ခွဲစိတ်ခန်း
Vol. 18 Ch. 266
ကောင်းမင်က ပေါ့ပေါ့ပါးပါး မေးခွန်းတစ်ခုသာ မေးလိုက်သော်လည်း လုံခြုံရေးအဖွဲ့ဝင်ကမူ ယင်းကို အလေးအနက်တွေးလိုက်သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် နောက်ဆုံးတွင် သူပြောလိုက်သည်။
"ပထမဆုံးအနေနဲ့၊ စျေးကွက်မှာ မရှိတော့တဲ့ ဂိမ်းစင်တာတစ်ခုကို ရှာဖို့လိုတယ် ၊ ပြီးရင် အဲဒီဂိမ်းထဲက ကစားသမားဟောင်းတွေကို သူတို့ဆီကနေ လော့ဂ်အင်ဝင်ခွင့် ရနိုင်မလားဆိုတာ ကြည့်ဖို့လိုတယ် ၊ နောက်ဆုံးနဲ့ အရေးအကြီးဆုံးကတော့ ရှင်းလုဉာဏ်ပညာမြို့တော်မှာပဲ တားမြစ်ဂိမ်းထဲ ဝင်ထွက်နိုင်တယ် ၊ ဒါပေမဲ့ ရှင်းလုနယ်ခံမဟုတ်သူတွေက ဉာဏ်ပညာမြို့တော်ရဲ့ စနစ်ထဲက အထောက်အထား စစ်ဆေးတာကိုတောင် မကျော်ဖြတ်နိုင်ဘူး “
"စုံစမ်းစစ်ဆေးရေးဌာနက တားမြစ်ဂိမ်းရဲ့ တန်ဖိုးကို သိတဲ့အတွက် ဘယ်သူ့ကိုမဆို မြို့ထဲဝင်ခွင့် ပေးမှာ မဟုတ်ဘူး ၊ နောက်ကြောင်း အရှင်းဆုံးလူတွေကိုပဲ ဖြတ်သန်းခွင့် ပေးလိမ့်မယ်"
ထိုလူ၏ စကားများသည် ကောင်းမင်အား တားမြစ်ဂိမ်းကို ခေတ္တမျှ လျစ်လျူရှုထားရန် တိုက်တွန်းခဲ့သည်။ သို့သော် သူ့စိတ်ထဲတွင် အခြားအယူအဆတစ်ခု ပေါ်လာခဲ့သည်။
"တားမြစ်ဂိမ်းက လူတစ်ယောက်ရဲ့ အသိစိတ်ကို ဂိမ်းထဲ လွှဲပြောင်းပေးပြီး သူတို့ကို မတူညီတဲ့ကမ္ဘာကို မြင်စေနိုင်တယ် ၊ လုဇန် လိမ်ညာခဲ့တာ မဟုတ်ဘူးဆိုရင် ဂိမ်းကမ္ဘာက အစစ်အမှန်ကမ္ဘာ ဒါမှမဟုတ် နိုးထနေတဲ့ကမ္ဘာများ ဖြစ်နိုင်မလား"
ကောင်းမင်သည် ထိုလူကို မေးရန် အနီးကပ်သွားစဉ် ထိုလူအခြေအနေမဟန်သည်ကို သတိထားမိလိုက်သည်။ ထိုလူ၏ မျက်လုံးများမှ သွေးများ စီးကျလာခဲ့သည်။ သူ့ ကိုယ်ခန္ဓာရှိ ဒွါဒရပေါက်များမှ သွေးမည်းများ စိမ့်ထွက်လာခဲ့သည်။
"ကိုယ့်ကိုယ်ကိုယ် သတ်သေတာလား ၊ မဟုတ်ဘူး..."
ကောင်းမင်သည် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော သွေးရောင်ဆက်သွယ်ရေးစက်ကို ဖယ်ရှားလိုက်သည်။ ဆက်သွယ်ရေးစက်အတွင်းရှိ တစ်ခုခုက ထိုလူ၏ သွေးကြောကို ထိုးဖောက်လိုက်ခြင်းပင်။ ၎င်းသည် အဆိပ်တစ်မျိုးမျိုးဖြစ်သည်။ ကောင်းမင်က ဆက်သွယ်ရေးစက်ကို စစ်ဆေးလိုက်ပြီး အခြေအနေကို နားလည်လိုက်သည်။ ထိုလူသည် ဌာနချုပ်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်သည့် စကားတစ်ခုခု ပြောလိုက်ခြင်းက ဆက်သွယ်ရေးစက်အတွင်းရှိ စနစ်ကို လှုံ့ဆော်မိစေခြင်း ဖြစ်သည်။ ဌာနချုပ်၏ လျှို့ဝှက်ချက်အား ဖော်ထုတ်သူများသည် ဆက်သွယ်ရေးစက်မှ သတ်ပစ်ခြင်းခံရပေလိမ့်မည်။
"စုံစမ်းစစ်ဆေးရေးဌာနက တကယ်ပဲ တရားမျှတမှုရဲ့ ကိုယ်စားလှယ်လား"
အကယ်၍ လက်တွေ့ဘဝသည် အိပ်မက်တစ်ခုဖြစ်ပါက စုံစမ်းစစ်ဆေးရေးဌာနသည် အိပ်မက်ဆိုး၏ လက်သည်းများ ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ထိုလက်သည်းများသည် မတူညီသော အသံများက ထိန်းချုပ်ခံထားရသောကြောင့် အက်ကွဲနေခဲ့သည်။ ကောင်းမင်သည် စုံစမ်းစစ်ဆေးရေးဌာနအတွင်းတွင် တရားမျှတမှုအတွက် တိုက်ပွဲဝင်နေသူများ အမှန်တကယ်မရှိဟု ငြင်းပယ်ခြင်း မပြုပေ။ သို့သော်လည်း ဌာနချုပ်သည် အပေါ်ယံ၌ အကျင့်ပျက်ခြစားနေခဲ့သည်။ သင်္ဘောကို မှန်ကန်သော လမ်းကြောင်းပေါ် မမောင်းနှင်ပါက လမ်းချော်သွားမည်သာဖြစ်သည်။
"ဒီလုံခြုံရေးအဖွဲ့ဝင်တွေက ဂိမ်းထဲ ဝင်ခွင့် ရှိတာဖြစ်မယ် ၊ ငါ အသက်ရှင်နေတဲ့သူ တချို့ကို ဖမ်းရမယ်"
ကောင်းမင်သည် မျက်မမြင်လူ၏လူသေပုံတူအား ထုတ်ယူလိုက်ပြီး ခွေးကြီးကို ဆင့်ခေါ်လိုက်သည်။ အပြင်လောကသို့ သွားလည်ရန် အခွင့်အရေးများစွာ မရခဲ့သောကြောင့် ခွေးကြီးသည် သူ့ကိုယ်သူ ခြေဆန့်လက်ဆန့် လုပ်လိုခဲ့သည်။ သို့သော် သူဘေးရှိ ကျိုးပဲ့နေသော သရဲများနှင့် နတ်ဘုရားများကို မြင်လိုက်သောအခါ သူ့အမွေးများ ထောင်လာသည်အထိ ထိတ်လန့်သွားခဲ့သည်။
"ဒီနေရာမှာ အစစ်အမှန် နတ်ဘုရားတစ်ပါး ရပ်နေတာကို ငါခံစားရတယ် ၊ မင်း သူ့ကို ဘာတွေ ကျွေးနေတာလဲ"
ခွေးကြီးထံမှ အသံနိမ့်နိမ့်တစ်ခု ထွက်ပေါ်လာသည်။
"ဘာမှ မကျွေးပါဘူး"
ကောင်းမင်၏ ဝိုးတဝါး အဖြေသည် ခွေးကြီးကို စိတ်ပူပန်စေခဲ့သည်။ သူက ကောင်းမင်၏ အင်္ကျီလက်မောင်းကို ကိုက်၍ ထောင့်သို့ ဆွဲခေါ်သွားသည်။
"သရဲ စွမ်းအားကို အသုံးပြုဖို့အတွက် မင်းတန်ဖိုးတစ်ခု ပေးဆပ်ရလိမ့်မယ် ၊ ဒါက မျှတတဲ့ အပေးအယူပဲ ၊ မင်း သူ့ကို မကျေနပ်စေနိုင်တော့တဲ့နေ့ ရောက်လာတဲ့အခါကျရင် မင်းက သူ့အစာ ဖြစ်လာလိမ့်မယ်"
"ငါနဲ့ သားစားကြူးနတ်ဘုရားက အခု ပေါင်းစည်းသွားပြီလေ ၊ ငါတို့ရဲ့ အကြိမ်များစွာ သေဆုံးမှုတွေက အတူတကွ ချည်နှောင်ထားခဲ့ပြီးပြီ"
"သူ့ကို မယုံနဲ့!"
ခွေးကြီးက အလေးအနက် ပြောလိုက်သည်။
"ဘာမှ မတောင်းဆိုတဲ့ နတ်ဘုရားဆိုတာ မရှိဘူး ၊ ဒါကိုပဲ သူ မြင်ချင်နေတာ ဖြစ်နိုင်တယ် ၊ မင်းတို့ ခွဲလို့ မရနိုင်တော့တဲ့အခါကျရင် သူက မင်းထဲမှာ ပြန်လည်မွေးဖွားလာလိမ့်မယ်"
ခွေးကြီးသည် အရိပ်ကမ္ဘာတွင် အချိန်ကြာမြင့်စွာ နေခဲ့ရသည်။ သူသည် ကြောက်မက်ဖွယ်ရာ အရာများစွာကို မြင်ဖူး၊ ကြားဖူးခဲ့သည်။
"အဲဒီနေ့အထိ ငါ အသက်ရှင်နိုင်ရင် သူ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ငါဂရုမစိုက်ပါဘူး"
ကောင်းမင်သည် သူ၏ ရှေ့လမ်းခရီးမှာ မည်မျှ အန္တရာယ်များသည်ကို သိပေသည်။ သူသည် သားစားကြူးနတ်ဘုရားမပါဘဲ ယင်းကို လုပ်နိုင်မည် မဟုတ်ပေ။
"မင်းရူးနေပြီပဲ"
ခွေးကြီးသည် သူ့ကို ဆက်လက် စည်းရုံးခြင်း မပြုတော့ပေ။ သူသည် အရိပ်များထဲတွင် ရှိနေခဲ့ပြီး သတိကြီးစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။
"မင်းငါ့ကို ဘာလို့ ခေါ်လိုက်တာလဲ ၊ ဒီနေရာက အရိပ်ကမ္ဘာထက်တောင် ပိုထူးဆန်းနေတယ်"
"စီတုအန်းရဲ့ အိမ်ကို ဒီမှာ ဝှက်ထားတယ်"
"ငါက တကယ့်ခွေးအစစ်မဟုတ်ဘူးဟ ၊ လူတစ်ယောက်ရဲ့ ခြေရာကို ငါခြေရာမခံနိုင်ဘူးလေ"
ခွေးကြီးက မျက်လုံး လှန်ကြည့်လိုက်သည်။ သူသည် ကောင်းမင်နောက်သို့ စတင်လိုက်ပါပြီးနောက် သူ့ ကိုယ်ရည်ကိုယ်သွေးမှာ များစွာ တောက်ပလာခဲ့သည်။
"လူနဲနဲ ဖမ်းပြီး မင်းရဲ့ နာကြည်းခြင်းအခန်းထဲ ထည့်ပေးဖို့ ငါ မင်းအကူအညီ လိုတယ်"
ကောင်းမင်က ပခုံးတွန့်လိုက်သည်။
"သူတို့က ငါ့လျှို့ဝှက်ချက်တွေကို မြင်ပြီးပြီ ပြီးတော့ ငါကလည်း လူသတ်ရတာ မကြိုက်ဘူးလေ"
" ဒီမှာ အသက်ရှင်တဲ့လူတွေကို တကယ် ရှာတွေ့နိုင်မယ်လို့ မင်းထင်နေသေးတာလား"
ခွေးကြီးက ထိုသို့ ပြောလိုက်သည်နှင့် အဆောက်အအုံပြင်ဘက်မှ သေနတ်သံများ ထွက်ပေါ်လာခဲ့သည်။ သူတို့သည် ပြတင်းပေါက်ဆီ လမ်းလျှောက်သွားပြီး အပြင်ဘက်ကို ကြည့်လိုက်သည်။ ခြောက်ခြားဂိမ်းကစားသမားများသည် ရွှမ်ဝမ်ထံမှ မစ်ရှင်ကို လက်ခံရရှိခဲ့ပြီး ဖြစ်သည်။ သူတို့သည် အရှေ့ဘက်အဆောက်အအုံများထဲသို့ အသင့်ပြင်ဆင်ကာ ဝင်ရောက်လာခဲ့ကြသည်။ အချို့က သရဲများနှင့် တိုးမိပြီး အချို့မှာ အမဲလိုက်ခံခဲ့ရသည်။
"ရှရန်က ခုထိ အဲ့မှာ ရှိနေသေးတာပဲ"
ကောင်းမင် ခေါင်းကိုက်သွားခဲ့သည်။ အရှေ့ဘက်နှင့် အနောက်ဘက်အဆောက်အအုံများသည် မတူညီသော ကမ္ဘာနှစ်ခုနှင့်တူသည်။ ရှရန်နှင့် သူ၏ ဆက်သွယ်မှုက အားနည်းသွားသည်။ ကောင်းမင် မျက်လုံးလွှဲလိုက်သည်နှင့် ဆရာရှလည်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော်လည်း ထိုလူသည် အသုံးဝင်သည်ကို ဝန်ခံရမည်ဖြစ်သည်။ ကောင်းမင်က ပြတင်းပေါက်ကို ထိုးလိုက်သည်။ ပြတင်းပေါက် ကွဲသွားပြီးနောက် သူသည် အရှေ့ဘက်အဆောက်အအုံမှ မီးရောင်များကို မမြင်နိုင်တော့ပေ။ ထူထပ်လှသော အမှောင်ထုကိုသာ မြင်လိုက်ရသည်။
"အနောက်ဘက်အဆောက်အအုံက အထဲဝင်လို့ပဲရပြီး ပြန်ထွက်လို့ မရဘူးလား"
ခြောက်လွှာမှ ကြောက်မက်ဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ လုံခြုံရေးအဖွဲ့ဝင်များ ထွက်ပြေးရန် ကြိုးစားလိုက်သောအခါ နိုးထလာသော မူမမှန်မှုများနှင့် တွေ့ဆုံခဲ့ကြသည်။ ကောင်းမင် ဘာမှ မလုပ်ခဲ့သော်လည်း သူတို့ထဲမှ အချို့သည် သေဆုံးနှင့်ပြီး ဖြစ်သည်။ ကေကို ဆုံးရှုံးလိုက်ရပြီးနောက် ထိုအဖွဲ့သည် အနောက်ဘက်အဆောက်အအုံမှ ခြောက်ခြားမှုများကို ကိုင်တွယ်ဖြေရှင်းရန် မတတ်နိုင်တော့ပေ။
"လာ၊ သူတို့ကို သွားကြည့်ရအောင်"
အနောက်ဘက်အဆောက်အအုံ၏ လှေကားသည် ပြည်တည်နာများ နှင့် မှိုများ ကြီးထွားနေခဲ့သည်။ နံရံပေါ်ရှိ အရေးအကြောင်းများလည်း ထူထဲနေခဲ့သည်။
ခြောက်လွှာ၏ ကော်ရစ်ဒါသည် မှုန်ဝါးဝါးဖြစ်နေ၏။ တစ်ခုတည်းသော အလင်းရင်းမြစ်သည် ခွဲစိတ်ခန်း ဆိုင်းဘုတ်များမှ လာနေခြင်းဖြစ်သည်။ ဆိုင်းဘုတ်များသည် ဖျော့တော့တော့အနီရောင်အလင်းများ ထွန်းလင်းနေခဲ့သည်။ ၎င်းတို့သည် သားရဲတစ်ကောင်၏ မျက်လုံးများနှင့် တူသည်။ ကော်ရစ်ဒါပေါ်တွင် သွေးကွက်အများအပြား ကျန်ရစ်နေခဲ့သည်။ စုံစမ်းစစ်ဆေးရေးဌာန၏ ပျက်စီးနေသော ယူနီဖောင်းများလည်း ရှိသည်။ ခွေးကြီးက သွေးရောင်ဆက်သွယ်ရေးစက်၏ ကျိုးပဲ့နေသော အပိုင်းတစ်ပိုင်းကို ချီလိုက်သည်။
"အဲဒါကို မကိုက်နဲ့ ၊ သူတို့ လက်ပတ်တွေထဲမှာ အဆိပ် ရှိတယ်"
ကောင်းမင်သည် ခြောက်လွှာသို့ မဝင်လိုခဲ့ပေ။ မူမမှန်မှုများ နိုးထလာနေပြီး ထိုနေရာသည် ပို၍သာ အန္တရာယ်များလာပေလိမ့်မည်။ သို့သော်လည်း အချက်အလက်များ ပိုမိုရရှိရန်အတွက် အသက်ရှင်နေသော အဖွဲ့ဝင်များကို သူ လိုအပ်သည်။
"သွားကြစို့"
ထိုနေရာသည် တိတ်ဆိတ်နေသော်လည်း လေထုက တင်းမာနေခဲ့သည်။ ကောင်းမင်က ခွဲစိတ်ခန်းရှေ့တွင် ရပ်တန့်လိုက်သည်။ တံခါးက ရုတ်တရက် ပွင့်သွားသဖြင့် အနီရောင်အလင်းက သူ့မျက်နှာပေါ်သို့ ဖြာကျလာခဲ့သည်။ အဖြူရောင်ဧရာမကုလားကာတစ်ခုဖြင့် အခန်းကို နှစ်ပိုင်း ခွဲခြားထားလေသည်။ ကောင်းမင်သည် တဖျတ်ဖျတ်လွင့်ပျံနေသည့် ကုလားကာကို မြင်နိုင်သော်လည်း ၎င်းနောက်ကွယ်ရှိအရာကို မမြင်ရပေ။
"ဒီနေရာက လုံခြုံရေးအဖွဲ့ဝင်တွေ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နေရာလား"
ချိန်းကြိုးများက အခန်းထဲသို့ တွားသွားဝင်ရောက်သွားသည်။ ကောင်းမင်သည် သားစားကြူးနတ်ဘုရားအား သတိထားရန် သူ့မျက်လုံးများဖြင့် အချက်ပြလိုက်သည်။ လီဆန်းဆေးရုံရှိ အစစ်အမှန် ခြိမ်းခြောက်မှုကား မည်သည့်အရာဖြစ်မှန်း သူ အခုထိ မသိရသေးပေ။ စီတုအန်းက သူ့ကို ထိုနေရာသို့လာရောက်ရန် လှည့်ဖြားစေခိုင်းရဲသောကြောင့် ဆေးရုံ၌ ကောင်းမင်ကို သတ်နိုင်သည့် တစ်စုံတစ်ခု ရှိနေသည်ဟု သူယုံကြည်နေခြင်းဖြစ်ပေလိမ့်မည်။
ကောင်းမင်က အဖြူရောင် ကုလားကာဆီ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။ ရုတ်တရက် လူတစ်ယောက်၏ အသံက အခြားတစ်ဖက်မှ ထွက်ပေါ်လာခဲ့သည်။
"ငါ့ကို သွေးတိတ်ညှပ် ပေးပါဦး"