အဆင့်သုံးဆယ့်ခြောက်၊ ဆယ်ရက်...
Vol. 18 Ch. 262
စမ်းသပ်ကျောက်တိုင်ပေါ်ရှိ အစွန်းနှစ်ဖက်ပုံသဏ္ဌာန်ရှိသော ကျောက်စိမ်း တစ်ဆယ့်ခြောက်လုံး တစ်လုံးမကျန် ထွန်းလင်းတောက်ပလာသည်နှင့်အတူ သိုင်းကွင်းပြင်တစ်ခုလုံး၏ ဆူညံသံများ ရုတ်တရက် တိတ်ဆိတ်သွားသည်။ မြေပေါ်သို့ အပ်တစ်ချောင်းကျလျှင်ပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်လျက်ရှိသည်။
မျက်တောင်တစ်ချက် နှစ်ချက်ခန့် အချိန်ကုန်လွန်သွားပြီးနောက် အံ့အားသင့်ဖွယ် ဆူညံသံများ တစ်ဟုန်ထိုး ပေါက်ကွဲထွက်ပေါ်လာသည်။
“ဆယ်… ဆယ့်ခြောက်လုံးစလုံး ထွန်းလင်းသွားပြီ… ငါ… ငါမျက်စိလွဲမနေဘူးမဟုတ်လား…”
“ကျောက်စိမ်းတစ်ဆယ့်ခြောက်လုံးစလုံး ထွန်းလင်းသွားတာဆိုတော့ လော့ချန်ရဲ့ တိုက်ခိုက်ရေးစွမ်းအား ထုံရွှမ်တတိယအဆင့်အထွတ်အထိပ်ရှိသူတွေနဲ့ ယှဉ်နိုင်ပြီဆိုတဲ့သဘောပေါ့…”
“ဒီလောက်ကြီးကျယ်လွန်းတယ်… မယုံနိုင်စရာပဲ… သူက ထုံရွှမ်ဒုတိယအဆင့် အလယ်အလတ်မှာပဲရှိသေးတာ… တိုက်ခိုက်ရေးစွမ်းအားက ဒီလောက်ထိ ဘယ်လိုလုပ် အားကောင်းနိုင်မှာလဲ… သူနိုးကြားထားတဲ့ ဝိညာဉ်စွမ်းအားကလည်း အသုံးမကျတဲ့ ဝိညာဉ်စွမ်းအားပဲ မဟုတ်လား…”
စမ်းသပ်ကျောက်တိုင်ပေါ်ရှိ တောက်ပလှသော ကျောက်စိမ်း တစ်ဆယ့်ခြောက်လုံးကို ကြည့်ရင်း လူအုပ်ကြီးမှာ မျက်လုံးပြူးပြဲလျက် လျှာကိုပင် ကိုက်မိလုမတတ်ဖြစ်နေကြသည်။
ယခုမြင်ကွင်းသည် ၎င်းတို့၏ သိနားလည်မှုနယ်ပယ်ကို ကျော်လွန်နေပြီဖြစ်သည်။
ဤသည်က တစ်ခါတစ်ရံ မထင်မရှား နေရာမှ ထွက်ပေါ်လာပြီး လူတိုင်းကို အံ့အားသင့်စေတတ်တဲ့ အခြေအနေမျိုးပင်။
ရမ်ရှောင်ကွမ်အပါအဝင် မင်းသားတန်းမှ တပည့်အနည်းငယ်လည်း အံ့အားသင့်လျက် မှင်တက်မိနေကြသည်။
“အဆင့်စာရင်းကို မြန်မြန်ကြည့်ကြဦး…”
အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
လူအုပ်ကြီးသည် အဆင့်စာရင်းကျောက်နံရံဆီသို့ အကြည့်လွှဲလိုက်ကြရာ ၎င်းတို့၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားကြသည်။
အဆင့်စာရင်းကျောက်နံရံ၏ ပထမအတန်းတွင် ထိပ်တန်းတစ်ရာအဆင့်ရှိ တပည့်များ၏ အမည်များသည် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပလျက် အမြင့်ဆုံးဂုဏ်သိက္ခာနှင့် စွမ်းအားကို ကိုယ်စားပြုနေသည်။
“ဗျစ်…”
ရွှေရောင်အလင်းတန်းများ တလိတ်လိတ် ထွက်ပေါ်လာသည်နှင့်အတူ လော့ချန်၏ အမည်သည် အဆင့်သုံးဆယ့်ခြောက်နေရာ၌ ပေါ်ထွက်လာသည်။
“ရွှီ… လော့ချန်က ထိပ်တန်းတစ်ရာထဲ ဝင်လာပြီ… အဆင့်သုံးဆယ့်ခြောက်နေရာမှာ…”
“ဒါဆို သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ထုံရွှမ်တတိယအဆင့်အထွတ်အထိပ်ရှိသူတွေလောက်သာမက အဲဒီထက်ကျော်လွန်ပြီး ထိပ်တန်းတစ်ရာအဆင့်ရှိ တပည့်တွေရဲ့ အဆင့်ထိ ရောက်နေပြီပေါ့…”
“ငါ အိပ်မက်မက်နေတာလား… မြန်မြန် ငါ့ကို လှမ်းဆိတ်ကြည့်ပေးပါဦး…”
မျက်မြင်ကိုယ်တွေ့ မြင်နေရသော်လည်း ရှိနေသူများသည် ယုံကြည်ရန် ခက်ခဲလျက်ရှိပြီး အိပ်မက်မက်နေသည်ဟူ၍သာ ခံစားနေကြရသည်။
အပြင်စည်းထိပ်တန်းတစ်ရာအဆင့်ရှိ တပည့်များသည် စွမ်းအားအားလုံး ထုံရွှမ်တတိယအဆင့်အထွတ်အထိပ်သို့ ရောက်ရှိထားပြီးသူများချည်း ဖြစ်သည်။
သွေးကြောနိုးကြားမှုနယ်ပယ်သို့ ဖြတ်ကျော်ရန်အတွက် ၎င်းတို့သည် အားအင်စုဆောင်းပြီး မိမိတို့၏ စွမ်းအားအသီးသီးကို အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံထားကြသည်။ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားသည် သာမန် ထုံရွှမ်တတိယအဆင့်အထွတ်အထိပ်ရှိသူများထက် အဆပေါင်းများစွာ သာလွန်နေသည်။
ထုံရွှမ်ဒုတိယအဆင့် အလယ်အလတ်ရှိသူတစ်ဦးသည် အသုံးမကျသည့် ဝိညာဉ်စွမ်းအားကို နိုးကြားထားသူဖြစ်သည့်တိုင် တိုက်ခိုက်ရေးစွမ်းအားမှာ ထိပ်တန်းတစ်ရာအဆင့်ရှိ တပည့်များ၏ အဆင့်သို့ ရောက်ရှိပြီး အဆင့်သုံးဆယ့်ခြောက်နေရာ၌ ရပ်တည်နေသည်။
ဤလောကတွင် ဤထက်ပိုပြီး အိပ်မက်ဆန်သော အရာရှိဦးမည်လား…။
“ဒီကောင်လေး ဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်ရတာလဲ…”
ရမ်ရှောင်ကွမ်ပင်လျှင် လျှာကိုက်မိလုမတတ်ဖြစ်သွားပြီး လော့ချန်၏ အမည်ကို စူးစိုက်ကြည့်ရင်း မျက်လုံးများထဲ၌ အေးစက်မှုအရိပ်များ ထင်ဟပ်နေသည်။
ယခုချိန်ထိ ၎င်းသည် လော့ချန်ကို လုံးဝဂရုမစိုက်ခဲ့ချေ။
တိုက်ခိုက်ရေးစွမ်းအား ထုံရွှမ်တတိယအဆင့်အထွတ်အထိပ်သို့ ရောက်ရှိသည်ဆိုလျှင်လည်း ဘာဖြစ်မည်နည်း။ သူ့ရှေ့တွင် အင်မတန်အားနည်းသော ပုရွက်ဆိတ်တစ်ကောင်သာဖြစ်ပြီး လက်ဖြင့် လွယ်လွယ်ကူကူ ညှစ်သတ်နိုင်သည့် အရာမျိုးသာ ဖြစ်သည်။ ထည့်တွက်စရာပင် မလိုအပ်ပေ။
ယခုမူ မတူတော့ချေ။ လော့ချန်သည် အဆင့်သုံးဆယ့်ခြောက်နေရာသို့ ရောက်ရှိလာပြီး ၎င်းနှင့်အတူ ထိပ်တန်းတစ်ရာအဆင့်ရှိ တပည့်တစ်ဦးဖြစ်လာသည်။
မိမိကိုယ်ကို အမြဲမြင့်မားသူဟု ယူဆထားသော ရမ်ရှောင်ကွမ်အတွက် ဤအရာသည် လက်ခံနိုင်ရန် ခက်ခဲလှပြီး စိတ်ထဲ၌ သတ်ဖြတ်လိုစိတ်သည် ယခင်က မရှိဖူးသော ပြင်းထန်မှုဖြင့် ပြည့်နှက်နေသည်။
လော့ချန်သည် မိမိ၏ အဆင့်ကို ကြည့်ရင်း စိတ်အေးအေးထားလျက်ရှိသည်။
ဤလက်သီးတစ်ချက်သည် သူက ပေါ့ပေါ့ပါးပါး ထိုးလိုက်ခြင်းသာဖြစ်ပြီး စွမ်းအင်လှိုင်းဝဲတစ်ခုကိုသာ အသုံးပြုခဲ့သည်။
ဆိုရသော် ဓားနှလုံးအဆင့်နှင့် စွမ်းအင်လှိုင်းဝဲကိုးခုကဲ့သို့ အောက်ခြေအားအင်များကို မသုံးသည့်တိုင် ၎င်း၏ စွမ်းအားသည် ထုံရွှမ်တတိယအဆင့်အထွတ်အထိပ်ရှိသူများ၏ အဆင့်သို့ ရောက်ရှိပြီးဖြစ်သည်။
အကယ်၍ အကုန်အစင် အားထုတ်လိုက်လျှင် လော့ချန်တွင် အဆင့်တစ်ဆယ့်ငါးနေရာ၊ သို့မဟုတ် အဆင့်တစ်ဆယ်နေရာထိပင် တက်လှမ်းနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
“မဖြစ်နိုင်ဘူး…”
ရုတ်တရက် ကွင်းပြင်အလယ်တွင် ဒေါသသံတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး လူအားလုံး၏ အာရုံကို ဖမ်းစားလိုက်သည်။
ရမ်ရှောင်ကွမ်ဘေးတွင် ရပ်နေသော လီလီသည် စိတ်လှုပ်ရှားစွာဖြင့် ထွက်လာပြီး လော့ချန်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။
“သူက ထုံရွှမ်ဒုတိယအဆင့် အလယ်အလတ်မှာပဲ ရှိသေးတာ… နိုးကြားထားတဲ့ ဝိညာဉ်စွမ်းအားကလည်း အသုံးမကျတဲ့ ဝိညာဉ်စွမ်းအားပဲ… ဘယ်လိုလုပ်ပြီး ဒီလောက်ထိ အားကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအား ရှိနိုင်မှာလဲ… တစ်နေရာရာမှာ အမှားဖြစ်နေတာ သေချာတယ်… ဟုတ်တယ်… သေချာတယ် အမှားဖြစ်နေတာပဲ…”
“လော့ချန်… မင်း နောက်တစ်ခါ ထပ်စမ်းကြည့်ရဲလား…”
လီလီ၏ မျက်လုံးနှစ်လုံးသည် လော့ချန်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
အခြားသူများ၏ အကြည့်များလည်း လော့ချန်ထံသို့ စုစည်းလာသည်။
၎င်းတို့ စိတ်ထဲတွင်လည်း ထိုကဲ့သို့ သံသယများ ရှိနေသည်။
လော့ချန်သည် မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်သည်။
“မင်းက ဘာလဲ… မင်းထပ်စမ်းခိုင်းတိုင်း ငါက ထပ်စမ်းရမှာလား…”
“မင်း…”
လီလီတစ်ယောက် ဒေါသတကြီးဖြစ်သွားပြီး မျက်နှာတစ်ခုလုံး ဝက်ကလီစာရောင်ပင် ပြောင်းလဲသွားသည်။
“ရပြီ…”
ကျောက်စိမ်းကောင်တာနောက်တွင် ထိုင်နေသော မျက်ခုံးဖြူအကြီးအကဲသည် သတိပြန်ဝင်လာပြီး စကားဆိုလိုက်သည်။
“င့ါအနေနဲ့ စမ်းသပ်ကျောက်တိုင်မှာ ဘာမှပြဿနာမရှိဘူးလို့ အာမခံတယ်…”
ထိုအကြီးအကဲသည် စကားဆုံးသည်နှင့် အနည်းငယ် စိတ်မသက်မသာဖြစ်နေသည့် အမူအရာဖြင့် လော့ချန်ကို တစ်ချက်ကြည့်လိုက်သည်။
“ဒါ မဖြစ်နိုင်ဘူး…”
လီလီသည် ထပ်မံအော်ဟစ်လိုက်သည်။
“ဒီလိုအသုံးမကျတဲ့သူက ဘယ်လိုလုပ်ပြီး ထိပ်တန်းတစ်ရာထဲက တပည့်တစ်ယောက်ဖြစ်လာနိုင်မှာလဲ…”
“ရိုင်းစိုင်းလိုက်တာ…”
ဘေးတွင်ထိုင်နေသော အမျိုးသမီးအကြီးအကဲသည် စိတ်မရှည်တော့ပေ။ ၎င်းသည် အေးစက်စွာ အော်ဟစ်လိုက်ရင်း ပြင်းထန်သော အရှိန်အဟုန်ဖြင့် လီလီကို ဖိအားပေးလိုက်သည်။
“ဖူး…”
လီလီသည် နောက်သို့ အတော်လေး ဆုတ်သွားပြီး နှုတ်ခမ်းထောင့်မှ သွေးစီးကျလာသည်။
အမျိုးသမီးအကြီးအကဲ၏ အသံသည် အေးစက်လျက်ရှိသည်။
“မင်းက ရှု့အကြီးအကဲရဲ့ ဆုံးဖြတ်ချက်ကို သံသယရှိတယ်ပေါ့… ဒီနေရာမှာ ထပ်ပြီး အော်ဟစ်နေရင် ငါလည်း မညှာတာတော့ဘူး…”
လီလီတစ်ယောက် ထိတ်လန့်သွားပြီး ချက်ချင်း လက်သီးမြှောက်ကာ လေးစားစွာ ပြောလိုက်သည်။
“တပည့် မတော်မတရား ပြုမိပါပြီ…”
မျက်ခုံးဖြူအကြီးအကဲသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး လော့ချန်ကို တစ်ချက်ကြည့်ကာ ဆိုသည်။
“ဒါက တိုက်ခိုက်ရေးစွမ်းအားရဲ့ အကြမ်းဖျင်း စမ်းသပ်မှုအဆင့်စာရင်းပဲ… တကယ့်စွမ်းအားကို ကိုယ်စားမပြုဘူး… နောက်ဆုံးအဆင့်စာရင်းကို အပြင်စည်းပြိုင်ပွဲကြီးပြီးမှ ဆုံးဖြတ်မှာ… တကယ့်အရာက အတုဖြစ်မလာသလို အတုကလည်း တကယ်ဖြစ်မလာဘူး…”
“ဟုတ်ကဲ့ပါ…”
လီလီအနေနှင့် ထပ်ပြီး စကားများမပြောရဲတော့ဘဲ နှုတ်ဆိတ်သွားပြီး လော့ချန်ကို စွေကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“လော့ချန်… ဒီနေ့ရဲ့ အကြွေးကို ငါ မှတ်ထားပြီ…”
လီလီသည် လော့ချန်၏ တိုက်ခိုက်ရေးစွမ်းအားသည် ထိပ်တန်းတစ်ရာအဆင့်ရှိ တပည့်များ၏ အဆင့်သို့ ရောက်ရှိသည်ဟု ယုံကြည်လိုခြင်း မရှိချေ။
ထို့အပြင် တိုက်ခိုက်ရေးစွမ်းအားသည်လည်း အလုံးစုံသော စွမ်းအားတစ်ခုလုံးကို ကိုယ်စားမပြုပေ။
ယနေ့ လော့ချန်ကြောင့် ၎င်းသည် လူအများရှေ့တွင် မျက်နှာပျက်ရပြီး ဂုဏ်သိက္ခာပျက်စီးသွားကာ အကြီးအကဲကိုပါ ပြစ်မှားမိသွားသည်။ ဤအကြွေးကို ဤအတိုင်း မထားနိုင်ပေ။
လော့ချန်ကမူ ထိုသူ၏ ဦးနှောက်မှာ ပြဿနာရှိသည်ဟုသာ ခံစားမိပြီး ဂရုမစိုက်လိုတော့ပေ။
“ထူးဖလီး… ငါတို့ ပြန်ကြမယ်…”
ဤနေရာ၌ ဆက်နေရန် စိတ်မဝင်စားတော့သဖြင့် လော့ချန်သည် ထူးဖလီးနှင့်အတူ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ရမ်ရှောင်ကွမ်ဘေးမှ ဖြတ်သွားစဉ် ရမ်ရှောင်ကွမ်သည် ရုတ်တရက် အေးစက်စွာ ပြုံးလိုက်ပြီး ဆိုသည်။
“လော့ချန်… ငါနဲ့ မတွေ့ခင် မင်းသေမသွားဖို့ သတိထားဦး…”
လော့ချန်သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ရမ်ရှောင်ကွမ်ကို တစ်ချက်ကြည့်ကာ ဆိုသည်။
“ငါပြောပြီးသားပါ… မင်းနဲ့ငါ တွေ့ကို တွေ့ကြအုံးမှာပါ…”
စကားတစ်ခွန်းကို ထားခဲ့ပြီး လော့ချန်နှင့် ထူးဖလီးသည် တဖြည်းဖြည်း ဝေးကွာသွားသည်။
“ဒီကောင်က အရမ်းမာနကြီးတာပဲ…”
လီလီသည် ရှေ့သို့လျှောက်လာပြီး ကျောက်နံရံပေါ်ရှိ လော့ချန်၏ အမည်ကို ကြည့်ရင်း မျက်နှာထဲတွင် ရက်စက်မှုအရိပ်များ ထင်ဟပ်နေသည်။
“စီနီယာ… သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက တကယ်ပဲ ဒီလောက်အားကောင်းနိုင်တာလား… အဆင့်သုံးဆယ့်ခြောက်နေရာထိ ရောက်နေတာ… နောက်တစ်ဆင့်တက်လိုက်ရင် စီနီယာနဲ့ မတိမ်းမယိမ်းဖြစ်သွားနိုင်တယ်…”
“သူ့ရဲ့ အရည်အချင်းနဲ့ အဆင့်အတန်းအရ ဒီလိုဖြစ်ဖို့ မဖြစ်နိုင်ဘူး… လျှို့ဝှက်နည်းပညာတစ်ခုခုကို သုံးလိုက်လို့ဖြစ်ရမယ်… ဒီလိုအားကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအားကို ပြသဖို့ သေချာပေါက် ကြာရှည်ထိန်းထားလို့ မရဘူး…”
ရမ်ရှောင်ကွမ်သည် အနည်းငယ် စဉ်းစားဆင်ခြင်ပြီးနောက် လော့ချန်၏ နောက်ကျောကို ကြည့်ရင်း အေးစက်စွာ ပြုံးလိုက်သည်။
“ဒါလည်း ဘာမှမဟုတ်ပါဘူး… ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ နေ့ရက်အနည်းငယ်ပဲ ကျန်တော့တယ်… အပြင်စည်းပြိုင်ပွဲကြီးရောက်တဲ့အခါ သူ့ရဲ့ သေမင်းနေ့ရောက်လာလိမ့်မယ်…”
မင်းသားတန်းမှ တပည့်တစ်ဦးက ရယ်မောကာ ဆိုသည်။
“ဟုတ်တယ်… ငါတို့ မင်းသားတန်းမှာ ထိပ်တန်းသူရဲကောင်းတွေ အများကြီးရှိတယ်… ဘယ်သူမဆို သူ့ကို လွယ်လွယ်ကူကူ ဖျက်ဆီးပစ်နိုင်တယ်…”
လီလီသည် လက်သီးကို တင်းတင်းဆုပ်ကာ မျက်လုံးများထဲတွင် ရက်စက်မှုအရိပ်များ ထင်ဟပ်နေသည်။
“ဒီဆယ်ရက်ကို မြန်မြန်ကျော်သွားစေချင်လိုက်တာ… ငါ မစောင့်နိုင်တော့ဘူး…”
တောင်လမ်းပေါ်တွင် လော့ချန်နှင့် ထူးဖလီးသည် အနားယူလျက် လျှောက်လှမ်းနေကြသည်။
ထူးဖလီးသည် မေးစေ့ကို ပွတ်သပ်ရင်း ဆိုသည်။
“လော့ချန်… မင်းသားတန်းက တပည့်တွေက မင်းကို မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ပစ်မှတ်ထားနေပုံရတယ်… အပြင်စည်းပြိုင်ပွဲကြီးမှာ မင်းကို တိုက်ခိုက်ဖို့ ကြံစည်နေလိမ့်မယ်… အထူးသဖြင့် အဲဒီရမ်ရှောင်ကွမ်ဆိုတဲ့ကောင်က မင်းကို ဝါးမျိုပစ်ချင်နေတဲ့ပုံပဲ…”
လော့ချန်သည် စိတ်ထဲတွင် အကြောင်းရင်းကို နားလည်ထားပြီးဖြစ်ပြီး အေးဆေးစွာ ပြုံးလိုက်သည်။
“ငါ့ကို ပစ်မှတ်ထားချင်ရင် ထားလိုက်ပေါ့… ငါလည်း လူတစ်ယောက်က လွယ်လွယ်ကူကူ ညှစ်သတ်လို့ရတဲ့ ပုရွက်ဆိတ်တစ်ကောင်မှ မဟုတ်တာ…”
အခန်း (၂၆၂) ပြီးပါပြီ။