တားမြစ်ဂိမ်း
Vol. 18 Ch. 265
ပြင်းပြသော စားသောက်လိုစိတ်က ကောင်းမင်အား ဝါးမျိုနေခဲ့သည်။ သူ့နှလုံးသည် သားစားကြူးနတ်ဘုရားနှင့် ဆက်စပ်နေသောကြောင့် နတ်ဘုရားမည်မျှ စိတ်လှုပ်ရှားနေသည်ကို သူနားလည်လိုက်သည်။ ဧရာမ သွေးအရိပ်ကြီးတစ်ခုက ကံကြမ္မာ၏ ကောက်ရိတ်တံစဉ်ပေါ်တွင် ကပ်တွယ်နေလေသည်။ ဝိညာဉ်များဖြင့် ပြုလုပ်ထားသော ချိန်းကြိုးများသည် သူ့ခန္ဓာကိုယ်အား တွယ်ယှက်နေကြသည်။
အရိပ်သည် ပို၍ ထင်ရှားလာခဲ့သည်။ ယင်းသည် ဗုဒ္ဓကေ စိတ်ကူးထားသည့်အရာနှင့် ကွဲပြားပေသည်။ အစစ်အမှန် လက်တစ်ထောင်အရိုးဖြူမှာ ဧရာမ ဆိတ်မျက်နှာဖုံးကို ဝတ်ဆင်ထားသော သတ္တဝါကြီးတစ်ကောင် ဖြစ်သည်။ ၎င်းသည် ကြင်နာမှုကို ဟန်ဆောင်မှုအဖြစ် ဝတ်ဆင်ထားပြီး အမှောင်ထဲတွင် နေထိုင်ခဲ့သည်။၎င်းက တစ်စုံတစ်ယောက်ကို သတ်လိုက်သည့်အခါတိုင်း သူ့စုဆောင်းမှုထဲသို့ လက်ချောင်းအသစ်တစ်ချောင်းကို ပေါင်းထည့်ခဲ့သည်။ အရိပ်ကမ္ဘာမှ မရဏနတ်ဘုရားတိုင်းသည် အပြစ်များအားလုံးကို အစွန်းရောက်ပေါင်းစပ်ထားခြင်းသာ ဖြစ်ချေသည်။
"အရိပ်တစ်ခုက ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းနိုင်ရတာလဲ"
ထိုဆိတ်မကောင်းဆိုးဝါးသည် အချိန်ကြာမြင့်စွာကတည်းက သေဆုံးခဲ့ပြီးဖြစ်သည်။ ၎င်းသည် ကေမှတစ်ဆင့် ပြန်လည်နိုးထလိုသော်လည်း ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့နှင့် ထိပ်တိုက်တွေ့ခဲ့သည်။ အရိပ်၏လက်မောင်းများသည် ကောက်ရိတ်တံစဉ်ဖြင့် ဖိနှိပ်ခံထားရ၏။ ဧရာမအရိပ်က မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်လိုက်သည်။ ၎င်း၏ ပါးပြင်ရှိ ဒဏ်ရာများအတွင်းမှ မျက်လုံးများ ပွင့်လာခဲ့သည်။ သားစားကြူးနတ်ဘုရားသည် သူ့ ရန်သူကို ကောင်းစွာရင်းနှီးသည်။ ဆိတ်ခေါင်းပေါ် လက်တစ်ဖက်တင်၍ အခြားလက်တစ်ဖက်ဖြင့် ကောက်ရိတ်တံစဉ်ကို ဝှေ့ယမ်းလိုက်သည်။
ဓားသွားသည် အရိပ်ကို ခေါင်းဖြတ်လိုက်လေသည်။ ကြောက်မက်ဖွယ် ဟိန်းဟောက်သံလည်း ပြီးဆုံးသွားသည်။ အရိပ်၏ အတွင်းပိုင်းတွင် နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေသော ကျိုးပဲ့နေသည့် အနီရောင် လက်ချောင်းတစ်ချောင်းကို သေခြင်းမျက်နှာက ဝါးမျိုလိုက်သည်။ နတ်ဘုရားမျက်နှာတွင် နတ်ဘုရားစွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး သူကိုယ်ခန္ဓာမှာလည်း ပိုမိုကြီးမားလာသည်။
"ဒီလက်ချောင်းက အရိပ်ရဲ့ ခန္ဓာ အစစ်အမှန်လား ၊ အဲ့ဒီရုပ်အလောင်းက ဒီအခြေအနေအထိ ကုန်ခန်းသွားခဲ့ပြီလား"
ကောက်ရိတ်တံစဉ်ပေါ် တွင် "ဘဝ" ဟူသော စာလုံးသည်နီစွေးလျက်ရှိသည်။ "ကံကြမ္မာ" ဟူသော စာလုံးမှ အနီရောင် ပုံစံကွက်များ ထွက်ပေါ်လာခဲ့သည်။ ထိုပုံစံကွက်များသည် ကေ၏ သရဲတက်တူးနှင့် ဆင်တူလေသည်။ ကောက်ရိတ်တံစဉ်ဖြင့် ရိတ်သိမ်းခံရသော သရဲများသည် တံစဉ်ပေါ်၌ အမှတ်အသားထင်ကျန်ရစ်စေလိမ့်မည်ဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်ခန်းအတွင်း၌ အရိပ်သည် ပြိုကွဲပျောက်ကွယ်သွားခဲ့သည်။ စီတုအန်းနှင့် အနီရောင် မိုးကာအင်္ကျီတို့သည် ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်ကြုံလိုက်ရသည်။ စီတုအန်းသည် တိတ်ဆိတ်သွားခဲ့ပြီး အနီရောင် မိုးကာအင်္ကျီက စိတ်လှုပ်ရှားသွားပုံရသည်။ သူမ၏ မျက်နှာအမူအရာမှာ ပို၍ အစစ်အမှန်ဆန်လာခဲ့သည်။
သားစားကြူးနတ်ဘုရားသည် ချိန်းကြိုးများကို လွှတ်ချလိုက်ပြီး သူ့မျက်နှာအား ကျေနပ်စွာ ထိတွေ့ကြည့်လိုက်သည်။ သေခြင်းမျက်နှာသည် အလွန်အစွမ်းထက်သော ဖြစ်တည်မှုကို ထုတ်လွှင့်နေခဲ့ရာ အခြားမျက်နှာသုံးခုက ယင်းကိုဖိနှိပ်နိုင်ရန် အတူတကွ လုပ်ဆောင်နေကြသည်။ အရိပ် ခေါင်းဖြတ်ခံရပြီးနောက် ဓားအိမ်သည် အပိုင်း နှစ်ပိုင်း ကွဲထွက်သွားခဲ့သည်။ ပုပ်သိုးနေသော သွေးနက်များအား ကောက်ရိတ်တံစဉ်အတွင်းရှိ ဝိညာဉ်များက စုပ်ယူလိုက်ကြသည်။ ဓားအိမ်ပေါ်ရှိ မျက်လုံးများသည် ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြလေသည်။
တုံ့ဆိုင်းခြင်းမရှိဘဲ သားစားကြူးနတ်ဘုရားက ကျိုးပဲ့နေသော ဓားသွားနှင့် ဓားအိမ်ကို အသားမီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။ သွေးများက နေရာအနှံ့ ပျံနှံ့သွားခဲ့သည်။ မီးဖိုထဲရှိ အနီရောင်မီးတောက်များက ကခုန်နေကြပြီး ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာအသစ်တစ်ခု ဖန်တီးနေခြင်းပင်ဖြစ်သည်။ နာကျင်ဖွယ် အော်ဟစ်သံများသည် မီးတောက်များထဲမှ ထွက်ပေါ်လာ၏။ လက်စားချေလိုသည့် မျက်လုံးများ ပျော်ဝင်သွားခဲ့သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် သားစားကြူးနတ်ဘုရားသည် အရိုးဓားတစ်ချောင်းကို မီးဖိုထဲမှ ဆွဲထုတ်လိုက်သည်။ ၎င်းမှာ လက်ချောင်းတစ်ချောင်းအရွယ်ခန့်သာ ရှိသည်။ ဓားသွားသည် အဖြူရောင်စင်စစ်ဖြစ်ပြီး ပါးလွှာ၏။ ဓားရိုးပေါ်တွင် မျက်လုံးတစ်လုံး ပွင့်လျက်ရှိ၏။ နတ်ဘုရားသည် ထိုဓားကို ညှဉ်းပန်းနှိပ်စက်သည့် ပစ္စည်းများ နံရံပေါ် တင်လိုက်ပြီးနောက် ကျန်ရှိသော လုံခြုံရေးအဖွဲ့ဝင်များဘက်သို့ လှည့်လိုက်သည်။
"ဒီအဖွဲ့ဝင်တွေမှာ သူတို့ရဲ့ သရဲတက်တူးတွေ ရခဲ့တဲ့ တခြား နတ်ဘုရားရုပ်အလောင်းတွေ ရှိရမယ် ၊ သားစားကြူးနတ်ဘုရားက သူတို့ထဲမှာရှိတဲ့ ကျန်နေသေးတဲ့ စွမ်းအားနဲ့ ယုံကြည်မှုတွေကို ဆာလောင်နေတယ်"
ကောင်းမင်သည် ကုန်းစီအား ညှဉ်းပန်းနှိပ်စက်ခန်းသို့ မပြန်ခိုင်းတော့ပေ။ သူကား ဖော်ထုတ်ခံလိုက်ရပြီးဖြစ်သည်။ အကောင်းဆုံးဖြေရှင်းနည်းမှာ မျက်မြင်သက်သေအားလုံးကို ရှင်းလင်းပစ်ရန်သာ ဖြစ်သည်။
အဖွဲ့ (၇)အဖွဲ့ဝင်များ၏ နှလုံးသားထဲတွင် ကေသည် နတ်ဘုရားတစ်ပါးနှယ် ဖြစ်သည်။ မည်သူမှ သူ့ကို အန္တရာယ်ပြုနိုင်ခြင်း မရှိပေ။ မည်မျှပင် အန္တရာယ်များပါစေ ကေသည် အမြဲတမ်းလိုလိုပင် ရှင်သန်နိုင်ခဲ့သည်။ သို့သော်လည်း ထိုနေ့တွင်တော့ ထိုအံ့ဖွယ်ဖြစ်ရပ်က ဖြစ်မလာခဲ့ပေ။ အရိုးလက်များ ကြေမွသွားခဲ့ပြီး နတ်ဘုရားရုပ်အလောင်းသည် နိုးထခွင့်ပင် မရမီ ဝါးမြိုခံလိုက်ရသည်။ သူတို့ ကိုယ်တိုင် မျက်စိဖြင့် မမြင်ခဲ့ပါက နတ်ဘုရားရုပ်အလောင်းကို စားသုံးဝံ့သည့်အရာတစ်ခု ရှိနေသည်ကို သူတို့ ယုံကြည်လိမ့်မည် မဟုတ်ပေ။ ကေနှင့် ရင်းနှီးသော အဖွဲ့ဝင်အချို့က တံခါးဘေးတွင် ရပ်နေကြသည်။ ကျန်လူများက အရေးပေါ် အစီအစဉ်ကို စတင်ခဲ့ပြီးဖြစ်သည်။ သူတို့ ထိန်းချုပ်မရသောအရာတစ်ခုနှင့် ရင်ဆိုင်ရသောအခါ သူတို့၏ သွေးရောင်ဆက်သွယ်ရေးစက်အတွင်းရှိ အချက်အလက်များကို သယ်ဆောင်နိုင်သည့် အခွင့်အလမ်းအား အမြင့်ဆုံးမြှင့်တင်ရန်အတွက် တကွဲတပြား ထွက်ပြေးကြပေလိမ့်မည်။
"ဒီဆေးရုံက စီတုအန်းရဲ့ အိမ်ပဲ ၊ ငါ သူ့လျှို့ဝှက်ချက်ကို ရှာမတွေ့သေးဘူး၊ အခု စုံစမ်းစစ်ဆေးရေးဌာနကပါ ငါ့ပါတီကို ဖျက်ဆီးဖို့ ရောက်လာပြီ"
ကောင်းမင်က ထိုနေရာတွင် ရပ်နေပြီး လူသတ်ပွဲကို နတ်ဘုရားဖြင့် လွှဲအပ်ထားလိုက်သည်။ သူသည် အကြိမ်များစွာ သေဆုံးခဲ့ခြင်းကြောင့် သူရှေ့တွင် အသက်များရိတ်သိမ်းခံနေရချိန်တွင် နာကျင်မှုနှင့်အတူ အထီးကျန်မှုကဲ့သို့သော ထူးခြားသည့်ခံစားချက်ကို ခံစားနေရသည်။
တိတ်ဆိတ်မှု ပြန်လည်ကြီးစိုးသွားခဲ့သည်။ လုံခြုံရေးအဖွဲ့ဝင်များပေါ်ရှိ သရဲတက်တူးများကို ချိန်းကြိုးအသစ်များ ဖန်တီးရန်အတွက် ဆွဲခွာလိုက်သည်။
"ငါ မေးစရာမေးခွန်း တချို့ ရှိသေးတယ်"
ကောင်းမင်၏ သတိပေးမှုကြောင့် သားစားကြူးနတ်ဘုရားက လူတစ်ဦးကို ရှင်လျက် ချန်ထားလိုက်သည်။ သူက ထိုလုံခြုံရေးအဖွဲ့ဝင်ကို ကောင်းမင်ထံ ဆွဲခေါ်လာလိုက်သည်။
"မကြောက်ပါနဲ့ , ငါက သတ်ဖြတ်တာနဲ့ ညှဉ်းပန်းနှိပ်စက်တာကို ကြိုက်တဲ့သူ မဟုတ်ပါဘူး"
ချိန်းကြိုးများနှင့် ညှဉ်းပန်းနှိပ်စက်သည့် ပစ္စည်းများက တချွင်းချွင်းမြည်နေလေသည်။ ကောင်းမင်၏ ထူးခြားသော ကိုယ်ပိုင်မိတ်ဆက်စကားက ထိုလူအား ကြောက်လန့်သွားစေသည်။ ညှဉ်းပန်းနှိပ်စက်ခန်းအတွင်းရှိ ပစ္စည်းများကို မြင်ရုံဖြင့် သူ့နှလုံးသားသည် အေးခဲသွားခဲ့၏။ စိတ်ပျက်အားငယ်မှုက သူ့အား ဖုံးလွှမ်းသွားခဲ့သည်။
"ကျုပ်သိသမျှ အားလုံးကို ပြောပြနိုင်ပါတယ်၊ ခင်ဗျား ကျုပ်ကို မြန်မြန်သေဆုံးခွင့် ပေးဖို့ပဲ မျှော်လင့်ပါတယ်"
ထိုလူက ခွင့်လွှတ်ပေးရန် တောင်းဆိုခြင်း မပြုပေ။ သူသည် လျင်မြန်စွာထွက်ခွာချင်ရုံသာ ဖြစ်သည်။
"ဟန်ဟိုင်းက လုံခြုံရေးအဖွဲ့ဝင်တွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒီထူးဆန်းတဲ့ ပုံစံကွက်တွေ ရှိနေတယ် ၊ ဒီစွမ်းအားကို ခင်ဗျားတို့ ဘယ်ကနေ ရခဲ့တာလဲ"
ကောင်းမင်သည် သာမန်သရဲတက်တူးများကို စိတ်မဝင်စားပေ။ သို့သော် သူသည် နောက်ထပ် နတ်ဘုရားရုပ်အလောင်းများကို ရှာဖွေလိုခြင်းဖြစ်သည်။
"လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ကျုပ်တို့ကို လေ့ကျင့်ရေးအတွက် ရှင်းလုက တားမြစ်ဂိမ်းတစ်ခုထဲ ပို့ခံခဲ့ရတယ် ၊ အဲဒီဂိမ်းကို အပေါ်ယံကမ္ဘာနဲ့ အတွင်းကမ္ဘာဆိုပြီး နှစ်ပိုင်းခွဲထားတယ် ၊ အပေါ်ယံကမ္ဘာက တကယ့်လက်တွေ့ဘဝနဲ့ မခြားနားဘူး ၊ အတွင်းကမ္ဘာကတော့ သရဲတွေနဲ့ အဆိုးမြင်စိတ်ခံစားချက်တွေနဲ့ ပြည့်နှက်နေတယ် ၊ လူသားမျိုးနွယ်ရဲ့ အမှောင်ဆုံးဘက်ခြမ်းကို အဲ့ဒီမှာ ခင်ဗျား မြင်နိုင်တယ်"
ကြောက်မက်ဖွယ်ရာတစ်ခုခုကို သတိရသွားသကဲ့သို့ ထိုလူ၏ အသက်ရှူသံက ရပ်တန့်သွားသည်။
"အဲဒီဂိမ်းထဲက ပစ္စည်းတွေကို ခင်ဗျား ယူလာနိုင်လား"
ကောင်းမင်က ထိုလူ၏ သရဲတက်တူးကို လက်ညှိုးထိုးပြလိုက်သည်။
"အဲဒီဂိမ်းက လူ့နှလုံးသားထဲက အမှောင်မိုက်ဆုံးနေရာနဲ့ ဆက်သွယ်နေတဲ့အတွက် တားမြစ်ချက်တစ်ခု ဖြစ်လာပုံပါပဲ ၊ ဂိမ်းရဲ့ အတွင်းပိုင်းမှာ စိတ်ကမ္ဘာဆီ ဦးတည်နေတဲ့ ဥမင်တစ်ခု ရှိတယ်"
ထိုလူ၏ ရှင်းပြချက်က ကောင်းမင်အား အိမ်၏အဓိပ္ပာယ်ကို အမှတ်ရစေသည်။ တားမြစ်ဂိမ်း၏ အတွင်းပိုင်းသည် အရိပ်ကမ္ဘာတွင် တည်ရှိနေပုံရသည်။
"အဲဒီဂိမ်းကို ဖန်တီးတဲ့သူက အသက်ရှင်နေသေးလား"
"ဒါက ဌာနချုပ်က အဆင့်မြင့်လူကြီးတွေပဲ သိတဲ့ အရမ်းလျှို့ဝှက်တဲ့ အချက်အလက်ပဲ ၊ ဒါပေမယ့် ဂိမ်းကို ဖန်တီးခဲ့သူတွေက အတွင်းကမ္ဘာမှာ ပျောက်ဆုံးသွားပြီး ဝေးလံတဲ့ နေရာတစ်ခုဆီ ရောက်သွားလို့ ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ အဖွဲ့ခေါင်းဆောင် ပြောတာကိုကျုပ်ကြားခဲ့ရတယ်"
ထိုလူမှာ အလွန်ရိုးသားနေခဲ့သည်။
"လက်ရှိမှာတော့ ရှင်းလု စုံစမ်းစစ်ဆေးရေးဌာနက တားမြစ်ဂိမ်းကို သိမ်းပိုက်ထားတယ် ၊ အဲ့ဒီအမျိုးသမီး ကပ္ပတိန်ရဲ့ မျိုးရိုးနာမည်က လီတဲ့၊ သူက တင်းကျပ်ပြီး အစွမ်းထက်တယ် ၊ လူအများအပြားဟာ သူရဲ့ သံမဏိစည်းမျဉ်းအောက်မှာ တော်တော်ခံစားခဲ့ရတယ် ၊ ဒါပေမယ့် သူက ရှင်းလုမှာ တစ်ကိုယ်တည်းပဲ ၊ ဘေးဆိုးကြီး ချဉ်းကပ်လာတာနဲ့အမျှ ရှင်းလုဌာနချုပ်အတွင်းပိုင်းမှာ မတူညီတဲ့ပြောဆိုသံတွေ စတင်ထွက်ပေါ်လာခဲ့တယ်"
ထိုလူသည် ကောင်းမင် မကြုံဖူးသေးသည့် အရာများစွာကို ပြောပြခဲ့သည်။ သူ့ဘဝသည် မြို့ထဲတွင်သာ ကန့်သတ်ထားခံခဲ့ရသည်။
"နောက်ဆုံးမေးခွန်းတစ်ခုပဲ"
ကောင်းမင်က ထိုလူရှေ့တွင် ဒူးထောက်လိုက်သည်။
"အဲဒီ တားမြစ်ဂိမ်းထဲကို ငါဝင်ချင်တယ်ဆိုရင် ဘာတွေ ပြင်ဆင်ဖို့ လိုမလဲ"