← Chapters

စိတ်ပျက်ခြင်း

Vol. 1 Ch. 36

စိတ်ပျက်ခြင်း

Vol. 1 Ch. 36

ကျန်းယွင်ရှန်သည် ကျန်းဂိုဏ်း၏ လက်ရှိ ဂိုဏ်းချုပ်ဖြစ်သည်။ သူသည် ခရမ်းရောင် နန်းတော်ရှင် အဋ္ဌမအဆင့်တွင် ရှိ၍ ကောင်းကင်တောင်ပံမြို့၏ လွှမ်းမိုးမှု အရှိဆုံးသော လူငါးယောက်မှ တစ်ယောက်ဖြစ်သည်။ သူ့စကားများတွင် အဆုံးမဲ့သော အင်အားတို့ပါဝင်နေပြီး ဟာသ လုံးဝမဟုတ်ချေ။

လှောင်ပြုံးတစ်ချက်သည် ကျန်းယွင်ရှဲနှင့် ကျန်းယွင်ရှစ်တို့၏ မျက်နှာထက်တွင် ပေါ်လာခဲ့သည်။ ကျန်းယွင်ရှန်သည် ထိုသို့ပြောလာမှတော့ သူတို့သည် အများကြီး ငြင်းခုံနေစရာ မလိုတော့ပေ။ ဂိုဏ်းချုပ်၏ ဆုံးဖြတ်ချက်ကို မည်သူက မလိုက်နာဘဲ နေရဲမည်နည်း

"ကျွန်တော် လိုက်နာဖို့ ငြင်းပယ်ပါတယ်"

လူငယ်ဆန်သော အသံတစ်သံသည် ထွက်ပေါ်လာခဲ့သည်။ ကျင်းယွင်ရှဲနှင့် ကျန်းယွင်ရှစ်တို့၏ မျက်နှာများသည် ကြည်လင်နေရာမှ မည်းမှောင်သွားကြသည်။ ကျန်းယွင်ရှဲသည် ကျန်းရီ၏ စကားတတ်မှုကို သိရှိထားလေရာ သူ့ကို စကားပြောခွင့်ပြု၍ မဖြစ်ကြောင်း သိလေသည်။ သူသည် ဒေါသတကြီး အော်ပြောလိုက်သည်  ...

"မင်းပါးစပ်ကို ပိတ်ထားစမ်း  ... မင်းက ဂိုဏ်းချုပ်ရဲ့ စကားကို အာခံရဲတယ်လား  ... စည်းကမ်းထိန်းသိမ်းရေးဆောင်က အစောင့်တွေ ဘယ်မှာလဲ  ... ဒီကောင့်ကို ဆွဲခေါ်သွားပြီး ဂိုဏ်းစည်းကမ်း အတိုင်း အပြစ်ပေးလိုက်ကြ"

အစောင့်တစ်ယောက်သည် ကျန်းယွင်ရှဲ၏ မျက်ဝန်းထဲမှ အရိပ်အကဲကို ဖမ်းမိလိုက်သည်နှင့် သူဘာပြောချင်သည်ကို ချက်ချင်း နားလည်လိုက်သည်။ သူသည် ကျန်းရီကို ခုခံရန် အခွင့်အရေးပင် မပေးဘဲ ခေါင်းထက်သို့ လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။

"ဟား  ... ဟား  ... ဟား"

ကျန်းရီသည် စိတ်မဆိုးပဲ ရယ်ချလိုက်လေသည်။ သူသည် အားရပါးရရယ်နေစဉ်တွင် ကျန်းယွင်ရှန်ကို စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူသည် ကျန်းယွင်ရှန်ကို ညွှန်ပြကာ အော်ဟစ်လိုက်သည်  ...

"ကျန်းဂိုဏ်းချုပ်  ... ဒီလိုမျိုး ထိတ်လန့်စရာ အာဏာ..သူက ကိစ္စတွေကို ရှင်းရှင်းလင်းလင်း သိအောင် မလုပ်သေးဘဲ လူတစ်ယောက်ရဲ့ သေခြင်းရှင်ခြင်းကို သူ့စကားနဲ့တင် ဆုံးဖြတ်တယ်လား  ... ကျန်းဂိုဏ်းရဲ့ စည်းမျဉ်းတွေလား  ... သောက်ရေးမပါတဲ့ စည်းမျဉ်းတွေ  ... ဒါတွေက ဟန်ပြသက်သက်ပဲ  ... ငါ့ကို သတ်လိုက်စမ်းပါ  ... ငါက တရားမျှတမှုကို ကျန်းဂိုဏ်းရဲ့ ဘိုးဘေးတွေဆီ သွားပြီး ရှာဖွေမယ်  ... ''

"ဝှစ်"

အစောင့်၏ လက်ဝါးသည် ကျန်းရီ၏ ခေါင်းကို ထိတော့မည့် ဆဲဆဲတွင် အသက်အရွယ်ရနေသော လေသံတစ်သံသည် ပေါ်ထွက်လာခဲ့သည်။

"နေဦး"

လူတိုင်းသည် အသံလာရာဆီသို့ ကြည့်လိုက်ကြသည်။ အော်လိုက်သော သူသည် ဆံပင်ဖြူများနှင့် ဒုတိယ အကြီးအကဲ ဖြစ်နေကြောင်း တွေ့လိုက်ရသည့်အခါ လူတိုင်း ဆွံ့အသွားကြသည်။ ဒုတိယ အကြီးအကဲသည် ဤသို့သော အရေးကိစ္စများတွင် ဝင်မပါခဲ့သည်မှာ မည်မျှကြာခဲ့ပြီနည်း  ... သူသည် ကျန်းဂိုဏ်း၏ အရေးကိစ္စများတွင် သူ့၏ အမြင်ကို ဘယ်သောအခါမှ မဖော်ပြခဲ့ဖူးပေ။ ယနေ့တွင် သူသည် တကယ့်ကို ကျန်းရီအတွက် စကားပြောပေးခဲ့သည်။

ဒုတိယ အကြီးအကဲ၏ မျက်နှာပေါ်ရှိ ပါးရေများသည် သူစကားပြောလိုက်စဉ်တွင် လှုပ်ရှားသွားကြသည်  ...

"ဒီကလေးက သူမတရားခံရတယ်လို့ ပြောပြီးပြီပဲ  ...  ဘာလို့  သူပြောစရာရှိတာကို နားထောင်မပေးတာလဲ  ... မျက်လုံးတွေ အများကြီးက စောင့်ကြည့်နေကြတယ်  ... ငါတို့ သူ့ကို ကွပ်မျက်ဖို့ လိုတယ်ဆိုရင် သူ့မှာ အပြစ်ရှိကြောင်း လူတိုင်းကို သက်သေပြနိုင်ရမယ်"

"ဦးလေးကျုံးက သူ့အမြင်ကို ပြောပြလာတယ်ဆိုတော့  ... ဒီကိစ္စကို ပြန်ဆုံးဖြတ်ကြည့်ရအောင်"

ကျန်းယွင်ရှန်သည် ဒုတိယ အကြီးအကဲကို ခေါင်းညိတ်ပြလိုက်ကာ သူ့ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး လက်ဖက်ရည် တစ်ခွက် ငှဲ့လိုက်သည်။ သူသည် ထိုင်ခုံတွင် ထိုင်လိုက်ပြီးနောက် ကျန်းရီကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်  ...

"ငါ ကျန်းယွင်ရှန်မှာ ဒီလို အာဏာမျိုး မရှိဘူး  ... အကြောင်းအရင်းက ငါက ကျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်နေလို့ မဟုတ်ဘဲ  ... ငါ့ရဲ့ အင်အားကြောင့်ပဲ  ... ငါက ကျန်းဂိုဏ်းသားတွေ အားလုံးဟာ မျှတပြီး သမာသမတ် ကျတယ်လို့ ယုံကြည်တယ်  ... ဒီနေ့ ငါက မင်းနောင်တမရဘဲ သေနိုင်အောင် အခွင့်အရေးတစ်ခုပေးလိုက်မယ်  ... ယွင်ရှစ်  ... ဒီကိစ္စကို ပြန်ပြောကြည့်"

"နားလည်ပါပြီ  ... ဂိုဏ်းချုပ်"

ကျန်းယွင်ရှစ်သည် ခေါင်းညိတ်ပြကာ အဆုံးအဖြတ် စားပွဲဆီ လျှောက်သွားလိုက်သည်။ သူသည် စားပွဲခုံကို ရိုက်ချလိုက်ကာ အမိန့်ပေးလာခဲ့သည်  ...

"ကူရွှေ  ... ရူလန်  ... ဒီနေ့ကိစ္စမှာ မင်းတို့သိတာ မှန်သမျှကို မခြွင်းမချန် ပြောစမ်း  ... အမှန်တရားကို ဖုံးကွယ်ထားမယ်ဆိုရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်"

"နားလည်ပါပြီ  ... အကြီးအကဲ "

ကျန်းကူရွှေနှင့် ကျန်းရူလန်တို့သည် လက်သီးဆုပ်ကာ အရိုအသေ ပေးလိုက်ကြပြီး ဖြစ်ပျက်ခဲ့သည်များကို စတင်ရှင်းပြရန် ပြင်ဆင်လိုက်သည်။ ကျန်းရီသည် လက်ကာပြလိုက်ရင်း သူတို့ကို တားလိုက်သည်  ...

"ကောင်းပြီ  ... မင်းတို့ ပြောနေစရာမလိုဘူး  ... ငါပြောမယ်  ... ဒီနေ့မှာ ကျွန်တော်က သိုင်းပညာသရုပ်ပြခန်းမမှာ လူတွေကို ထိခိုက်နာကျင်အောင် လုပ်ခဲ့တယ် ... ကျွန်တော်က ကျန်းစုန့်၊ ကျန်းပေါင်နဲ့ ကျန်းရုဟူတို့ရဲ့ ခြေထောက်တွေကို ချိုးခဲ့တယ် ... ပြီးတော့ ကျွန်တော် ကျန်းရုလုံရဲ့ ကျောရိုးကို ချိုးလိုက်ပြီး ဦးခေါင်းခွံကိုလည်း ထိခိုက်အောင် လုပ်လိုက်တယ်..နောက်ထပ် ရှိနေကြတဲ့ ဂိုဏ်းသားတွေကိုလည်း ဒဏ်ရာရစေခဲ့တယ်  ... ဒါက အချက်အလက် အားလုံးပါပဲ"

"ဘန်း"

ကျန်းယွင်ရှစ်သည် စားပွဲကို ထပ်ပြီး ရိုက်ချလိုက်ကာ နှာခေါင်းရှုံလိုက်သည်  ...

"ဒါဆိုမင်းက ဘာလို့ မတရားခံရတယ်လို့ ပြောတာလဲ မင်းက ကျန်းဂိုဏ်းရဲ့ စည်းမျဉ်းနံပါတ်(၈၈)ကို မေ့နေတာလား''

"ကျွန်တော် မမေ့ပါဘူး  ... ကျန်းဂိုဏ်းရဲ့ စည်းမျဉ်းနံပါတ်(၈၈): ကျန်းဂိုဏ်းသားတစ်ယောက်က အခြားဂိုဏ်း တူတစ်ယောက်ကို အကြောင်းအရင်းမရှိဘဲ ထိခိုက်ဒဏ်ရာ ရစေခဲ့ရင် အပြစ်ပေးခံရပါမယ်  ... ပြင်းထန်တဲ့ ကိစ္စတွေမှာဆို သေခြင်းအထိ အပြစ်ပေးခံရနိုင်ပါတယ်"

ကျန်းရီသည် တည်ငြိမ်စွာပင် ပြောလိုက်သည်။ သူသည် ခေါင်းတောင်ညိတ်ပြလိုက်သေးသည်။

"ဂိုဏ်းစည်းမျဉ်းအရဆို ကျွန်တော့်ရဲ့ အပြစ်က သေခြင်းအပြင် တခြား မရှိပါဘူး"

"ဝိုး"

စည်းကမ်းထိန်းသိမ်းရေးဆောင် တစ်ခုလုံးသည် ဆွံ့အသွားရသည်။ ကျန်းရီ၏ ခေါင်းတွင် ပြဿနာ တစ်ခုခုများ ရှိနေသည်လား  ... သူသည် သူမ တရားခံရသည်ဟု ပြောလာခဲ့သည်  ... သို့သော် ယခုပင် သူ့အပြစ်ကို ဝန်ခံနေပြီး သေသည်အထိ အပြစ်ပေးလို့ ရကြောင်း ပြောနေသည်။ သူ့ခေါင်းကို ငယ်စဉ်က မြည်းအကန် ခံခဲ့ရသည်များလား

"လူတိုင်းကြားကြတယ်  ... ဟုတ်တယ်မလား''

ကျန်းယွင်ရှစ်သည် အကြီးအကဲအားလုံးကို တစ်ချက် ကြည့်လိုက်ပြီး ကြေညာလိုက်သည်  ...

"ကျန်းရီက သူ့ပြစ်မှူတွေကို မခြွင်းမချန် ဝန်ခံပြီးပြီဆိုတော့ ကျွန်တော်က ဂိုဏ်းစည်းကမ်းအတိုင်း အပြစ်ပေးပါ့မယ်  ... ကျန်းရီရဲ့ အပြစ်ဟာ လျှော့ပေါ့ပေးလို့ မရတဲ့အတွက် သူ့စကားအတိုင်း ကွပ်မျက်လိုက်ကြ"

"နေပါဦး"

ကျန်းရီသည် လက်ကို မြှောက်ကာ တားလိုက်ပြီး စကားဆက်ပြောလာခဲ့သည်

"ကျွန်တော့်စကား မဆုံးသေးပါဘူး..စည်းကမ်းထိန်းသိမ်းရေး ဆောင်ရဲ့ လက်ထောက် အကြီးအကဲက ဂိုဏ်းစည်းမျဉ်းအတိုင်း အပြစ်ပေးမယ်ဆိုရင် ကျန်းရုဟူ၊ ကျန်းပေါင်နဲ့ ကျန်းစုန့်တို့ကိုလည်း ကွပ်မျက်လိုက်ပါ  ... လွန်ခဲ့တဲ့ လေး၊ငါးနှစ် အတောအတွင်းမှာ ကျန်းရုဟူက ကျွန်တော့်ကို အုပ်စုဖွဲ့ပြီး စုစုပေါင်း လေးဆယ့်လေးကြိမ် ရိုက်နှက်ခဲ့ပါတယ်  ... အကြိမ်တိုင်းမှာ ကျွန်တော် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပါတယ်  ... နှစ်ဆယ့်နှစ်ခါတိုင် ကျွန်တော်သွေးအန်ခဲ့ပါတယ်  ... ရှစ်ခါက ကျွန်တော့်အရိုးတွေ ကျိုးသွားခဲ့ပြီး  ... လေးခါက ကျွန်တော် သေလုမျောပါးဖြစ်ပြီး သတိလစ်သွားခဲ့ပါတယ်  ... ဒီကိစ္စတွေ အားလုံးကို အနောက်ဘက် ခြံဝန်းထဲက မိသားစုတွေ မျက်မြင်တွေ့ကြပါတယ်"

"အခု  ... ကျွန်တော့်ရဲ့ ကိုယ်ပိုင်အစေခံက ကျန်းရုဟူတို့ရဲ့ ကိုယ်ထိလက်ရောက် နှိပ်စက်မှုကို ခံရပြီး အိပ်ရာထဲ လဲနေပါတယ်  ... ကျန်းဂိုဏ်းရဲ့ စည်းမျဉ်းနံပါတ်(၃၈)အရ ကျန်းရုဟူနဲ့ သူ့အဖွဲ့ကို ဆယ်ကြိမ်ဆိုရင် ကွပ်မျက်ရန် လုံလောက်နေပါပြီ ... ကျွန်တော်က သူတို့ကို ကျွန်တော်နဲ့အတူ ကွပ်မျက်ပေးဖို့ ဂိုဏ်းကို တောင်းဆိုပါတယ်  ... မဟုတ်ရင် ကျွန်တော်က မတရား သေသွားရမှာပါ"

"ဝိုး"

စည်းကမ်း ထိန်းသိမ်းရေးဆောင် တစ်ခုလုံးသည် ထပ်မံဆွံ့အ သွားရပြန်သည်။ လူအများစုသည် ကျန်းရီကို လေးစားမှုနှင့် ကြည့်နေခဲ့ကြသည်။ သူသည် အပြစ်များကို ကျူးလွန်ထားပါလျှက်နှင့် ဂိုဏ်း၏ အာဏာရှိ ပုဂ္ဂိုလ်ကြီးများရှေ့တွင် ကြောက်ရွံ့မှု တစ်စက်မှမရှိဘဲ စကားပြောသွားခဲ့သည်။ သူသည် ကျန်းယွင်ရှစ်၏ စကားကို ထောင်ချောင်ဆင်ရန် အသုံးချခဲ့သည်။  ... နောက်ဆုတ်၍ မရနိုင်သော ထောင်ချောက်တစ်ခု  ...

ကောင်းကင်ကြယ်တာရာနယ်မြေသည် သိုင်းပညာရပ်များ အရေးပါသော နယ်မြေဖြစ်သည်။ ဂိုဏ်းသားများသည် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိကြသည်။ သို့သော် ဂိုဏ်းစည်းမျဉ်းများတွင်မူ တစ်စုံတစ်ယောက်ကို အကြောင်းအရင် မရှိဘဲ ထိခိုက်နာကျင်အောင် မလုပ်ရဟု ဖော်ပြထားကြသည်။ ဂိုဏ်းသည် ထိုကိစ္စများကို မသိချင်ယောင် ဆောင်ထား ပေးသည်။ အခြေအနေအား မထိန်းချုပ်သည့် အပြင် ဂိုဏ်းသားများ ယှဉ်ပြိုင် တိုက်ခိုက်ရာမှ ကျင့်ကြံရာတွင် စိတ်အား ထက်သန်စေရန် ဟူသော ရည်ရွယ်ချက်နှင့် ထိုကိစ္စများကို   တိတ်တဆိတ် ထောက်ခံနေခဲ့ကြသည်။

လူတိုင်းသည် ထိုကိစ္စရပ်များကို သိပေသည်။ ကျန်းဂိုဏ်း၏ အကြီးအကဲများနှင့် ကျန်းယွင်ရှန် သည်လည်း ထိုကိစ္စသည် ဂိုဏ်းစည်းမျဉ်းနှင့် ညိစွန်းနေသည်ကို သိကြသည်။ သို့သော် မည်သူမှ လူသိရှင်ကြား ထုတ်ပြရန် ဆန္ဒမရှိကြပေ။ ယနေ့တွင် ကျန်းရီသည် စကားပြောရာတွင် ထိုအချက်ကို အသုံးပြုသွားခဲ့သည်။ စည်းကမ်းထိန်းသိမ်းရေး ဆောင်သာ ဂိုဏ်းစည်းမျဉ်းအတိုင်း လိုက်နာ၍ ဆောင်ရွက်မည်ဆိုလျှင် ကျန်းရုဟူနှင့် သူ့အဖွဲ့ကိုလည်း စုံစမ်းစစ်ဆေးရန် လိုအပ်သည်။ ကျန်းရီပြောသော စကားများသာ အမှန်ဖြစ်လျှင် ဂိုဏ်းရှိ လူငယ် အများအပြားသည် သေမိန့်ချခံရပေမည်။

ကျန်းရုဟူနှင့် သူ့အဖွဲ့သည် ထိုသို့သော ကိစ္စရပ်များကို လုပ်ခဲ့ပါသလား။

ကျန်းယွင်ရှဲနှင့် အကြီးအကဲများသည် မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့သည် သူတို့မျိုးဆက်များ အကြောင်းကို ကောင်းကောင်းကြီးကို သိပါသည်။ အချို့သော ကိစ္စရပ်များသည် စုံစမ်းစစ်ဆေးနေစရာပင် မလိုချေ။ အမှန်တရားကို ပြေးကြည့်နေစရာပင် မလိုဘဲ တွေးကြည့်ရုံနှင့်တင် သိနိုင်ပါသည်။

ကျန်းယွင်ရှစ်သည် တိတ်ဆိတ်နေခဲ့သည်။ သူသည် ကျန်းရီ၏ စကားများကို မည်သို့ အပြစ်တင်ရမည်ကိုပင် မသိတော့ချေ။ ကျန်းယွင်ရှဲ၏ မျက်လုံးများသည် တောက်ပနေခဲ့သည်။ ကျန်းယွင်ရှန် မူကား ကျန်းရီ၏ စကားများကို မကြားသကဲ့သို့ပင် လက်ဖက်ရည်သာ သောက်နေခဲ့သည်။

ဒီကလေးက အကြီးအကဲတွေ အားလုံး ရှိနေပေးဖို့ တောင်းဆိုတာ မထူးဆန်းတော့ပါဘူး  ... သူက တကယ်ကို တစ်ခုခုပဲ သိုင်းပညာခန်းမဆောင် အကြီးအကဲ ကျန်းယွင်မုန့်၏ မျက်လုံးများထဲတွင် လေးစားသော အရိပ်အယောင်များ ဖုံးလွှမ်းနေခဲ့သည်။ သူသည် သံသယအပြည့်နှင့် ရုတ်တရက် မေးလာခဲ့သည်  ...

"ကျန်းရီ ... မင်း ဘာလို့ ဒီကိစ္စတွေကို စည်းကမ်း ထိန်းသိမ်းရေးဆောင်ဆီ အရင် သယ်မလာခဲ့တာလဲ  ... ဘာပဲဖြစ်ဖြစ်ပါ  ... မင်းက ဒီနေ့ ဂိုဏ်းသားတွေကို ပေါ်ပေါ်ထင်ထင်ရန်ပြုခဲ့တာ ဆိုတော့ မင်းမှားတယ်"

ကျန်းယွင်မုန့်၏ စကားများသည် ကျန်းရီကို အပြစ်တင်နေသည်ဟု ထင်ရသော်လည်း သူသည် ကျန်းရီကို အပြစ်မှ လွတ်မြောက်စေဖို့ရာ ကူညီနေမှန်း ထင်ရှားနေသည်။ ကျန်းယွင်မုန့်သည် ကျန်းရီကို တကယ်မသိပေ။ သို့သော် သူသည် ကျန်းရီ၏ ရဲရင့်မှု၊ ထက်မြက်မှုနှင့် အကြောက်အလန့်ကင်းမှုတို့ကို မြင်ခဲ့သည်။ သူသည် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း စတုတ္ထအဆင့်သာ ရှိသေးသော်လည်း လူတိုင်းကို အနိုင်ယူခဲ့သည်။ သူသည် ကျန်းရုလုံကိုတောင် ဒဏ်ရာရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ၎င်းသည် ကျန်းယွင်မုန့် သဘောကျသွားခဲ့သော တစ်စုံတစ်ခု ဖြစ်၍ သူ့ငယ်ရွယ်စဉ် ဘဝကို အမှတ်ရသွားစေသောကြောင့် ဖြစ်သည်။

ကျန်းယွင်မုန့် စကားပြောလိုက်သောအခါ ကျန်းယွင်ရှစ်၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ ကျန်းရီသည် လှောင်ပြောင်ဟန်ဖြင့် ရယ်မောလိုက်ပြီး ပြောလာခဲ့သည်  ...

"သိုင်းပညာခန်းမဆောင် အကြီးအကဲ  ... ကျွန်တော်တို့ဂိုဏ်းရဲ့ စည်းကမ်းထိန်းသိမ်းရေးဆောင်က ကျန်းရုဟူနဲ့ ကျန်းရုလုံ လိုမျိုး နောက်ခံအသိုင်းအဝိုင်းမှာ အာဏာရှိတဲ့ ဂိုဏ်းသားတွေကိုပဲ ဂရုစိုက်တာ  ... ကျွန်တော့်လို အမှိုက် တစ်ယောက်ဆီကနေ အရေးမပါတာတွေကို နားထောင်ပေးပါ့မလား  ... ကျွန်တော် သိုင်းပညာ သရုပ်ပြခန်းမကို သွားပြီး ပြဿနာတွေ မဖန်တီးခင် ကျွန်တော့်ရဲ့ မကျေနပ်မှုကို တိုင်းတန်းဖို့ စည်းကမ်းထိန်းသိမ်းရေး ဆောင်ကို လာခဲ့ပါသေးတယ်"

"စည်းကမ်းထိန်းသိမ်းရေးဆောင် လက်ထောက်အကြီးအကဲက ကျွန်တော့်ကို တစ်ခုမှ သေချာမမေးဘဲ လက်လျှော့လိုက်ဖို့ ပြောတယ်  ... စည်းကမ်း ထိန်းသိမ်းရေးဆောင်က အဖွဲ့ဝင်တွေက သက်သေပါပဲ  ... ဒါဆိုရင် ကျွန်တော့်လို နောက်ခံမရှိတဲ့ အမှိုက်က ဘာလုပ်သင့်တယ်လို့ အကြီးအကဲထင်ပါသလဲ  ... ကျွန်တော့်မှာ မကျေနပ်ချက်ကို တိုင်တန်းဖို့ နေရာ မရှိဘူး  ... ဒါကြောင့် ပြဿနာကို ဖြေရှင်းဖို့ လက်သီးကိုပဲ ကျွန်တော်အားကိုးနိုင်ပါတယ်"

ကျန်းရီသည် ခဏမျှ ရပ်တန့်လိုက်ကာ စည်းကမ်းထိန်းသိမ်းရေးဆောင် အပြင်ဘက်ရှိ ဂိုဏ်းသားများကို ကြည့်လိုက်သည်။ ထို့နောက် သူသည် ပြန်လှည့်ကာ လက်နှစ်ဖက်ကိုဆုပ်၍ အသံကိုမြှင့် ပြောလိုက်သည်  ...

"ကျွန်တော် ကျန်းရီက ကျွန်တော့် အပြစ်ကို ဝန်ခံပါတယ်  ... ဒါပေမဲ့ ဒီမှာ ရှိနေကြတဲ့ လူတိုင်းကို မေးချင်ပါတယ်  ... ခင်ဗျားတို့သာ ကျွန်တော့် နေရာမှာ ဆိုရင်ရော  ... သရဲဘောကြောင်သူ အဖြစ်နဲ့ တစ်ဘဝလုံး ဆက်ပြီး အနိုင်ကျင့် ခံနေမလား  ... ကိုယ့်ဘဝအတွက် တိုက်ခိုက်မှာလား''

"ကျန်းဂိုဏ်းရဲ့ ဘိုးဘေးတစ်ဦး တစ်ခါက ပြောဖူးတယ်  ... ယောက်ျားကောင်းတစ်ယောက်က သေရမှာကို မကြောက်ဘူး  ... ခေါင်းဖြတ်ခံရမှာကိုလည်း မကြောက်ဘူး  ... သွေးထွက်ရမှာကိုလည်း မကြောက်ဘူးတဲ့  ... ဓားသွားပေါင်း တစ်ထောင်ရဲ့ အောက်မှာတောင် သေရမှာကို မကြောက်တဲ့သူက ဧကရာဇ် တစ်ပါးကိုတောင် ကျဆုံးစေနိုင်တယ်  ... ဒီနေ့မှာ ကျွန်တော်ကျန်းရီက ဓားသွားပေါင်း တစ်ထောင်အောက်မှာ သေဆုံးသွားရမယ်ဆိုရင်တောင် ကျန်းဂိုဏ်းက အကျင့်ပျက်နေတဲ့ သူတွေကို ကျွန်တော်နဲ့အတူ ဆွဲချသွားမယ်  ... ကျွန်တော်တို့ အားလုံးကို ကွပ်မျက်ပေးဖို့ ဂိုဏ်းကို တောင်းဆိုပါတယ်"

ထိုစကားလုံးများသည် အင်အားများ ပြည့်ဝနေပြီး လူအများ၏ နားထဲတွင် အချိန်အတော်ကြာ ပဲ့တင် ထပ်သွားကာ အမြင်မှန်ရသွားစေသည်။

ကျန်းရီ၏ ပခုံးသည် သွေးများစိမ့်ထွက် နေဆဲပင်။ လူတိုင်းသည် ကျန်းရီ၏ မရင့်ကျက်သေးသော မျက်နှာနှင့် ခိုင်မာနေသော မျက်လုံးများကို ငေးကြည့်နေကြသည်။ ဒါက တကယ့်ကို ဆယ့်ငါးနှစ်အရွယ် ကောင်လေးလား  ... ဒါက ကျန်းဂိုဏ်းတစ်ခုလုံး အထင်သေးခဲ့ကြတဲ့ အမှိုက်ကောင်လား…

ဒီခွေးကောင်က အသက်မရှင်သင့်ဘူး  ... သူက အနာဂတ်မှာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တယ်

ကျန်းယွင်ရှဲနှင့် ကျန်းယွင်ရှစ်တို့သည် တစ်ယောက်ကို တစ်ယောက် ရည်ရွယ်ချက်ရှိရှိ ကြည့်လိုက်ကြသည်။ ကျန်းရီသည် သဏ္ဍာန်သုံးဆင့်  အသွင်ပြောင်းခြင်း ပထမအဆင့်မှ စတုတ္ထအဆင့်သို့ လအနည်းငယ်အတွင်းမှာပင် ရောက်ရှိခဲ့သည်။ သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း သတ္တမအဆင့်ရှိ ကျန်းရုလုံတောင် သူ့ပြိုင်ဘက် မဟုတ်ခဲ့ပေ။

ထိုအရာများက ကိစ္စမရှိသေးပေ။ အရေးအကြီးဆုံးသည်ကား ထက်မြက်လွန်းနေသော သူ့ဦးနှောက်ပင်  ... ။ သူသည် အစီအစဉ်၏ အဆင့်တိုင်းကို ချောမွေ့စွာ အကောင်အထည် ဖော်သွားခဲ့သည်။ ဒီအသက်အရွယ်နှင့်ပင် ထိုမျှ အကြံဉာဏ်နှင့် ပြည့်စုံနေပါလျှင် နောက်နှစ်အနည်းငယ် ကြားပြီးသော် မည်သို့ ဖြစ်လာလေမည်နည်း ကျန်းရီ၏ မျိုးရိုးနာမည်သည် 'ကျန်း'ဖြစ်သော်လည်း သူ့တွင် ကျန်းမိသားစု၏ သွေးများ ရှိမနေပေ။ ဂိုဏ်းတူမဟုတ်သော လူငယ်များသည် သူ့ကို သစ္စာဖောက်ကြမည်သာ  ... သူသာ အသက်ရှင်နေလျှင် နှစ်ပေါင်းများစွာ ကြာပြီးသော် သူ့လက်ထဲတွင် သူတို့နှစ်ယောက် သေရမည်ကိုပင် ကြောက်မိသည်။

"အဓိပ္ပာယ် မရှိတာတွေ ပြောနေတယ်  ... သက်သက်မဲ့ အနှောင့်အယှက် ပေးနေတာပဲ"

ကျန်းယွင်ရှစ်သည် နောက်ဆုံးတွင် စားပွဲခုံကို ရိုက်ချကာ စတင် စကားပြောလာခဲ့သည်  ...

"ကျန်းရုဟူနဲ့ သူ့အဖွဲ့က မင်းကို ရိုက်တယ်လို့ မင်းပြောတယ်လား  ... မင်းရဲ့ သက်သေ ဘယ်မှာလဲ  ... မင်းရဲ့ ကိုယ်ပိုင်အစေခံက ကျန်းရုဟူနဲ့ သူ့အဖွဲ့ ရိုက်တာ ခံရတယ်လို့ မင်းပြောတယ်  ... လူတွေ အများကြီး ဒီမှာ ရှိနေကြတယ်  ... သူတို့တွေ ကိုယ်တိုင် မြင်ခဲ့တယ်လို့ မင်းပြောတယ်  ... သူတို့ကို သက်သေခံခိုင်းလေ"

"ဒါအမှန်ပဲ"

ကျန်းယွင်ရှဲသည် မတ်တပ်ရပ်ကာ ထောက်ခံလာခဲ့သည်။ သူသည် အပြင်ဘက်ရှိ လူများကို သူ၏ အဆိပ်ရှိမြွေထက် ပို၍ ကြောက်စရာကောင်းသော မျက်လုံးများနှင့် စိုက်ကြည့်လိုက်သည်။ ထို့နောက်သူသည် အော်ပြောလိုက်သည်  ...

"အပြင်ဘက်က ကြားလိုက်ကြတဲ့ လူတိုင်း  ... ကျန်းရီ အရိုက်ခံရတာကို တွေ့မိတဲ့ တစ်ယောက်ယောက်များ ရှိလား  ... တွေ့လိုက်တဲ့သူ ဒါမှမဟုတ် သက်သေ ရှိမယ်ဆိုရင် ဂိုဏ်းက သူတို့ကို အလွတ်မပေးဘူး"

ကျန်းရီ၏ မိသားစုနှင့် ရင်းနှီးသူများ အပါအဝင် ဂိုဏ်းသားအားလုံးသည် တိတ်ဆိတ်စွာ  ခေါင်းငုံ့နေခဲ့ကြသည်။ ကျန်းရီအတွက် သက်သေခံပေးဖို့ နေနေသာသာ စကားတစ်ခွန်းတောင် ဟမလာခဲ့ကြပေ။ ကျန်းယွင်ရှဲ၏ သိမ်းငှက်မျက်လုံးများတွင် 'သက်သေခံပေးရဲတဲ့ ဘယ်သူမဆို အကျိုးဆက်ကို ခံစားရမည်' ဟူသော သတိပေးချက် တစ်ခု ပါဝင်နေသည်မှာ သိသာနေခဲ့သည်။

စက်ဆုပ်စရာ ကောင်းလိုက်တာ အရှက်မရှိလိုက်တာ…

ကျန်းရီသည် သူတို့ကို တိတ်တဆိတ် ကြိမ်ဆဲလိုက်သည်။ ကျန်းယွင်ရှဲနှင့် ကျန်းယွင်ရှစ်တို့သည် အမှန်တကယ်ကို အရှက်မရှိသူများ ဖြစ်သည်။ သူသည် အကြီးအကဲများနှင့် ကျန်းယွင်ရှန်၏ မျက်လုံးများကို အကဲခတ်လိုက်သော်လည်း မည်သည့် အမူအရာမှ မပြသည်ကို တွေ့လိုက်ရသောအခါ သူသည် လုံးဝ စိတ်ပျက်သွားခဲ့ရသည်။ အကြီးအကဲချုပ်နှင့် အတော်လေး ရင်းနှီးခဲ့သော ဒုတိယအကြီးအကဲသည်ပင် တိတ်ဆိတ်နေခဲ့သည်။

"ဟား..ဟား..ဟား"

အကြီးအကဲချုပ်မှတစ်ပါး ကျန်းဂိုဏ်းရှိ မည်သူမှ သူ့ဘက်တွင် မရှိကြပေ။ ကျန်းရီသည် ဝမ်းနည်းစွာ ရယ်မောလိုက်သည်။ သူ့ရယ်သံတွင် စိတ်ပျက်မှုများနှင့် မျှော်လင့်ချက်မဲ့မှုများ ပါဝင်နေခဲ့သည်။ သူသည် မည်သည့်စကားမှ ပြောချင်စိတ် မရှိတော့သည့်နှယ် မျက်လုံးများကို မှိတ်ချလိုက်ခဲ့သည်။ သူ့မျက်နှာတွင် မည်သည့် ခံစားချက်မှ ပေါ်ထွက်မနေခဲ့ပေ။ ကျန်းဂိုဏ်းသည် သူ့ကို သေစေချင်၍ ဤသို့နှယ် ရွံစရာနည်းလမ်းများ သုံး၍ သူ့ကို သေစေချင်မှတော့ သူ့တွင် ပြောစရာစကား မရှိတော့ချေ  ... .

*****

All Chapters