← Chapters

ဓားပျံ

Vol. 44 Ch. 648

ဓားပျံ

Vol. 44 Ch. 648

မုန်ကျင်းကျိုးကို အတင်းဒူးထောက်အောင်လုပ်နိုင်ခြင်းသည် ကျေနပ်စရာကောင်းသော်လည်း လုယန် ထိုကိစ္စအပေါ် အာရုံမရတော့။

ဓားစက်ဝန်းစွမ်းအားကို မပြောသည်ထား။ အတင်းဒူးထောက်ခိုင်းနိုင်သည့်အာနိသင်သည် အလွန်တရာအသုံးတည့်သည်။

မုန်ကျင်းကျိုးအဖြစ်ကို ဥပမာကြည့်နိုင်သည်။ ခုခံဖို့ကိုယ်ဟန်ပြင်ထားသော်လည်း ကိုယ်ဟန်ပျက်၍ အငိုက်မိသွားသည်။

ထိုစွမ်းအား၏ အမြင့်ဆုံးအတိုင်အတာကိုလည်း ပြောစရာမလိုလှ။ ချီလင်ကိုယ်တိုင် လေ့ကျင့်ခဲ့သည့် စက်ဝန်းဖြစ်သည်။ ကျွမ်းကျင်သွားသည်နှင့် မသေမျိုးများကိုပင် ဒူးထောက်ခိုင်းနိုင်မည်။

ယခုပထမအဆင့်ဓားစက်ဝန်း၏သက်ရောက်မှုက ဘယ်လောက်အတိုင်းအတာရှိမည်ကိုသာ သေချာမသိသေးခြင်းဖြစ်သည်။

နတ်ဝိညာဉ်အဆင့်များကို နှိပ်ကွပ်နိုင်သည်။ ဝိညာဉ်ပြောင်းအဆင့်များကို နှိပ်ကွပ်နိုင်သလော..

ပြောဖို့ခက်သည်။

ထို့ပြင် ဂိုဏ်းထဲမှ ဝိညာဉ်ပြောင်းအဆင့်အကိုအမများကိုလည်း သာမန်စဉ်းစား၍မရ။ သူတို့ကို စမ်းသပ်ကြည့်၍မဖြစ်။

"ထားပါတော့လေ။ ကံဆိုးတဲ့ ဝိညာဉ်ပြောင်းအဆင့်တစ်ယောက်နဲ့ တွေ့တဲ့အချိန်မှပဲ စမ်းသပ်ကြည့်ရမှာပေါ့"

ထိုမျှထူးခြားသည့်ဓားစက်ဝန်းမျိုး ချန်ထားခဲ့သည့် ချီလင်မသေမျိုးကို ကျေးဇူးတင်မိသည်။ အခွင့်ကြုံလျှင် ဤအံ့ဖွယ်သတင်းကို အကြီးအကဲလျန်ယိအား ပြောပြမည်ဟု ဆုံးဖြတ်လိုက်သည်။ ချီလင်မသေမျိုး၏ 'ဒူးထောက်ခိုင်းနိုင်စွမ်းပညာ'၏ စေတနာကို ပြန်ပေးဆပ်ရာလည်းရောက်သည်။

"လာပါ၊ ဆက်တိုက်ရအောင်"

မပြီးသေးသည့်စမ်းသပ်မှုကိုပြန်စရန် မုန်ကျင်းကျိုးကို ပြောသည်။ မုန်ကျင်းကျိုး အပြတ်ငြင်းသည်။

ငါအရူးမဟုတ်ဘူးကွ...တစ်ကြိမ်ဒူးထောက်ခိုင်းတာအားမရလို့ နှစ်ကြိမ်ဒူးထောက်ခိုင်းချင်တာလား...

"ဒါဆိုလည်းကောင်းပြီလေ။ မင်းငါ့ဆီ ဘာလာလုပ်တာလဲ"

မုန်ကျင်းကျိုးစရိုက်အရ ကိစ္စမရှိဘဲ သူ့ကိုလာရှာမည်မဟုတ်။

"ငါအိမ်ကထွက်ပြေးလာတာ မင်းသိပြီးသားပဲ။ ဒါပေမယ့် ငါ့ညီမပေးလိုက်တဲ့ ဝိညာဉ်ကျောက်တွေကို အခုထိ ငါသုံးနေရတုန်းလေ။ ငါ့လိုသခင်လေးတစ်ယောက်အတွက် ဒါကနည်းနည်းမသင့်တော်ဘူးကွ။

အခုငါ ကိုယ့်ဘာသာငွေရှာပြီး သုံးဖြုန်းနိုင်မယ့်နည်းလမ်းကောင်းတစ်ခု တွေ့ထားတယ်။

အပြင်မှာ မှောင်ခိုဈေးတစ်ခုရှိတယ်ကြားတယ်။ မကြာခဏဆိုသလို နတ်ဝိညာဉ်အဆင့်ဘိုးအေကြီးတွေ စုတွေးကြတယ်။ သတင်းတွေမျှဝေယ်။ ကုန်ပစ္စည်းဖလှယ်တယ်။ ရတနာတွေဝယ်ကြတယ်တဲ့။

အဲဒီကိုသွားပြီး ငါငွေရှာချင်တယ်။ တစ်ယောက်တည်းသွားရမှာပျင်းလို့ အဖော်လာခေါ်တာ"

လုယန် မေးစေ့ကိုပွတ်၍ စဉ်းစားသည်။ နေရာကောင်းတစ်ခုဟု ခံစားရသည်။

သူရော မုန်ကျင်းကျိုးရော နတ်ဝိညာဉ်အဆင့်ဖြစ်သည်။ ထိုနေရာသို့သွားဖို့ သတ်မှတ်ချက်မီသည်။

"ကောင်းပြီလေ"

မုန်ကျင်းကျိုး ပြုံး၍ လုယန်ပုခုံးကိုပုတ်လိုက်သည်။

"မင်းသဘောတူမယ်ဆိုတာ ငါသိသားပဲ။ လောင်မာကို ငါသွားခေါ်လိုက်မယ်"

လုယန်က သူ့ကို တားသည်။

"မလိုပါဘူးကွာ။ ငါမင်းကို ခေါ်သွားပေးမယ်"

မုန်ကျင်းကျိုး တွေးမရဖြစ်သွားသည်။

"ဘယ်လိုခေါ်သွားမှာလဲ။ ဓားပျံနဲ့လား"

လုယန်မျက်နှာတွင် ထူးဆန်းသည့်အပြုံးမျိုးပေါ်လာသည်။

"အဲလိုလည်းပြောလို့ရပါတယ်"

...

လုယန်တီထွင်သည့်ကားပျံ(ရထားပျံ) ရေပန်းစားလာသည်နှင့်အမျှ ထိုခရီးသွားမှော်ပစ္စည်းမျိုးကို ကျင့်ကြံသူများ ပို၍နှစ်သက်လာကြသည်။

(ရှေ့အခန်းများတွင် 'ရထားပျံ'ဟု ဘာသာပြန်ပါသည်။ မြင်းရထားလို ရထားလုံးပုံစံကိုညွှန်းသည်။ ဤအခန်းမှစ၍ 'ကားပျံ'ဟု ဘာသာပြန်ပါမည်)

စိတ်ချရသည်။ ကောင်းကင်တွင် တိုက်မိလျှင်ပင် ကား၏လေအိတ်များက အထဲမှလူများ ဘေးကင်းအောင်ကာကွယ်ပေးသည်။ သမရိုးကျဓားပျံများထက် များစွာပိုအဆင်ပြေသည်။

‌ကောင်းကင်တွင် အသုံးများသည့်လှေပျံများအပြင် ကားပျံအသုံးပြုနှုန်းလည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာသည်။

ကားပျံသည် လောလောလတ်လတ်တီထွင်မှုဖြစ်သည်။ ကျင့်ကြံသူအများစုအတွက် ရှားပါးသည့်ယာဉ်မျိုးဖြစ်သည်။

ကျင့်ကြံတစ်ချို့က လှပသည့်ကားပျံများ ‌ဘေးမှဖြတ်သွားလျှင် မော့ကြည့်လေ့ရှိကြသည်။

သို့သော်ယနေ့ ကားပျံထက်ပိုထူးခြားသည့် ယာဉ်တစ်မျိုး ကောင်းကင်တွင်ရှိနေသည်။ လှေပျံများပေါ်မှ ခရီးသည်များ မကြာခဏလှည့်ကြည့်ကြသည်။

ယာဉ်ပျံက နှစ်မီတာခွဲရှည်ပြီး တစ်မီတာခွဲကျယ်သည်။ တစ်မီတာခွဲမြင့်သည်။ အမိုးဖွင့်ဒီဇိုင်းဖြစ်သည်။ အတွင်းပိုင်းနေရာလွတ် ကျယ်ပြန့်သည်။ ရပ်နေ၊ ထိုင်နေ၊ လဲလျောင်းနေနိုင်သည်။

အပြင်ပိုင်း မီးခိုးရောင်က ဇိမ်ခံပစ္စည်းများကို အထင်သေးသလိုဖြစ်နေသည်။

မညီညာသည့် မျက်နှာပြင်တွင် အချိန်တိုက်စားထားသည့် အမှတ်အသားများပါသည်။ ထိုယာဉ်ပျံ၏ ရှည်လျားသည့်သက်တမ်းနှင့် ခံနိုင်ရည်ရှိမှုကို ညွှန်ပြနေသည်။

ဓားဆေးကန်က လုယန်နှင့်မုန်ကျင်းကျိုးကို သူတို့လိုရာခရီးသို့ သယ်ဆောင်ပေးနေသည်။ သူတို့နှစ်ယောက်က ရေကန်တစ်ဘက်တစ်ချက်စီတွင် လဲလျောင်းနေကြသည်။

"မင်းပြောတဲ့ဓားပျံဆိုတာ ဒါလား"

"ဓားအိမ်ဆိုတာ ဓားအစိတ်အပိုင်းမဟုတ်ဘူးလား"

"ဟုတ်တယ်"

"ဓားပျံဆိုတာ ဓားကိုထိန်းထားတဲ့ ထည့်စရာတစ်မျိုးမဟုတ်ဘူးလား"

"ဟုတ်တယ်"

"ဓားဆေးကန်ကလည်း ဓားတွေကိုထိန်းထားတဲ့ ထည့်စရာမဟုတ်ဘူးလား"

"ဟုတ်တယ်"

"ဒီတော့ ဓားဆေးကန်က ဓားအိမ်နဲ့ သဘောချင်းအတူတူပဲမဟုတ်လား"

"ဟုတ်တယ်"

"ဒါဆို ဓားဆေးကန်က ဓားရဲ့အစိတ်အပိုင်းမဟုတ်ဘူးလား"

"ဟုတ်တယ်"

"ဒါဆို ဓားဆေးကန်နဲ့ ပျံသန်းတာဟာ ဓားသုံးပြီးပျံတာနဲ့ သဘောချင်းအတူတူပဲမဟုတ်လား"

မုန်ကျင်းကျိုး "..."

မင်းပြောတော့လည်း ယုတ္တိတော့ရှိသားပဲ..

"မင်းပြောတာမမှားဘူး။ ဒါက သာမန်ဓားနဲ့ပျံသန်းရတာထက် ပိုပြီးသက်တောင့်သက်သာရှိတယ်"

မုန်ကျင်းကျိုး အကြောတစ်ချက်ဆန့်သည်။ သက်တောင့်သက်သာခံစားရသဖြင့် အိပ်ငိုက်သလို ဖြစ်လာသည်။ လုယန်စကားကို လက်ခံလိုက်သည်။

အများရှေ့တွင် အမြင်လှအောင် ကန်ရေများကို လုယန်ထည့်မထား။ လူရှေ့သူရှေ့ ရေချိုးနေလျှင် မသေင့်တော်သောကြောင့်ဖြစ်သည်။

လှေပျံတစ်စီးဖြတ်သွားသည်။ လှေပေါ်မှကလေးတစ်ယောက် မိန်းမတစ်ယောက်လက်ကိုတွဲထားသည်။ ကလေးက အကိုကြီးနှစ်ယောက်လဲလျောင်းနေသည့်ရေကန်ဆီ လက်ညှိုးထိုးပြ၍

"မေမေ၊ ဟိုဟာဘာမှော်ပစ္စည်းလဲ"

သူ့မိခင်က သူ့ကိုအမြန်ဆွဲခေါ်ပြီး နားနေခန်းထဲဝင်သွားသည်။

ထူးခြားသည့်ဓားပျံအရသာကို ခံစားနေကြစဉ် အရာရှိဝတ်စုံနှင့် အရာရှိတစ်ယောက်က မျက်နှာတင်းတင်းဖြင့် ညာလက်ကိုမြှောက်၍ သူတို့ယာဉ်ကိုတာသည်။

"ရပ်လိုက်"

"ဘာကိစ္စရှိလို့လဲ အရာရှိ"

လုယန် ဓာဆေးကန်ထဲမှ ထရပ်ပြီး အူကြောင်ကြောင်ဖြစ်နေသည်။ ထိုလူဝတ်ထားသည့် ဝတ်စုံပုံစံအရ လေကြောင်းထိန်းသိမ်းရေ တာဝန်ယူထားသည့် အရာရှိဖြစ်လိမ့်မည်။

သို့သော် ဘာကြောင့်လာတားသည်ကို နားမလည်။

မှော်ပစ္စည်းအသစ်များကို ကောင်းကင်တွင် ပျံသန်းခွင့်မပြု။ သို့သော် သူတို့က ထိုဥပဒေနဲ့ငြိစွန်းသည်မထင်မိ။

မူးပြီးမောင်းလို့များလား...

နှစ်ယောက်လုံး အရက်လုံးဝမသောက်။

"မင်းတို့ ဝန်ပိုတင်လာတယ်"

လုယန် "..."

မုန်ကျင်းကျိုး "..."

"ဒီမှော်ယာဉ်ပျံကို ဘယ်သူမောင်းတာလဲ"

"ကျုပ်ပါ"

လုယန်ဖြေသည်။

"မင်းကျင့်စဉ်အဆင့်ကဘာလဲ"

"နတ်ဝိညာဉ်အဆင့်"

အရာရှိက ခေါင်းငုံ့ပြီး ချလံဖြတ်ပိုင်းရေးသည်။

"ဥပဒေအရ ဓားပျံဆိုရင် လူတစ်ယောက်ပဲ စီးနင်းခွင့်ရှိတယ်။ စည်းမျည်းချိုးဖောက်တဲ့လူတွေကို ကျင့်စဉ်အနိမ့်ဆုံးအဆင့်မှာ ဝိညာဉ်ကျောက်ငါးဆယ်ကနေ တစ်ရာအတွင်း ဒဏ်ငွေတပ်ရမယ်။ စည်းချဉ်းချိုးဖောက်သူရဲ့ ကျင့်စဉ်အဆင့်ကိုလိုက်ပြီး ဒဏ်ငွေတိုးရမယ်။ အရေးပေါ် ရှောင်တိမ်းတာတို့ ကယ်တင်တာတို့လို အခြေအနေတွေကလွဲလို့ပေါ့။

မင်းက နတ်ဝိညာဉ်အဆင့်ဆိုတော့ ဒဏ်ငွေသတ်မှတ်ချက်က ဝိညာဉ်ကျောက်ငါးထောင်ကနေ တစ်သောင်းတွင်းသတ်မှတ်ထားတယ်။

မင်းရဲ့အပြုအမူက ကောင်းတဲ့အတွက် စဉ်းမျဉ်းအရ ဒဏ်ငွေငါးထောင်သတ်မှတ်တယ်။ ကန့်ကွက်စရာရှိလား"

"နေပါဦး၊ ဒါက ဓားပျံဆိုတာနဲ့ အကျုံးဝင်လို့လား"

လုယန် မေးလိုက်သည်။

အရာရှိ ခေါင်းငြိမ့်သည်။ အမူအရာလုံးဝမပျက်ဘဲ ရှင်းပြသည်။

"ဓားအိမ်ဆိုတာ ဓားအစိတ်အပိုင်းမဟုတ်ဘူးလား"

"ဟုတ်ပါတယ်"

"ဓားပျံဆိုတာ ဓားကိုထိန်းထားတဲ့ ထည့်စရာတစ်မျိုးမဟုတ်ဘူးလား"

"ဟုတ်ပါတယ်"

"ဓားဆေးကန်ကလည်း ဓားတွေကိုထိန်းထားတဲ့ ထည့်စရာမဟုတ်ဘူးလား"

"ဟုတ်ပါတယ်"

"ဒီတော့ ဓားဆေးကန်က ဓားအိမ်နဲ့ သဘောချင်းအတူတူပဲမဟုတ်လား"

"ဟုတ်ပါတယ်။...ရပါပြီအရာရှိ။ ဆက်ပြောစရာမလိုတော့ပါဘူး။ ဒဏ်ငွေသတ်မှတ်တာကို ကျုပ်လက်ခံပါတယ်"

လုယန် ကံဆိုးမှုကိုလက်ခံလိုက်သည်။ အရာရှိဆက်ပြောမည့်စကားများကို သိပ်စဉ်းစားစရာမလိုတော့။

"ဒါဆို ဒီမှာလက်မှတ်ထိုးပါ"

အရာရှိက ချလံတစ်ရွက်ဖြတ်၍ လုယန်ကိုပေးသည်။

"ခဏနေပါဦး"

မုန်ကျင်းကျိုးက လုယန်ကိုတားသည်။

ဝိညာဉကျောက်ငါးထောင်သည် မများလှပါ။ သို့သော် ငွေရှာဖို့ထွက်လာပြီးမှ ငွေမရသေးဘဲ ဒဏ်ငွေအရင်ပေးရလျှင် မင်္ဂလာမရှိသလို မုန်ကျင်းကျိုးခံစားရသည်။ လုယန်ကိုယ်စား ရှေ့ထွက်၍ တောင်းပန်သည်။

"အရာရှိ၊ ကျုပ်ညီက ဓားနဲ့ပထမဆုံး ပျံသန်းဖူးလို့ စည်းမျဉ်းဥပဒေကို သိပ်နားမလည်လို့ပါ။ ကျုပ်တို့က တာအိုလမ်းစဉ်ဂိုဏ်းတပည့်တွေပါ။ နည်းနည်းသက်ညှာပေးနိုင်မလား"

တာအိုလမ်းစဉ်ဂိုဏ်းသားဟုကြားသည်နှင့် အရာရှိမျက်လုံးပြူးပြီး အမူအရာချက်ချင်းပြောင်းသွားသည်။

"မင်းတို့တကယ် တာအိုလမ်းစဉ်ဂိုဏ်းကလား"

"ဒါက အတုဖြစ်နိုင်ပါ့မလား"

မုန်ကျင်းကျိုးက ကျောက်စိမ်းတံဆိပ်ကို ထုတ်ပြသည်။

အရာရှိက ချလံကိုပြန်ယူသည်။ နှစ်ယောက်သားအသက်ရှူချောင်းသွားသည်။

သို့သော် အရာရှိက ချလံကို ပြန်ပြင်ရေး၍ လုယန်ကို လှမ်းပေးသည်။

"အထက်အရာရှိတွေက အမိန့်ပေးထားတယ်။ တာအိုလမ်းစဉ်ဂိုဏ်းသားတွေဆို ဒဏ်ငွေနှစ်ဆဆောင်ရပါမယ်။

ဒီတော့ ဝိညာဉ်ကျောက်တစ်သောင်းပါ"

***********************************

All Chapters