← Chapters

ပေါင်းစည်းမှု

Vol. 18 Ch. 256

ပေါင်းစည်းမှု

Vol. 18 Ch. 256

ပတ်ဝန်းကျင်မှ လူနာများသည် လက်ရှိ ကောင်းမင်အတွက် ခြိမ်းခြောက်မှုကြီးကြီးမားမား မရှိသော်လည်း လွန်ခဲ့သော နှစ်ဝက်ခန့်က ကောင်းမင်အတွက်မူ ဤခရီးသည် ငရဲတမျှဖြစ်နေပေလိမ့်မည်။ ခိုင်မာပြတ်သားသော စိတ်ရောဂါကုဆရာဝန်တစ်ဦးအား အရူးများက ဖျက်ဆီးပစ်ကြခြင်းမှာ တစ်နည်းအားဖြင့် ပြက်ရယ်ပြုစရာ ဇာတ်သိမ်းတစ်ခုပင် ဖြစ်ချေသည်။ ကြမ်းပြင်ပေါ်ရှိ ကောင်းမင်၏ အရိပ်မှာ စတင်ပြေးလွှားခဲ့ပြီး ကောင်းမင်က သူ့အရိပ်နောက်သို့ ကပ်၍ လိုက်ပါသွားလေသည်။

အသံလွှင့်မှုသည် ပို၍စူးရှသထက် စူးရှလာခဲ့၏။ ဖြည်းညှင်းစွာပင် လူနာ၏အရိပ်များသည် ကြမ်းပြင်ကြွေပြားများပေါ်တွင် ပေါ်ထွက်လာတော့သည်။ သန့်ရှင်းသော ကြွေပြားများသည် ရေမျက်နှာပြင်သဖွယ် ဖြစ်နေပြီး အတိတ်နှင့်ပစ္စုပ္ပန်တို့က အချင်းချင်း ရောင်ပြန်ဟပ်ကာ စိမ့်ဝင်နေကြသည်။

စူးရှသောအော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ဆံပင်ဖရိုဖရဲဖြစ်နေသော သူနာပြုတစ်ဦးသည် လူနာဆောင်တစ်ခုမှ ပြေးထွက်လာခဲ့၏။သူမ၏ ယူနီဖောင်းမှာ စုတ်ပြဲနေပြီး ဧရာမဆေးထိုးအပ်ကြီးတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ထိုသူနာပြုသည် အခြားလူနာများကို တွန်းဖယ်၍ ဆေးထိုးအပ်ကြီးကို ကောင်းမင်၏မျက်လုံးများထံ ချိန်ရွယ်လိုက်သည်။

ကောင်းမင်နှစ်ဦးစလုံးသည် သူမကို ရှောင်တိမ်းခဲ့သော်လည်း အတိတ်က ကောင်းမင်မှာ ခြေချော်လဲကျသွားပြီး ဆေးထိုးအပ်ထဲမှဆေးရည်များက သူ့မျက်လုံးထဲသို့ စင်ထွက်သွားသည်။ ကောင်းမင်က ဆေးထိုးအပ်ကို လုံးဝရှောင်ရှားနိုင်ခဲ့သည်။ သို့သော်လည်း၊ သူ၏အတိတ်ဗားရှင်းသည် ဆေးရည်၏ အကျိုးသက်ရောက်မှု ခံစားရသောအခါ သူ့မျက်လုံးများလည်း ပူလောင်လာခဲ့သည်။ သူ့လှုပ်ရှားမှုမှာ ပိုမိုခက်ခဲလာတော့သည်။ လူနာဆောင်တံခါးများသည် ဖြည်းဖြည်းချင်းရွေ့လျားနေသော ရထားပြတင်းပေါက်များနှယ် တရွေ့ရွေ့ ကျော်ဖြတ်သွား၏။ ဤသည်မှာ ကောင်းမင်အတွက် အချိန်စီးဆင်းမှုကို ဤမျှ ရှင်းလင်းစွာခံစားရခြင်း၏ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

“ငါ့ရဲ့ အတိတ်ကငါက အသတ်ခံရရင် ငါပါ သေသွားမှာလား”

ကောင်းမင်သည် မိမိသည် အိပ်မက်ထဲတွင် ရှိနေခြင်းလား သို့မဟုတ် အချိန်ကို ပြန်လည်ခရီးသွားမိခြင်းလား ဆိုသည်ကို ပြောပြနိုင်ခြင်း မရှိပေ။ နယ်နိမိတ်အားလုံး ဝေဝါးသွားခဲ့သည်။ သူ၏ နှလုံးခုန်သံသာလျှင် အမှန်တကယ် တည်ရှိနေခြင်းဖြစ်သည်။ ကောင်းမင်၏အရိပ်မှာ လျင်မြန်စွာပြန်ထလိုက်သည်။ သူသည် ကော်ရစ်ဒါလမ်းအတိုင်း ပိုနက်ရှိုင်းသောနေရာသို့ ပြေးဝင်ရမည့် ရွေးချယ်စရာသာ ရှိတော့သည်။ လူနာများ ပို၍ပေါ်လာခဲ့၏။ ကောင်းမင်၏ ဦးရေပြားမှာ ထုံကျဉ်နေလေသည်။ လွန်ခဲ့သော နှစ်ဝက်က မူမမှန်မှုမရောက်လာသေးသော်လည်း လီစန်းဆေးရုံတွင် ထိုမျှများပြားလှသောမကောင်းဆိုဝါးများ ရှိနေခဲ့ချေပြီ။

သူ၏ အတိတ်ကိုယ်နောက်သို့ လိုက်ပါရင်း ကောင်းမင်က ရပ်မနေခဲ့ပေ။ သူတို့နှစ်ဦးသည် မှောင်မိုက်သော ကော်ရစ်ဒါလမ်းအတိုင်း ပြေးလွှားသွားခဲ့သည်။ ပြတင်းပေါက်များနှင့် တံခါးများမှာ မှိန်ဖျော့သွားခဲ့သည်။ သူတို့သည် အချိန်ရထားပေါ်တွင် ရှိနေခဲ့ကြပြီး မှတ်တိုင်တိုင်းသည် နာကျင်မှုနှင့်ကြေကွဲဝမ်းနည်းစရာတို့၏ စက်ဝန်းတစ်ခု ဖြစ်နေခဲ့သည်။

“ဒါ အိပ်မက်တစ်ခုလား ၊ အိပ်မက်က ဘယ်လိုလုပ် ဒီလောက်အစစ်အမှန်ဆန်နေရတာလဲ ၊ ဒါပေမယ့် ဒါက အိပ်မက်မဟုတ်ဘူးဆိုရင်ရော ၊ ဒါ လက်တွေ့ဘဝမှာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

အသံလွှင့်မှုသည် နားပင်းမတတ် စူးရှနေသည်။ ကောင်းမင်၏ အတိတ်ကိုယ်မှာ မောပန်နွမ်းနယ်သည်အထိ ပြေးလွှားခဲ့သည်။ သူ ဆက်ပြီး မပြေးနိုင်တော့သည့်အခါ အဖြူရောင်ကုတ်အင်္ကျီဝတ်ဆရာဝန်မှာ ပြန်လည်ပေါ်လာလဲခဲ့သည်။ သူက မလှမ်းမကမ်းရှိ တံခါးတစ်ခုကို ဖွင့်လိုက်၏။ ထိုသည်မှာ ထွက်ပေါက်ဖြစ်ပုံရသည်။ နောက်ဆုံးအသက်ရှူသံနှင့်အတူ ကောင်းမင်သည် တံခါးဆီသို့ ရောက်လာပြီး အထဲသို့ကြည့်လိုက်သည်။

ရယ်မောသံ၊ ဆုတောင်းသံ၊ ငိုယိုသံများနှင့် အခြားသောအသံများသည် ဧရာမလှိုင်းလုံးတစ်လုံးနှယ် သူ့အား ဝါးမျိုလိုက်သည်။ တံခါးဘောင်ကို ဆုပ်ကိုင်ထားရင်း ကောင်းမင်သည် ထိတ်လန့်စရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

ကော်ရစ်ဒါအဆုံးရှိ အခန်းအတွင်း၌ နံရံလေးဘက်စလုံးတွင် မတူညီသော လူနာများ၏ အဖြူအမည်း လူသေပုံတူများဖြင့် ပြည့်နှက်နေသည်။ ဧရာမယဇ်ပလ္လင်တစ်ခုသည် အခန်းအလယ်တွင် တည်ရှိနေ၏။ ထိုယဇ်ပလ္လင်ပေါ်တွင် ဆေးလုံးများဖြင့် ပြည့်နေသော အဖြူရောင်ပန်းကန်လုံးအနည်းငယ်နှင့် အနက်ရောင်အဝတ်ဖြင့် ဖုံးအုပ်ထားသော ရုပ်တုများ ရှိနေသည်။ တံခါးခေါက်သံမှာ နေရာတိုင်းမှ ထွက်ပေါ်လာနေသည်။

ကြမ်းပြင်ပေါ်ရှိ အရိပ်သည် အစစ်အမှန်နှင့် တဖြည်းဖြည်းထပ်သွားတော့သည်။ စားပွဲပေါ်မှ အနက်ရောင်အဝတ်မှာ ဖြည်းဖြည်းချင်း လျှောကျသွား၏။ ထိုရုပ်တုများတွင် ပတ်ပတ်လည်ကို ကြည့်နေသည့် မျက်လုံးများကဲ့သို့ ဂရုတစိုက်ဖြစ်နေသော အပြုံးများ ရှိနေလေသည်။ ပြောင်းလဲနေသော လူနာဆောင်များသည် မထိတွေ့နိုင်သော ယဇ်ပလ္လင်များနှယ် ဖြစ်နေ၏။ မရဏနတ်ဘုရားများသည် အချိန်၏အဆုံးသတ်တွင် ရပ်လျက် အရာခပ်သိမ်းကို စစ်ဆေးရန် လှည့်ပတ်ကြည့်ရှုနေကြလေသည်။

ကောင်းမင်သည် လူနာများစွာ၏ ပုံတူများရှေ့တွင် ရပ်နေခဲ့သည်။ သူသည် သူ၏ အတိတ်ကိုယ်ကို ကြည့်ရန် ခေါင်းငုံ့လိုက်၏။ ဟန်ရှန်းအကျဉ်းထောင်ယူနီဖောင်းကို ဝတ်ဆင်ထားသူသည် အဆုံးမရှိသော သရဲတစ္ဆေများ၏ ဝန်းရံခြင်းကို ခံနေရသည်။ ဆရာဝန်များနှင့် လူနာများက သူတို့၏ သီးသန့်ယူနီဖောင်းများကို ဝတ်ဆင်ထားကြသည်။ တောက်ပသောအနီရောင်နှင့် ဖြူဖျော့သောအဖြူရောင်တို့က ဤကမ္ဘာကို ပြည့်စုံနေစေသည်။

ချောင်းကြည့်နေသော မျက်လုံးများသည် ကခုန်နေသော မီးလျှံများသဖွယ်ပင် ဖြစ်သည်။ လောဘကြီးသော လက်ချောင်းများက အသားများကို ကုတ်ဆွဲလိုက်ကြသည်။ ရက်စက်ကြမ်းကြုတ်လှသည့် ဟိန်းဟောက်သံသည် ဝိညာဉ်ကိုပင် တုန်ယင်သွားစေသည်။ အတိတ်က ကောင်းမင်သည် သူ မဝင်သင့်သော အခန်းတစ်ခုထဲသို့ ဝင်ရောက်သွားခဲ့၏။ ထိုနေရာတွင် ဆေးလုံးများရှိနေသော်လည်း ထိုဆေးလုံးများသည် သူ့ ကိုယ်ပိုင်အသွေး အသားများဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။

သူ့အသိစိတ်မှာ ဓားတစ်လက်ဖြင့် ဖြတ်တောက်ခံလိုက်ရသည်။ ဧရာမအားတစ်ခုက ကောင်းမင်အား ကြမ်းပြင်ပေါ်သို့ တွန်းချလိုက်သည်။ ဤသည်မှာ ကိုးကွယ်မှုတစ်ခုနှင့် ကစားပွဲတစ်ခုပင် ဖြစ်ပေသည်။

နံရံများပေါ်တွင် ရေးဆွဲထားသော မြင့်မြတ်သောပုံစံကွက်များက စုစည်းလာကြသည်။ အရိုးများ တိုက်မိခိုက်မိကြပြီး ကြွက်သားများမှာ စုတ်ပြဲသွားခဲ့၏။ လူ့ဦးခေါင်းများက ဖြည်းညင်းစွာ လှည့်ပတ်လာကြသည်။ စားပွဲပေါ်ရှိ ပန်းကန်လုံးများမှာ တဝီဝီ မြည်ဟီးလာလေသည်။ အနက်ရောင်အဝတ်အောက်မှ အသက်ရှူသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လူနာအားလုံးက ကောင်းမင်ကို စိုက်ကြည့်နေကြသည်။ သူတို့က သူ့အတွက် ထိုင်ခုံကို ပြင်ဆင်ထားပြီး ဖြစ်သောကြောင့် သူ့အား ခေါ်ဆိုနေကြခြင်း ဖြစ်သည်။ ကောင်းမင်သည် ယင်းမှ မည်သို့လွတ်မြောက်ရမည်ကို မသိနိုင်ခဲ့ပေ။ လွန်ခဲ့သော နှစ်ဝက်ခန့်က သူသည် မည်သည့်အရာကိုမှ မသိခဲ့ချေ။ သူ ဘယ်လိုလုပ် ရှင်သန်ခဲ့တာလဲ။

“ဒါပေမဲ့ ငါ အခုအသက်ရှင်နေတယ် အဲဒီညက ငါ ဘယ်လိုလုပ် ရှင်သန်ခဲ့တာလဲ ၊ ဒီအခန်းထဲက ငါဘယ်လို ထွက်သွားခဲ့တာလဲ”

သူ့ မှတ်ဉာဏ်များမှာ ဝေဝါးနေလေသည်။ ရင်းနှီးကျွမ်းဝင်သော ခံစားမှုသာ ရှိနေခဲ့သည်။ ကြောက်ရွံ့ခြင်းသည် အတိတ်မှ ပစ္စုပ္ပန်သို့ ဖြတ်သန်း၍ စိမ့်ဝင်လာ၏။ယင်းသည် သူ့ဝိညာဉ်နှင့် အာရုံကြောများထဲသို့ စိမ့်ဝင်လာခဲ့သည်။ သူ အသက်ရှူမရတော့ပေ။ ကောင်းမင်သည် ကြမ်းခင်းကြွေပြားများပေါ်ရှိ မိမိကိုယ်ကို ကြည့်ကာ သူ့လက်များကို ကြွေပြားများပေါ်သို့ ဖိလိုက်သည်။

သူ၏ ရောင်ပြန်ဟပ်မှုသည် ကစားပွဲပင် ဖြစ်သည်။ သူ၏လက်များက အေးစက်နေသော ကြွေပြားများကို ဖိနှိပ်လိုက်သည်။ သူ့ လက်ဖမိုးရှိ သွေးကြောများ ဖောင်းပွလာလေသည်။ သူသည် ဝတ်ပြုခြင်းဓလေ့၏ ဗဟိုချက် ဖြစ်သည်။ သူသည် ယဇ်ကောင်ပင် ဖြစ်သည်။

သေခြင်းတရား၏ မွန်းကြပ်မှုက သူ့အား ဝါးမျိုလိုက်သည်။ကောင်းမင်က နှလုံးသားတွင် ဝှက်ထားသော မွေးနေ့ဓာတ်ပုံမှာ ကြမ်းပြင်သို့ ပြုတ်ကျသွားခဲ့သည်။ သူ၏ အတိတ်ကိုယ်သည် သေခြင်းတရားနှင့် နီးကပ်လာသောအခါ ဓာတ်ပုံထဲမှ ကောင်းမင်သည် အရောင်မှိန်လာခဲ့သည်။

ဓာတ်ပုံထဲရှိ သူ့မိဘများသည် ထိတ်လန့်သည့် အမူအရာများ ထုတ်ဖော်ခဲ့ကြသည်။

“ငါ့ရဲ့ အတိတ်က သေသွားရင် ငါပါ သေဆုံးသွားမှာလား ၊ ဒါအိပ်မက်လား၊ အစစ်အမှန်လား”

ကောင်းမင်သည် သူ့အတိတ်၏ ကော်ပီပင် ဖြစ်သည်။ သူသည် အတိတ်ထဲသို့ သွေးထွက်ခဲ့ခြင်းလား သို့မဟုတ် အတိတ်က သူ့အား မီလာခဲ့ခြင်းလား ဆိုသည်ကို မပြောနိုင်ခဲ့ချေ။

“ငါ အဲဒီနေ့က မသေခဲ့ဘူး ၊ ဒါက အမှန်တရားပဲ ၊ ငါ့ကို ဘယ်သူ ကယ်ခဲ့တာလဲ၊ ငါ့ကို ဘယ်သူ ကူညီခဲ့တာလဲ”

လူသေပုံတူများထဲမှ လူနာများသည် မျက်စိသူငယ်အိမ်မရှိသော မျက်လုံးများကို ဖွင့်လိုက်ကြသည်။ သူတို့သည် ထူးဆန်းသော အမူအရာများရှိနေကြသည်။ စားပွဲပေါ်ရှိ ရုပ်တုများက ခြောက်ကပ်ကပ်ရယ်မောနေကြသည်။ အနီးရှိ လူနာဆောင်များ ပွင့်သွားကြသည်။ အိပ်မက်ဆိုး၏ အမှောင်မှိုက်ဆုံးအပိုင်းများမှ ခြောက်ခြားမှုက သူ့လည်ပင်းကို ဆန့်ထုတ်လာလေသည်။ သွားကြားထဲမှ ရယ်မောသံသည် ကောင်းမင်အား ချဉ်းကပ်လာသည်နှင့်အမျှ ပျံ့နှံ့သွားခဲ့၏။ဖော်မပြနိုင်သော ခြောက်ခြားမှုသည် သူ့ အာရုံကြောများကို ထိုးနှက်နေလေသည်။ သေခြင်းတရားက သူ့ထံသို့ ရောက်ရှိလာတော့မည်ဖြစ်သည်။

မွေးနေ့ဓာတ်ပုံထဲမှ ကောင်းမင်သည် လျင်မြန်စွာ အရောင်ဖျော့သွားသည်။ အသက်ရှူရန် ခက်ခဲလာပြီး သူ့ ခန္ဓာကိုယ်မှာ အေးစက်လာသည်။ သူ့ နှလုံးသားထဲရှိ သေဆုံးမှတ်ဉာဏ်များက အချင်းချင်း တိုက်ခိုက်နေကြသည်။

“ငါဟာ အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ပြီးပြီ ၊ ငါက ငါ့ရဲ့ အရင်ပုံစံ မဟုတ်တော့ဘူး “

“ငါ့ကို ဘယ်သူမှ လာမကယ်ရင် ငါ ကိုယ်တိုင်ပဲ ငါ့ကိုယ်ငါ ကယ်တင်မယ် ၊ အတိတ်ပဲဖြစ်ဖြစ် အနာဂတ်ပဲဖြစ်ဖြစ် ငါက ငါ့ကိုယ်ပိုင်လက်တွေနဲ့ ဆုပ်ကိုင်ပြီး ဒီစိတ်ပျက်အားငယ်မှုနဲ့ ချောက်နက်ကြီးထဲက ထွက်သွားမယ်”

ညှဉ်းပန်းနှိပ်စက်ခန်းမှ ချိန်းကြိုးကို ဆုပ်ကိုင်ထားသည့် ညာဘက်လက်သည် ကြမ်းပြင်ကို ဆောင့်ရိုက်လိုက်သည်။ ကောင်းမင်၏ ရောင်ပြန်ဟပ်မှုမှာ အက်ကွဲကြောင်းများဖြင့် ပြိုကွဲသွားခဲ့၏။ သွေးထွက်နေသော လက် တစ်ဖြင့် နောက်တဖန် ထပ်မံ ရိုက်ချလိုက်သည်။

သွေးများသည် အက်ကွဲကြောင်းများမှတစ်ဆင့် စိမ့်ဝင်လာလေသည်။ အတိတ်က ကောင်းမင်သည် အသံတစ်ခုကို ကြားလိုက်ရသကဲ့သို့ အောက်သို့ ငုံ့ကြည့်လိုက်သည်။

ရွှံ့ရုပ်တုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သော သူ၏ ဘယ်ဘက်မျက်လုံးမှာ နာကျင်စွာဖြင့် တဆတ်ဆတ် ခုန်နေလေသည်။ သူက သူ့ဘယ်ဘက်မျက်လုံးကို အတင်းအကျပ် ဖွင့်လိုက်ရာ ကြွေပြားများထဲတွင် မိမိကိုယ်တိုင်၏ အခြားဗားရှင်းတစ်ခုကို တွေ့လိုက်ရ၏။

သေခြင်းတရား၏ မျက်နှာဖုံးကို ဝတ်ဆင်ထားသော အခြားတစ်ယောက်မှာ မကောင်းဆိုးဝါးနတ်ဘုရားတစ်ပါးနှယ် စဉ်းလဲ ၊ ယုတ်မာ ၊ ရူးသွပ်ပြီး အဆင်ခြင်မဲ့နေတော့သည်။

All Chapters