← Chapters

ထိပ်တန်းတပည့်တစ်ရာ၊ တိုက်ခိုက်အားစမ်းသပ်ခြင်း

Vol. 18 Ch. 260

ထိပ်တန်းတပည့်တစ်ရာ၊ တိုက်ခိုက်အားစမ်းသပ်ခြင်း

Vol. 18 Ch. 260

ထူးဖလီးက လော့ချန်၏ အမူအရာကို သတိပြုမိသည့်အခါ ပါးစပ်ကို ဖြဲကာ ရယ်လိုက်သည်။

“ဟေ့ကောင်၊ မင်းတကယ်ပဲ နဂါးစွမ်းအားကို ကျင့်ကြံချင်နေတာလား...”

“နဂါးစွမ်းအားကို ကျင့်ကြံနိုင်ရင် တကယ်ကို သန်မာလှတယ်... ဒါပေမဲ့ ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်တွေကို တစ်ကြိမ်ပြီးတစ်ကြိမ် ဖြတ်ကျော်ရမယ်။ သွေးစွမ်းအင်နဲ့ ခန္ဓာကိုယ်ကို သန်မာအောင်လုပ်ရမယ်... ဒါက အချိန်ယူရတဲ့ ကျင့်စဉ်ပဲ။ ထူးချွန်တဲ့ ကျင့်ကြံသူတွေတောင် အောင်မြင်ဖို့ ခက်ခဲတယ်...”

ထူးဖလီးက လော့ချန်ကို စိတ်ဓာတ်မကျစေလိုသည်မဟုတ်။ သို့သော် လော့ချန်သည် ရွှေခန္ဓာအဆင့်သို့ ရောက်ရှိထားပြီးဖြစ်ရာ နဂါးစွမ်းအားကို ကျင့်မြှင့်နိုင်ရန် အလားအလာများစွာ ရှိနေသည်ဟု သူထင်မြင်သည်။

သို့ရာတွင် သိုင်းကျင့်စဉ်တွင် တစ်ခုတည်းကို အာရုံစူးစိုက်မကျင့်ပဲ ကျင့်စဉ်များစွာကို တပြိုင်နက် ကျင့်ကြံခြင်းသည် အကြီးမားဆုံး တားမြစ်ချက်တစ်ခုဖြစ်သည်။

ထို့ကြောင့် လော့ချန်သည် ဤအတွက် အချိန်ဖြုန်းမည်ကို သူမလိုလားပေ။

“ငါသိတယ်...”

လော့ချန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး မပြတ်မသား ဖြေလိုက်သည်။

အကယ်၍ စစ်မှန်သောနဂါးကျင့်စဉ်၏ နဝမအဆင့်ဖြစ်သော စစ်မှန်သောနဂါးစွမ်းအားသည် နဂါးစွမ်းအားပင်ဖြစ်နေခဲ့လျှင် သူ့အတွက် နဂါးစွမ်းအားကို ကျင့်ကြံရန် မခက်ခဲလှပေ။

သိုင်းဝိညာဉ်အနှစ်သာရများစွာကို ဝါးမျိုပြီးနောက် ထိုအနှစ်သာရများကို သန့်စင်နိုင်လျှင် စစ်မှန်သောနဂါးကျင့်စဉ်သည် အလျင်အမြန် တိုးတက်လာမည်မှာ သေချာသည်။

ထို့အပြင် သူ့ထံတွင် မြေနဂါးဝိညာဉ်ကျောက်တစ်လုံးလည်း ရှိသေးသည်။

ဤအရာသည် ဒျန်တန်အတွင်းရှိ နဂါးချီစွမ်းအင်ကို ထကြွစေပြီး ထူးခြားသော ဖြစ်စဉ်များကို ဖြစ်ပေါ်စေနိုင်သည့်အတွက် သာမန်မဟုတ်ဘဲ ကြီးမားသော အကျိုးကျေးဇူးများ ရှိမည်မှာ ဧကန်ပင်။

သူတို့နှစ်ဦး လမ်းတစ်လျှောက် စကားပြောရင်း လှည့်လည်သွားလာနေစဉ် ထူးဖလီးက သူ၏ မကြာသေးခင်က အတွေ့အကြုံများကို ပြောပြသည်။ အကြိမ်အနည်းငယ်မှာ သေမင်းနှင့်အလွန်နီးကပ်ခဲ့ရသည့် အဖြစ်အပျက်များကို နားထောင်ရင်း လော့ချန်၏ နှလုံးသားထဲတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာသည်။

ထိုအချိန်အတွင်း ထူးဖလီးက လင်ချူးလန်အကြောင်း မေးမြန်းခဲ့သော်လည်း လော့ချန်က ပေါ့ပေါ့ပါးပါး ဖြေကြားလိုက်သည်။

လင်ချူးလန် အကြောင်းကို မည်သို့ဖြေရမှန်း သူမသိခဲ့ချေ။

ထိုသူ၏ အထောက်အထားသည် လျှို့ဝှက်ဆန်းကြယ်လှပြီး ချူမင်းဆက်၏ ဒဏ္ဍာရီလာဧကရီနှင့် ဆက်နွယ်နေနိုင်သည်။ နောင်တစ်ချိန် ပြန်လည်တွေ့ဆုံနိုင်ရန်ပင် မေးခွန်းထုတ်စရာဖြစ်နေသည်။

စကားပြောရင်းပင် သူတို့နှစ်ဦးသည် သိုင်းပြိုင်ကွင်းသို့ ရောက်ရှိလာခဲ့သည်။

ကွင်းပြင်ထဲတွင် လူသံများ ဆူညံလျက်ရှိနေပြီး လူအုပ်ကြီးသည် အပြင်စည်းပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်အတွက် စာရင်းပေးသွင်းရန် ရောက်လာကြသည့် အပြင်စည်းတပည့်များဖြစ်သည်။

ကွင်းပြင်၏ အနောက်တောင်ထောင့်တွင် ကျောက်တိုင်တစ်တိုင်နှင့် ကျောက်စိမ်းနံရံတစ်ခု ထူထောင်ထားသည်။

ကျောက်တိုင်သည် အမြင့်နှစ်လံကျော်လွန်ပြီး အကျယ်သုံးပေရှိကာ အပေါ်တွင် စိန်ပုံသဏ္ဌာန်ကျောက်စိမ်း တစ်ဆယ့်ခြောက်လုံး တပ်ဆင်ထားသည်။ အနောက်ဘက်ရှိ ကျောက်စိမ်းနံရံသည် ဖြူဖွေးလှပပြီး အမြင့်ပေနှစ်ဆယ်၊ အကျယ် ငါးပေခန့်ရှိသည်။ ထိုနံရံပေါ်တွင် နာမည်များကို တန်းစီရေးထားပြီး တစ်တန်းလျှင် လူတစ်ရာစီဖြစ်သည်။

ပထမတန်းရှိ နာမည်များသည် စာလုံးအကြီးဆုံးဖြစ်ပြီး ရွှေရောင်အလင်းတန်းနှင့် တောက်ပလျက် ထင်ရှားထူးချွန်စွာ လူအားလုံးထက် သာလွန်နေသည်။

လော့ချန်က တစ်ချက်ကြည့်လိုက်ရာ ပထမတန်း၏ ပထမနေရာတွင် ချီဂူးယွမ်၏ နာမည်ကို တွေ့လိုက်ရသည်။

ထို့နောက် ဆရာတူအစ်ကိုကြီးချန်ရှောင်ယွမ်၊ ရှူးပင်းရိ၊ ချင်ယန်၊ ရှူးချီဖုန်း၊ ယူယွဲ့တို့၏ နာမည်များက ဆက်လက်ထင်ရှားနေသည်။

လော့ချန်က ရမ်ရှောင်ကွမ်နှင့် ဆရာတူအစ်မကြီးချန်လင်းယူတို့၏ နာမည်များကိုလည်း သတိပြုမိသည်။

သူတို့နှစ်ဦးသည် ပထမတန်းတွင် တစ်ဆယ့်လေးနှင့် တစ်ဆယ့်ငါးနေရာတွင် အသီးသီးရှိနေသည်။

“အင်း… ဒီလူတွေကပဲ အပြင်စည်းထိပ်တန်းတပည့်တစ်ရာပေါ့… တကယ်ကို မြင့်မားလှတယ်… မကြာခင် ငါ့နာမည်လည်း အဲဒီမှာ ထင်ရှားလာလိမ့်မယ်…”

ထူးဖလီးက ထိုတောက်ပထင်ရှားသော နာမည်များကို ကြည့်ရင်း မျက်လုံးထဲတွင် တိုက်ပွဲစိတ်ဓာတ်များ ထကြွလာသည်။

လော့ချန်ကလည်း မျက်လုံးများကို အနည်းငယ်မှေးကျဉ်းလိုက်သည်။

ဤသည်မှာ ဂိုဏ်းက နှစ်စဉ်ကျင်းပသည့် အပြင်စည်းပြိုင်ပွဲကြီး၏ ရည်ရွယ်ချက်ဖြစ်ပြီး တပည့်များ၏ စွမ်းအားအဆင့်ကို သတ်မှတ်ပေးရန်ဖြစ်သည်။

ဤသို့လုပ်ခြင်းဖြင့် လူတိုင်း၏ ယှဉ်ပြိုင်လိုစိတ်ကို နှိုးဆွပေးနိုင်သည်။

လူငယ်အရွယ် စိတ်အားထက်သန်သည့် အရွယ်တွင် မည်သူက ထင်ပေါ်ကျော်ကြားပြီး နာမည်ထွက်လိုစိတ်မရှိဘဲ နေမည်နည်း…။ မည်သူကများ တစ်ဖက်သူအောက်တွင် နှိမ့်ချခံလိုစိတ်ရှိမည်နည်း…။

ထို့အပြင် ဂုဏ်ပြုမှုအပြင် အပြင်စည်းထိပ်တန်းတပည့်တစ်ရာ၏ ခံစားခွင့်များသည်လည်း အလွန်မြင့်မားသည်။

ထိပ်တန်းတပည့်တစ်ရာသည် သီးသန့်ခြံဝင်းတစ်ခုကို ပိုင်ဆိုင်ရသည့်ပြင် လစဉ်ရရှိသည့် ချီစွမ်းအင်ဆေးလုံးများသည်လည်း သာမန်အပြင်စည်းတပည့်များ၏ အဆပေါင်းများစွာရှိသည်။ ထို့အပြင် လစဉ်ဂိုဏ်းတာဝန်များမှ ကင်းလွတ်ခွင့်ရပြီး နယ်ပယ်ပေါင်းစုံတွင် ဦးစားပေးခံစားခွင့်များ ရရှိသည်။

ချီဂူးယွမ်၏ နာမည်ကို စူးစိုက်ကြည့်ရင်း လော့ချန်က အသက်ကို ဖြည်းဖြည်းရှူသွင်းလိုက်ပြီး ဘေးရှိ ကြေငြာကျောက်စိမ်းနံရံဆီ အကြည့်လွှဲလိုက်သည်။

ထိုနံရံပေါ်တွင် လက်သီးအရွယ်စာလုံးများဖြင့် တန်းစီရေးထားပြီး အပြင်စည်းပြိုင်ပွဲကြီး၏ သတိပြုစရာအချက်များအပြင် ယခုအကြိမ်ပြိုင်ပွဲ၏ ဆုလာဘ်များကိုလည်း ဖော်ပြထားသည်။

ပဉ္စမအကြီးအကဲပြောခဲ့သည့်အတိုင်း ယခုအကြိမ်အပြင်စည်းပြိုင်ပွဲကြီး၏ ဆုလာဘ်များသည် အလွန်ပြည့်စုံလှသည်။

ထိပ်တန်းတစ်ရာထဲသို့ ဝင်ရောက်နိုင်သူများသည် ချီစွမ်းအင်ဆေးလုံးငါးရာရရှိမည်ဖြစ်သည်။

ထိပ်တန်းဆယ်ဦးထဲဝင်သူတိုင်းက ချီစွမ်းအင်ဆေးလုံးငါးထောင်ရရှိမည်ဖြစ်ပြီး သိုင်းပညာပြတိုက်ကြီးထဲသို့ ဝင်ရောက်ခွင့်ရပြီး အလယ်အဆင့်သိုင်းပညာတစ်မျိုးကို ရွေးချယ်သင်ယူနိုင်သည်။ ထို့အပြင် ဝိညာဉ်စွမ်းအင်ကို ပြုစုပျိုးထောင်ပြီး ဉာဏ်အလင်းဖွင့်အဆင့်ကို မြှင့်တင်ပေးနိုင်သည့် ကြယ်လေးပွင့်အဆင့်မြင့်ဝိညာဉ်ဆေးဖြစ်သည့် နိုးကြားဆေးလုံးတစ်လုံးကိုပါ ထပ်မံရရှိမည်ဖြစ်သည်။

ထိပ်တန်းသုံးဦးထဲဝင်သူများက ချီစွမ်းအင်ဆေးလုံးတစ်သောင်းနှင့် အဆင့်မြင့်ကျင့်စဉ်တစ်မျိုးကို ရွေးချယ်သင်ယူခွင့်ရမည်ဖြစ်ပြီး နိုးကြားဆေးလုံးသုံးလုံးကိုပါ ရရှိမည်ဖြစ်သည်။

ပထမနေရာရသူအတွက်ဆိုလျှင် ဆုလာဘ်သည် ပိုမိုအံ့မခန်းဖြစ်ပြီး ချီစွမ်းအင်ဆေးလုံးငါးသောင်း၊ အဆင့်မြင့်ကျင့်စဉ်တစ်မျိုးနှင့် နိုးကြားဆေးလုံးဆယ်လုံးကို ရရှိမည်ဖြစ်သည်။

ထို့အပြင် ကြေငြာနံရံပေါ်တွင် ယခုနှစ်အပြင်စည်းပြိုင်ပွဲကြီး၏ ထိပ်တန်းဆယ်ဦးအတွက် လျှို့ဝှက်ဆုလာဘ်တစ်ခုကို အထူးထပ်မံထည့်သွင်းထားပြီး ပြိုင်ပွဲပြီးဆုံးချိန်တွင် ထုတ်ဖော်ပြသမည်ဖြစ်သည်။

ပထမနေရာရသူ၏ ဆုလာဘ်ကို ကြည့်ရင်း လော့ချန်၏ မျက်လုံးများသည် တဖြည်းဖြည်း တောက်ပလာသည်။

ကျင့်စဉ်များကို သူသိပ်ဂရုမစိုက်သော်လည်း ချီစွမ်းအင်ဆေးလုံးငါးသောင်းသည် သေးငယ်သည့် ပမာဏမဟုတ်ပေ။ ငွေစက္ကူဖြင့်ပြောင်းလဲလျှင် ငွေကျပ်ငါးဘီလီယံဖြစ်သည်။

ဤသည်မှာ သူ၏ ကျင့်ကြံမှုအတွက် အချိန်အတော်ကြာ လုံလောက်မည့် ကြီးမားသည့် အရင်းအမြစ်တစ်ခုဖြစ်သည်။ ထို့အပြင် နိုးကြားဆေးလုံးဆယ်လုံးဆိုသည့် ဆုလာဘ်သည်လည်း အလွန်ဆွဲဆောင်မှုရှိသည်။

ဤဆေးလုံးသည် သိုင်းသမား၏ ဝိညာဉ်စွမ်းအင်ကို ပြုစုပျိုးထောင်ပေးနိုင်ပြီး ကျင့်ကြံရာတွင် အာရုံပျံ့လွင့်မှုမရှိဘဲ ထိရောက်မှုအဆများစွာ ရရှိစေနိုင်သည်။ အထူးသဖြင့် ကောင်းကင်တံခါးကို ဖွင့်လှစ်ပြီး ဝိညာဉ်စွမ်းအင်ကို စတင်ပြုစုရာတွင် ထုံရွှမ်တတိယအဆင့်ရှိ သိုင်းသမားများအတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်သည်။

လော့ချန်၏ လျင်မြန်သည့် တိုးတက်မှုသည် ယွမ်မန်လီက သူ့ကို ပေးခဲ့သည့် နိုးကြားဆေးလုံးတစ်ပုလင်းနှင့်လည်း မသက်ဆိုင်သည်မဟုတ်ပေ။

သို့သော် ယခုဆိုလျှင် ထိုဆေးလုံးပုလင်းသည် အနည်းငယ်သာ ကျန်ရှိတော့သည်။

ညစ်ညမ်းသည့် လေထုတစ်ချက်ကို ဖြည်းဖြည်းရှူထုတ်လိုက်ရင်း လော့ချန်က ယခုအကြိမ်အပြင်စည်းပြိုင်ပွဲကြီး၏ ပထမနေရာကို အဆုံးအထိ သိမ်းပိုက်ရမည်ဟု ဆုံးဖြတ်လိုက်သည်။

“လျှို့ဝှက်ဆုလာဘ်ဆိုတာ ဘာများဖြစ်မလဲ…”

ထူးဖလီးက ကြေငြာနံရံပေါ်တွင် နောက်ဆုံးရေးထားသည့် ‘လျှို့ဝှက်ဆုလာဘ်’ ဆိုသည့် စာလုံးလေးလုံးကို ကြည့်ရင်း သိချင်စိတ်ဖြစ်ပေါ်လာသည်။

“အပြင်စည်းပြိုင်ပွဲကြီး ပြီးသွားရင် သဘာဝကျကျပဲ သိလာမှာပေါ့… လာ၊ ငါတို့ အရင်စာရင်းပေးသွင်းကြရအောင်…”

လော့ချန်က ပြောလိုက်သည်။

“ကောင်းပြီ…”

သူတို့နှစ်ဦး ကျောက်တိုင်ဆီ လျှောက်သွားလိုက်သည်။

ကျောက်တိုင်ဘေးတွင် ကျောက်စိမ်းစားပွဲတစ်ခုရှိပြီး အပြင်စည်းအကြီးအကဲအနည်းငယ်က စာရင်းစာအုပ်တွင် မှတ်တမ်းတင်နေသည်။

“စာရင်းပေးသွင်းကြေးက ချီစွမ်းအင်ဆေးလုံးသုံးလုံးပဲ… ပြီးရင် ဘေးက စမ်းသပ်ကျောက်တိုင်မှာ တိုက်ခိုက်အားကို စမ်းသပ်ရမယ်… ငါတို့ အရင်သတိပေးထားမယ်၊ ဒီတိုက်ခိုက်အားအဆင့်က မင်းတို့ရဲ့ ပြိုင်ပွဲနေရာကို ကနဦးသတ်မှတ်ပေးမှာ… အကောင်းဆုံး အစွမ်းကုန်ထုတ်သုံးကြပါ…”

အပြင်စည်းအကြီးအကဲတစ်ဦး၏ အသံသည် အနှံ့အပြားပျံ့လွင့်သွားသည်။

“ဒီကျောက်တိုင်က တိုက်ခိုက်အားကို စမ်းသပ်နိုင်တာလား…”

လော့ချန်က မျက်ခုံးတစ်ဖက်ကို ပင့်မြှောက်လိုက်ပြီး ဘေးရှိ ကျောက်တိုင်ဆီ ကြည့်လိုက်သည်။

ထိုအချိန်တွင် ခန္ဓာကိုယ်သန်မာသည့် အပြင်စည်းတပည့်တစ်ဦးက စာရင်းပေးသွင်းကြေးကို ပေးဆောင်ပြီးနောက် ကျောက်တိုင်ဆီ တည့်တည့်လျှောက်သွားသည်။

ကျောက်တိုင်၏ အောက်ခြေတွင် လူတစ်ယောက်အမြင့်ရှိပြီး ကျောက်စိမ်းသဖွယ် အပြာရောင်အကာအရံတစ်ခုရှိသည်။

သန်မာသည့် လူငယ်တစ်ဦးက အပြာရောင်အကာအရံရှေ့တွင် ရပ်တန့်လိုက်ပြီး အသက်ကို ဖြည်းဖြည်းရှူသွင်းကာ လက်သီးတစ်ချက်ကို အကာအရံပေါ်သို့ အပြင်းအထန် ထိုးနှက်လိုက်သည်။

“ဖန်း…”

ဖန်းခနဲ အသံတစ်ခုနှင့်အတူ အပြာရောင်အကာအရံသည် အနည်းငယ်တုန်ခါသွားပြီး အပြာရောင်အလင်းတန်းတစ်ခုက ကျောက်တိုင်ပေါ်သို့ တဟုန်ထိုးတက်သွားသည်။

ချက်ချင်းဆိုသလို ကျောက်တိုင်ပေါ်တွင် စိန်ပုံသဏ္ဌာန်ကျောက်စိမ်းများသည် ဆက်လက်တောက်ပလာပြီး ကိုးလုံးမြောက်ကျောက်စိမ်းအထိ ထိန်းထားနိုင်ခဲ့သည်။

“မိုက်လိုက်တာ… စီနီယာဖုန်းက ထုံရွှမ်ပထမအဆင့်အထွတ်အထိပ်မှာပဲ ရှိသေးတယ်။ ဒါပေမယ့် တိုက်ခိုက်အားက ထုံရွှမ်ဒုတိယအဆင့်အစမှာ ရောက်နေပြီ… ဒါဆို အဆင့်ကျော်ပြီး စိန်ခေါ်နိုင်မှာပေါ့…”

“တော်လွန်းတယ်…”

တောက်ပလာသည့် ကျောက်စိမ်းကိုးလုံးကို ကြည့်ရင်း ဝိုင်းအုံထားသည့် အပြင်စည်းတပည့်များသည် အံ့ဩသံများကို ထုတ်ဖော်လိုက်ကြသည်။ တစ်ဦးစီ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများနှင့်အတူ အံ့ဩခြင်း၊ လေးစားခြင်း၊ အားကျခြင်းများလည်း ပြည့်နှက်နေသည်။

သန်မာသည့် လူငယ်က ကျေနပ်စွာ ပြုံးလိုက်ပြီး နောက်ဆုတ်လိုက်သည်။

ထို့နောက် နောက်ထပ် အပြင်စည်းတပည့်တစ်ဦး ထပ်မံလျှောက်လှမ်းလာသည်။

ထိုသူသည် ထုံရွှမ်ဒုတိယအဆင့်အလယ်အဆင့်တွင် ရှိပြီး ခြေထောက်တစ်ဖက်ဖြင့် အပြာရောင်အကာအရံကို ကန်ကျောက်လိုက်သည်။ ချက်ချင်းဆိုသလို ကျောက်တိုင်ပေါ်တွင် ကျောက်စိမ်းဆယ်လုံးသည် တောက်ပလာသည်။

ခဏကြည့်ပြီးနောက် လော့ချန်က ဤကျောက်တိုင်သည် တိုက်ခိုက်အားကို မည်သို့စမ်းသပ်သည်ကို နားလည်သွားသည်။

ကျောက်တိုင်ပေါ်တွင် စိန်ပုံသဏ္ဌာန်ကျောက်စိမ်း တစ်ဆယ့်ခြောက်လုံးသည် လေးလုံးစီအုပ်စုဖွဲ့ထားပြီး သေမျိုးဖြတ်ကျော်အဆင့်၊ ထုံရွှမ်ပထမအဆင့်၊ ထုံရွှမ်ဒုတိယအဆင့်၊ ထုံရွှမ်တတိယအဆင့်ဟူသည့် အဆင့်လေးခုကို ကိုယ်စားပြုထားသည်။

တစ်အုပ်စုတွင် ကျောက်စိမ်းလေးလုံးသည် အစပိုင်း၊ အလယ်ပိုင်း၊ နောက်ပိုင်း၊ အထွတ်အထိပ်ဟူသည့် အသေးစိတ်အဆင့်လေးခုကို ထပ်မံကိုယ်စားပြုထားသည်။

အကာအရံကို တိုက်ခိုက်ပြီး ကျောက်စိမ်းဆယ်လုံးကို ထိန်းထားနိုင်ခြင်းသည် သိုင်းသမား၏ တိုက်ခိုက်အားသည် ထုံရွှမ်ဒုတိယအဆင့်အလယ်ပိုင်းတွင် ရှိနေသည်ကို ဖော်ပြသည်။

“ဟဲဟဲ… စိတ်ဝင်စားစရာပဲ… ငါလည်း စမ်းကြည့်မယ်…”

ထူးဖလီးက စိတ်လှုပ်ရှားစွာ ကြည့်နေရင်း ချက်ချင်း တပည့်အထောက်အထားတံဆိပ်ပြားကို ထုတ်ယူပြီး ချီစွမ်းအင်ဆေးလုံးသုံးလုံးကို ပေးဆောင်လိုက်သည်။

“ကျွီ…”

သိုင်းဝိညာဉ်ကို ထုတ်လွှတ်လိုက်ရင်း ထူးဖလီးက သူ၏ အရှိန်အဟုန်ကို အထွတ်အထိပ်သို့ မြှင့်တင်လိုက်ပြီး လက်သီးနှစ်ဖက်ကို တပြိုင်နက် ထိုးနှက်ကာ လော့ချန်ကို တိုက်ခိုက်ခဲ့စဉ်က သုံးခဲ့သည့် လက်သီးစွမ်းရည်ကို ထုတ်သုံးလိုက်သည်။

“ကျားဖမ်းအကွက်…”

“ဘုန်း…”

ကျောက်တိုင်ပေါ်တွင် စိန်ပုံသဏ္ဌာန်ကျောက်စိမ်းများသည် ဆက်လက်တောက်ပလာပြီး တစ်ဆယ့်တစ်လုံးမြောက်အထိ ထိန်းထားနိုင်ခဲ့သည်။

ဤသည်မှာ သူ၏ တိုက်ခိုက်အားသည် ထုံရွှမ်ဒုတိယအဆင့်နောက်ပိုင်းတွင် ရောက်ရှိနေပြီဖြစ်သည်ကို ဖော်ပြသည်။

အခန်း (၂၆၀) ပြီးပါပြီ။

All Chapters