မြက်ပင်
Vol. 18 Ch. 264
ကောင်းမင်ပြောလိုက်သည့် စကားလုံးတိုင်းသည် ကေ၏မျက်နှာကို ပြောင်းလဲသွားစေသည်။ အပြင်ထွက်ပေါက်ကို စောင့်ကြပ်နေသည့် လုံခြုံရေး အဖွဲ့ဝင်များပင်လျင် ခြိမ်းခြောက်မှုကို ခံစားကြရသည်။ ကေ၏ စွမ်းအားသည် ထိပ်တန်းလျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ သူ့အဖွဲ့သားများပင် မသိကြပေ။ သို့သော်လည်း ထိုလျှို့ဝှက်ချက်ကို သူတို့၏ ရန်သူက ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ခဲ့သည်။ သူတို့သည် ရှင်းလုမှ ဟန်ဟိုင်းသို့ ပြန်ရောက်လာရုံရှိသေးသည်။ သူတို့ ခန္ဓာကိုယ်ပေါ်တွင် သရဲတက်တူးများ မရှိခဲ့ခင်က စိတ်ကူးမယဉ်နိုင်လောက်သော နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုများကို ခံစားခဲ့ကြရသည်။
သူတို့က ထိုမစ်ရှင်မှာ ကိတ်ခွဲသလောက် လွယ်ကူလိမ့်မည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။ သူတို့ ဘယ်လောက် မှားယွင်းနေလဲဆိုတာ အခုမှ သဘောပေါက်မိကြခြင်းဖြစ်သည်။
တည်ငြိမ်နေသည့် စိတ်ဓာတ်၊ ကြောက်စရာကောင်းသည့် စွမ်းအား၊ မသိနိုင်သော နတ်ဘုရား၏ အကာအကွယ်၊ ရက်စက်မှုနှင့် ကောက်ကျစ်စဉ်းလဲသောဝိညာဉ်-ယင်းသည် ခြောက်ခြားဂိမ်းကစားသမား၏ ခေါင်းဆောင်ပင်ဖြစ်သည်။ ကောင်းမင်၏ ပုံရိပ်သည် လုံခြုံရေး အဖွဲ့ဝင်များ၏ မျက်လုံးထဲတွင် တဖြည်းဖြည်း အနီးစပ်ဆုံး ဖြစ်လာခဲ့သည်။ သူ့အန္တရာယ်အဆင့်သည် ခုန်ပေါက်တိုးတက်လာခဲ့သည်။ တချို့က အရေးပေါ် အစီအစဉ်အတွက် အကူအညီခေါ်ရန် အသင့်ဖြစ်နေကြသည်။
“မင်း သရဲတက်တူးကို သုံးလိုက်တဲ့အခါတိုင်း အဲဒီ နတ်ဘုရား အလောင်းရဲ့ စွမ်းအားကို မင်း ကုန်ခန်းစေလိမ့်မယ် ၊ မင်းအရမ်းမောပန်းသလို ခံစားရမှာ သေချာတယ်”
ကောင်းမင်ရဲ့ နှလုံးသားသည် အသားပန်းပဲဖိုအတွင်းရှိ မီးလျှံနှင့်အတူ လောင်ကျွမ်းနေသည်။ ဆူပွက်နေသော သွေးများက သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေ၏။ သူ ချိန်းကြိုးများကို ဆုပ်ကိုင်လိုက်ရာ သားစားကြူးနတ်ဘုရားသည်လည်း တူညီစွာလုပ်ဆောင်လိုက်သည်။
ကေသည် ထိုအခြေအနေမျိုးကို မကြုံတွေ့ဖူးပေ။ အရင်က နတ်ဘုရား အလောင်းကို အစာကျွေးရန် လူသား ၊ သရဲများနှစ်မျိုးလုံးသည် ထောင်ချီသော အရိုးဖြူများကြောင့် အာဟာရအဖြစ်သို့ ပြောင်းလဲခံခဲ့ရသည်။ သို့သော်လည်း သူသည် ကောင်းမင်အတွင်းတွင် နတ်ဘုရား အလောင်းဖြင့် ဆင်တူသည့် တည်ရှိမှုတစ်ခုကို ခံစားမိသည်။ အရိုးဖြူကြာပန်းသည် သူ့ထံ လုံးဝ မချဉ်းကပ်နိုင်ပေ။ ကောင်းမင်၏ နှလုံးသားနောက်မှ သားစားကြူးနတ်ဘုရား တွားသွားထွက်လာသောအခါ ကေ၏ နှလုံးသားမှာ တုန်လှုပ်သွားခဲ့ရသည်။ တားမြစ်ဂိမ်းထဲတွင်သာ ပေါ်လာတတ်သည်ဟု သူထင်ထားသည့် သတ္တဝါမှာ ဟန်ဟိုင်းတွင် ကိုယ်ထင်ပြလာခဲ့သည်။ ထို့အပြင် ကောင်းမင်၏ နတ်ဘုရားသည် သက်ရှိထင်ရှားရှိနေပုံရလေသည်။
အရိုးဖြူအလွှာများ ကွဲကြေသွားခဲ့သည်။ နတ်ဘုရား၏ မျက်နှာလေးခုသည် တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြသည်။ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် အရိုးလက်ချောင်းများဖြင့် ပြုလုပ်ထားသည့် လှောင်အိမ်ကို ဆွဲဆန့်ပစ်လိုက်သည်။ လက်မောင်းများက ကောင်းမင်နှင့်အတူ ချိန်းကြိုးများကို ဆွဲလိုက်သည်။ ဝိညာဉ်ချိန်းကြိုးများ တိုက်မိသွားကြသည်။ လူနာဝိညာဉ်များသည် အမုန်းတရားများနှင့်အတူ ကြာပန်းထဲကို တွားသွား ဝင်ရောက်သွား၏။ အသိစိတ်ကင်းမဲ့နေသောဝိညာဉ်များက အဖြူရောင်လက်ချောင်းများကို ဆွဲဖြဲပစ်လိုက်သည်။ ကေ၏ ဒဏ်ရာများထဲသို့ သူတို့ဘာသာနစ်ဝင်သွားကြသည်။ အရည်ကျိုထားသည့် သံရည်ပူအား သူ့အသွေးအသားထဲ လောင်းထည့်ခံလိုက်ရသကဲ့သို့ ခံစားရလိုက်ရသဖြင့် ကေ၏မျက်နှာ ဖြူဖျော့သွားခဲ့သည်။ သူသည် သွေးထွက်လာသည်အထိ အံကြိတ်ထားခဲ့သည်။
လက်နှစ်ဖက်ကား ချဉ်းကပ်လာချေပြီ။ ကေ တစ်ခုခု ရွတ်ဆိုလိုက်သည်။ သူသည် ဘယ်လက်ဖြင့် ကိုင်ထားသော ဓားကို ညာလက်ဖြင့် ကိုင်ထားသည့် ဓားအိမ်ထဲသို့ ထိုးသွင်းလိုက်သည်။ ဓားအိမ်ထဲမှ ပုပ်ဆွေးနေသော အနက်ရောင် သွေးများ ယိုစီးလာလေသည်။ နောက်ထပ်သွေးနီရောင် မျက်လုံးတစ်လုံးက ကေရဲ့ ဒဏ်ရာအတွင်းတွင် ပွင့်ဟလာသည်။ နတ်ဘုရားအလောင်းမှာ နိုးထလာနေပြီဖြစ်သည်။ ကေက ဓားအိမ်ကို ထပ်မံ ခုတ်ပိုင်းလိုက်သည်။ ဒုတိယ မျက်လုံး ပွင့်လာခဲ့သည်။
“မင်းမှာ နောက်ထပ် လျှို့ဝှက် စွမ်းအားတစ်ခု ရှိသေးပေမယ့် အဲဒါကို နှိုးဆွဖို့ အချိန် အရမ်းကြာနေတာကတော့ ရှက်စရာပဲကွ”
ကောင်းမင် ထိုလူအား အခွင့်အရေး မပေးနိုင်ပေ။ ကေ့တွင် နောက်ထပ်ဝှက်ဖဲတစ်ခု ရှိနေသေးသည်ကို သူတွေ့လိုက်သဖြင့် ကေလက်မောင်းများကို ချည်နှောင်ထားရန် ချိန်းကြိုးများကို ချက်ချင်း ထိန်းချုပ်လိုက်သည်။ ချိန်းကြိုးများသည် အသွေးအသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသောကြောင့် ကေ နောက်ထပ် လှုပ်ရှားမှု မလုပ်နိုင်တော့ပေ။
“မင်း ပေါ်လာတာက ငါ့ကို သတိရှိစေတယ် ၊ စုံစမ်းစစ်ဆေးရေးဌာနမှာ စွမ်းအားအားသာချက် အပြည့်အဝ ရှိနေတုန်းပဲ ၊ စီတုအန်းက အရိပ်ကမ္ဘာရဲ့ ရွေးချယ်ခံရပြီးနောက်မှာတောင် ဘာလို့ ဒီလောက်နှိမ့်ချနေနေရတာလဲကို ငါမအံ့အောတော့ဘူး”
ကောင်းမင်နှင့် နတ်ဘုရားက ချိန်းကြိုးများကို တင်းကြပ်လိုက်သည်။
“အကြွေးဆပ်တဲ့အနေနဲ့ မင်းကို နိုးထနေတဲ့လောကကို မျက်မြင်တွေ့ဖို့ ခေါ်သွားပေးမယ်”
အသားပန်းပဲဖိုထဲရှိ မီးတောက်များက တဖျစ်ဖျစ်လောင်ကျွမ်းနေကြသည်။ ကံကြမ္မာ၏ကောက်ရိတ်တံစဉ်ကို ထုတ်ဖော်လိုက်သည်။ ချိန်းကြိုးများက သူ့အား ကောင်းမင်ထံ ဆွဲခေါ်နေလေသည်။ သူသည် သူ့အား တစ်လောကလုံးက စွန့်ပစ်တော့မလို ခံစားနေရသည်။ အကူအညီမဲ့ခြင်းဟူသော ခံစားချက်သည် ဖော်ပြရန်ခက်ခဲသည်။ ယင်းသည် သူ့ ဖြစ်တည်မှု၏ ခြေရာလက်ရာတိုင်းကို ဖျက်စီးခံရတော့မည့် သူ့ကံကြမ္မာနှင့် တူပေသည်။
“ဒါက ဘာလဲ”
သားစားကြူးနတ်ဘုရားက သူ့ရင်ဘတ်ကို ဖွင့်ဟလိုက်သည်။ သူ့နံရိုးများက ဧရာမပါးစပ်ကြီးတစ်ခုကဲ့သို့ ပြန့်ကားသွားသည်။ ကံကြမ္မာ၏ ကောက်ရိတ်တံစဉ်ကား အသားထဲမှ ဖြည်းညင်းစွာ မြောက်တက်လာခဲ့သည်။ ဆေးရုံထဲတွင် သေဆုံးခဲ့သော ဝိညာဉ်များသည် တံစဉ်၏ အောက်ခြေမှ တွားသွားထွက်လာကြလေသည်။ သူတို့၏ ခန္ဓာကိုယ်အောက်ပိုင်းများက အသားပန်းပဲဖိုထဲသို့ လောင်ကျွမ်းသွားခဲ့ပြီဖြစ်သည်။ သူတို့သည် အော်ဟစ်၊ ငိုယို၊ စူးစူးဝါးဝါး မြည်တမ်းနေကြသည်။ သူတို့သည် ချိန်းကြိုးများအဖြစ် ပုံသွင်းခံခဲ့ရပြီး ချိန်းကြိုးများက ဖမ်းဆီးထားသူတိုင်းကို ညှဉ်းပန်းနှိပ်စက်ခန်းထဲ ဆွဲခေါ်သွားချင်ကြသည်။ ထိုလူများသည် ကံကြမ္မာ၏ အမေ့လျော့ခံများဖြစ်ပြီး အရိပ်ကမ္ဘာ၏ မျိုးစေ့များဖြစ်ကြသည်။ သူတို့သည် အိပ်မက်ဆိုးနှင့် အစစ်အမှန်လောကကြားတွင် အသိစိတ် ဆုံးရှုံးခဲ့ကြပေသည်။ သူတို့အားလုံး လိုချင်သည်က အိပ်မက်ဆိုးထဲသို့ လူအများအပြား ဆွဲခေါ်ရန်သာ ဖြစ်သည်။
“နိုးထမလား ဒါမှမဟုတ် အိပ်စက်မလား ၊ မျက်လုံးဖွင့်မလား ဒါမှမဟုတ် ထာဝရ နစ်မြုပ်မလား”
ကောင်းမင်၏အသံသည် ကေရဲ့ နားထဲ တိုးဝင်သွားသည်။ သူသည် မျက်နှာဖုံးစွပ်ထားသည့် မျက်နှာကို ချိန်းကြိုး အလွှာများကြား မြင်လိုက်ရသည်။ အေးစက်မှုက သူ့နှလုံးသားပတ်လည်တွင် တွားသွားနေလေသည်။ သူ့ကလေးဘဝ မှတ်ဉာဏ်ထဲတွင် ကောက်ရိတ်တံစဉ်ကို မြက်ခုတ်ရန် အသုံးပြုခဲ့သည်။ ခုတ်ထားသည့် မြက်များကို ကျွဲနွားများကို ကျွေးရန် အသုံးပြုခဲ့သည်။ မြက်၏ အမြင်ကို ဘယ်သူမှ မစဉ်းစားခဲ့ကြပေ။ ထိုအချိန်တွင် ကေသည် မြက်ဘယ်လောက် အကူအညီမဲ့နေမလဲကို ခံစားမိခဲ့သည်။
ကံကြမ္မာရဲ့ ကောက်ရိတ်တံစဉ်ရှေ့တွင် လူသားများ သရဲများအားလုံး မြက်ပင်ကဲ့သို့ ဖြစ်ကြသည်။ သူတို့သည် အစားအစာများ ဖြစ်ကြသည်။ သူတို့သည် အရေးမပါလွန်းသောကြောင့် ရုန်းကန်ရန်ပင် မတတ်နိုင်ကြပေ။
ချိန်းကြိုးများ ပို၍ ပို၍ တင်းကျပ်လာခဲ့သည်။ ကေရဲ့ နှုတ်ခမ်းများတွင် သွေးများစီးထွက်လာသည်။ သူ တစ်ခုခု ပြောချင်သော်လည်း စကားပြောရန်ပင် သူအလွန်အားနည်းနေခဲ့သည်။ လူတစ်ယောက်သည် သူ့ကံကြမ္မာကို ရင်ဆိုင်ရသည့်အချိန်တွင် ဘယ်လို ရုန်းကန်မှုမျိုးမဆို ရယ်မောစရာသာ ဖြစ်တော့သည်။
“ဟန်ဟိုင်းမှာ သက်ရှိထင်ရှားနတ်ဘုရားတစ်ပါး သက်ရှိတားမြစ်ချက်တစ်ခု ရှိနေတုန်းပဲ”
သူ့မျက်လုံးများ ပြူးကျယ်လာခဲ့သည်။ ကေနှင့်သူ့ထဲရှိ မရဏနတ်ဘုရားသည် သားစားကြူးနတ်ဘုရားဆီသို့ ဆွဲခေါ်ခံလိုက်ရသည်။ လက်ရှစ်ချောင်းက အရိုးဖြူများကို ထိုးဖောက်လိုက်သည်။ ချိန်းကြိုးများသည် ကေ၏အရေပြားထဲသို့ ဝင်ရောက်သွားပြီး သရဲတက်တူးများနှင့် သွေးကြောများကို ရစ်ပတ်လိုက်လေသည်။
ဝမ်းဗိုက်နာကျင်မှုက ချိန်းကြိုးများ ကေ၏ နှလုံးတဝိုက် ရစ်ပတ်သွားခါမှသာ ရပ်တန့်သွားသည်။ သူ ခေါင်းမော့ကြည့်လိုက်သည်။ သူ့ရှေ့တွင် ကောင်းမင်နှင့် သားစားကြူးနတ်ဘုရား ရပ်နေသည်။
ကောင်းမင် မာနထောင်လွှားခြင်း သို့မဟုတ် စိတ်လှုပ်ရှားနေခြင်း မရှိပေ။ သူသည် ကံကြမ္မာက ရေးထားသည့် ဇာတ်ညွှန်းကို စစ်ဆေးလိုက်ပြီးနောက် ဆုတ်ဖြဲကာ ပျံသန်းစေလိုက်သည်။ အရာအားလုံးသည် အလွန်မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားခဲ့သည်။ ကေသည် သူ့နောက်ဆုံး စကားကို ပြောချိန် မရလိုက်ပေ။
“အိပ်မက် ပြီးဆုံးသွားရင် မင်း နိုးထလာပါလိမ့်မယ်”
ကောင်းမင် နောက်ဆုံး ဘာပြောလိုက်လဲဆိုတာ ကေ ရှင်းရှင်းလင်းလင်း မကြားလိုက်ရပေ။ သရဲတက်တူးများ ဖုံးလွှမ်းနေသည့် သူ့ခန္ဓာကိုယ်ကား ညှဉ်းပန်းနှိပ်စက်ခန်းထဲ ဆွဲခေါ်ခံလိုက်ရချေပြီ။
ညှဉ်းပန်းနှိပ်စက်သည့် ပစ္စည်းများအားလုံး တုန်ခါသွားသည်။ အသားနှင့်သွေးရနံ့က ကေရဲ့ ကမ္ဘာကို ပြည့်နှက်သွားစေသည်။နောက်ဆုံးတွင် နိုးထလာသည်မှာ ဓားအိမ်ဖြစ်သည် ။ မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသော်လည်း နောက်ကျနေပြီ ဖြစ်သည်။ ကောက်ရိတ်တံစဉ်က ခုတ်ချလိုက်သည်။ ထိုအချိန်တွင် ကေသည် ဇောက်ထိုးဖြစ်နေသည့်ကမ္ဘာကြီးကို မြင်လိုက်ရသည်။ ရုပ်ဆိုးပြီး ကြောက်မက်ဖွယ် သရဲများက လူသားအဝတ်အစားများ ဝတ်ဆင်၍ နေရောင်အောက်တွင် နေထိုင်နေကြသည်။ ကူးစက်ခံရသော သက်ရှိများက အနည်းငယ်မျှသောဂုဏ်သိက္ခာဖြင့် အမှောင်ထဲတွင် ပုန်းအောင်းနေကြလေသည်။
“ဒါက အစစ်အမှန် လောကလား”
ကံကြမ္မာ၏ချည်မျှင်များ ပြတ်တောက်သွားခဲ့သည်။ ကေသည် ဝိညာဉ်မဲ့ အခွံတစ်ခု ဖြစ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ သရဲတက်တူးများ မှေးမှိန်သွား၏။ သရဲတက်တူး အားလုံးသည် ပေါင်းစည်းလိုက်ပြီး လက်တစ်ထောင်နှင့် သွေးအရိပ်တစ်ခုကို ဖွဲ့တည်လိုက်သည်။ ၎င်းတွင် ယုံကြည်မှု၏ အက်ကွဲကြောင်းများ ၊ ပုပ်သိုးနေသည့် ဒဏ်ရာများဖြင့် ပြည့်နှက်နေလေသည်။ ချိန်းကြိုးများက ကေကို မဖမ်းမိလိုက်ဘဲ အချိန်ကြာမြင့်စွာကပင် သေဆုံးခဲ့သော နတ်ဘုရားကို ဖမ်းဆီးမိခဲ့သည်။
အရိပ်သည် ရူးသွပ်စွာ ရုန်းကန်နေသော်လည်း ၎င်းကို ကံကြမ္မာကောက်ရိတ်တံစဉ်ဆီသို့ ဆွဲခေါ်ခံရဆဲဖြစ်သည်။
လက်ရှစ်ချောင်းက ကောက်ရိတ်တံစဉ်ကို ကိုင်ထား၏။ သားစားကြူးနတ်ဘုရားသည် မရဏနတ်ဘုရားကို မှတ်မိပုံရသည်။ သေခြင်းမျက်နှာက လောဘကြီးသည့်အရိပ်အယောင်များကို ထုတ်ဖော်လိုက်လေသည်။