ညီမျှသည့်တိုက်ပွဲ
Vol. 44 Ch. 647
လုယန် စိတ်လွန်ဆွဲနေသည်။ မသေမျိုးသတ်ဓားစက်ဝန်းကို ဆက်လေ့လာဖို့သင့်မသင့် မသိတော့။
အခြေခံကိုသူလေ့လာပြီးစတွင် ဓားစက်ဝန်း၏ ကြောက်စရာဇစ်မြစ်ကို သူကြားရသည်။ လေ့လာချင်စိတ် တကယ်ပျောက်သွားသည်။
ထိုပညာမလေ့လာလျှင်လည်း တစ်ခြားလေ့လာစရာ ဓားစက်ဝန်းပညာမရှိ။
လေ့လာလျှင်လည်း ချီလင်မသေမျိုးက သူ့မိန်းမကို လိမ်ညာလှည့်စားဖို့သုံးခဲ့သည့် ဓားစက်ဝန်းဖြစ်နေသည်။ စက်ဝန်းစွမ်းအားက သိပ်မရေရာလှ။
ဓားသမားသည် ဓားပညာမလေ့လာလျှင် ဓားတုံးသွားမည်။
"အဲလိုမဖြစ်ပါဘူး"
လုယန်စိုရိမ်နေသည့်ကိစ္စကိုကြားပြီးနောက် နတ်မယ်က ငြင်းပယ်သည်။
"ဒီဓားစက်ဝန်းစွမ်းအားကိုတော့ နင်စိတ်ချလို့ရတယ်။ အတော်အားကောင်းပါတယ်။ ချီလင်မသေမျိုးနဲ့ ယင်ထန်မသေမျိုးက ဓားစက်ဝန်းကို ဉာဏ်ကူပြီးပြုပြင်ခဲ့လို့ပါ"
"နတ်မယ်၊ ခင်ဗျားလည်း ဓားစက်ဝန်းတွေအကြောင်း နားလည်တယ်ပေါ့"
"ငါ့အာရုံအသိနဲ့ပြောတာပါ"
"...ခင်ဗျားအာရုံအသိက စိတ်ချရလို့လား"
"ငါ့အာရုံအသိဟာ အရမ်းစိတ်ချရတယ်လို့ ငါ့အာရုံအသိကပြောတယ်"
"..."
ဆက်လေ့လာဖို့ ဆုံးဖြတ်လိုက်သည်။
စွမ်းအားဘယ်လိုရှိသည်ဖြစ်စေ တာအိုလမ်းစဉ်ဂိုဏ်းတွင်ရနိုင်သမျှ ဓားစက်ဝန်းပညာထဲတွင် အဆင့်အမြင့်ဆုံး ဖြစ်လိမ့်မည်။
ကျန်းလျန်ယိလည်း နတ်မယ်နှင့်သဘောချင်းတူသည်။ ထိုဓားစက်ဝန်းသည့် စွမ်းအားကြီးပြီး လေ့လာသင့်သည်ဟုမြင်သည်။
လျန်ယိအမြင်ကိုတော့ လုယန်လုံးဝမယုံပါ။ နတ်မယ်စကားကို ကျန်းလျန်ယိငြင်းဆန်ခဲ့သည်ဟု သူတစ်ခါမှမမြင်ဖူး။
"နောက်တစ်ခုပြောစရာရှိတယ် အကိုကြီး"
ကျန်းလျန်ယိလေသံ လေးနက်တည်ကြည်လာသည်။
"ဘာပြောဖို့လဲ"
"အခု ကျွန်မ ဒီဂိုဏ်းမှာနေတာ နှစ်လကျော်ပြီ။ ဒီနေ့ခေတ်ကျင့်ကြံသူလောကအခြေအနေကိုလည်း အကြမ်းဖျင်းနားလည်သွားပြီ။ အပြင်ထွက်ပြီး စူးစမ်းလေ့လာဖို့ အချိန်ကျပြီ။
အပြင်ထွက်ရင်းနဲ့ တာအိုရှင်ဝစီပိတ်နဲ့ ဖီးနစ်မျိုးဆက်သစ်ပါရမီရှင်မလေးကို ရှာမယ်။ သူ့ကိုသင်ကြားပေးမယ်လို့ ကတိပေးထားတော့ ကတိတည်မှဖြစ်မယ်"
လုယန် ထင်သည့်အတိုင်းပင်။
ကျန်းလျန်ယိသည် တာအိုလမ်းစဉ်ဂိုဏ်းတွင် သို့မဟုတ် နတ်မယ်ဘေးတွင် အမြဲတမ်းနေနိုင်မည်မဟုတ်။
ထွက်သွားရသည့် တစ်ခြားအကြောင်းတစ်ခုကို ကျန်းလျန်ယိထုတ်မပြောလည်း သူခန့်မှန်းနိုင်သည်။
ချီလင်မသေမျိုးနှင့် အောင်းလင်းကိုရှာဖို့ဖြစ်သည်။
ထိုနှစ်ယောက်အပေါ် ကျန်းလျန်ယိခံစားချက်က နတ်မယ်အပေါ်ခံစားချက်ထက်မလျော့။
"ဒါဆို ခရီးလမ်းချောမွေ့ပါစေလို့ ဆုတောင်းပါတယ်။ အကြီးအကဲလျန်ယိရဲ့ ဆန္ဒအားလုံး ပြည့်ပါစေ"
လုယန် လက်နှစ်ဘက်ဆုပ်၍ အပြုံးဖြင့်ပြောသည်။
သူ့ဆရာဝစီပိတ်သည် နဂါးနှင့်ဖီးနစ်အသွင်ပြောင်းစာအုပ်၏ စာရေးသူဖြစ်ကြောင်း ဖော်ထုတ်ခဲ့သော်လည်း ယွမ်ကျိကို သွားတွေ့လိုက်ရုံဖြင့် ဝစီပိတ်ရှိသည့်တည်နေရာကိုသိနိုင်ကြောင်း ကျန်းလျန်ယိကို သူထုတ်မပြောပါ။ သူ့ဆရာကို နည်းနည်းပိုအသက်ရှည်ရှည်နေစေလိုသည်။
တပည့်တစ်ယောက်အနေဖြင့် ဖြောင့်မတ်မှန်ကန်သည့်အရာအားလုံး သူလုပ်ပေးခဲ့သည်။
နတ်မယ်လည်း ထွက်လာပြီး ကျန်းလျန်ယိကို နှုတ်ဆက်သည်။
"နင့်ရည်ရွယ်ချက် အောင်မြင်အောင်လုပ်ပြီး မြန်မြန်ပြန်လာခဲ့။ အပြင်မှာ နင့်ကိုအနိုင်ကျင့်တဲ့လူရှိရင် ငါ့ကိုပြော။ ရှောင်ယွမ်ကို ပညာပေးခိုင်းမယ်"
"ဟုတ်ကဲ့ပါ"
ကျန်းလျန်ယိ ချက်ချင်းထွက်မသွားသေး။ ငါးရက်နေ့နေ့လည်ပိုင်း လုယန် ဓားစက်ဝန်းပညာကိုနားလည်ချိန်ရောက်မှ တိတ်တဆိတ်ထွက်သွားသည်။
နောက်နှစ်ရက်အကြာတွင် လုယန်၏ ဓားစက်ဝန်းကျွမ်းကျင့်မှုက ပိုအဆင့်မြင့်လာသည်။ အရင်လောက်စွမ်းအင်သိပ်မကုန်တော့။
"အခုလိုအပ်နေတာက ဓားစက်ဝန်းစွမ်းအားကို စမ်းသပ်ဖို့ပစ်မှတ်ပဲ"
ရက်အတော်ကြာလေ့ကျင့်ပြီးဖြစ်၍ မြက်ခင်းပြင်က ဓားစက်ဝန်းက လေးငါးလွှာပြတ်သွားသည်။
စွမ်းအားက ထူးခြားပါသည်။ သို့သော် မှတ်ကျောက်တင်ကြည့်ရမည့်အရာမရှိသဖြင့် မပြည့်စုံသလိုဖြစ်နေသည်။
ကောင်းကင်ဂိတ်တောင်ထိပ်တွင် ပစ်မှတ်များစွာရှိသည်။
အမယွမ်ကိုတော့ ရွေးချယ်၍လုံးဝမဖြစ်။ အမသုံးလည်း အဆင်မပြေ။ သောက်ကျင့်မကောင်းသည့် ဟိုရုပ်သေးသာကျန်တော့သည်။
သူစကျင့်ကြံကတည်းက နှိပ်ကွပ်ခဲ့သည့် ရုပ်သေးအကြောင်းတွေးမိလာသည်။ ယခုချိန် စမ်းကြည့်လျှင် ပြဿနာမရှိလောက်။
ပြည့်စုံသည့် မှတ်ကျောက်သွေးစရာပစ်မှတ်ဖြစ်သည်။
ပြောနေလျင်ကြာသည်။ ချက်ချင်းလုပ်မည်။
ကောင်းကင်ဂိတ်တောင်ထိပ်သည် သိပ်မကြီးလှ။ ရုပ်သေးကို ချက်ချင်းရှာတွေ့သည်။ ထင်းရှူးပင်အောက်တွင် မြေကျင်းတူး၍ သစ်ပင်စိုက်နေသည်။
"ဟဲဟဲ...အခုမှ မင်းကိုတွေ့တယ်။ ငါတို့ရန်ကြွေးတွေ ဒီနေ့ရှင်းလိုက်ရအောင်"
...
လက်ရည်ညီမျှသည့်တိုက်ပွဲ စတင်သည်။
ပွဲစပြီး အသက်ဆယ်ရှူစာအကြာတွင် ပြိုင်ဘက်ကင်းနတ်ဝိညာဉ် ထွက်ပြေးသည်။ အသက်နှစ်ဆယ့်ငါးရှူစာအကြာတွင် ဂေါ်ပြားချက်အဆက်မပြတ်မိပြီး လုယန်မျက်နှာ ဖူးရောင်ညိုမည်းလျက် အော်ဟစ်နေသည်။
တစ်မိနစ်ကြာပြီးနောက် မြေမြှုပ်ခံရသည်။ သူ့ဘေးတွင်စိုက်ထားသည့် ထင်းရှူးပင်များနှင့် ညီအကိုဖြစ်သွားသည်။
တိုက်ပွဲတွင် ရုပ်သေးက 'ပွတ်ကာသီကာ'အနိုင်ရသွားသည်။
ရုပ်သေးက ဂေါ်ပြားထမ်း၍ ဝင့်ကြွားသည့်ခြေလှမ်းများဖြင့် ထွက်သွားပြီးမှ လုယန်ထွက်လာရဲသည်။ ကြောက်စိတ်မပြေသေးဘဲ တုန်ရင်နေသည်။
"ဟုတ်တာပေါ့။ စရောက်ကတည်းက ငါ့ကိုရိုက်နှက်လာတာ ဒီရုပ်သေးပဲ။ စွမ်းရည်နည်းနည်းတော့ ရှိမှာပဲလေ။ ဒီအဆင့်မှာ ငါသူ့ကိုမယှဉ်နိုင်လောက်သေးဘူး"
မသေမျိုးသတ်ဓားစက်ဝန်းကို အသုံးပြုချိန်ပင်မရလိုက်ဘဲ တိုက်ပွဲပြီးဆုံးသွားခြင်းဖြစ်သည်။
ကောင်းကင်ဂိတ်တောင်ထိပ်တွင် လုယန်ကျင့်စဉ်အဆင့်သည် အနိမ့်ဆုံးဖြစ်သည်။ သူ့ဓားစက်ဝန်း လေ့ကျင့်နိုင်သည့်ပြိုင်ဘက် ရှာတွေ့ဖို့ခဲယဉ်းသည်။
"လောင်လု၊ မင်းဘယ်မှာလဲ"
မုန်ကျင်းကျိုးအသံ ထင်းရှူးတော့အုပ်ထဲ လွင့်ပျံသွားသည်။
လုယန်ကို လာရှာခြင်းဖြစ်သည်။ တိုက်ပွဲသံများကြားသဖြင့် လုယန်ရှိလောက်သည်ဟု သူတွေးမိသည်။
သူအသံကြားသည်နှင့် ခန္ဓာကိုယ်မှမြေကြီးများကို လုယန်အမြန်ခါထုတ်သည်။ မုန်ကျင်းကျိုးကို လှောင်ရယ်ခွင့်မပေးနိုင်။
ဆံပင်ကြားမှ ထင်းရှူးကိုင်းအစအနများကို ဖယ်ရှား၍ သပ်ရပ်အောင်ပြုပြင်သည်။ ယခုမှ အော်သံကြားလိုက်ဟန်ဖြင့် ခပ်တင်းတင်းပြန်ပြောလိုက်သည်။
"အော်မနေနဲ့ကွ၊ ငါဒီမှာ"
"မင်းမျက်နှာက ဒဏ်ရာတွေက ဘယ်လိုဖြစ်တာလဲ"
ရုပ်သေးက အင်မတန်တိကျသည်။ ရောင်ကိုင်းနေသည့်သူ့မျက်နှာသည် သဘာဝအတိုင်းသာ ပျောက်ကင်းနိုင်လိမ့်မည်။
လုယန်က ခပ်အေးအေးလေသံဖြင့်
"ဘာမှမဟုတ်ပါဘူးကွာ။ ဆေးတစ်မျိုးသောက်ထားတာ။ ဆေးကပြင်းလွန်းတော့ အစာချေဖို့မလွယ်ဘူး။ ဆေးအာနိသင်ကို ဖြေးဖြေးချင်းစုပ်ယူနိုင်အောင် အမယွမ်က ငါ့မျက်နှာမှာရှိတဲ့သွေးကြေားတွေကို ရိုက်ထားရတာ။ ဒါပါပဲ"
မုန်ကျင်းကျိုး သင်္ကာမကင်းဟန်ဖြင့်ကြည့်သည်။ ထိုသကောင့်သား ပေါက်တတ်ကရလျှောက်ပြောနေသည်ဟု ခံစားရသည်။
"ဒါနဲ့...ဓားမှော်စက်ဝန်းပညာတစ်ခု ငါသင်ထားတယ်။ မင်းစမ်းကြည့်ချင်လား"
အလိမ်မပေါ်ဖို့ လုယန် အမြန်စကားလမ်းကြောင်းပြောင်းသည်။
ထို့အပြင် မုန်ကျင်းကျိုးသည် အကောင်းဆုံးပစ်မှတ်ဖြစ်သည်။
"ဪ...မင်းက ဓားစက်ဝန်းပညာစလေ့လာနေပြီပေါ့။ မင်းဓားစက်ဝန်းဘယ်လောက်စွမ်းသလဲ ငါသိပ်သိချင်တာပေါ့ကွာ"
ဓားစက်ဝန်းသည် ဓားကျင့်ကြံသူတစ်ယောက်၏ ဝှက်ဖဲဖြစ်သည်။ ထိုပညာမှတစ်ဆင့် လုယန်၏စွမ်းရည်ကို သူခန့်မှန်းနိုင်မည်။
"ဒါဆို မင်းသတိထားတော့"
မုန်ကျင်းကျိုး ငြင်းမည်မဟုတ်မှန်း လုယန်သိသည်။ လက်နှစ်ဘက်ကို ဖျတ်ခနဲခါလိုက်သည်။ တောက်ပသည့် ဓားကိုးစင်း မုန်ကျင်းကျိုးခေါင်းပေါ်တွင် ပေါ်လာသည်။ ပြင်းထန်သည့်ဓားချီများက အသည်းတုန်စရာကောင်းသည်။
မုန်ကျင်းကျိုးက မန္တာန်တစ်ခုရွတ်၍ ခေါင်းသုံးလုံးလက်ခြောက်ဘက်အသွင်ပြောင်းသည်။ ဓားချက်ကိုခုခံရန် လက်ခြောက်ဘက်ဖြင့် ကောင်းကင်ကိုပင့်မသည်။
"မသေမျိုးသတ်ဓားစက်ဝန်း"
"ခွေးမသား၊ ခဏနေဦး၊ ဓားစက်ဝန်းနာမည်က ဘာရယ်"
လုယန်အော်သံကြားသည်နှင့် ဒုက္ခရောက်ပြီမှန်း မုန်ကျင်းကျိုးသိလိုက်သည်။ ထိုစက်ဝန်းက အလွန်စွမ်းအားကြီးပုံပေါ်နေသည်။
ဓားစက်ဝန်းမကျမီ လက်ခြောက်ဘက်ပင့်မလျက်သားဖြင့် မုန်ကျင်းကျိုး ဘုတ်ခနဲ ဒူးထောက်ကျသွားသည်။ ဒူးထောက်ထားသည်ကလည်း အလွန်ပုံစံကျသည်။
လုယန်ထိတ်လန်သွားပြီး ဓားစက်ဝန်းကို အမြန်ပြန်သိမ်းသည်။ မုန်ကျင်းကျိုးကို ဆွဲထူပြီး ပြုံးဖြဲဖြဲမျက်နှာဖြင့်
"လောင်မုန်၊ ငါ့ကို ညှာတာဖို့တောင်းဆိုတာ ဒီလောက်ကြီးယဉ်ကျေးနေစရာမလိုပါဘူးကွာ"
မုန်ကျင်းကျိုး ဒေါသထွက်သွားသည်။
"ပေါက်တတ်ကရမပြောနဲ့ကွ။ ငါမင်းကို အရိုအသေပေးနေတာမဟုတ်ဘူး။ မင်းရဲ့ဓားစက်ဝန်းက ငါ့ကိုဒူးထောက်အောင်လုပ်တာကွ။ စက်ဝန်းအောက်ရပ်နေရင် ခြေထောက်တွေက အလိုလိုခွေကျသွားတာ"
လုယန် နားမလည်နိုင်အောင်ဖြစ်သွားသည်။
လုယန် အူကြောင်ကြောင်ပုံစံဖမ်းနေသည်ကိုမြင်သဖြင့် မုန်ကျင်းကျိုး ထပ်အော်သည်။
"ရူးချင်ယောင်ဆောင်မနေနဲ့။ မင်းတမင်လုပ်တာမဟုတ်လား။ မင်းဓားစက်ဝန်းက လူတွေကိုဒူးထောက်အောင်လုပ်နိုင်တဲ့ အစွမ်းမျိုးရှိတယ်။ စက်ဝန်းအောက်ရပ်နေရင် ငါ့ခြေထောက်တွေကို ထိန်းချုပ်လို့မရဘူး"
ကိုယ်ပိုင်ဓားစက်ဝန်းအောက်တွင် တစ်ခါမှမရပ်ဖူးသဖြင့် ထိုအာနိသင်မျိုးရှိမှန်း လုယန်မသိ။
သူခေါင်းကုတ်လိုက်သည်။ စမ်းသပ်မှုက တကယ်ထိရောက်သည်။ မမျှော်လင့်ထားသည့်အကျိုးကျေးဇူးတစ်ခုပင် ရလိုက်သည်။
ဘာကြောင့် ထိုဓားစက်ဝန်းတွင် ထိုအာနိသင်ရှိနေသည်မသိ။
နတ်မယ် ခဏစဉ်စားနေပြီးနောက် အတွေးပေါက်သွားပြီး ရှင်းပြသည်။
"ငါသိပြီ။ ချီလင်မသေမျိုးက သူဒူးထောက်တာ ပုံစံမကျမှာစိုးလို့ ဓားစက်ဝန်းထဲမှာ အလိုလိုဒူးထောက်တဲ့မှော်အစွမ်းတစ်ခု ထပ်ထည့်ထားတာဖြစ်မယ်။ ဒါမှ လျန်ယိနဲ့ ရှောင်လင်းတို့က သူ့ကိုခွင့်လွှတ်မှာလေ။
ချီလင်မသေမျိုးက စေ့စပ်သေချာတဲ့လူပါ။ ရိုးရိုးဓားစက်ဝန်းတော့ သူတည်ဆောက်မှာမဟုတ်ဘူး"
လုယန် "..."
အကြီးအကဲလျန်ယိ စောစောထွက်သွား၍ တော်သေးသည်။ ဤအကြောင်း သူသိသွားလျှင် ဘယ်လိုအရှုပ်အထွေးများ ဖြစ်လာမည်မသိ။
**************************************