လက်နက်အသစ်
Vol. 18 Ch. 261
ကောင်းမင်၏နောက်ကျောဘက်မှ လက်ရှစ်ချောင်း ဆန့်ထွက်လာလေသည်။ သားစားကြူးနတ်ဘုရားသည် လူသေပုံတူအားလုံးကို ဆွဲဖြဲလိုက်သည်။ အရိပ်များ တလိပ်လိပ်တက်လာတော့သည်။ သရဲများ၏ စူးရှသည့် အော်ဟစ်သံများမှာ နားကွဲလုမတတ်ဖြစ်နေသော်လည်း ကောင်းမင် ဂရုမစိုက်ပေ။
“မြို့ထဲက မြို့သား တစ်ဝက်လောက်ရဲ့ ကံကြမ္မာကို ငါ ပြောင်းလဲပစ်ဖို့ လိုတယ် ၊ နိုးထလာပြီးနောက်ပိုင်း လူတစ်ယောက်တည်းက ဒီလောကကြီးကို မကိုင်တွယ်နိုင်ဘူးဆိုရင် ဟန်ဟိုင်းတစ်ခုလုံးကို နိုးထစေပြီး သူတို့အားလုံး အစစ်အမှန်လောကကို ငါနဲ့အတူတူ မြင်စေရမယ်”
အရိပ်ကမ္ဘာမှ လူသေပုံတူများသည် ဟန်ဟိုင်းသို့ ဝင်ရောက်နိုင်မည့် လက်မှတ်များဖြစ်သည်။ လူသေပုံတူတစ်ပုံကို ပိုင်ဆိုင်ထားသူများသည် အရိပ်ကမ္ဘာ၏ ရွေးချယ်ခံရသူများဖြစ်ပြီး ကံကြမ္မာ လစ်ဟာချက် ဖြစ်လာနိုင်စွမ်းရှိသူများ ဖြစ်သည်။
နတ်ဘုရားက အဖြူအမည်းဓာတ်ပုံများကို ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ ပို့ဆောင်လိုက်သည်။ ချိန်းကြိုးဖြင့် ချုပ်နှောင်ခံထားရသည် စီတုအန်းသည် သူ့ပတ်ပတ်လည်တွင် နှင်းပွင့်များသဖွယ် လွင့်ပျံနေသော ဓာတ်ပုံများကို မြင်လိုက်ရသည်။ သူက နာကျင်မှုကို တွန်းလှန်၍ ခေါင်းမော့လိုက်သည်။ သူ့မျက်လုံးများသည် ရူးသွပ်မှုများဖြင့် တောက်ပနေ၏။ ထိုအရာအားလုံးသည် သူ့အတွက်ဖြစ်သင့်သော်လည်း သူကား မိသားစုအား အခြားနည်းလမ်းဖြင့် ပြန်လည်ပေါင်းစည်းခဲ့ချေပြီ။ သူသည် နှင်းများဖုံးလွှမ်းနေသော စစ်မြေပြင်တွင် တစ်ကိုယ်တည်း ရပ်နေခဲ့သည်။အလောင်းများက နေရာအနှံ့ပင်။ သူသည် တစ်ကိုယ်တည်း အကျဉ်းချခံထားရပြီး အဆုံးမဲ့အမှောင်ထုချောက်နက်ကြီးအား အထီးကျန်စွာ ရင်ဆိုင်နေရသည်။ သူ့ကိုယ်ခန္ဓာမှာ တဆတ်ဆတ် တုန်ယင်လာ၏။ ချိန်းကြိုးများ ပိုတင်းကြပ်သွားသည်။ စီတုအန်းသည် သူ့စိတ်ခံစားချက်များကို ထိန်းချုပ်မှုလွတ်သွားသည်မှာ ထင်ရှားပေသည်။ သူသည် ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရစဉ်ကပင် အံကြိတ်ရုံသာ နေခဲ့သည်။
ဓာတ်ပုံများကို ညှဉ်းပန်းနှိပ်စက်ခန်း နံရံပေါ်တွင် ကပ်ထားလိုက်သည်။ လူသေပုံတူများထဲမှ လူနာများက စီတုအန်းကို မှတ်မိကြသည်။ သူတို့၏ တုံ့ပြန်မှုမှာ စိတ်ဝင်စားဖွယ်ကောင်းသည်။ သူတို့ မျက်လုံးထဲတွင် စိုးရိမ်ကြောက်ရွံ့မှုများနှင့်အတူ လှောင်ပြောင်မှု အနည်းငယ်လည်း ပါဝင်နေ၏။ သူတို့သည် စီတုအန်းကို ကြောက်ရွံ့ကြသော်လည်း စီတုအန်းအား ထိုအခြေအနေမျိုးဖြင့် မြင်နေရသည်ကို ဝမ်းသာနေကြသည်။ သို့သော်လည်း ထိုပျော်ရွှင်မှုသည် စိတ်ပျက်အားငယ်မှုအဖြစ်သို့ ပြောင်းလဲသွားလေသည်။ တရားခံက စီတုအန်းအား ထိုကဲ့သို့ ဆက်ဆံပါက သူတို့ရော ဘယ်လို ဖြစ်မှာလဲ။
“ကောင်းပြီလေ ၊ အားလုံး ထိုက်တန်ပါတယ် ၊ ငါ လွတ်မြောက်ပြီးရင် မင်းတို့အတွက် လက်စားချေပေးပါ့မယ် ၊ မင်းတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ငါ မှတ်ထားပေးမယ် ၊ ဘာပဲဖြစ်ဖြစ်… ငါတို့က မိသားစုတွေပဲ”
စီတုအန်း ဖြည်းညင်းစွာ ခေါင်းငုံ့လိုက်သည်။ ကောင်းမင် လီစန်းဆေးရုံထဲကို ဝင်ရောက်ခဲ့ပြီကို သူ သိလိုက်သည်။ ထို့နောက် ကောင်းမင် သူ့အိမ်ထဲက အခန်းအား ဝင်ရောက်ဖို့သာ သူ စောင့်ဆိုင်းရပေတော့မည်။
လုံခြုံရေး အဖွဲ့ဝင်များက ရုပ်တုများကိုသာ ဖျက်ဆီးခဲ့ကြသည်။ သူတို့သည် တစ်စုံတစ်ခုကို အမဲလိုက်နေပုံရသည်။ သူတို့ အလောတကြီး ထွက်သွားခဲ့ကြသည်။ ထိုအခန်းထဲရှိ အတန်ဖိုးအရှိဆုံး အရာသည် ရုပ်တုများ မဟုတ်ဘဲ တခြားတစ်ခုခု ဖြစ်နေနိုင်သည်။
လီစန်းဆေးရုံတွင် လူသေပုံတူ အများအပြားစုဆောင်းထားခြင်းဖြစ်သည်။ လူသေပုံတူအားလုံး ညှဉ်းပန်းနှိပ်စက်ခန်းထဲ ပို့ခံလိုက်ရသည်။ သားစားကြူးနတ်ဘုရားက ယဇ်ပလ္လင်အား ဖျက်ဆီးပစ်လိုက်သည်။သားစားကြူးနတ်ဘုရားသည် အနက်ရောင်အဝတ်စကို ဆွဲဖြဲလိုက်ပြီး ကြေမွနေသည့် ရုပ်တုများကို ဆွဲယူကာ သူ့ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ သေခြင်းတရားကို ကိုယ်စားပြုသည့် မျက်နှာမှာ စတင်ပြောင်းလဲသွားခဲ့သည်။ သေခြင်း မျက်နှာပေါ်တွင် နတ်ရုပ်တု အပိုင်းအစမျိုးစုံ ပေါင်းစည်းသွား၏။ အရိပ်ကမ္ဘာမှ နတ်ဘုရားများသည် သားစားကြူးနတ်ဘုရားအတွက် မိတ်ဆွေများမဟုတ်ဘဲ အစားအစာများသာ ဖြစ်သည်။
“ဆေးရုံက ဒီရုပ်တုတွေကိုကိုးကွယ်နေတာပေါ့”
အတိတ်ကအိပ်မက်ထဲတွင် ရွှံ့ရုပ်တုများသည် သားစားကြူးနတ်ဘုရား၏ ခန္ဓာကိုယ်ထဲကို ပြုတ်ကျသွားခဲ့သည်။ ညှဉ်းပန်းနှိပ်စက်ခန်းမှာ တုန်ယင်လာခဲ့သည်။ လက်ရှစ်ချောင်းက လူသေပုံတူများကို ဆွဲဖြဲပစ်လိုက်သည်။ အရိပ်များက ဧရာမ လှိုင်းလုံးတစ်ခုကဲ့သို့ တိုးဝင်လာသော်လည်း သားစားကြူးနတ်ဘုရားက ဂရုမစိုက်ပေ။ သူသည် လူသေပုံတူများထဲမှ ရွေးချယ်ခံထားရသော 'မိသားစု' ကို ဆွဲထုတ်လိုက်ပြီး နှိပ်စက်ပစ္စည်းများကို ပုံသွင်းရန် အသုံးပြုသည့် စင်မြင့်ပေါ် ဖိသွင်းလိုက်သည်။
အသွေးနဲ့ အသားဖြင့် ပြုလုပ်ထားသည့် ပန်းပဲဖိုကြီးမှာ ပွက်ပွက်ဆူနေ၏။ ကောင်းမင်ရဲ့ နှလုံးသားသည် တဒိတ်ဒိတ်ခုန်ပေါက်နေ၏။ လတ်ဆတ်သော သွေးများက မီးတောက်တစ်ခုကဲ့သို့ ဆူပွက်နေလေသည်။
ပန်းပဲဖိုသည် သားစားကြူးနတ်ဘုရား၏ ယဇ်ပလ္လင်ဖြစ်သည်။ သို့သော်လည်း သူ၏ယဇ်ပူဇော်ခြင်းနည်းလမ်းသည် အခြားနတ်ဘုရားများနဲ့ မတူဘဲ ထူးခြားသည်။ လူနာဝိညာဉ်များကို အသားပန်းပဲဖိုထဲ ပစ်ထည့်လိုက်သည်။ ချိန်းကြိုးများ အတူတကွ ပေါင်းစည်းသွားကြသည်။ ချိန်းကြိုးများသည် သွေးများ စိုရွှဲနေပြီး ညှဉ်းပန်းနှိပ်စက်ခန်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာလေသည်။
ပန်းပဲဖိုထဲမှ ဟိန်းဟောက်သံတစ်သံ ပဲ့တင်ထပ်လာလေသည်။ သားစားကြူးနတ်ဘုရားက သူ့ခန္ဓာကိုယ်နှင့် ခြေလက်များတွင် ပူလောင်နေသော ချိန်းကြိုးများကို ရစ်ပတ်ခွင့်ပြုလိုက်သည်။ သူသည် နာကျင်မှုကို မခံစားရပေ။ နောက်ဆုံး လူသေပုံတူအား ပန်းပဲဖိုထဲ ပို့လိုက်ပြီးနောက် လက်ရှစ်ချောင်းက ပန်းပဲဖိုမှ ဖန်တီးထားသည့် အသွေးအသားဖြင့်လုပ်ထားသော ချိန်းကြိုးအသစ်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ အဆုံးမရှိသော အော်ဟစ်သံ ထွက်ပေါ်လာလေသည်။ နတ်ဘုရား၏ မျက်နှာလေးခုလုံး ဟိန်းဟောက်နေချိန်တွင် လက်ရှစ်ချောင်းက တစ်ပြိုင်နက်တည်း ဆွဲယူလိုက်သည်။ ချိန်းကြိုးများ တောင့်တင်းသွားသည်။ ပန်းပဲဖိုထဲမှ တစ်စုံတစ်ခုကို သူ ဆွဲထုတ်လိုက်သည်။
စီတုအန်းသည် ယင်းကို စိတ်ခံစားချက် ကင်းမဲ့စွာ စောင့်ကြည့်နေ၏။ အသားပန်းပဲဖိုကို ထိန်းချုပ်သူသည် သူဖြစ်သင့်သည်။ အလွန်အရေးကြီးသည့် တစ်စုံတစ်ခုအား သူ့ထံမှ ယူဆောင်သွားခံသော်လည်း သူ့မျက်နှာတွင် နောင်တရနေသည့် အရိပ်အယောင်များ ရှိမနေပေ။
သွေးများ နေရာအနှံ့ ပက်ဖြန်းသွားသည်။ နားကွဲလုမတတ် စူးရှသည့် အော်ဟစ်သံများက ညှဉ်းပန်းနှိပ်စက်ခန်းတစ်ခုလုံးကို ပြည့်နှက်သွားစေသည်။ ပုံမှန်အားဖြင့် မည်သည့်အရာကိုမှ ဂရုမစိုက်တတ်သည့် အနီရောင် မိုးကာအင်္ကျီပင်လျှင် ခြိမ်းခြောက်ခံရသကဲ့သို့ သားစားကြူးနတ်ဘုရားဘက် ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။
လက်ရှစ်ချောင်းပိုင်ရှင် နတ်ဘုရားသည် တခြားသူများကို လျစ်လျူရှုထား၏။ သူက ကြမ်းပြင်ကို အားပါးတရ နင်းချလိုက်သည်။ သူက ချိန်းကြိုးကို ဆုပ်ကိုင်ထားရင်း ဟိန်းဟောက်လိုက်သည်။ အသားပေါ်တွင် မီးတောက်များ လောင်ကျွမ်းနေကြလေသည်။ ချိန်းကြိုးများ၏ အဆုံးသတ်တွင်ရှိသော အရာကြီးမှာ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။
ဖိနှိပ်မှုသည် အနီရောင်မိုးကာအင်္ကျီအား ရန်လိုမှုအဖြစ်ပြောင်းလဲသွားစေသည်။ နှိပ်စက်ပစ္စည်းအားလုံးသည် တစ်စုံတစ်ခုကို တုံ့ပြန်နေသည့်အလား တဖျောင်းဖျောင်း မြည်ဟီးလာလေသည်။
အခန်းထဲမှာ ရပ်နေသည့် ကောင်းမင်က စတင်ပြောင်းလဲလာလေသည်။ သူက ကုန်းစီလက်လွှဲပေးသည့် ချိန်းကြိုးများကို ဆုပ်ကိုင်ရန် ခေါင်းငုံ့လိုက်သည်။သူက နတ်ဘုရားနဲ့အတူ ဆွဲယူလိုက်သည်။
အသက်ရှိနေသော မီးလျှံတစ်ခုကို ကိုင်ထားသကဲ့ သူခံစားလိုက်ရသည်။ ကောင်းမင်၏ လက်ဗွေရာများနဲ့ ကံကြမ္မာကဲ့သို့သော အခြားအရာများသည် တဖြည်းဖြည်း ပြောင်းလဲနေခဲ့သည်။ယင်းသည် ပန်းပဲဖိုအတွင်းရှိနေသော တစ်စုံတစ်ခုကြောင့် ဖြစ်သည်။
“မင်းက လီစန်းဆေးရုံက ဆယ့်သုံးနှစ်ကြာ ပျိုးထောင်ထားတဲ့ မျိုးစေ့ကို တစ်ခါတည်း စားပစ်လိုက်တာပဲ ၊ ဘယ်လောက်တောင် ဖြုန်းတီးလိုက်လဲ”
အလွန်ဆင်ခြင်တုံတရားရှိသည့် စီတုအန်းပင်လျှင် မခံမရပ်နိုင်တော့ပေ။ သူ့မျက်နှာမှာ မည်းမှောင်သွားခဲ့သည်။
ကောင်းမင်၏ အာရုံစူးစိုက်မှုအားလုံးသည် ပန်းပဲဖိုပေါ်တွင်သာ ရှိသည်။ စီတုအန်း စကားကို သူ မကြားလိုက်ပေ။ သူ့လက်များက မီးဖိုထဲ ရောက်ရှိနေသယောင် ခံစားနေရသည်။ သူ့ဝိညာဉ်ပင်လျှင် တဖျစ်ဖျစ်ဖြစ်နေပေသည်။
အဆုံးမဲ့သော လူနာဝိညာဉ်များဖြင့် ပြုလုပ်ထားသည့် ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာအား အစစ်အမှန်ကမ္ဘာနှင့် အရိပ်ကမ္ဘာကပါ ငြင်းပယ်နေကြသည်။၎င်း၏ဖြစ်တည်မှုသည် ကောင်းမင်၏ ကံကြမ္မာကို ထိခိုက်စေမည်ဖြစ်သည်။
လောင်ကျွမ်းနေသည့် ချိန်းကြိုးများက ကောင်းမင်၏ လက်မောင်းပတ်လည်မှာ ရစ်ပတ်လာခဲ့သည်။ သူ့နှလုံးခုန်သံက ပန်းပဲဖိုကို ထုရိုက်နေလေသည်။ သရဲများ၏နောက်ဆုံး ဟိန်းဟောက်သံနှင့်အတူ မီးတောက်များက အသားပန်းပဲဖိုတစ်ခုလုံးကို ဝါးမျိုပစ်လိုက်သည်။ ညှဉ်းပန်းနှိပ်စက်ခန်းထဲတွင် ဖိနှိပ်နေသောဖြစ်တည်မှုတစ်ခု ထွက်ပေါ်လာခဲ့သည်။ သွေးနှင့် မီးတောက်များထဲတွင် သရဲသဘက်ဆန်သည့် ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။ အသွေးအသားဖြင့် ပြုလုပ်ထားသော ကိရိယာကို ကောင်းမင် မြင်လိုက်ရသည်။ ချိန်းကြိုးများက ဧရာမကောက်ရိတ်တံစဉ်ကြီးတစ်ချောင်း၏ ပတ်ပတ်လည်တွင် ရစ်ပတ်ထားသည်။ ၎င်း၏တစ်ဖက်တွင် ကံကြမ္မာဟု ခတ်နှိပ်ထားပြီး နောက်တစ်ဖက်တွင် ဘဝဟု ခပ်နှိပ်ထားသည်။ ကောက်ရိတ်တံစဉ်ကြီးသည် အခန်းထဲတွင် မတ်မတ်ထောင်လျက်ရှိသည်။ ကောက်ရိတ်တံစဉ်၏အသွားသည် လူနာများ အော်ဟစ်သံနဲ့အတူ တုန်ခါနေ၏။ရောဂါလက္ခဏာ အမျိုးမျိုးနှင့် သန္ဓေပြောင်းခန္ဓာအလောင်းကောင်များက ကောက်ရိတ်တံစဉ်၏ အခြေခံဖွဲ့စည်းမှုဖြစ်သည်။သူတို့၏ခန္ဓာကိုယ်များတွင် လတ်ဆတ်သော သွေးများ စိုရွှဲနေ၏။ သူတို့ မျက်လုံးများက အဆိပ်ပြင်းသော အမုန်းတရားများဖြင့် တောက်ပနေခဲ့သည်။
ဆေးရုံရှိ လူနာအားလုံးသည် ကံကြမ္မာ၏ လစ်ဟာချက်များ ဖြစ်လာနိုင်စွမ်းရှိပေသည်။ သူတိုသည် အရိပ်ကမ္ဘာ ရွေးချယ်ထားသော မျိုးစေ့များ ဖြစ်သည်။ သားစားကြူးနတ်ဘုရားသည် အရိပ်ကမ္ဘာ၏ မျှော်လင့်ချက်ကို သုံး၍ ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာအသစ်တစ်ခုကို ပုံဖော်လိမ့်မည်ဟု ကောင်းမင် မမျှော်လင့်ခဲ့ပေ…။ထို့နောက် သူအောင်မြင်ခဲ့လေသည်။
သားစားကြူးနတ်ဘုရားသည် ချိန်းကြိုးများအပြင် လက်နက်အသစ်တစ်ခု ရှိလာခဲ့သည်။ သူ့တည်ရှိမှုသည် အရင်ကထက် များစွာကြောက်မက်ဖွယ်ကောင်းလာခြင်းဖြစ်သည်။
“အားကောင်းတယ်၊ ဆိုးယုတ်ပြီး ကောက်ကျစ်တယ် ၊ ဒီအရာက မကောင်းမှုရဲ့ သရုပ်သကန်တစ်ခုပဲဖြစ်တယ်”