံလာနေပုံရတာတော့ အမှန်ပင်ဖြစ်သည်။

ထိုနတ်ဆိုးများ တတိယအကြိမ် တိုက်ခိုက်လာမှာလား ဆိုသည်ကို မည်သူမှ မသိနိုင်ပေ။ အကယ်၍ ၎င်းတို့ ထပ်မံ တိုက်ခိုက်လာပြီး လုချန်းက ဘာမျှမလုပ်ပဲ နေရန် ရွေးချယ်ခဲ့လျှင် သူတို့ ထပ်မံ နစ်နာရမည် မဟုတ်ပါလား။

ပိုင်ဝမ်ပင်းလည်း ကျိချိုးယု၏ စကားများ နောက်ကွယ်မှ အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွား၏။ ကျိချိုးယုက လုချန်းအား စကားပြောနေပုံ ပေါ်သော်လည်း အမှန်တကယ်တွင် သူမက သူ့အား သတိပေးနေခြင်း ဖြစ်သည်။

ပိုင်ဝမ်ပင်း မကျေမနပ် နှာခေါင်းရှုံ့လိုက်ပြီး ဤလုချန်း ဘယ်လောက်စွမ်းသည်ကို ကြည့်ချင်စိတ် ပြင်းပြနေသဖြင့် စကားဆက်မပြောတော့ပေ။

ထိုသို့ဖြင့် သူတို့သည် မြို့ရိုးပေါ်တွင် တစ်ညလုံး ရပ်နေခဲ့ကြသော်လည်း နတ်ဆိုးများ ထပ်မံ တိုက်ခိုက်ခြင်း မရှိခဲ့ပေ။ မြေပြင်ပေါ်သို့ အရုဏ်တက်ချိန်၏ ပထမဆုံး အလင်းတန်းများ ဖြာကျလာသည်နှင့် နတ်ဆိုးချိပ်ပိတ်နယ်မြေ အတွင်းမှ နတ်ဆိုးစွမ်းအင်များ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

ထိုအရာကို မြင်သောအခါ လူများ နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့ကြသည်။

ကျိချိုးယုက လုချန်းအား နောက်တစ်ကြိမ်

“မိတ်ဆွေလု။ ဒီတစ်ကြိမ်တော့ ကျွန်မတို့ ရှင့်ကို အများကြီး အကြွေးတင်သွားပါပြီ။ ရှင့်ရဲ့ ရဲရင့်မှုအတွက် ချီးကျူးဂုဏ်ပြုလွှာကို ကျွန်မ မကြာခင် ရေးတင်ပါ့မယ်။”

လုချန်းက

“ဒါက ကျွန်တော် လုပ်သင့်တာကို လုပ်တာပါ။”

သူတို့၏ စကားများကို ကြားသောအခါ ဘေးတွင် ရပ်နေသော ပိုင်ဝမ်ပင်းလည်း အတော်လေး ခါးခါးသီးသီး ခံစားနေရသော်လည်း တိတ်ဆိတ်စွာ နေခဲ့ရသည်။

လုချန်းအား မည်သို့ မောင်းထုတ်ရမည်ကို သူ စတင် စဉ်းစားလာ၏။ အကယ်၍ လုချန်းအား လနက်မြို့တွင် ဆက်နေခွင့်ပြုထားပါက လုချန်းနှင့် ကျိချိုးယုကြားတွင် အဘယ်အရာများ ဖြစ်ပေါ်လာမည်ကို မည်သူ သိနိုင်မည်နည်း။

…….

ထိုအချိန်တွင်။

လနက်မြို့ အပြင်ဘက်ရှိ တောင်တစ်လုံးပေါ်တွင်။

အနက်ရောင် ဝတ်ရုံရှည် ဝတ်ဆင်ထားသော လူတစ်ဦးသည် နတ်ဆိုးဒီရေ ဆုတ်ခွာသွားသည်ကို မြင်သောအခါ သူ၏ မျက်နှာပေါ်တွင် ကြောက်စိတ်နှင့် ဒေါသအရိပ်များ ချက်ချင်း ပေါ်လာသည်။

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။”

“နတ်ဆိုးဒီရေက ဘာလို့ မပျံ့နှံ့သွားရတာလဲ။”

“ဘာတွေ ဖြစ်ကုန်တာလဲ။ ကျိချိုးယု တစ်ယောက်တည်းက လနက်မြို့ကို ဘယ်လိုလုပ် ကာကွယ်နိုင်ခဲ့တာလဲ။”

ထိုလူ၏ မျက်နှာသည် အလွန်တရာ ကြောက်ရွံ့နေဟန်ဖြင့် မယုံနိုင်လောက်အောင် ရှုံ့မဲ့သွားသည်။

ခဏခန့် ကြုံးဝါးပြီးနောက် ထိုလူ နောက်ဆုံးတွင် လှည့်ထွက်သွား၏။

ဤအချိန်တွင် ကျိချိုးယုနှင့် လုချန်းတို့သည် မြို့သခင် စံအိမ်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။ ကျိချိုးယုက အစေခံများအား လုချန်းအတွက် အစားအစာများစွာ ပြင်ဆင်ခိုင်းခဲ့သော်လည်း သူက ဘာမှ မစားခဲ့ပေ။ မြို့သခင် စံအိမ်သို့ ပြန်ရောက်ပြီးနောက် သူသည် တံခါးပိတ် တရားထိုင် ကျင့်ကြံခြင်းကို စတင်ခဲ့သည်။

ကျိချိုးယုသည် မူလက လုချန်းထံမှ သတင်းအချက်အလက် အချို့ ရရှိရန် စကားစမြည် ပြောလိုခဲ့သော်လည်း လုချန်း တံခါးပိတ် ကျင့်ကြံနေသည်ကို မြင်ပြီးနောက် သူမ သူ့အား မနှောင့်ယှက်တော့ပေ။

လုချန်းနှင့် ကျိချိုးယုတို့ သီးခြားခွဲခွာသွားသည်ကို မြင်သောအခါ ပိုင်ဝမ်ပင်း ကျိချိုးယုထံ နောက်တစ်ကြိမ် ရောက်လာပြီး လုချန်း၏ မကောင်းကြောင်းပြောခြင်းကို ဆက်လုပ်ခဲ့သည်။

“ချိုးယု။ လုချန်းက တစ်ခုခု မှားနေတာ သေချာတယ်။ သူက နတ်ဆိုးကျင့်ကြံသူ ဖြစ်နိုင်တယ်။”

“ခင်ဗျား စဉ်းစားကြည့်လေ။ ဒီကမ္ဘာမှာ နတ်ဆိုးတွေကို ထိခိုက်နိုင်တဲ့ ဓားပညာမျိုး အရင်က တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့ အခု ဒီမှာ နာမည်မရှိတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်က အဲ့ဒီလို ဓားပညာကို သုံးစွဲနေတယ်။ ခင်ဗျား ဒါကို အကျိုးကြောင်းဆီလျော်တယ်လို့ ထင်လား။”

“အဲ့ဒီလို ဓားပညာမျိုးသာ တကယ်ရှိခဲ့ရင် အခုအချိန်ဆို ကမ္ဘာတစ်လွှားမှာ ကျော်ကြားနေလောက်ပြီ။ ဘာလို့ အခုမှ ပေါ်လာရတာလဲ။”

“သူက အဲ့ဒီနတ်ဆိုးတွေကို ခဏ တွန်းလှန်ဖို့ နတ်ဆိုးကျင့်စဉ် တစ်ခုခုကို သုံးခဲ့တဲ့ နတ်ဆိုးကျင့်ကြံသူတစ်ယောက်လို့ ကျွန်တော် သံသယရှိတယ်။ ပြီးတော့မှ အမြင့်ကို တက်လှမ်းဖို့ ခင်ဗျားရဲ့ အဆက်အသွယ်တွေကို အခွင့်ကောင်းယူဖို့ ကြံနေတာ ဖြစ်နိုင်တယ်။”

ပိုင်ဝမ်ပင်း၏ စကားကို ကြားသောအခါ ကျိချိုးယုက ခပ်ပေါ့ပေါ့ပင်

“တပ်မှူးပိုင်။ သူတကယ်သာ နတ်ဆိုးကျင့်ကြံသူ ဖြစ်ခဲ့ရင် ကျွန်မ အစကတည်းက အာရုံခံမိပြီးသား ဖြစ်မှာပါ။ အခုလို ရှင် လာသတိပေးစရာတောင် လိုမှာ မဟုတ်ဘူး။”

နတ်ဆိုးကျင့်ကြံသူ တစ်ဦး မည်မျှပင် ကောင်းစွာ ဖုံးကွယ်ထားစေကာမူ နတ်ဆိုးစွမ်းအင် ရှိနေမည်မှာ သေချာ၏။ တစ်နှစ်ပတ်လုံး နတ်ဆိုးများနှင့် ဆက်ဆံနေရသော ကျိချိုးယုသည် နတ်ဆိုးစွမ်းအင်ကို ပို၍ပင် အာရုံခံရလွယ်သည်။ လုချန်းသည် နတ်ဆိုးများနှင့် ထိတွေ့ခဲ့ပြီး သူ၏ကိုယ်ပေါ်တွင် နတ်ဆိုးစွမ်းအင် တစ်စွန်းတစ်စ ရှိနေခဲ့လျှင်ပင် သူမက ထောက်လှမ်း သိရှိနိုင်မည် ဖြစ်သည်။

သို့သော် လုချန်းထံတွင် နတ်ဆိုးစွမ်းအင် တစ်စိုးတစ်စိမှ မရှိခဲ့ပေ။ လုချန်းသည် နတ်ဆိုးကျင့်ကြံသူ မဟုတ်တာ ထင်ရှားသည်။ လုချန်း၌ အမှန်တကယ် မသမာသော ရည်ရွယ်ချက်များ ရှိနေလျှင်ပင် နတ်ဆိုးကျင့်ကြံသူများနှင့် မပတ်သက်သရွေ့ သူမနှင့် မသက်ဆိုင်ပေ။

နန်းတွင်းက လနက်မြို့အား ဒီအတိုင်း သေကြေပျက်စီးစေရန် စွန့်ပစ်ထားခဲ့၏။ သူမ နန်းတွင်းကို မကျေမနပ် ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။ လနက်မြို့သည် မရေမတွက်နိုင်သော နတ်ဆိုးဒီရေများကို ခံစားခဲ့ရသော်လည်း နန်းတွင်းက တပ်ကူများ မစေလွှတ်ခဲ့သည့်အပြင် စစ်သားများ၏ ရိက္ခာများကိုပင် ဖြတ်တောက်ထားခဲ့သည်။

ယခု လနက်မြို့၏ စစ်သားများအား မြို့သခင် စံအိမ်မှ ငွေကြေးဖြင့် ထောက်ပံ့ထားရသည်။ ကျိချိုးယု၏ နန်းတွင်းအပေါ် မကျေနပ်မှုသည် သမိုင်းကြာရှည်ခဲ့ပြီ ဖြစ်သည်။

လုချန်းက ချူးနိုင်ငံတော်ကို ပုန်ကန်သူတစ်ဦး ဖြစ်နေလျှင်ပင် ကျိချိုးယုက လုံးဝ ဂရုစိုက်မည် မဟုတ်ပေ။ ထိုသို့သော နိုင်ငံတော်ကြီး မကြာမီ ပြိုလဲသွားစေရန် သူမ ဆန္ဒရှိနေ၏။

ကျိချိုးယုက လုချန်းဘက်မှ ဆက်လက် ခုခံပြောဆိုနေသည်ကို မြင်သောအခါ ပိုင်ဝမ်ပင်း၏ မျက်ခုံးများ တွန့်သွားပြီး သူက

“ချိုးယု။ ခင်ဗျား တကယ်ပဲ တစ်ခုခု ဖြစ်လာတဲ့အထိ စောင့်ပြီးမှ နောင်တရချင်တာလား။”

ကျိချိုးယုက ခပ်ပြတ်ပြတ်ပင်

“တပ်မှူးပိုင်။ ကျွန်မ သိတာတစ်ခုပဲ ရှိတယ်။ နတ်ဆိုးဒီရေ ပေါ်လာတဲ့အချိန်မှာ လုချန်း မပြေးဘူး။ ဒါပေမဲ့ ရှင်ကတော့ ပြေးခဲ့တယ်။”

ထိုသို့ ကြားသောအခါ ပိုင်ဝမ်ပင်း ခဏခန့် ကြက်သေသေသွားပြီးနောက် ခုခံကာကွယ်သည့် လေသံဖြင့်

“ကျွန်တော်က တပ်ကူ သွားတောင်းတာ။”

ကျိချိုးယုက

“ရှင့်ရဲ့ စေတနာကောင်းကို ကျေးဇူးတင်ပါတယ် တပ်မှူးပိုင်။ ဒါပေမဲ့ မနေ့ညက အခြေအနေအရဆိုရင် ရှင့်ရဲ့ တပ်ကူတွေ မရောက်လာခင်မှာ လနက်မြို့ ကျဆုံးသွားလောက်ပြီ။ ကျွန်မလည်း သေနေလောက်ပြီလို့ ထင်တယ်။”

“ဒါကြောင့် လုချန်းက လနက်မြို့တစ်မြို့လုံးရဲ့ အသက် သခင်ဖြစ်သလို ကျွန်မရဲ့ အသက်သခင်လည်း ဖြစ်တယ်။”

“တပ်မှူးပိုင်ကသာ သူ့အကြောင်း ဆက်ပြီး မကောင်းပြောနေဦးမယ်ဆိုရင် ထွက်သွားလို့ ရပါပြီ။”

“ချိုးယု ကျွန်တော်...”

ပိုင်ဝမ်ပင်း စကားမဆုံးမီမှာပင် ကျိချိုးယု တိုက်ရိုက် လှည့်ထွက်သွားပြီး အဆောင်အတွင်းမှ ထွက်ခွာကာ သူမ၏ အခန်းသို့ ပြန်သွားခဲ့သည်။ ပိုင်ဝမ်ပင်း တစ်ဦးတည်း ထိုနေရာတွင် ကျန်ရစ်ခဲ့သည်။

ကျိချိုးယု ထွက်သွားသည်ကို ကြည့်ရင်း သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး လက်သီးများကို မထိန်းနိုင်ပဲ ဆုပ်လိုက်မိသည်။

ဒီအတိုင်းဆက်သွား၍ မဖြစ်‌ပေ။

သူ လုချန်းအား ကျိချိုးယု၏ ဘေးတွင် ဆက်ရှိနေခွင့် လုံးဝ မပြုနိုင်ပေ။

ဤလုချန်း မည်သူဖြစ်စေ သူ၏ ရည်ရွယ်ချက် မည်သို့ပင် ရှိစေ မိန်းမတစ်ယောက်အတွက် သူ့အား ယှဉ်ပြိုင်ဝံ့ခြင်းအတွက် တစ်ခုတည်းသာ လမ်းသာ ရှိသည်။သေလမ်းပင်။

All Chapters