ချူးနိုင်ငံတော်၏ နန်းတွင်းအမိန့်တော်
Vol. 70 Ch. 1038
လုချန်းသည် သူ၏ ရုပ်သေးရုပ် မည်သို့သော အကျပ်အတည်းမျိုး ရင်ဆိုင်ရမည်ကို မသိခဲ့သလို ဂရုလည်း မစိုက်ခဲ့ပေ။
ဤအချိန်တွင် သူ၏ အာရုံစူးစိုက်မှုကို သူ၏ ပင်မခန္ဓာကိုယ်ထံသို့ ပြန်လည် ရွှေ့ပြောင်းထားခဲ့ပြီး ဖြစ်သည်။ ယခုအချိန်တွင် ချူးချင်လီသည် လုချန်း၏ အပေါ်တွင် လှဲလျောင်းနေဆဲ ဖြစ်သော်လည်း သူမက မလှုပ်မယှက် ရှိနေ၏။
လုချန်း၏ အာရုံပျံ့လွင့်နေပြီး သူမအပေါ် အာရုံစိုက်မနေသည်ကို သူမ ထင်ထင်ရှားရှား ခံစားမိသည်။
ထိုစဉ်တွင် ရုတ်တရက် ပို၍ ပြည့်စုံသွားသလို ချူးချင်လီ ခံစားလိုက်ရသည်။ သူမ ချက်ချင်း ထထိုင်လိုက်ပြီး သူမ၏ အောက်မှ လုချန်းအား စိုက်ကြည့်လိုက်၏။
လုချန်း သတိပြန်ဝင်လာသည်မှာ ထင်ရှားပြီး ချူးချင်လီက စူးစမ်းစွာဖြင့်
“မင်းကြီး ခုနက ဘာတွေ စဉ်းစားနေတာလဲ။”
လုချန်းက ဘာမှဖုံးကွယ်မထားပဲ အမှန်အတိုင်း ပြောပြလိုက်သည်။
“ကိုယ် ခုလေးတင် ကိုယ့်ရဲ့ ရုပ်သေးရုပ်ကို အိမ်နီးချင်း ကျိယန်ကမ္ဘာဆီ ခရီးတစ်ခု လွှတ်လိုက်တယ်။”
လုချန်း၏ အဖြေကို ကြားသောအခါ ချူးချင်လီ အနည်းငယ် အံ့အားသင့်သွားသည်။ လုချန်း တစ်ညလုံး အာရုံပျံ့လွင့်နေခဲ့သည်မှာ ရုပ်သေးရုပ်ကို ထိန်းချုပ်နေသောကြောင့်လား။
လုချန်း၏ ရုပ်သေးအတတ်ပညာက ဤမျှ အစွမ်းထက်လာခဲ့ပြီလား။
ချူးချင်လီက စူးစမ်းစွာဖြင့်
“မင်းကြီးက ရုပ်သေးရုပ် ကျိယန်ကမ္ဘာထဲ ရောက်နေရင်တောင်မှ အာရုံခံနိုင်တုန်းပဲလား။”
လုချန်းက
“ဟုတ်တယ် ကိုယ့်ရဲ့ ရုပ်သေးပညာက ပိုပြီး တိုးတက်လာခဲ့ပြီ။”
ခဏခန့် စဉ်းစားပြီးနောက် ချူးချင်လီက “မင်းကြီးရဲ့ ရုပ်သေးပညာကို ကျွန်မ သင်ယူလို့ ရနိုင်မလား။”
လုချန်းက ပြုံးလျက်
“မင်း ကိုယ့်ကိုကောင်းကောင်း ဂရုစိုက်ပေးရင် ကိုယ် မင်းကို ရုပ်သေးပညာ သင်ပေးမယ်လေ။”
ချူးချင်လီ လုချန်းအား မျက်စောင်းထိုးလိုက်သော်လည်း အခြား ဘာမှမပြောတော့ပဲ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို စတင် လေ့ကျင့်တော့သည်။
ချူးချင်လီ၏ လှုပ်ရှားမှုများကို ခံစားရင်း လုချန်းက ခပ်ရေးရေး ပြုံးလိုက်ကာ ချူးချင်လီ ယူဆောင်လာပေးသော သာယာမှုကို ခံစားလျက် ထိုနေရာတွင် အသာ လှဲလျောင်းနေလိုက်သည်။
နောက်ရက်များအတွင်း လုချန်းသည် ကျိချိုးယုအား မြို့စောင့်ရှောက်ဖို့ ကူညီရန် သူ၏ ရုပ်သေးရုပ်ကို ညတိုင်း ထိန်းချုပ်ခဲ့သည်။ သို့သော် ရက်အနည်းငယ် ကြာပြီးနောက်နတ်ဆိုးဒီရေသည် ထပ်မံ ပေါ်ပေါက်လာခြင်း မရှိတော့ပေ။
လုချန်း၏ သတင်းသည် မကြာမီ လနက်မြို့တစ်ခွင် ပျံ့နှံ့သွား၏။ လုချန်းတွင် နတ်ဆိုးများကို တိုက်ခိုက်နိုင်စွမ်းရှိသော ဓားပညာရပ်များ ပိုင်ဆိုင်ထားသည်ဟု ကြားသောအခါ လနက်မြို့မှ လူများစွာ စတင် တွေးတောလာကြသည်။
……..
ချူးနိုင်ငံတော်။
နေပြည်တော်။
နန်းတော်။
နန်းတွင်းဥယျာဉ်တော် အတွင်းရှိ နန်းဆောင်တစ်ခုထဲတွင် နဂါးဝတ်ရုံ ဝတ်ဆင်ထားပြီး မျက်နှာ အရေတွန့်နေသော အဘိုးအိုတစ်ဦး တရားထိုင်နေသည်။ သူ၏ ဘေးတွင် အခြား အဘိုးအိုတစ်ဦး ရပ်နေ၏။
ထိုအခိုက်တွင် အဆောင်အတွင်း၌ အရိပ်တစ်ခု ပေါ်လာပြီး
“မင်းကြီး။ လနက်မြို့ရဲ့ မြို့သခင်ဆီက စာတစ်စောင် ရောက်လာပါတယ်။”
ချူးဧကရာဇ်က တည်ငြိမ်စွာဖြင့်
“ဖတ်ပြ”
အစောင့်လည်း ကျိချိုးယု၏ အစီရင်ခံပါ အကြောင်းအရာများကို ဖတ်ပြလိုက်၏။ နတ်ဆိုးများကို တိုက်ခိုက်နိုင်သူ တစ်ဦးအကြောင်း စာထဲတွင် ပါဝင်သည်ကို ကြားသောအခါ ချူးဧကရာဇ် ဘေးမှ အဘိုးအို၏ မျက်နှာချက်ချင်း ညိုမှောင်သွားသည်။
ရှောင်ချန်ဟွာက သူ့စိတ်ထဲတွင်
‘လနက်မြို့ မကျဆုံးခဲ့တာ အဲ့ဒီလူကြောင့်ပဲ’ ဟု တွေးလိုက်သည်။
‘သူက စီမံကိန်းကြီးကို ဘယ်လိုများ ဖျက်ဆီးရဲတာလဲ။ အဲ့ဒီလူကို လုံးဝ အရှင်ထားလို့ မဖြစ်ဘူး။’
‘သူသာ အသက်ရှင်နေဦးမယ်ဆိုရင် နတ်ဆိုးဒီရေက လနက်မြို့ကို ဘယ်တော့မှ ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ နတ်ဆိုးတွေက ချူးနိုင်ငံတော်ထဲကို ဝင်လာနိုင်မှာ မဟုတ်သလို နတ်ဆိုးစွမ်းအင်တွေ ပိုပြီး ယူဆောင်လာနိုင်မှာလည်း မဟုတ်ဘူး။’
စာ၏ အကြောင်းအရာများကို ကြားပြီးနောက် ချူးဧကရာဇ် မျက်လုံး ဖွင့်လိုက်ပြီး
“နတ်ဆိုးတွေကို ထိခိုက်နိုင်တဲ့ ဓားပညာရပ်အကြောင်း ကျုပ် ပထမဆုံး ကြားဖူးတာပဲ။ ဒါသာ အမှန်ဆိုရင်တော့ ဒီလုချန်းဆိုတဲ့သူကို တွေ့မှ ဖြစ်မယ်။”
ဟု သူ့ဘာသာသူ ရေရွတ်လိုက်သည်။
ထိုသို့ ပြောပြီးနောက် ချူးဧကရာဇ်က
ရှောင်ချန်ဟွာဘက်သို့ လှည့်ကာ
“နိုင်ငံတော် ပညာရှိကြီး။ ခင်ဗျား ဘယ်လို ထင်သလဲ။”
ရှောင်ချန်ဟွာက ချက်ချင်းပင်
“မင်းကြီး။ ဒီကိစ္စမှာ လျှို့ဝှက်ကြံစည်မှု တစ်ခုခု ပါဝင်နေမလားလို့ ကျွန်တော် တွေးမိပါတယ်။”
“နတ်ဆိုးတွေကို ထိခိုက်နိုင်တဲ့ ဓားပညာရပ်အကြောင်း ကျွန်တော်တို့ တစ်ခါမှ မကြားဖူးပါဘူး။ ပြီးတော့ ဒီလုချန်းက တစ်ကိုယ် တော် ကျင့်ကြံသူတစ်ယောက် ဖြစ်နေတယ်။ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်က ဒီလို ဓားပညာရပ်မျိုး ပိုင်ဆိုင်ထားဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်ပါဘူး။”
“သူက အဲ့ဒီနတ်ဆိုးတွေကို ထိန်းချုပ်နိုင်ပြီး သူတို့ရဲ့ ချိပ်ပိတ်နယ်မြေဆီ ခဏ ပြန်ပို့နိုင်တဲ့ အထူးနတ်ဆိုးကျင့်စဉ်တချို့ကို ကျွမ်းကျင်ပိုင်နိုင်ထားတဲ့ နတ်ဆိုးကျင့်ကြံသူတစ်ယောက် ဖြစ်တယ်လို့တောင် ကျွန်တော် ပိုပြီး ခံစားမိနေတယ်။”
ချူးဧကရာဇ်က
“နိုင်ငံတော် ပညာရှိရဲ့ စကားက ကျိုးကြောင်းဆီလျော်တယ်။ ဒီလူကို ဘယ်လို လုပ်သင့်တယ်လို့ နိုင်ငံတော် ပညာရှိကြီး ထင်သလဲ။”
ရှောင်ချန်ဟွာက
“ကျွန်တော် ထင်တာကတော့ ဒီလူက နတ်ဆိုးစွမ်းအင်ကို သက်ရောက်နိုင်တဲ့ ဓားပညာရပ် ပိုင်ဆိုင်တယ်လို့ ဆိုထားမှတော့ သူ့ကို အဲ့ဒါ ထုတ်ပြခိုင်းသင့်တယ်။ သူသာ မပြနိုင်ဘူးဆိုရင် သူ လိမ်ညာနေတာကို သက်သေပြရာ ရောက်ပြီး မင်းကြီး အနေနဲ့ သူ့ကို ဧကရာဇ်ကို လိမ်လည်လှည့်ဖြားမှုနဲ့ အပြစ်ပေးသင့်ပါတယ်။”
ချူးဧကရာဇ်က
“ဒါပေမဲ့ ဒီအစီရင်ခံစာကို ရေးတာက ကျိချိုးယုလေ။ အဲ့ဒီ လုချန်းမှ မဟုတ်တာ။”
ရှောင်ချန်ဟွာက
“သူ့ကို ဧကရာဇ်ကို လိမ်လည်လှည့်ဖြားမှုနဲ့ အပြစ်မပေးရင်တောင်မှ သူ့မှာ နတ်ဆိုးကျင့်ကြံသူတွေနဲ့ ပတ်သက်မှု ရှိမရှိကိုတော့ သေချာ စုံစမ်းစစ်ဆေးရမှာပါ။”
ချူးဧကရာဇ်က
“ဟုတ်တယ်။ သေချာ စုံစမ်းသင့်တယ်”
“ဒါပေမဲ့ လုချန်းက ဒီတစ်ကြိမ်မှာ စွမ်းဆောင်မှု ပြုခဲ့တာတော့ အမှန်ပဲ။ ဒါကြောင့် သူ ရသင့်တဲ့ ဆုလာဘ်တွေကိုတော့ ပေးရမှာပဲ။”
“တစ်ယောက်ယောက် လာဦး။ အမိန့်တော် တစ်ခု ရေးဆွဲ...”
……..
ရက်အနည်းငယ် ကြာပြီးနောက်။
လနက်မြို့။
လုချန်း၏ ရုပ်သေးရုပ် အခန်းထဲတွင် ရှိနေစဉ် ရုတ်တရက် လနက်မြို့ အထက် ကောင်းကင်ယံတွင် မိုးပျံလှေတစ်စင်း ပေါ်လာသည်။
မိုးပျံလှေ အပေါ်မှ အလံကို မြင်သောအခါ တော်ဝင်မိသားစုက တစ်စုံတစ်ဦးကို စေလွှတ်လိုက်မှန်း ကျိချိုးယု သိလိုက်၏။ ထို့ကြောင့် သူမက သူမ၏ ဘေးမှ အစေခံအား ချက်ချင်းပင်
“မိတ်ဆွေလုကို သွားခေါ်ချေ။”
အစေခံမလေးလည်း လုချန်း၏ အခန်းတံခါးအား အလျင်အမြန် သွား၍ ခေါက်လိုက်ပြီး
“သခင်လေးလု။ နန်းတွင်းက တစ်ယောက်ယောက် ရောက်နေပါတယ်။ အမိန့်တော်တစ်ခု ပါလာပုံ ရပါတယ်။”
အစေခံမလေး၏ အသံ ဆုံးသွားသော်လည်း အခန်းထဲမှ တုံ့ပြန်သံ ထွက်မလာခဲ့ပေ။ အစေခံမလေးက
“သခင်လေးလု အခန်းထဲမှာ ရှိနေလား”
အခန်းထဲမှ တုံ့ပြန်သံ ထွက်မလာသေးပေ။ အစေခံမလေး နောက်ထပ် အကြိမ်များစွာ ခေါ်လိုက်ပြီးမှ နောက်ဆုံးတွင် လုချန်း၏ အသံကို ကြားလိုက်ရသည်။
“အား... လန်းဆန်းသွားတာပဲ။”
“ဘာကိစ္စလဲ။”
လုချန်း၏ အသံကို ကြားသောအခါ တံခါးဝမှ အစေခံမလေး ခဏခန့် ကြက်သေသေသွား၏။ သူ၏ အသံက သူ အခန်းထဲတွင် မဖွယ်မရာ တစ်ခုခု လုပ်နေသကဲ့သို့ ထင်မှတ်ရစေသည်။ သို့သော် သူမ လျင်မြန်စွာ သတိပြန်ဝင်လာပြီး
“နန်းတွင်းက လူတွေ ရောက်နေလို့ပါ။ မြို့သခင်က ရှင့်ကို ချက်ချင်း လာခဲ့ဖို့ ပြောခိုင်းလိုက်ပါတယ်။”
ထိုအရာကို ကြားသောအခါ ရုပ်သေးရုပ် လုချန်းလည်း တွန့်ဆုတ်မနေပဲ တံခါး ဖွင့်လိုက်ပြီး အစေခံမလေးနောက်သို့ လိုက်သွားလိုက်သည်။
သို့သော် လုချန်း အရှေ့ဆောင်သို့ ရောက်သည်နှင့် မိုးပျံလှေ ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။ ထိုနေရာတွင် အမိန့်လွှာကို ကိုင်လျက် ကျိချိုးယု တစ်ဦးတည်း ရပ်ကျန်နေခဲ့သည်။
ဤမြင်ကွင်းကို မြင်သောအခါ လုချန်းက စူးစမ်းစွာဖြင့်
“သူတို့က အမိန့်တော် လာပို့တာ မဟုတ်ဘူးလား။ သံတမန်က ဘာလို့ ဒီမှာ မရှိတာလဲ။”
ကျိချိုးယုက လှည့်လာပြီး အမိန့်လွှာကို လုချန်းထံ ကမ်းပေးရင်း
“သူတို့ ထွက်သွားကြပြီ”
ဤအချိန်တွင် ကျိချိုးယုက ခပ်ဖွဖွ ရယ်မောလိုက်ပြီး
“သေမှာကြောက်တဲ့ သူရဲဘောကြောင်တဲ့ အုပ်စုပဲ။ ခဏလေးတောင် မစောင့်နိုင်ကြဘူး။”
အမိန့်တော် လာပို့သော မိန်းမစိုးသည် နတ်ဆိုးဒီရေကို ကြောက်ရွံ့သဖြင့် အမိန့်လွှာကို ကျိချိုးယုထံ ပေးအပ်ပြီးနောက် ချက်ချင်း ထွက်ခွာသွားခဲ့သည်။ လုချန်း ကိုယ်တိုင် အမိန့်တော် လက်ခံရယူသည်အထိ မစောင့်ခဲ့ပေ။
သို့သော် လုချန်း ကိုယ်တိုင် အမိန့်တော်ကို လက်ခံသည်ဖြစ်စေ မခံသည်ဖြစ်စေ အတူတူပင် ဖြစ်သည်။
ထို့နောက် လုချန်းလည်း ကျိချိုးယု ကမ်းပေးသော အမိန့်လွှာကို ဖွင့်ဖတ်ကြည့်လိုက်သည်။ အမိန့်လွှာက တိုတောင်းရှင်းလင်း၏။ သူ၏ စွမ်းဆောင်မှုများအတွက် ချီးကျူးထားပြီး သူ့အား လနက်မြို့၏ ဒုတိယမြို့သခင်အဖြစ် ခန့်အပ်ကာ နတ်ဆိုးနှင်ဓားပညာကို ပေးအပ်ရန် ညွှန်ကြားထားသည်။
အမိန့်လွှာတွင် ပါဝင်အကြောင်းအရာကို မြင်သောအခါ လုချန်း ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ ဒုတိယမြို့သခင် ဆိုသည့် ရာထူးလေးတစ်ခုနှင့် သူ၏ နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကို လဲလှယ်ရန်ချင်နေကြသည်က အလွန်ရယ်စရာ ကောင်းလှပေသည်။
ထို့နောက် လုချန်းက ချက်ချင်းပင်
“မြို့သခင်။ ကျွန်တော် ထွက်သွားမှ ဖြစ်တော့မယ် ထင်တယ်။”
ကျိချိုးယုက အလျင်အမြန်ပင်
“မိတ်ဆွေလု။ ဘာဖြစ်လို့လဲ။”
လုချန်းက
“အမိန့်လွှာထဲမှာ ကျွန်တော့်ကို နတ်ဆိုးနှင်ဓားပညာကို ပေးအပ်ရမယ်လို့ ရှင်းရှင်းလင်းလင်း ဆိုထားတယ်။ ဒါက ပေါ်တင် လုယက်တာပဲ မဟုတ်ဘူးလား။”
“ကျွန်တော့်အတွက်တော့ လနက်မြို့ရဲ့ ဒုတိယမြို့သခင် ရာထူးက အရေးမကြီးပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဓားပညာကိုတော့ တခြားသူစိမ်းတွေကို လွယ်လွယ်ကူကူ သင်ပေးမှာ မဟုတ်ဘူး။”
“ကျွန်တော် ဒီဓားပညာကို တခြားသူစိမ်းတွေကို သင်ပေးခဲ့မယ်ဆိုရင် သေတဲ့အခါ မြေမြှုပ်စရာ နေရာတောင် မရှိပါစေနဲ့လို့ ကျွန်တော့်ရဲ့ ဆရာသခင်ရှေ့မှာ ကျိန်ဆိုခဲ့ဖူးတယ်။”
“ကျွန်တော်သာ ကျိန်ဆိုထားတာကို ဖောက်ဖျက်ခဲ့ရင် ကောင်းကင်ဘုံ လမ်းစဉ်က ကျွန်တော့်ကို သေချာပေါက် အပြစ်ပေးလိမ့်မယ်။ ကျင့်ကြံသူတစ်ယောက်အနေနဲ့ ကျိန်ဆိုမှုတွေက ဘယ်လောက် အရေးကြီးလဲဆိုတာ မြို့သခင်လည်း နားလည်သင့်ပါတယ်။”
ဒါက...
ကျိချိုးယု အံ့အားသင့်သွား၏။ လုချန်း ဤမျှ ခေါင်းမာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သို့သော် ဒါက အမှန်တကယ်ပင် ပြဿနာတစ်ခု ဖြစ်သည်ကို သူမ သဘောပေါက်လိုက်သည်။ နန်းတွင်းက မည်သို့ တွေးနေသည်ကိုလည်း သူမ ကောင်းစွာသိမြင်သည်။
ဤမျှ တန်ဖိုးကြီးသော ဓားပညာရပ်ကို မည်သူက မလိုချင်ပဲ နေမည်နည်း။ နန်းတွင်းကလည်း ၎င်းကို အလိုရှိသည်မှာ သဘာဝကျသည်။
ကျိချိုးယု လျင်မြန်စွာ သတိပြန်ဝင်လာပြီးစိတ်အားထက်သန်စွာဖြင့်
“မိတ်ဆွေလု။ အမိန့်လွှာကို အရေးတယူ လုပ်စရာ မလိုပါဘူး။ ရှင် မပေးချင်ဘူးဆိုရင် မပေးနဲ့ပေါ့။ ရှင် လနက်မြို့ရဲ့ ဒုတိယမြို့သခင်အဖြစ် ဆက်ရှိနေလို့ ရပါတယ်။”