← Chapters

ကျင့်ကြံဖော် ရှိလား

Vol. 70 Ch. 1039

ကျင့်ကြံဖော် ရှိလား

Vol. 70 Ch. 1039

ကျိချိုးယု လုချန်းအား ထွက်သွားခွင့် မပြုနိုင်ပေ။ လုချန်းက နတ်ဆိုးနှင်ဓားပညာကို မသင်ပေးလျှင်ပင် သူ၏ တည်ရှိမှုသည် လနက်မြို့အတွက် အလွန်အရေးကြီးသည်။

အကယ်၍ လုချန်းသာ မရှိပါက လွန်ခဲ့သော ရက်အနည်းငယ်ကကဲ့သို့ နတ်ဆိုးဒီရေ နောက်တစ်ကြိမ် တက်လာပါက လနက်မြို့၏ အင်အားတစ်ခုတည်းဖြင့် ခုခံကာကွယ်ရန် လုံလောက်မည် မဟုတ်ပေ။

သူတို့သည် လုချန်းအား မည်သည့်နည်းနှင့်မဆို ထိန်းသိမ်းထားရမည် ဖြစ်သည်။

ကျိချိုးယု၏ စကားကို ကြားသောအခါ လုချန်းက

“ဒါပေမဲ့ ဧကရာဇ်က နန်းတွင်းအမိန့် ထုတ်ပြန်ထားတယ်လေ။ ကျွန်တော် မလိုက်နာရင် အပြစ်ပေးခံရမှာ မဟုတ်ဘူးလား။”

ကျိချိုးယုက ပြုံးလျက်

“ချူးဧကရာဇ်က လနက်မြို့ကိုတောင် ထိန်းချုပ်နိုင်သေးလို့လား။ အခု ချူးနိုင်ငံတော်က အစိတ်စိတ်အမွှာမွှာ ဖြစ်နေပြီ။ နာမည်ခံအရတော့ လနက်မြို့က ချူးနိုင်ငံတော်ရဲ့ အစိတ်အပိုင်း ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ လက်တွေ့မှာတော့ ခွဲထွက်နေတာ ကြာပါပြီ။”

“ချူးနိုင်ငံတော်က ကျွန်မကို မြို့သခင်ရာထူးက ဖယ်ချင်ရင်တောင် ကျွန်မ သဘောမတူသရွေ့ သူတို့ လုပ်လို့မရဘူး။”

ကျိချိုးယု၏ စကားကို ကြားသောအခါ လုချန်း အနည်းငယ် အံ့အားသင့်သွားသည်။

သူမက ထိုသို့သော စကားမျိုးကို အမှန်တကယ် ပြောရဲ‌နေတာလား။

ကျိချိုးယုက ထိုသို့ ပြောရဲမှတော့ ချူးနိုင်ငံတော်သည် ၎င်း၏ လက်အောက်ငယ်သားများကို အမှန်တကယ် မထိန်းချုပ်နိုင်တော့သည့်ပုံ ပေါ်သည်။

ကျိချိုးယုက

“မိတ်ဆွေလု။ စိတ်ချပါ။ ကျွန်မ လနက်မြို့မှာ တစ်ရက် ရှိနေသရွေ့ ရှင် နတ်ဆိုးနှင်ဓားပညာကို တခြားသူတွေကို မသင်ပေးရင်တောင်မှ ရှင် လနက်မြို့ရဲ့ ဒုတိယမြို့သခင်အဖြစ် ဆက်ရှိနေနိုင်ပါတယ်။”

သူမ စကားဆုံးပြီးနောက် ကျိချိုးယု လုချန်းအား မျှော်လင့်တကြီး ကြည့်လိုက်၏။

သူ ဘယ်လိုဆုံးဖြတ်မည်ကို သူမ သိလိုသည်။

လုချန်းက

“မြို့သခင်က ဒီလို ပြောမှတော့ ကျွန်တော် ဆက်နေပါ့မယ်။ ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ကျွန်တော့်မှာ တခြား သွားစရာ နေရာလည်း မရှိပါဘူး။”

လုချန်း၏ တုံ့ပြန်မှုကို ကြားသောအခါ ကျိချိုးယု၏ အတွင်းစိတ်ထဲ အလွန် ပျော်ရွှင်သွားသည်။ လုချန်း နေရန် ဆန္ဒရှိသရွေ့ အဆင်ပြေသည်။

နောက်တစ်လအတွင်း လုချန်းသည် သူ၏ ဒုတိယမြို့သခင် ရာထူးဖြင့် လနက်မြို့တစ်ခွင်လုံးကို လှည့်လည် ကြည့်ရှုခဲ့၏။ လနက်မြို့သည် သူ ထင်ထားသည်ထက် ပိုမို ကြီးမားကြောင်း တွေ့ရှိရသည်။ လနက်မြို့ လွတ်လပ်စွာ ခွဲထွက်သလောက် ဖြစ်နေပြီဟု ကျိချိုးယု ပြောခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။

လနက်မြို့ကို အပိုင်းနှစ်ပိုင်း ခွဲခြားထား၏။ တစ်ပိုင်းမှာ နတ်ဆိုးဒီရေကို တွန်းလှန်ရန် တာဝန်ယူရသော အပြင်မြို့ဖြစ်သည်။ ထို့နောက်တွင် နိုင်ငံငယ်လေးတစ်ခု အရွယ်ခန့်ရှိသော ကျယ်ပြန့်သည့် အတွင်းမြို့ ရှိနေသည်။

အဓိကအချက်မှာ လနက်မြို့၏ ထိန်းချုပ်မှုသည် မြို့တစ်မြို့တည်းအပေါ်တွင်သာ မဟုတ်ပဲ ၎င်း၏ ပတ်ဝန်းကျင်ရှိ ကျယ်ပြန့်သော ဒေသ အများအပြားအထိ အာဏာသက်ရောက်ခြင်း ဖြစ်၏။ လနက်မြို့သည် ပြီးပြည့်စုံသော ကုန်သွယ်မှုစနစ်တစ်ခုကို ဖွဲ့စည်းထားပြီး ဖြစ်သည်။ လနက်မြို့သည် နိုင်ငံထဲမှ နိုင်ငံတစ်ခု ဖြစ်နေပြီဟု ဆိုနိုင်ပေသည်။

ထိုအချိန်အတွင်း လုချန်းသည် သူ၏ ဒုတိယမြို့သခင် အဆင့်အတန်းကို အသုံးပြု၍ ဤကမ္ဘာအကြောင်းကို နေထိုင်သူများထံမှ စုံစမ်းမေးမြန်းခဲ့သည်။

ဤကမ္ဘာတွင် နိုင်ငံတော်များနှင့် ပြည်နယ်များစွာ ရှိ၏။ ဟုတ်ပါသည်။ ထိုသို့ ဖြစ်ရခြင်း၏ အရေးကြီးဆုံး အကြောင်းရင်းများထဲမှ တစ်ခုမှာ ကျိယန်ကမ္ဘာသည် ထျန်းချန်ကမ္ဘာထက် များစွာ ပိုမို ကြီးမားခြင်းကြောင့် ဖြစ်သည်။ ထိုအချက်က နိုင်ငံငယ်များနှင့် အင်ပါယာနိုင်ငံများစွာ ဖွဲ့စည်းဖြစ်ပေါ်လာစေခဲ့သည်။

ကျိယန်ကမ္ဘာတွင် အင်အားအကြီးဆုံး ငါးခုမှာ ထျန်းကျိရဲတိုက်၊ ကျိရှောင်နိုင်ငံတော်၊ ရှုံမော့မျှော်စင်၊ သွေးသက်တံရဲတိုက်နှင့် ရွှေယွဲ့နတ်ဘုရားကျောင်းတို့ ဖြစ်ကြသည်။

ကျိရှောင်နိုင်ငံတော်သည် ကမ္ဘာပေါ်တွင် မြေနေရာ အများဆုံး ပိုင်ဆိုင်ပြီး အမြင်အရ အင်အားအကြီးဆုံး နိုင်ငံတော် ဖြစ်သည်။ သို့သော် စစ်မှန်သော အင်အားအရ ဆိုလျှင် ဤကမ္ဘာရှိ လူများ၏ အမြင်၌ ထျန်းကျိရဲတိုက်သည် အင်အား အကြီးဆုံး ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထျန်းကျိရဲတိုက်သည် အလွန် လျှို့ဝှက်ဆန်းကြယ်သောကြောင့်ဖြစ်သည်။

မသိနိုင်သည့် အရာသည် ကြောက်မက်ဖွယ် အကောင်းဆုံး ဖြစ်သည် မဟုတ်ပါလား။

ဤကမ္ဘာ၏ အင်အားဖွဲ့စည်းပုံကို သိရှိပြီးနောက် သူ၏ စုံစမ်းစစ်ဆေးမှုကို ကျိရှောင်နိုင်ငံတော်နှင့် ထျန်းကျိရဲတိုက်တို့အပေါ် အာရုံစိုက်ခဲ့သည်။

ကျိရှောင်နိုင်ငံတော်နှင့် ထျန်းကျိရဲတိုက်တို့၏ အင်အားကို သူ အလွန် သိချင်နေသည်။

…….

တစ်နေ့တွင်။

လုချန်းသည် ကျိချိုးယုနှင့်အတူ မြို့ရိုးကို ကင်းလှည့်နေစဉ် သူက အဝေးရှိ နတ်ဆိုးချိပ်ပိတ်နယ်မြေများအား လှမ်းကြည့်လိုက်ပြီးနောက်

“မြို့သခင်။ နတ်ဆိုးချိပ်ပိတ်နယ်မြေတွေက ဒီလောက် အရေးကြီးတယ်ဆိုရင် ဘာဖြစ်လို့ ကျိရှောင်နိုင်ငံတော်က ကိုယ်တိုင် လူလွှတ်ပြီး မစောင့်ခိုင်းတာလဲ။ ဒါတွေ အားလုံးကို ချူးနိုင်ငံတော်လက်ထဲ ဘာလို့လွှဲထားတာလဲ။”

ကျိချိုးယု သက်ပြင်းချလိုက်ပြီး

“ကျွန်မကို အစက ကျိရှောင်နိုင်ငံတော်က စေလွှတ်ခဲ့တာပါ။ ဒါကြောင့်လည်း ချူးနိုင်ငံတော်က ကျွန်မကို ဘယ်တုန်းကမှ မထိရဲခဲ့တာ။ အရင်တုန်းကတော့ ကျိရှောင်နိုင်ငံတော်က ချိပ်ပိတ်ထားတာတွေကို စစ်ဆေးဖို့ နတ်ဆိုးချိပ်ပိတ်နယ်မြေတွေကို နှစ်တိုင်း မှန်မှန် လူလွှတ်ပြီး စစ်ဆေးလေ့ ရှိခဲ့တယ်။ ဒါပေမဲ့ ဒီနှစ်တွေအတွင်းမှာတော့ ကျိရှောင်နိုင်ငံတော်ထဲ မတည်မငြိမ် ဖြစ်လာတော့ နတ်ဆိုးချိပ်ပိတ်နယ်မြေတွေအကြောင်း သူတို့ မေ့သွားကြပုံပဲ။”

ကျိချိုးယု၏ အဖြေကို ကြားသောအခါ အကြောင်းအရင်းကို လုချန်း နားလည်သွားသည်။ နတ်ဆိုးချိပ်ပိတ်နယ်မြေ ကဲ့သို့သော သိသာထင်ရှားသည့် ခြိမ်းခြောက်မှုကြီးက အဘယ်ကြောင့် ပို၍ အာရုံစိုက်မခံရသနည်းဟု သူ တွေးနေခဲ့ခြင်းသည်။

လုချန်းက

“နတ်ဆိုးချိပ်ပိတ်နယ်မြေက ကျိယန်ကမ္ဘာ တစ်ခုလုံးရဲ့ ဘေးကင်းလုံခြုံရေးနဲ့ သက်ဆိုင်နေတာပဲ။ တခြား အင်အားကြီးတွေကလည်း အာရုံစိုက်နေသင့်တာ မဟုတ်ဘူးလား။ ဥပမာ ထျန်းကျိရဲတိုက်လိုမျိုးပေါ့။”

ကျိချိုးယုက

“ထျန်းကျိရဲတိုက်က တပည့်တွေတော့ နှစ်စဉ် လာရောက်လည်ပတ်ကြတာပဲ။ ဒါပေမဲ့ သူတို့က ဒီမှာ ဘယ်သူ့ကိုမှ အမြဲတမ်း တပ်စွဲမထားဘူး။ သူတို့ရဲ့ အမြင်မှာတော့ နတ်ဆိုးချိပ်ပိတ်နယ်မြေက ဘာပြဿနာမှ ကြုံတွေ့ရနိုင်ခြေ မရှိဘူးလို့ ထင်နေပုံပဲ။”

ကျိယန်ကမ္ဘာမှ လူများ အမှန်တကယ် ပေါ့ဆလွန်းလှသည်ဟု လုချန်းစိတ်ထဲ တွေးလိုက်သည်။

ဤအချိန်တွင် ကျိချိုးယုက

“နောက်ဆုံးတော့ သူတို့က တာဝန်ကို အခြားတစ်ယောက်ဆီ လွှဲချချင်ကြတာပါ။”

လုချန်း စဉ်းစားကြည့်ပြီး သဘောတူလိုက်သည်။ ကျိယန်ကမ္ဘာတွင် အင်အားကြီးများစွာ ရှိနေသဖြင့် တာဝန်လွှဲချခြင်းက ပုံမှန်ဖြစ်သည်။

ဒါက ဆရာများ သားသေဆိုသည့် ဆိုရိုးစကားအတိုင်းပင် ဖြစ်သည်။ နတ်ဆိုးစွမ်းအင်များ ထူထပ်ပြီး စိတ်ဝိညာဉ် စွမ်းအင် ရှားပါးသော နေရာဖြစ်သည့် နတ်ဆိုးချိပ်ပိတ်နယ်မြေကို မည်သူမှ စောင့်ကြပ်လိုမည် မဟုတ်ပေ။

ဘယ်သူက စိတ်ပါလက်ပါ တက်တက်ကြွကြွ စောင့်ကြည့်နေမည်နည်း။

ထို့ပြင် ချူးနိုင်ငံတော်၏ အပိုင်နယ်မြေတွင် တည်ရှိနေသောကြောင့်လည်း ဤနေရာကို စောင့်ကြပ်ရန် တပ်များ မစေလွှတ်ချင်ကြခြင်းလည်း ဖြစ်သည်။ နတ်ဆိုးဒီရေသာ ပျံ့နှံ့လာပါက ချူးနိုင်ငံတော်သာ ပထမဆုံး ဒုက္ခရောက်မည် ဖြစ်၏။

ထို့နောက် လုချန်း လမ်းလျှောက်နေရာမှ ရပ်လိုက်ပြီး ကျိချိုးယုအား ကြည့်လျက်

“မြို့သခင်။ ခင်ဗျား လနက်မြို့ကနေ ထွက်သွားဖို့ တစ်ခါမှ မစဉ်းစားဖူးဘူးလား။ ခင်ဗျားက ချူးနိုင်ငံတော်က မဟုတ်မှတော့ ခင်ဗျားမှာ ဒီနိုင်ငံအတွက် အသက်စွန့်ရမယ့် တာဝန် မရှိပါဘူး။”

ထိုအရာကို ကြားသောအခါ ကျိချိုးယုက ပြုံးလိုက်ပြီး

“အစပိုင်းကတော့ ကျွန်မလည်း ထွက်သွားဖို့ စဉ်းစားမိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ ကျွန်မ ဒီနေရာနဲ့ အသားကျသွားတယ်။ ပြီးတော့ နတ်ဆိုးချိပ်ပိတ်နယ်မြေက ကျွန်မအတွက် အထူးအဓိပ္ပာယ်တစ်ခု ရှိနေတယ်။ ဒါကြောင့် ကျွန်မ ထွက်သွားလို့ မဖြစ်ဘူး။”

လုချန်းက စူးစမ်းစွာဖြင့်

“အထူးအဓိပ္ပာယ်”

ကျိချိုးယု လုချန်းအား ကြည့်ရန် ခေါင်းလှည့်လိုက်သည်။ သူ၏ မျက်လုံးများထဲသို့ စိုက်ကြည့်ရင်း သူမက

“လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းနဲ့ချီတုန်းက ကျိမိသားစုက နတ်ဆိုးချိပ်ပိတ်နယ်မြေထဲမှာ ကောင်းကင်နတ်ဆိုးကို ချိပ်ပိတ်ဖို့ ကြီးမားတဲ့ ပေးဆပ်မှု လုပ်ခဲ့ရတယ်။ အဲ့ဒီအချိန်ကတည်းက နတ်ဆိုးချိပ်ပိတ်နယ်မြေကို စောင့်ကြပ်ဖို့က ကျိမိသားစုရဲ့ တပည့်တွေရဲ့ တာဝန် ဖြစ်လာခဲ့တယ်။”

“ နောက်ပြီး ကောင်းကင်နတ်ဆိုးကို ချိပ်ပိတ်ခဲ့တုန်းက အဲ့ဒီနတ်ဆိုးက ကျိမိသားစုဝင်တွေရဲ့ သွေးနဲ့ အငွေ့အသက်ကို မှတ်သားထားခဲ့တယ်။ အကယ်၍သာ ချိပ်ပိတ်ထားတာ ပွင့်သွားပြီး ကောင်းကင်နတ်ဆိုးက အတွင်းကနေ ထွက်ပေါ်လာခဲ့ရင် ကျိမိသားစုကို ချက်ချင်း လက်စားချေဖို့ ရှာဖွေမှာပဲ။”

လုချန်းက

“သြော် ဒီလိုကိုး။”

ထိုအခိုက်အတန့်တွင် ကျိချိုးယုက ပြုံးလိုက်ပြီး လုချန်းအား

“မိတ်ဆွေလု။ ရှင် ဒီမှာ ရှိနေတာ ကျွန်မ ဝမ်းသာတယ်။ ရှင်သာ လနက်မြို့မှာ ရှိနေရင် နတ်ဆိုးဒီရေက မြို့ရဲ့ ကာကွယ်ရေးတွေကို ဘယ်တော့မှ ထိုးဖောက်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်တယ်။”

လုချန်းကလည်း ခပ်ရေးရေး ပြုံးလိုက်ပြီး “မြို့သခင်။ ခင်ဗျား ကျွန်တော့်ကို မိတ်ဆွေလုလို့ ဆက်ခေါ်နေဦးမှာလား။ ကျွန်တော့်နာမည်ကိုပဲ ခေါ်လိုက်ပါတော့လား။”

လုချန်း၏ စကားကို ကြားသောအခါ ကျိချိုးယု ခဏခန့် ကြက်သေသေသွားသော်လည်း လျင်မြန်စွာ သတိပြန်ဝင်လာပြီး ချက်ချင်းပင်

“လုချန်း။ လနက်မြို့ရဲ့ ဘေးကင်းလုံခြုံရေးက အခု ရှင့်ရဲ့ လက်ထဲမှာပဲ။”

လုချန်းက

“ပြဿနာ မရှိပါဘူး။ ကျွန်တော် လနက်မြို့မှာ ရှိနေသရွေ့ နတ်ဆိုးဒီရေကို တစ်လှမ်း တောင် ပိုတိုးလာခွင့် ပြုမှာ မဟုတ်ဘူး။”

“ကောင်းပြီ။ ကျွန်တော်တို့ ဆက်ပြီး ကင်းလှည့်ကြရအောင်။”

အသံ ဆုံးသွားသည်နှင့် မြို့ရိုးများ၏ အဝေးပိုင်းသို့ လုချန်း လျှောက်သွားခဲ့သည်။ ကျိချိုးယုလည်း နောက်ထပ် ဘာမှ မပြောတော့ပေ။

သူတို့နှစ်ဦးသည် ကောင်းကင်ဘုံမှ စုံတွဲတစ်တွဲအလား မြို့ရိုးများပေါ်တွင် လမ်းလျှောက်နေကြပြီး ပြီးပြည့်စုံသော ကျင့်ကြံသူစုံတွဲတစ်တွဲလို ဖြစ်နေသည်။

လက်ရှိ ခံစားချက် အငွေ့အသက်သည် ကျိချိုးယု၏ နှလုံးသားထဲတွင် သိမ်မွေ့သော ခံစားချက်များကို လှုံ့ဆော်ပေးခဲ့သည်။ သူမ၏ အသက်ကို ကယ်တင်ခဲ့သူမှာ လုချန်း ဖြစ်သည်။ လုချန်းတွင် မသမာသော ရည်ရွယ်ချက်များ ရှိနိုင်သည်ကို သိနေသော်လည်း သူမ၏ သူ့အပေါ် တိုးပွားလာသော ချစ်ခင်နှစ်သက်မှုကိုတော့ မတားဆီးနိုင်ခဲ့ပေ။

ထို့ပြင် လုချန်းသည် အလွန် ချောမောသဖြင့် သူ့အပေါ် ထားရှိသော သူမ၏ အတွေးများလည်း ပို၍ပင် များပြားလာခဲ့သည်။ သို့သော် တစ်လကြာ အတူတူ ဖြတ်သန်းပြီးနောက် လုချန်းက သူမအပေါ် မည်သည့် အထူးခံစားချက်မှ ထားရှိပုံ မပေါ်သည်ကို သူမ သတိပြုမိခဲ့သည်။ ထိုအချက်က သူမအား အလွန် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

ခဏအကြာတွင် ကျိချိုးယုက

“လုချန်း။ ရှင့်မှာ ကျင့်ကြံဖော် ရှိသလား”

အနည်းငယ်မှ မတုံ့ဆိုင်းပဲ လုချန်းက တည်ငြိမ်စွာဖြင့်

“မရှိပါဘူး မြို့သခင်။ ဘာဖြစ်လို့ မေးတာလဲ။”

All Chapters