တားမြစ်ထားသော ရတနာ။ မိစ္ဆာနတ်ဆိုးအမြုတေ။ (၃)
Vol. 18 Ch. 259
“သူ… သူ နတ်ဆိုးအမြုတေကို ရထားတာများလား။”
နွားခေါင်းမျက်နှာဖုံးစွပ်ထားသောလူက ဤအကြောင်းကို သိချင်နေမိသည်။
စူးချန်ခုန်းက နတ်ဆိုးအမြုတေရဲ့ အသုံးပြုနည်းကို သိရဖို့ စိတ်အားထက်သန်နေတာက သူ့မှာ နတ်ဆိုးအမြုတေတစ်ခု ရှိနိုင်တယ်လို့ ဆိုလိုတာမဟုတ်လား။
ပြီးတော့ သူက အဲ့ဒီနတ်ဆိုးအမြုတေကို မတော်တဆ တွေ့ခဲ့တာလား ဒါမှမဟုတ် အဲ့တာကိုရဖို့ နတ်ဆိုးတစ်ကောင်ကို သတ်ခဲ့တာလား။
သို့သော် နွားခေါင်းမျက်နှာဖုံးစွပ်ထားသောလူသည် စူးချန်းခုန်း အထင်လွဲသွားမည်ကို စိုးရိမ်သောကြောင့် မမေးရဲပါ။
တစ်ချိန်တည်းမှာပင် နွားခေါင်းမျက်နှာဖုံးနှင့်လူသည် သူ့ရှေ့က မျောက်ဝံမျက်နှာဖုံးတပ်ထားသောလူမှာ ဆေးလုံးချက်နည်း သို့မဟုတ် တစ်ခုခု လုယူဖို့ အတင်းအကျပ်ခိုင်းစေခြင်းကဲ့သို့သော မကောင်းသော ရည်ရွယ်ချက်များ ရှိနိုင်မလားဟုလည်း စိုးရိမ်မိသည်။ ထို့ကြောင့် နွားခေါင်းမျက်နှာဖုံးနဲ့လူက “ဒီဆေးချက်နည်းကို ကျွန်တော်တစ်ယောက်တည်းပဲ သိပြီး ကျွန်တော့်ရဲ့စိတ်ထဲမှာ ရှိတာပါ” ဟု ထပ်လောင်းပြောကြားခဲ့သည်။
စူးချန်းခုန်း စဉ်းစားမိသည်။ နွားခေါင်းမျက်နှာဖုံးနဲ့လူက သူ့ကိုလိမ်နေတာမဟုတ်လောက်ပါ။ နတ်ဆိုးအမြုတေကို သုံးတဲ့နည်းလမ်းက အဲ့လောက်မရိုးရှင်းနိုင်ပေ။ ဆေးပြားအဖြစ် သန့်စင်တာက အကောင်းဆုံးနည်းလမ်းပါပဲ။
ပြီးတော့ အဲဒါအတွက် ဆေးပြားချက်နည်းတစ်ခုလိုအပ်သည်။
မိစ္ဆာနတ်ဆိုးတွေနဲ့ဆက်စပ်တဲ့ အချက်အလက်တွေနဲ့ ဗဟုသုတတွေကိုတောင် မဟာမီးတောက်အင်ပါယာက တမင်တကာ ဖုံးကွယ်ထားပြီး နတ်ဆိုးအမြုတေနဲ့ ဆေးလုံးချက်နည်းကိုဆိုလျှင် ပြောစရာမလိုတော့ပြီ။ အဲ့တာက ပိုလို့တောင် ရှာရခက်သည်။
နွားခေါင်းမျက်နှာဖုံးဝတ်ထားတဲ့လူက ဒီဆေးပြားချက်နည်းကို စူးချန်းခုန်းနဲ့ အလဲအလှယ်လုပ်ဖို့ အသုံးချချင်ခဲ့တာပင်။ နွားခေါင်းမျက်နှာဖုံးနဲ့လူရဲ့အဆိုအရ နတ်ဆိုးအမြုတေကို အဓိကပါဝင်ပစ္စည်းအဖြစ်သုံးတဲ့ ဒီဆေးလုံးချက်နည်းက ဆေးပြားအဖြစ် သန့်စင်လိုက်တဲ့အခါ သိုင်းပညာစွမ်းအားကို မြှင့်တင်ပေးနိုင်သည်။
အဲ့တာကိုရပြီး ဆေးပြားအဖြစ် အောင်မြင်စွာသန့်စင်နိုင်ခဲ့ရင် စူးချန်းခုန်းရဲ့ လိပ်အသက်ရှူနည်းပညာ ဒါမှမဟုတ် ဧရာမဝေလငါးနည်းပညာက ပြန်ပြီးအဆင့်တက်နိုင်လိမ့်မည်။
စူးချန်းခုန်း စဉ်းစားနေတုန်း နွားခေါင်းမျက်နှာဖုံးဝတ်ထားတဲ့လူက စိုးရိမ်တကြီးစောင့်ဆိုင်းနေ၏။
"ငါ့ကိုပြော၊ မင်းဘယ်သူ့ကိုသတ်ချင်လဲ"
ခဏကြာတော့ စူးချန်းခုန်းက ဖြည်းဖြည်းချင်းပြောပြီး နွားခေါင်းမျက်နှာဖုံးနဲ့လူက ဘယ်သူ့ကိုသတ်ချင်လဲလို့ မေးလိုက်သည်။ နွားခေါင်းမျက်နှာဖုံးနဲ့လူရဲ့ ဆေးလုံးချက်နည်းကို သူတကယ် စိတ်ဝင်စားနေပါသည်။
ဒါပေမယ့် အဲဒါကိုရဖို့ တစ်ခုတည်းသောနည်းလမ်းက နွားခေါင်းမျက်နှာဖုံးနဲ့လူရဲ့ ကမ်းလှမ်းချက်တစ်ခုကနေသာရနိုင်သည်။
တကယ်တော့ စူးချန်းခုန်းက သူ့ကိုဖိနှိပ်ပြီး အတင်းအကျပ်လုပ်ရင်တောင် နွားခေါင်းမျက်နှာဖုံးဝတ်ထားတဲ့လူက အညံ့ခံမှာမဟုတ်ပါ။ သူအညံ့ခံရင်တောင် ဆေးပြားချက်နည်းကို တမင်တကာ ဖျက်ဆီးပစ်လိုက်မယ်ဆိုရင် စူးချန်ခုန်း လက်ဗလာနဲ့ ပြန်ရလိမ့်မည်။
အခွင့်အရေးရှိနိုင်တယ်ဆိုတာမြင်တော့ နွားခေါင်းမျက်နှာဖုံးဝတ်ထားတဲ့လူက ချက်ချင်းပဲ "ကျွန်တော်သတ်ချင်တဲ့ လူနှစ်ယောက်က အရမ်းကောက်ကျစ်ယုတ်မာပြီး အကြိမ်တစ်ထောင် သေထိုက်တယ်။ သူတို့က လုံးဝလူဆိုးတွေပဲ။" ဟု ပြောလိုက်သည်။
စူးချန်းခုန်း ခေါင်းညိတ်ပြလိုက်သည်။ နွားခေါင်းမျက်နှာဖုံးနဲ့လူ သူ့ကိုသတ်စေချင်တဲ့ပစ်မှတ်က သူနဲ့ရန်ငြိုးမရှိဘဲ အရမ်းဖြောင့်မတ်ပြီး ကြင်နာတတ်တဲ့လူဆိုရင် စူးချန်းခုန်းက လုပ်ဖို့ ခက်ခဲမှာသေချာပါသည်။ သူက လူကောင်းတစ်ယောက် မဟုတ်ပေမယ့် သူ့မှာ ကိုယ်ပိုင်စည်းမျဉ်းတွေရှိပြီး ကိုယ်ကျိုးအတွက် အပြစ်မဲ့သူတွေကို လက်လွတ်စပယ် မသတ်နိုင်ပါ။
နွားခေါင်းမျက်နှာဖုံးနဲ့လူပြောတဲ့ လူနှစ်ယောက်က တကယ်ပဲ ဆိုးသွမ်းတယ်ဆိုရင် စူးချန်းခုန်းက သူတို့ကို သတ်ဖို့ သူ့ကိုယ်သူ အပြစ်ရှိတယ်လို့ မခံစားရပေ။
နွားခေါင်းမျက်နှာဖုံးနဲ့လူက အံကြိတ်ပြီး “ကျွန်တော်သတ်ချင်တဲ့ လူနှစ်ယောက်က ချန်ရှင်းဝမ်နဲ့ ချန်ရှင်းဝူ ညီအစ်ကိုနှစ်ယောက်ပါ” လို့ ပြောလိုက်သည်။
“သူတို့က ဘယ်သူတွေလဲ” စူးချန်းခုန်းက ဒီနာမည်တွေကို အရင်က မကြားဖူးတာကြောင့် မေးလိုက်လေ၏။
“အဲ့ဒီညီအစ်ကိုတွေက တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ ထောင်စုမှူးတွေ။”
နွားခေါင်းမျက်နှာဖုံးနဲ့လူက သူတို့ရဲ့ရာထူးတွေကို ထုတ်ပြောလိုက်သည်။
“တာ့ဖုန်းသံမဏိသံမြင်းတပ်ရဲ့ ထောင်စုမှူးတွေလား။”
ဒါကိုကြားတော့ စူးချန်းခုန်း အံ့သြသွားသည်။
တာ့ဖုန်းသံမဏိသံမြင်းတပ်ဟာ တာဖုန်းပြည်နယ်မြို့တော်မှာရှိတဲ့ လူတိုင်းသိကြတဲ့ ထိပ်တန်းတပ်ဖွဲ့တစ်ခုဖြစ်ပြီး လူလေးသိန်းဖြင့် ဖွဲ့စည်းထားကာ လေ့ကျင့်ရေးအတွက် အရင်းအမြစ်တွေကို အာရုံစိုက်ပြီး အကောင်းဆုံးတွေကိုသာ ရွေးချယ်ထားကြတာပင်။
တာ့ဖုန်းသံမဏိသံမြင်းတပ်အတွင်းမှာ အဆင့်အတန်းကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားပြီး အမြင့်ဆုံးရာထူးကတော့ မဟာစစ်သူကြီးလေးဦးဖြစ်ပြီး နောက်တစ်ဆင့်မှာ လူတစ်သောင်းကို အုပ်ချုပ်ရသောတပ်မှူး၊ ထောင်စုမှူး၊ ရာစုမှူးနဲ့ ဆယ်စုမှူးတွေ ဖြစ်သည်။
စူးချန်းခုန်းအရင်က ဖတ်ဖူးတဲ့ တာ့ဖုန်းရာဇဝင်အရ ထောင်စုနှစ်တစ်ခုကြာ တည်ရှိခဲ့တဲ့ မိသားစုမှာ မွေးဖွားခဲ့တဲ့ မုကျင်ဟာ တာ့ဖုန်းသံမဏိမြင်းတပ်မှာ သောင်းစုတပ်မှူးရာထူးကို ရယူထားပါသည်။
ထို့အပြင် ထောင်စုမှူးများသည် တာ့ဖုန်းသံမဏိမြင်းတပ်တွင် အရေးပါသော ရာထူးတစ်ခု ရရှိထားပြီး ထိပ်တန်း သံမဏိမြင်းစီးသူရဲ တစ်ထောင်ကို ဦးဆောင်လျက်ရှိသည်။ ထိုကဲ့သို့သော ရာထူးကို ရရှိရန် စစ်ရေးအောင်မြင်မှုများ ရှိရုံသာမက လူအများ လေးစားမှုကို ရရှိရန် သိုင်းပညာ စွမ်းအားကြီးသူလည်း ဖြစ်ရန် လိုအပ်ပါသည်။ မဟုတ်ပါက တပ်ဖွဲ့များကို စည်းရုံးရန် ခက်ခဲလိမ့်မည်။
ဤညီအစ်ကိုနှစ်ဦးဖြစ်သည့် ချန်ရှင်းဝမ်နှင့် ချန်ရှင်းဝူတို့သည် တာ့ဖုန်းသံမဏိသံမြင်းတပ်၏ ထောင်စုမှူးများဖြစ်ပြီး ခွန်အားကြီးမားကြသည်။ တာ့ဖုန်းပြည်နယ်မြို့တွင် သူတို့သည် အတော်လေး လူသိများသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
စူးချန်းခုန်းသည် မျက်မှောင်ကျုံ့လိုက်လေ၏။ ဒါက သေချာပေါက် ပြဿနာရှိတဲ့ ကိစ္စတစ်ခုပင်။ ချန်ရှင်းဝမ်နှင့် ချန်ရှင်းဝူတို့သည် အစွမ်းထက်ရုံသာမက သူတို့ကို သတ်ဖို့လည်း မလွယ်ကူပါ။ သူတို့မှာ တာ့ဖုန်းသံမဏိသံမြင်းတပ် ကျောထောက်နောက်ခံရှိတာကြောင့် ပို၍ပင် မလွယ်ပါ။ ဤနှစ်ဦးကို သတ်လိုက်တာက တာ့ဖုန်းသံမဏိသံမြင်းတပ်တစ်ခုလုံး၏ ဒေါသကို နှိုးဆွလိုက်မည်ဖြစ်ပြီး လူသတ်သမားကို အင်တိုက်အားတိုက် ရှာဖွေကြမည်ဖြစ်သည်။ ၎င်းက တာ့ဖုန်းသံမဏိသံမြင်းတပ်၏ မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့တူသည်။
နွားခေါင်းမျက်နှာဖုံးနဲ့လူက ရက်ရက်စက်စက် ဆိုလေ၏။ “ဒီနှစ်ယောက်က ခွင့်လွှတ်လို့မရတဲ့ သားရဲကောင်တွေပဲ။ ကျွန်တော်က လောကကြီးရဲ့ ပဋိပက္ခတွေကို ငြီးငွေ့နေပြီဖြစ်လို့ ဇနီးတစ်ယောက် သားတစ်ယောက်နဲ့ ပျော်ရွှင်တဲ့မိသားစုလေးနဲ့အတူ ရွာလေးတစ်ရွာမှာ သီးသန့်နေထိုင်နေခဲ့တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့သုံးနှစ်က ကျွန်တော် အပြင်သွားနေတုန်း သူပုန်စစ်သားတွေက ရွာထဲမှာ ပုန်းအောင်းနေခဲ့ပြီး ချန်ညီအစ်ကိုတွေ ဦးဆောင်တဲ့ တာ့ဖုန်းသံမဏိမြင်းတပ်က သူတို့ကိုသတ်ဖို့ ရောက်လာခဲ့ကြတယ်။”
“ချန်ညီအစ်ကိုတွေက သူပုန်တွေက သာမန်ရွာသားတွေကို ဓားစာခံအဖြစ်သုံးနေတာကို ဂရုမစိုက်ခဲ့ကြဘူး။ ဒါက အဆင်ပြေပါသေးတယ်။ ဒါပေမယ့် စစ်ရေးအရ ဂုဏ်ထူးဆောင်နိုင်ဖို့အတွက် ရွာတစ်ရွာလုံးကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တယ်။ ယောက်ျား၊ မိန်းမနဲ့ ကလေးတွေ.. ကျွန်တော့်ဇနီးနဲ့ မွေးခါစသားလေးလည်း ပါတယ်… ဒါတင်မကဘူး။ ရွာသားအားလုံးရဲ့ ဦးခေါင်းတွေကို ဖြတ်ပစ်ပြီး သူပုန်တွေလို့ အပြစ်တင်တယ်။ သူတို့အားလုံးကို ပုန်ကန်မှုမှာ ပါဝင်ပတ်သက်ခဲ့သူတွေလို့ စွပ်စွဲခဲ့ကြတယ်။ ဒီအတွက်ကြောင့် ချန်ညီအစ်ကိုတွေက ပုန်ကန်မှုကို နှိမ်နင်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုခံရပြီး ရာထူးတိုးတော့ တာ့ဖုန်းသံမဏိမြင်းတပ်မှာ ထောင်စုတပ်မှူးတွေ ဖြစ်လာခဲ့ကြတယ်။”
နွားခေါင်းမျက်နှာဖုံးဝတ်ထားတဲ့လူက သွားတွေကိုတင်းတင်းကြိတ်ထားတာကြောင့် အသံတွေထွက်လာပြီး လက်သီးဆုပ်ထားတာမို့ သွေးကြောတွေတောင် ဖောင်းလာခဲ့သည်။ သူ့မျက်နှာကို မမြင်ရပေမယ့် နွားခေါင်းမျက်နှာဖုံးဝတ်ထားတဲ့လူရဲ့ မုန်းတီးမှုနဲ့ ဒေါသကို စူးချန်းခုန်း ခံစားမိသည်။
စူးချန်းခုန်းက တိတ်တိတ်ဆိတ်ဆိတ် နားထောင်နေ၏။ ချန်ညီအစ်ကိုတွေက တကယ်ကို ရက်စက်ကြသည်။ စစ်တပ်ရဲ့ချီးကျူးမှုကို ရဖို့ အပြစ်မဲ့သူတွေကို သတ်ပစ်ပြီး အရပ်သားတစ်စုကို သူပုန်တွေလို့ မဟုတ်မမှန် စွပ်စွဲကာ အားလုံးကို သုတ်သင်ရှင်းလင်းပစ်ခဲ့သည်။