ချိန်းကြိုး
Vol. 18 Ch. 257
“ချိန်းကြိုးတွေကို ဆွဲလိုက်!”
ညာဘက်လက်က ကြမ်းပြင်သို့ ဆောင့်ရိုက်ချလိုက်ရာ သွေးများမှာ နေရာအနှံ့ စင်ထွက်သွားခဲ့သည်။ သားစားကြူးနတ်ဘုရားသည် ထိုမျှလောက် စိတ်လှုပ်ရှားဖူးခြင်း မရှိခဲ့ပေ။ ကောင်းမင်၏ နှလုံးခုန်သံ တစ်ချက်စီတိုင်းသည် စည်တီးသံကဲ့သို့ ဖြစ်နေသည်။ ပစ္စုပ္ပန်နှင့် အတိတ်မှ ကောင်းမင်တို့သည် တူညီသော လုပ်ဆောင်မှုကို ပြုလုပ်ခဲ့ကြသည်။ အသားချင်းဆက်နွယ်မှုသည် အတိတ်နှင့်ပစ္စုပ္ပန်ကို ဆက်သွယ်ပေးခဲ့သည်။
ကောင်းမင်၏ နောက်ကျောမှ လက်ရှစ်ချောင်း ဆန့်ထွက်လာခဲ့သည်။ ကြွေပြားများထဲမှ သူ့ ရောင်ပြန်ဟပ်မှု၏ ကျောပြင်မှာလည်း စုတ်ပြဲသွားခဲ့သည်။ အဖြူအမည်း လူသေပုံတူများ၏ စူးစမ်းနေမှုအောက်တွင် သားစားကြူးနတ်ဘုရားသည် အတိတ်က ကောင်းမင်၏ ကျောပြင်မှ တွားထွက်လာခဲ့လေသည်။
စီတုအန်း၏သားစားကြူးနတ်ဘုရားကို ကိုးကွယ်မှုသည် ကျရှုံးရန် ကံကြမ္မာပါခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အစကတည်းက သို့မဟုတ် ထိုထက်ပင် စော၍ နတ်ဘုရားသည် ကောင်းမင်ကို ရွေးချယ်ပြီးသား ဖြစ်သောကြောင့်ပင်။ မည်သူမှ သူ့ကို မကယ်ခဲ့ကြဘဲ သူသည် ဆက်လက် သေဆုံးနေခဲ့သောကြောင့် သူသည် အကြိမ်တိုင်း မိမိကိုယ်ကို ကယ်တင်ခဲ့ရသည်။
သူက ချိန်းကြိုးများကို ဆုပ်ကိုင်လိုက်ရာ ပျောက်ဆုံးနေသော ကံကြမ္မာနှင့် နောက်ဆုံး ဆက်သွယ်မှုသည် ဆက်စပ်သွားခဲ့သည်။ တောက်ပနေသော ကြွေပြားများသည် မှန်တစ်ခုနှယ် ဖြစ်နေသည်။ ကြမ်းပြင်သည် ကောင်းကင်နှင့် တူ၏။ ကောင်းမင်နှစ်ဦးစလုံးသည် တစ်ဖက်တည်းသော ဒူးကိုထောက်လျက် တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။ သူတို့သည် ချိန်းကြိုးများကို ဆုပ်ကိုင်၍ တဖြည်းဖြည်း ထရပ်လိုက်ကြသည်။ သူ၏ ဘယ်ဘက်မျက်လုံးထဲရှိ ချစ်ပ်မှာ တဖြည်းဖြည်း အရည်ပျော်သွားခဲ့သည်။ ကောင်းမင်သည် ရူးသွပ်နေသော လူနာများကြားတွင် ရပ်နေခဲ့၏။ မရဏနတ်ဘုရားများက သူ့အား စိုက်ကြည့်နေကြပြီး သန္ဓေပြောင်းသွားသော မကောင်းဆိုးဝါးများက သူ့ကို ဝန်းရံထားကြသည်။
သူတို့သည် တစ်ဦးကိုတစ်ဦး မကြားနိုင်ခဲ့ကြပေ။ သားစားကြူးနတ်ဘုရားသည်သာ သူတို့နှစ်ဦးကြားရှိ တစ်ခုတည်းသော ဆက်သွယ်ချက် ဖြစ်သည်။ အတိတ်တွင်ဖြစ်စေ၊ အနာဂတ်တွင်ဖြစ်စေ သားစားကြူးနတ်ဘုရားသည် အမြဲတမ်း တည်ရှိနေခဲ့သည်။ ၎င်းသည် ကံကြမ္မာ၏ ထိန်းချုပ်မှုမှ လွတ်မြောက်ခဲ့၏။ တစ်စုံတစ်ဦးကို ရွေးချယ်ပြီးသည်နှင့် သားစားကြူးနတ်ဘုရားသည် ထိုသူ၏ နှလုံးသားထဲတွင် အမြဲတမ်း ရှင်သန်နေလိမ့်မည်ဖြစ်သည်။ထိုသည်မှာ ကောင်းမင်သည် ဆယ်နှစ်ကြာပြီးနောက် သံသရာစက်ဝန်းမှ လွတ်မြောက်နိုင်ခဲ့သည့် အကြောင်းရင်း ဖြစ်ပေလိမ့်မည်။ ဖန်ဆင်းရှင်သည် ထိုအရာကို မြင်ခဲ့ပြီး သူ့အား ဆယ်နှစ်အကြာက ဘတ်စ်ကားပေါ်သို့ တင်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
အသံလွှင့်မှု ရပ်တန့်သွားသည်။ ၎င်းက နာရီသံအဖြစ်သို့ ပြောင်းလဲသွား၏။ လက်ရှစ်ချောင်းသည် အနီးရှိ လူနာများကို စုတ်ဖြဲပစ်လိုက်သည်။ လတ်ဆတ်သော သွေးများက လူသေပုံတူများပေါ်သို့ စင်ထွက်သွားသည်။ ပုံတူများထဲမှ လူနာများသည် သူတို့ ပါးစပ်များကို ပိတ်လိုက်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြလေသည်။ ပြတ်တောက်သွားသော ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သွေးများက ကမ္ဘာနှစ်ခုစလုံးကို နီရဲနေစေရန် ဆေးဆိုးပေးခဲ့သည်။
အတိတ်တွင် သားစာားကြူးနတ်ဘုရားသည် အရာရာအားလုံး အနီရောင် မဖြစ်မချင်း သတ်ဖြတ်နေခဲ့သည်။
ပစ္စုပ္ပန် ကောင်းမင်သည် ယဇ်ပလ္လင်ရှေ့တွင် ရပ်နေခြင်းဖြစ်သည်။ သူသည် ဘာတစ်ခုမှ မလုပ်ခဲ့သော်လည်း သူ့အဝတ်အစားများမှာ သွေးများဖြင့် စိုရွှဲနေ၏။ အတိတ်တွင် စုပုံနေခဲ့သော သေဆုံးမှုများသည် ထိုအခိုက်အတန့်တွင် ပေါက်ကွဲသွားခဲ့သည်။ နာရီလက်တံသည် ပိုမိုမြန်ဆန်စွာ ရွေ့လျားသွားသည်။သားစားကြူးနတ်ဘုရားသည် ပို၍ပင် အဆင်ခြင်မဲ့လာခဲ့သည်။ ၎င်းသည် သူ့အစစ်အမှန်ကို ဖော်ထုတ်ရန် ချုပ်တည်းမှုအားလုံးကို စွန့်လွှတ်လိုက်သကဲ့သို့ ဖြစ်သည်။ထို အနက်ရှိုင်းဆုံး အခန်းထဲတွင် တစ်စက္ကန့်ချင်းစီတိုင်းသည် သေခြင်းတရားများဖြင့် ပြည့်နှက်နေခဲ့သည်။ နောက်ဆုံး လူနာ လဲကျသွားသောအခါ နာရီသံက ခေတ္တရပ်နားသွားခဲ့သည်။
သွေးများကား နေရာအနှံ့ပင်။ ရွှံ့ရုပ်တုများက သူတို့၏ မျက်လုံးများကို လွှဲဖယ်လိုက်ကြသည်။ လူနာဆောင်မှ ထွက်လာသော မကောင်းဆိုးဝါးမှာလည်း အရိပ်များနှင့်အတူ ဆုတ်ခွာသွားခဲ့သည်။ အတိတ်က ကောင်းမင်သည် မဖြစ်နိုင်သည်များကြားမှ ရှင်သန်နိုင်ခဲ့သည်။ ကောင်းမင်သည် သူ့ ဘယ်ဘက်မျက်လုံးကို ပွတ်သပ်လိုက်သည်။ သူ့မျက်နှာဖုံးမှာ ပြုတ်ကျသွားပြီး သူ့ အဝတ်အစားများမှာ စိုစွတ်နေလေသည်။ သူသည် လက်တွေ့နှင့် အိပ်မက်ကြား ကွာခြားချက်ကို ခွဲခြားမသိနိုင်တော့ပေ။ သူသည် အတိတ်နှင့် ပစ္စုပ္ပန်ကြား ကွာခြားချက်ကိုလည်း မခွဲခြားနိုင်တော့။ ကြမ်းပြင်ပေါ်ရှိ ကောင်းမင်၏ ရောင်ပြန်ဟပ်မှုမှာ ဝေဝါးလာခဲ့သည်။ ဤသည်မှာ ပစ္စုပ္ပန်နှင့် အတိတ်တို့သည် တဖြည်းဖြည်း ပေါင်းစည်းနေကြသည်ကို ကိုယ်စားပြုနေပုံရသည်။ ကောင်းမင်သည် သူ့ အိတ်ကပ်ထဲရှိ လူသေပုံတူကို ဆွဲထုတ်လိုက်ပြီး အဆိုးဆုံးအတွက် ပြင်ဆင်လိုက်သည်။
သူ၏ နောက်ကျောမှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။ အသံထုတ်လွှင့်မှုသည် တောက်ပပြီး ပျော်ရွှင်စရာကောင်းသော ဂီတသံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သွေးများစွန်းထင်းနေသော အခန်းထဲတွင် ကောင်းမင်က လှည့်ကြည့်လိုက်သည်။ သူသည် တံခါးဝတွင် ဆရာဝန် ကုတ်အင်္ကျီဝတ်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
“မင်္ဂလာပါခင်ဗျာ ၊ ငါက လုဇန်ပါ ၊ လွန်ခဲ့တဲ့ နှစ်ဝက်က ခင်ဗျားရဲ့ စိတ်ရောဂါကို ကုပေးခဲ့တဲ့ ဆရာဝန်ပါ ၊ မင်း အခုလို ဖြစ်နေရတဲ့ အကြောင်းရင်းက ငါပါပဲ”
အပြုံးတစ်ဝက်ဖြင့် ဆရာဝန်၏ မျက်နှာတစ်ခြမ်းသည် အရိပ်ထဲတွင် ဖုံးကွယ်နေ၏။ သူ၏ အသေးငယ်ဆုံး အမူအရာပင်လျှင် တစ်စုံတစ်ယောက်ကို စိတ်မသက်မသာ ဖြစ်စေနိုင်ပေသည်။
“လုဇန်လား”
ကောင်းမင်တွင် ထိုနာမည်နှင့်ပတ်သက်သော အမြင်များမရှိပေ။
“မင်းက နှစ်ဝက်အကြာကထက် ပိုပြီးတော့ ဆင်ခြင်တုံတရားရှိပြီး တည်ငြိမ်နေပုံပါပဲ ၊ ဒါက ကုသမှုဟာ အရမ်းအောင်မြင်တယ်ဆိုတာကို ဆိုလိုတာပဲ”
လုဇန်က အခန်းထဲသို့ မဝင်ခဲ့ပေ။ သူ့ ပခုံးများနောက်ဘက်မှ အလင်းရောင်များ ဝင်ရောက်နေသည်။
“နှစ်ဝက်အကြာတုန်းက ကျုပ်ဒီနေရာကို ရောက်ခဲ့ဖူးသလား ၊ ဒီ ပုံရိပ်ယောင်က အဲဒီတုန်းက ကျုပ် ကြုံတွေ့ခဲ့ရတဲ့အရာပဲလား”
ကောင်းမင်က ဖြစ်နိုင်ခြေတစ်ခုကို ဖော်ပြလိုက်သည်။
“ဒါက ပုံရိပ်ယောင်မဟုတ်ပါဘူး ၊ ဒါဟာ နှစ်ဝက်အကြာက မင်းရဲ့ အိပ်မက်ပါ ၊ မင်းက နှစ်ဝက်အကြာက အစကို အိပ်မက်မက်ခဲ့ပြီး အခုတော့ အဆုံးသတ်ကို အိပ်မက်မက်ရလိမ့်မယ်”
လုဇန်သည် ကောင်းမင်ကို တွေ့ရ၍ ဝမ်းသာနေပုံရသည်။
“သားစားကြူး နတ်ဘုရားက မင်းကို ရွေးချယ်လိုက်တဲ့ အချိန်ကစလို့ အရာအားလုံးဟာ စတင်ခဲ့တာပဲ ၊ စီတုအန်းက အရိပ်ကမ္ဘာကို ဟန်ဟိုင်းထဲ ထိုးဖောက်ဝင်ရောက်ဖို့ ကူညီပေးရချိန်မှာ မင်းက ကံကြမ္မာရဲ့ လစ်ဟာချက်ကို ချဲ့ထွင်ဖို့ ကူညီပေးရတာပဲ ၊ တခြား မိဘတွေလည်း ရှိပါသေးတယ် ၊ လူတိုင်းမှာ သူတို့ရဲ့ အခန်းကဏ္ဍတွေ ရှိကြတယ်လေ”
“ခင်ဗျား ဘယ်သူလဲ”
“ငါက မင်းလိုပဲ ကံကြမ္မာရဲ့ လစ်ဟာချက်တစ်ခုပေါ့ ၊ကံကြမ္မာက ငါတို့ကို မကြာခင် ဖျက်ဆီးပစ်တော့မှာ ၊ ဒါကြောင့် ငါတို့က ကံကြမ္မာကို သတ်ပစ်ဖို့ တာဝန်ရှိနေရတာပဲ”
လုဇန်သည် ကောင်းမင်အား သူ၏ ဆွေမျိုးရင်းချာအဖြစ် သဘောထားနေပုံရသည်။
“အိပ်မက်ထဲမှာ မရည်ရွယ်ထားတဲ့ အနာဂတ်များစွာကို ငါ မြင်ခဲ့ရတယ်၊ အများစုက မင်းနဲ့ ပတ်သက်နေတာတွေပဲ”
“ခင်ဗျား ပြေပုံအရဆိုရင် ဆာလောင်တစ္ဆေပွဲတော်ညက ကျုပ်ဘတ်စ်ကားပေါ် ပါလာတာ ခင်ဗျားရဲ့ စီစဉ်မှုကြောင့်လား”
ကောင်းမင်၏ သေဆုံးမှတ်ဉာဏ်များ တိုက်ခိုက်မိကြသည်။ သူ့ နှလုံးသားသည် စိတ်ပျက်အားငယ်မှုထဲ နစ်မြုပ်သွားခဲ့သည်။
“ဘာကြောင့် အဲဒီ ဘတ်စ်ကားက ဥမင်ထဲကနေ ဘယ်တော့မှ ထွက်ခွာလို့ မရတာလဲဆိုတာ မင်းသိလား”
လုဇန်က ရုတ်တရက် ကောင်းမင်ကို မေးလိုက်သည်။
“ဘာလို့လဲ”
“မင်း ကံကြမ္မာရဲ့ လစ်ဟာချက် ဖြစ်လာရတဲ့ အကြောင်းရင်းက အတန်း ၁၃ရဲ့ ဘတ်စ်ကားဟာ ဆယ်နှစ်အကြာက မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာကြောင့်ပဲ ၊ ကံကြမ္မာရဲ့ စီမံမှုမှာ မင်းတို့ အားလုံး သေဆုံးသင့်ပေမယ့် မင်းတို့ အားလုံး ရှင်သန်ခဲ့ကြတယ်”
လုဇန်က ဟန်ဟိုင်းတွင် ဖြစ်ပျက်ခဲ့သော အရာအားလုံးကို သိသည်။ သူသည် စီတုအန်းအတွက် အရာအားလုံးကို သုတေသနပြုခဲ့သူ ဖြစ်သည်။
“မင်းတို့ထဲက တစ်ယောက်ယောက် အသက်ရှင်နေသမျှကာလပတ်လုံး အဲဒီ ဘတ်စ်ကားဟာ အဲဒီ ဥမင်ထဲမှာပဲ ပိတ်မိနေလိမ့်မယ်”
“အံ့သြစရာအကောင်းဆုံးက မင်းဟာ သားစားကြူးနတ်ဘုရားရဲ့ အသိအမှတ်ပြုမှု ရခဲ့တာပဲ၊ မင်းက မသေနိုင်တဲ့ လူတစ်ယောက် ဖြစ်လာပြီး အိပ်မက်ထဲက လူတိုင်း သေဆုံးပြီးမှ အဆုံးသတ်မယ့် အိပ်မက်ဆိုးထဲမှာ ပေါ်လာခဲ့တယ်”
လုဇန်၏ မျက်လုံးများက ကောင်းမင်ပေါ်တွင် မျှော်လင့်ချက်ကို မြင်လိုက်ရသကဲ့သို့ တောက်ပလာခဲ့သည်။
“ခင်ဗျား ဘာတွေ ပြောနေတာလဲ”
ကောင်းမင်သည် လုဇန်ကို နားမလည်နိုင်တော့ပေ။
“ငါတို့ အားလုံးဟာ မှားယွင်းတဲ့ အိပ်မက်တစ်ခုထဲမှာ နေထိုင်နေကြတာပဲ ၊ မင်း မြင်နေရတဲ့ တကယ့်ကမ္ဘာက အိပ်မက်တစ်ခုပဲ ၊ မင်း အခုလေးတင် ကြုံတွေ့ခဲ့ရတာကလည်း အိပ်မက်တစ်ခုပါပဲ ၊ ဘတ်စ်ကားက အိပ်မက်တစ်ခုထဲမှာ ပိတ်မိနေတာ ၊ ငါက လူတွေ ပိုပြီး နိုးထလာနိုင်မလားဆိုတာ မြင်ရဖို့ အိပ်မက်တစ်ခုကို နောက်ထပ် အိပ်မက်တစ်ခုနဲ့ စက်ဝိုင်းဝိုင်းကြည့်ဖို့ ကြိုးစားနေရုံပါပဲ”
လုဇန်သည် အလွန်စိတ်အေးလက်အေး ရှိနေသည်။
“ဟန်ဟိုင်းမှ မူမမှန်မှုတွေ ပေါ်လာရတဲ့ အကြောင်းရင်းက ဧရာမအိပ်မက်ကြီးဟာ ဆက် ထိန်းထားနိုင်ခြင်း မရှိတော့လို့ပဲ ၊ ပိုများလာတဲ့ လူတွေက နိုးထချင်လာကြတယ် ၊ ဒါကြောင့် သူတို့က မူမမှန်မှုတွေကို မြင်နိုင်ကြတာပဲ”
“ခင်ဗျား ပြောတာတွေကို ကျုပ်လုံးဝ နားမလည်သေးပေမယ့်…”
ကောင်းမင်၏ မျက်လုံးများမှာ အန္တရာယ်ရှိသော ပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။
“ခင်ဗျားက အရာအားလုံးကို စီစဉ်ခဲ့တာဆိုရင် ဥမင်ထဲမှာ ကျုပ်ကို အကြိမ်တိုင်း သတ်ခဲ့တာ ခင်ဗျားလား”
“မင်းကို ဥမင်ထဲမှာ သတ်ခဲ့တာလား”
လုဇန်က တုန်လှုပ်သွားသည်။
“မင်းက ဘတ်စ်ကားပေါ်မှာ မသေဆုံးပဲ ပုံမှန်အတိုင်းနိုးထလာသင့်တာ မဟုတ်ဘူးလား ၊ ဘာလို့ ဥမင်ထဲမှာ တစ်ယောက်ယောက်က မင်းနောက်ကို လိုက်နေရတာလဲ”