ကျွန်မကို ရှင် ဘယ်လို သဘောရလဲ
Vol. 70 Ch. 1040
သူ့ထံတွင် ဇနီးမယားများစွာ ရှိသော်ငြားလည်း ကျင့်ကြံဖော် အနေနှင့် အမှန်တကယ် မရှိသေးကြောင်း လုချန်း သူ့ကိုယ်သူ တွေးလိုက်သည်။ ကျိချိုးယု မေးခဲ့သည်မှာ ကျင့်ကြံဖော်အကြောင်း ဖြစ်ပြီး သူ၏ အဖြေက အမှန်တကယ် လိမ်ညာခြင်း မဟုတ်ပေ။
လုချန်းက သူ့တွင် ကျင့်ကြံဖော် မရှိဟု ပြောသည်ကို မြင်သောအခါ ကျိချိုးယု၏ နှလုံးခုန်သံ ရုတ်တရက် မြန်ဆန်လာသည်။
ကျင့်ကြံဖော် မရှိဘူးလား။
ထိုသို့ဆိုလျှင် သူမထံတွင် အခွင့်အရေး မရှိဘူးလား။
လုချန်းက နတ်ဆိုးနှင် ဓားသိုင်းပညာကို အပြင်လူများထံ လက်ဆင့်မကမ်းဟု ပြောခဲ့၏။ ထို့ကြောင့် အကယ်၍ သူမ လုချန်း၏ ကျင့်ကြံဖော် ဖြစ်လာခဲ့ပါက သူမသည် အပြင်လူ မဟုတ်တော့ပေ။
ထိုအတွေးဖြင့် ကျိချိုးယု အနည်းငယ် စိတ်လှုပ်ရှားသွားပြီးနောက် ထပ်မေးလိုက်သည်။
“ဒါဆိုရင် ရှင့်မှာ ကျင့်ကြံဖော် ရှာဖို့ အစီအစဉ် ရှိလား”
“တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာက တော်တော်လေး အထီးကျန်ဆန်နေမှာပဲနော်။”
ထိုစကားကို ကြားသောအခါ လုချန်း ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။ ကျိချိုးယု၏ စကားများ ဤအခြေအနေသို့ ရောက်နေခဲ့ပြီ ဖြစ်ရာ သူမ ဘာကို ဆိုလိုသည်ကို သူ မည်သို့ မသိပဲ ရှိမည်နည်း။
သို့သော် သူမ၏ အချက်အလက်များမှ လုချန်းသည် ကျိချိုးယု သူ၏ ကျင့်ကြံဖော် ဖြစ်လိုခြင်းမှာ ချစ်ခင်နှစ်သက်မှု သက်သက်ကြောင့် မဟုတ်ပဲ အမှန်တကယ် မရှိသော နတ်ဆိုးနှင် ဓားသိုင်းပညာအတွက် ပို၍ ဖြစ်ကြောင်း သူသိထားသည်။
ဟုတ်ပါသည်။ နှစ်သက်မှုတော့ ရှိပါသည်။ သူ့အပေါ် ကျိချိုးယု၏ နှစ်သက်မှုသည် ရှစ်ဆယ်ကျော်တန်းတွင်သာ ရှိနေခဲ့ပြီး ဖြစ်ရာ ခံစားချက်များ မရှိဟု ပြောလိုမရနိုင်ပေ။
လုချန်းက
“ကျွန်တော် တကယ်ပဲ အဲဒီအကြောင်း တွေးမိပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကံကြမ္မာကို ပိုယုံတယ်။ တမင်တကာတော့ ရှာဖွေမှာ မဟုတ်ဘူး။ ကံကြမ္မာ ဆိုက်ရောက်လာတဲ့အခါ ကျင့်ကြံဖော်က သူ့အလိုလို ပေါ်လာပါလိမ့်မယ်။”
ထိုစကားကို ကြားသောအခါ ကျိချိုးယု ခဏခန့် တိတ်ဆိတ်သွားပြီးနောက်
“ကျွန်မကို ရှင် ဘယ်လို သဘောရလဲ”
ဟု တိုက်ရိုက် မေးလိုက်သည်။
လုချန်းက သူ၏ ဦးခေါင်းကို လှည့်လိုက်ပြီး ဇဝေဇဝါဖြစ်ဟန်ဆောင်ကာ ကျိချိုးယုအား ကြည့်၍
“ခင်ဗျား ဘာကို ဆိုလိုတာလဲ။”
ကျိချိုးယုက
“ကျွန်မ ဆိုလိုတာက ရှင့်ရဲ့ ကျင့်ကြံဖော် ဖြစ်ဖို့ ကျွန်မ သင့်တော်တယ်လို့ ရှင် ထင်လားလို့ပါ။”
သူမ စကားပြောနေစဉ် ကျိချိုးယု၏ ပါးပြင်ပေါ်တွင် ပန်းရောင်သန်းသော အရောင်တစ်ခု ပေါ်လာသည်။ သူမတွင် သူတို့၏ ဆက်ဆံရေးမှတစ်ဆင့် လုချန်း၏ နတ်ဆိုးနှင် ဓားသိုင်းပညာကို ရယူရန် လျှို့ဝှက်ရည်ရွယ်ချက် အမှန်တကယ် ရှိခဲ့သော်လည်း သူမ လုချန်းအား အမှန်တကယ် နှစ်သက်၏။
ထိုအခိုက်တွင် အနည်းငယ် ရှက်ရွံ့မိသလိုလည်း ကျိချိုးယု ခံစားလိုက်ရသည်။
လုချန်းက အံ့အားသင့်ဟန်ဆောင်လိုက်ပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။
ခဏအကြာတွင် လုချန်းက နောက်ဆုံးတွင် “မြို့သခင်က ကျွန်တော့်ကို နောက်နေတာလား။”
ကျိချိုးယုက သူမ၏ ငွေသွားများကို ညင်သာစွာ ကိုက်လိုက်ပြီးနောက်
“ကျွန်မ တကယ် ပြောနေတာ။”
လုချန်း နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။ လုချန်း ပြန်မဖြေသည်ကို မြင်သောအခါ ကျိချိုးယု စိုးရိမ်လာ၏။ သူမ၏ စိတ်လိုက်မာန်ပါ အပြုအမူက လုချန်း ထွက်ပြေးသွားအောင် ခြောက်လှန့်လိုက်သကဲ့သို့ ဖြစ်သွားနိုင်သည်။
ကျိချိုးယုက
“ရှင် သဘောမတူရင်လည်း မေ့လိုက်ပါတော့”
ဟု လျင်မြန်စွာ ထပ်ဖြည့်ပြောလိုက်သည်။
လုချန်း ကျိချိုးယုအား ခဏခန့် အကဲဖြတ်သလို ကြည့်လိုက်သည်။
ကျိချိုးယုသည် အရပ်ရှည်ပြီး သွယ်လျ၏။ သူမသည် ပန်းရောင် တိမ်တိုက်ပုံစံ ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ လှပသော ခန္ဓာကိုယ်သည် ဆွဲဆောင်မှု အပြည့် ရှိနေသည်။
သူမ၏ မျက်နှာသည် ချောမောလှပလွန်းပြီး စင်းသော နှာတံ၊ ချယ်ရီရောင် နှုတ်ခမ်းများ၊ နူးညံ့သော ဆံပင်များက ခါးအထိ ဝဲကျနေကာ သူမ၏ နဖူးပြင်တွင် ပန်းပွင့်ပုံစံ အဆင်တန်ဆာတစ်ခု ရှိနေသည်။
အကယ်၍ လုချန်း၏ ပင်မခန္ဓာကိုယ်သာ ဤနေရာတွင် ရှိနေပါက သူ ယခုချက်ချင်း သူမနှင့် ရင်းနှီးပတ်သက်လိုမည်မှာ သေချာ၏။ ကံမကောင်းစွာပင် သူ၏ ပင်မခန္ဓာကိုယ် ရှိမနေခဲ့ပေ။
ထို့နောက် လုချန်းက
“ကျွန်တော် သဘောမတူဘူးလို့ မပြောပါဘူး။ ဒါပေမဲ့ ဒါက နည်းနည်း လောနေတယ် တယ်လို့ မြို့သခင် မထင်ဘူးလား။”
“မြို့သခင်က ဘယ်ယောက်ျားကိုမှ ခံစားချက် မရှိခဲ့ဖူးဘူးလို့ စစ်သားတွေဆီက ကျွန်တော် ကြားထားတယ်။ ပြီးတော့ ပိုင်ဝမ်ပင်းက ခင်ဗျားကို ဆယ်စုနှစ်တစ်ခုကျော်ကြာ လိုက်ခဲ့တာတောင် ခင်ဗျား လက်မခံခဲ့ဘူးတဲ့။”
“ကျွန်တော်က မြို့သခင်ကို သိတာ အချိန်တိုလေးပဲ ရှိသေးတယ်။ ပြီးတော့ ခင်ဗျားလည်း ကျွန်တော့်အကြောင်း လုံလုံလောက်လောက် မသိသေးဘူး။ ကျွန်တော်က လူဆိုးတစ်ယောက် ဖြစ်နေမှာကို ခင်ဗျား မကြောက်ဘူးလား။”
ကျိချိုးယုက
“ရှင်သာ တကယ် လူဆိုးတစ်ယောက် ဆိုရင် နတ်ဆိုးဒီရေ တက်တုန်းက ကျွန်မကို ကယ်ခဲ့မှာ မဟုတ်ဘူး။ လနက်မြို့က သာမန်ပြည်သူတွေကိုလည်း ကယ်ခဲ့မှာ မဟုတ်ဘူး။”
ကျိချိုးယု တွေးကြည့်ပြီး ဖြစ်၏။ သူမ၏ အလှတရားမှလွဲ၍ လုချန်း ကြံစည်လောက်အောင် သူမထံတွင် တကယ်တမ်း ဘာမှ များများစားစား မရှိပေ။ ထို့ကြောင့် လုချန်းသည် လျှို့ဝှက်ရည်ရွယ်ချက်များကြောင့် လနက်မြို့တွင် နေထိုင်ခဲ့သည်ဟု သူမ မယုံကြည်ချေ။
သူမ၏ အမြင်အရ လုချန်း၏ နောက်ခံသမိုင်းကို မသိရလျှင်ပင် သူသည် လူဆိုးတစ်ဦး ဖြစ်နိုင်ခြေ မရှိပေ။ ထို့ကြောင့် သူမ ဤအခွင့်အရေးကို လက်လွှတ်မခံလိုပေ။
လုချန်း၏ နတ်ဆိုးနှင် ဓားသိုင်းပညာသည် ထိုနတ်ဆိုးများအပေါ် သေစေနိုင်သော အကျိုးသက်ရောက်မှု ရှိခဲ့သည့်အတွက် ၎င်းသည် ကောင်းကင်နတ်ဆိုးကို ရင်ဆိုင်ရာတွင်လည်း အသုံးဝင်နိုင်မည်ဟု သူမ ယုံကြည်၏။
အကယ်၍ သူမသည် လုချန်း၏ နတ်ဆိုးနှင် ဓားသိုင်းပညာကို သင်ယူနိုင်ခဲ့ပါက ချိပ်ပိတ် နတ်ဆိုးနယ်မြေမှ ကောင်းကင်နတ်ဆိုး ထွက်ပေါ်လာသည့်နေ့တွင် သူမသည်လည်း ၎င်းကို ရင်ဆိုင်ရန် လုချန်း၏ ပညာကို အသုံးပြုနိုင်မည်ဖြစ်သည်။
လုချန်း၏ ဓားသိုင်းပညာကို သင်ယူရန်အတွက် သူမ၏ အပျိုစင်ဘဝကို သူ့ထံ စွန့်လွှတ်ရန် ကျိချိုးယု ဆန္ဒရှိ၏။ အထူးသဖြင့် သူမသည် လုချန်းအပေါ် အတိုင်းအတာတစ်ခုအထိ ချစ်ခင်မှု ရှိနေခဲ့ပြီး ဖြစ်သည်။ သူ့ထံ သူမကိုယ်သူမ ပေးအပ်လိုက်လျှင်ပင် သူမ နစ်နာမည် မဟုတ်ပေ။
လုချန်းသည် သူမ မွေးဖွားလာခဲ့ပြီးကတည်းက သူမ၏ နှလုံးသားကို လှုပ်ရှားစေခဲ့သော ပထမဆုံး အမျိုးသား ဖြစ်၏။ သူသည် သူမ၏ ကျင့်ကြံဖော်အဖြစ် သင့်တော်သော ကြင်ဖော် ဖြစ်ပေလိမ့်မည်။
ပြုံးလျက် လုချန်းက
“မြို့သခင်။ ကျွန်တော် ခင်ဗျားရဲ့ ကျင့်ကြံဖော် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့...”
ကျိချိုးယု ခဏခန့် ကြောင်သွားပြီးနောက်
“ဒါပေမဲ့ ဘာဖြစ်လဲ”
လုချန်းက
“ဒါပေမဲ့ ကျွန်တော် မကြာသေးခင်က အထူးကျင့်စဉ်တစ်ခု ကျင့်ကြံနေလို့ အချိန်ကာလတစ်ခုအထိ အမျိုးသမီးတွေနဲ့ ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံတာကို ရှောင်ကြဉ်ရမယ်။”
ထိုစကားကို ကြားသောအခါ ကျိချိုးယု လုချန်း၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားပြီး သူမ၏ မျက်နှာ ပို၍ပင် ပန်းရောင်သန်းလာသည်။
သူမ ထိုသို့ ဖြစ်သွားသည်ကို မြင်သောအခါ လုချန်းက
“မြို့သခင်။ ဘာဖြစ်လို့လဲ။ ခင်ဗျား မျက်နှာက အရမ်း နီလာတယ်။”
သူမ၏ စိတ်ကို ပြန်ထိန်းလိုက်ပြီးနောက် ကျိချိုးယုက ချစ်သူများ မျက်စောင်းထိုးသကဲ့သို့ လုချန်းအား တစ်ချက် ကြည့်လိုက်ပြီး
“ရှင် ကျွန်မကို မြို့သခင်လို့ ခေါ်နေတုန်းပဲလား။”
လုချန်းက ရှက်ရွံ့ဟန်ဆောင်၍ ပြုံးလိုက်ပြီး
“အိုး။ ကျွန်တော် နားလည်ပါပြီ ချိုးယု။”
လုချန်းက သူမအား ရင်းနှီးစွာ ခေါ်ဝေါ်သည်ကို ကြားသောအခါ ကျိချိုးယု၏ နှလုံးသား တုန်ခါသွားသည်။ သူမသည် သူမ၏ တစ်သက်တာလုံး လနက်မြို့တွင် တစ်ဦးတည်း အဆုံးသတ်ရလိမ့်မည်ဟု တွေးထင်ထားခဲ့သည်။ ဤမျှ လျင်မြန်စွာ ကျင့်ကြံဖော်တစ်ဦး ရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမ အဘယ်ကြောင့် ရုတ်တရက် ကျင့်ကြံဖော်တစ်ဦး ရှာဖွေလိုခဲ့သည်ကိုလည်း နားလည်လိုက်၏။ ဒါက လွန်ခဲ့သော တစ်လကျော်က သူမအား သေဘေးနှင့် ရင်ဆိုင်ရစေခဲ့သော နတ်ဆိုးဒီရေကြောင့် ဖြစ်နိုင်သည်။ ထိုခံစားချက်က သူမအား စိတ်အားထက်သန်မှုတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
သူမသည် ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးကြားမှ ချစ်ခင်နှစ်သက်မှုများကို မခံစားဖူးပဲ သေဆုံးသွားရန် ဆန္ဒမရှိခဲ့ပေ။
ဤအချိန်တွင် လုချန်းက
“ချိုးယု။ ခင်ဗျား အဆင်ပြေရဲ့လား။ ခင်ဗျား မျက်နှာက ပိုပိုပြီး နီလာတယ်”
ဟု စိုးရိမ်တကြီး ဆက်ပြောလိုက်သည်။
ကျိချိုးယုက
“ကျွန်မ အဆင်ပြေပါတယ်။ ဆက်မမေးနဲ့တော့။”
ဟု အလျင်အမြန် ဆိုလိုက်သည်။
ထိုသို့ ဆိုပြီးနောက် ရှက်သွေးဖြာနေသော ကျိချိုးယုလည်း ရှေ့သို့ ဆက်လျှောက်သွားရင်း ဤလူ မိန်းမများအကြောင်းကို တကယ်ပင် လုံးဝ နားလည်ပါလားဟု သူမဘာသာတွေးနေမိသည်။
သူမ၏ မျက်နှာ အဘယ်ကြောင့် နီနေသည်ကို သူ မခန့်မှန်းနိုင်ဘူးလား။
ကျိချိုးယု၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း လုချန်း ရယ်မောလိုက်ပြီးနောက် သူမနောက်သို့ လိုက်ပါသွားသည်။
ကျင့်ကြံဖော်များအဖြစ် သူတို့၏ ဆက်ဆံရေးကို အတည်ပြုပြီးနောက် သူမ လုချန်းနှင့် မည်သို့ စကားပြောရမှန်းမသိ ဖြစ်နေခဲ့သည်။ သူမသည် ယခင်က တစ်ခါမှ ကျင့်ကြံဖော်တစ်ဦးကို မရှာဖွေခဲ့ဖူးပေ။ လုချန်းသည် သူမ၏ ပထမဆုံး အမျိုးသား ဖြစ်သည်။ သူမ ဘာလုပ်ရမည်ကို မသေချာခဲ့ပေ။
………
ညနေခင်း။
ဆည်းဆာချိန် နေလုံးသည် ကောင်းကင်မှ နိမ့်ဆင်းနေသည်။
ကျိချိုးယုသည် သူမ၏ အခန်းထဲတွင် ဟိုဟိုဒီဒီ လမ်းလျှောက်နေရင်း လုချန်း ရောက်လာသည်ကို မတွေ့ရသေးသဖြင့် သူမ၏ ဘေးမှ အစေခံအား
“ဒုတိယမြို့သခင် အခု ဘယ်မှာလဲ”
အစေခံက
“မြို့သခင်။ ဒုတိယမြို့သခင်က သူ့အခန်းကို ပြန်သွားပါပြီ။”
ကျိချိုးယုနှင့် လုချန်းတို့သည် ကျင့်ကြံဖော်အဖြစ် သူတို့၏ ဆက်ဆံရေးကို အတည်ပြုပြီး ဖြစ်သော်လည်း သူတို့ နှစ်ဦးတည်းသာ ဤအကြောင်းကို သိကြ၏။ မြို့သခင် စံအိမ်မှ အစေခံများ အပါအဝင် အခြား မည်သူမှ မသိကြပေ။
ကျိချိုးယုသည် လုချန်းအား ကာကွယ်ရန်အတွက်လည်း ထိုသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်၏။ အကယ်၍ လုချန်းနှင့် သူမ၏ ဆက်ဆံရေးကို အလျင်စလို ကြေညာလိုက်ပါက တစ်စုံတစ်ဦး၊ အထူးသဖြင့် ပိုင်ဝမ်ပင်းက သူ့အား ဒုက္ခပေးလာမည်ကို သူမ စိုးရိမ်ခဲ့သည်။
လုချန်း သူ၏ အခန်းသို့ ပြန်သွားပြီ ဖြစ်ကြောင်း ကြားသောအခါ ကျိချိုးယု အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ယခု သူတို့သည် ကျင့်ကြံဖော်များ ဖြစ်နေကြပြီ ဖြစ်သည်။
သီးခြားစီ ဆက်လက် မနေထိုင်သင့်ဘူး မဟုတ်လား။
ထိုသို့ တွေးလျက် ကျိချိုးယု လုချန်း၏ အခန်းဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားလိုက်သည်။
ကျိချိုးယု လုချန်း၏ အခန်းတံခါးဝသို့ ရောက်သောအခါ တုံ့ဆိုင်းနေခဲ့ပြီး သူမ၏ လက်ချောင်းသည် တံခါးပေါ်တွင် ရှိနေသောလည်း ခေါက်ရန် မစွမ်းနိုင်ခဲ့ပေ။