မှောင်ခိုဈေး
Vol. 44 Ch. 649
"ကားပျံကရော ဓားပျံလို့သတ်မှတ်လို့မရဘူးလား"
ကားပျံသည် လူငါးယောက်အထိ သယ်နိုင်သည်။ ဓားဆေးကန်ထက် လူပိုဆံ့သည်။
အရာရှိက လုယန်ကိုတစ်ချက်ကြည့်၍ ရှင်းပြသည်။
"ဓားပျံဆိုတာ အထူးဖန်တီးထားတဲ့ မှော်ပစ္စည်းပါ။ တစ်ခုချင်းစီကို အရည်အသွေးစမ်းသပ်စစ်ဆေးပီးသား။ ဒါတွေအတွက် သီးခြားဥပဒေသတ်မှတ်ချက်ရှိပါတယ်။
မင်းတို့ဓားဆေးကန်အတွက်လည်း ဒီလိုဥပဒေသတ်မှတ်ချက်ရှိတယ်ဆိုရင်တော့ အဆင်ပြေပါလိမ့်မည်။
လုယန် လက်မြှောက်အရှုံးပေးလိုက်သည်။
နှစ်ယောက်သား ပန်းတိုင်မရောက်မီ ရေတိမ်နစ်သည်။ ငွေမရမီ အကြွေးတင်သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် နောက်ထပ်ဘာပြဿနာမှမပေါ်တော့။
ရက်အတော်ကြာပျံသန်းချိန်အအတွင်း နောက်ထပ်ပြဿနာများမကြုံစေရန် တည်းခိုခန်းတစ်ခုတွင် ဆင်းကြသည်။ မတ်ဖြစ်သူက အကိုဖြစ်သူ့အမွေကိုလာတောင်းသည့် အမွေခံမိန်းကလေးအမှုကို အမှတ်မထင်ကူညီဖြေရှင်းပေးရသည်။
ကျေးဇူးဆပ်သည့်အနေဖြင့် ပေးလာသည့် အမွေစည်းစိမ်များကို ငြင်းပယ်ခဲ့သည်။ ထိုမိန်းကလေးသည် သူ့ယောက်ျားကိုသတ်သည့် လူသတ်သမားဟု သုံးသပ်မိကြသည်။
ဒုတိယတည်းခိုခန်းတွင် ချီအဆင့်ကျင့်ကြံသူနှစ်ယောက် အဆင့်မြင့်အခန်းတစ်ခုလုရင်း စကားများသည်နှင့်ကြုံရသည်။ သူတို့ထံမှ အနီးအနားရတနာမြေတစ်ခု၏ မြေပုံကိုရသည်။ အခြေတည်အဆင့်ကျင့်ကြံသူများအတွက် အဖိုးတန်သည့် ရတနာများကို သိမ်းယူထားသည်။
ထိုနှစ်ယောက်ကို နယ်မြေခံရုံးတော်သို့အပ်လိုက်သည်။ ပျောက်ဆုံးပစ္စည်းတွေ့ရှိကြောင်း ကြော်ငြာလိုက်သည်။ ထိုမှကိစ္စမှတစ်ဆင့် အခြေတည်အဆင့်မိသားစုနှစ်ခု၏ ရာစုနှစ်ကြာရှည်လျားသည့် ရန်ငြှိုးရန်ကြွေးများ ဘူးပေါ်သလိုပေါ်လာသည်။ ထိုပြဿနာတွင် မိသားစုခေါင်းဆောင်နှစ်ယောက်လုံး ကိုယ့်ကိုယ်ကိုသတ်သေ၍ အဆုံးသတ်သွားသည်။
တတိယတည်းခိုခန်းတွင် မိုင်ထောင်ချီထွက်ပြေးလာသည့် လူချမ်းသာမိန်းကလေးတစ်ယောက်နှင့်တွေ့သည်။ ထိုမိန်းကလေးကို အိမ်ပြန်လိုက်ပို့ကြသည်။ ထိုအိမ်တွင် ဆယ်စုနှစ်ကြာ ခိုအောင်းနေသည့် ကြမ်းတမ်းသည့်သရဲတစ်ကောင်ကို သုတ်သင်နိုင်ခဲ့သည်။
ထိုမှတစ်ဆင့် သရဲကိုနောက်ကွယ်မှကြိုးကိုင်သူများ ပေါ်လာပြီး သူတို့နှင့်တိုက်ခိုက်ကြသည်။ အားလုံးကို သူတို့ဖမ်းဆီးလိုက်သည်။ မိန်းကလေး၏ လက်ထပ်ဖို့ကမ်းလှမ်းချက်ကို သိက္ခာရှိစွာ ငြင်းပယ်ကြသည်။ သရဲထိန်းများ၏ သဲလွန်စနောက်သို့လိုက်ရင်း နတ်ဆိုးလမ်းစဉ်ဂိုဏ်းမဲ့ကျင့်ကြံသူစခန်းတစ်ခုကို ဖြိုခွင်းနိုင်ခဲ့သည်။
ဓားဆေးကန်က သူတို့ကို ယွီကျိုးသို့ ဘေးကင်းစွာ ခေါ်လာသည်။
"အခုမှပဲရောက်တော့တယ်"
နှစ်ယောက်လုံးသက်ပြင်းချသည်။
ရက်ပိုင်းသာပျံသန်းခဲ့ရသော်လည်း တစ်လခန့်အချိန်ကြာခဲ့သလိုထင်မိသည်။ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်။
"မင်းရေကန်က အိပ်ရတာ သက်တောင့်သက်သာမရှိဘူးကွာ"
"ရေမရှိလို့လေ။ ရေချိုးရရင် တကယ်ကောင်းပါတယ်"
သူတို့နှစ်ယောက်စကားကို နတ်မယ်စဉ်းစားနေသည်။
'လမ်းမှာ နင့်ကိစ္စတွေအများကြီးကြုံခဲ့လို့ ပင်ပန်းနေတာမဟုတ်ဘူးလား'
မုန်ကျင်းကျိုးပြောသည့် မှောင်ခိုဈေးက ယွီကျိုးနယ်တောင်ခြေတစ်ခုတွင်ရှိသည်။
လျှို့ဝှက်နယ်မြေတစ်ခုအတွင်း ဖုံးကွယ်ထားသည်။ ယင်ယန်ကူးပြောင်းချိန်မှသာ ပေါ်လာသည်။ ကုန်စည်ဖလှယ်ဖို့ နေရာတစ်ခုဖြစ်လာသည်။
ထိုအချိန်တွင် အနီးအနားမြို့တော်များမှ ကျင့်ကြံသူများ ဤနေရာတွင် လျှို့ဝှက်ရောင်းဝယ်ရန် လာကြသည်။ လုယန်တို့လို ခရီးဝေးမှလာသူများလည်းရှိသည်။
"ငါတို့ရောက်လာတာ အချိန်မီရုံလေးပဲ။ လတိုင်း ဆယ့်ငါးရက်နေ့ကျရင် ဒီနေရာမှာ နတ်ဝိညာဉ်ဘိုးအေကြီးတွေ တွေ့ဆုံကြတယ်"
နှစ်ယောက်လုံး အဝတ်နက်ဝတ်ထားသည်။ အင်္ကျီကော်လာကို မျက်နှာအထိ ဖုံးထားသည်။ မျက်လုံးတစ်စုံသာမြင်ရသည်။
ထိုပုံစံသည် မှောင်ခိုဈေး၏ စည်းမျဉ်းတစ်ခုဖြစ်သည်။ ထိုသို့ဝတ်ဆင်ထားမှသာ အရာရှိများ ဖမ်းဆီးဖို့ရောက်လာလျှင် ထွက်ပြေးဖို့အဆင်ပြေမည်။
ဈေးထဲရောက်ချိန်တွင် ဈေးဖွင့်သည်မှာ တစ်နာရီကျော်ကြာပြီဖြစ်သည်။ အပြင်ဘက်တွင်စောင့်နေသည့် ကျင့်ကြံသူများ ဝင်သွားပြီးဖြစ်၍ အဝင်တံခါးက ခြောက်ကပ်သလိုဖြစ်နေသည်။
တံခါးတွင် ကျင့်ကြံသူဂိတ်စောင့်များရှိသည်။ သေမျိုးများ မတော်တဆဝင်မလာအောင် မလိုအပ်ဘဲ အလုပ်မရှုပ်အောင် ကာကွယ်နေခြင်းဖြစ်သည်။
အစောင့်များက သူတို့ဝင်လာသည်ကို မတားကြ။ သူတို့ ဓားဆေးကန်ဖြင့် ပျံသန်းလာပြီး အဝတ်နက်လဲသည်ကို ကိုယ်တွေ့မြင်ပြီးဖြစ်သည်။ သူတို့လှုပ်ရှားပုံက ကျင်လည်သည်။ ဝါရင့်နေသည့်သဘောဖြစ်သည်။
ထိုမျှကြီးသည့်ရေကန်ကို ထိန်းချုပ်နိုင်သည်ဆိုကတည်းက အနည်းဆုံး ရွှေသန္ဓေအဆင့်ရှိရမည်။
ဈေးထဲသို့ရောက်ချိန်တွင် ပုံမှန်ဈေးမျိုးထက် ပိုတိတ်ဆိတ်နေသည်ကို သတိထားမိကြသည်။ ရံဖန်ရံခါမှ စကားပြောသံတစ်ချို့သာ ကြားရသည်။
မှောင်ခိုဈေးထဲတွင် ရောင်းဝယ်နေသည့်ကျင့်ကြံသူများက သိစိတ်အသံလှိုင်းဆက်သွယ်ခြင်းမျိုး အသံကာမှော်စက်ဝန်းသုံးခြင်းမျိုး စသည့်နည်းလမ်းများသုံး၍ သူတို့အရောင်းအဝယ်ကို လျှို့ဝှက်လုပ်ဆောင်သည်။
အစိုးရရုံးတော်ကွပ်ကဲမှာ လစ်ဟာသည့်နေရာဖြစ်၍ သာမန်နေ့မျိုးတွင် မတွေ့နိုင်သည့် ပစ္စည်းအတော်များများ တွေ့ရသည်။
ဥပမာ လုယန်၏ကျင့်စဉ်ပညာ။
"ဆိုင်ရှင်၊ ဒီစာအုပ်က 'တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ'ထဲက ပါရမီရှင်လုရဲ့ ချီအဆင့်ကျင့်စဉ်ပညာဆိုတာ သေချာရဲံလား"
ဆိုင်ရှင်က မကျေမနပ်ကြည့်သည်။
"ဘယ်လိုလို့ အတုဖြစ်နိုင်မှာလဲကွ။ တာအိုလမ်းစဉ်ဂိုဏ်းမှာ ငါ့ဆွေမျိုးတစ်ယောက်ရှိတယ်။ ဒီကျင့်စဉ်ကျမ်းကို ဂိုဏ်းကနေ သူယူခဲ့တာ"
"ညီလေး၊ မင်းက ချီအဆင့်ဆိုတာ ငါသိတယ်။ တစ်အုပ်လောက်ဝယ်ပြီး ကျင့်ကြံကြည့်ပါလား။ ကျင့်ကြံပြီးရင် ကောင်းကင်ကိုပျံတက်ပြီး ပါရမီရှင်လုလိုဖြစ်လာမယ်ဆိုတာ ငါအာမခံပါတယ်"
ရုံးတော်ကွပ်ကွဲမှုမရှိသဖြင့် ပစ္စည်းအတုအယောင်များစွာ တွေ့ရသည်။
လုယန် စာအုပ်ကို အသာပြန်ချထားလိုက်သည်။ အတုမှန်းသိသာလွန်းသည်။
သို့သော် သိပ်မသိသာသည့် အတုများလည်းရှိသည်။ ထိုစာအုပ်ဘေး ရှိနေသည့် 'တာအိုလမ်းစဉ်ဂိုဏ်း ဒဏ္ဍာရီ'ဟုခေါ်သည့် စာအုပ်ကိုကြည့်လျှင် သိမည်။
သေချာအနီးကပ်ကြည့်လျှင် တကယ့်စာအုပ်နာမည်က 'တာအိုလမ်းစဉ်ဂိတ်ဒဏ္ဍာရီ'ဖြစ်သည်။
ထိုစာအုပ်မျိုးဘာကြောင့်ရှိနေသည်ကို နားလည်ဖို့လည်းမခက်ပါ။
တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီအစစ်ကို အပြင်လောက လမ်းအားလုံးတွင် တွေ့နိုင်သည်။ မှောင်ခိုဈေးတွင် ရောင်းစရာမလို။
ယခုရှိနေသည့်စာအုပ်က မျက်လုံးအာရုံသိပ်မကောင်းသည့်၊ စာအုပ်ကိုင်ပြီးလျှင် ပြန်ချဖို့ ရှက်တတ်သည့် ကျင့်ကြံသူများကို လှည့်စားဖို့ရည်ရွယ်ထားခြင်းဖြစ်သည်။
လူတစ်ယောက်ကို နာမည်ခေါ်ပြီး ပြန်ထူးမိသည်နှင့် စုပ်ယူနိုင်သည်ဟူသည့် ခရမ်းရွှေဗူးသီးခြောက်ကိုလည်း တွေ့ရသည်။
တကယ်ခရမ်းရွှေဘူးသီးခြောက်က ဤမှောင်ခိုဈေးတစ်ခုလုံးထက် ပိုအဖိုးထိုက်တန်သည်။
ပုံစံတူတစ်ခုသည်ပင် ဝိညာဉ်ပြောင်းအဆင့်များ တန်ဖိုးထားရသည့် မှော်ပစ္စည်းဖြစ်လိမ့်မည်။
အတုဖြစ်စေ အစစ်ဖြစ်စေ ဤနေရာတွင် ပေါ်လာစရာအကြောင်းမရှိ။
မှော်လက်စွပ်လည်း ပုံစံအမျိုးမျိုး အရွယ်အစားမျိုးမျိုးရှိသည်။
ပစ္စည်းသန့်စင်သူများက မကျွမ်းကျင်။ အရည်အသွေးလည်း အာမခံချက်မရှိ။ ထိုနည်းတူစွာ ဈေးနှုန်းကလည်း အပြင်လောကထက် များစွာသက်သာသည်။
မှော်လက်စွပ်တစ်ချို့က အစစ်ဖြစ်သည်။ အရည်အချင်းမရှိသည့် ပစ္စည်းသန့်စင်သူများ ဖန်တီးထားခြင်းဖြစ်သည်။ အများစုက အပေါ်ယံတွင် အစစ်ဟုထင်ရာသော်လည်း သန့်စင်မှုအမှားကြောင့် အသုံးပြုနိုင်သည့်အကြိမ်အရေ ကန့်သတ်ချက်ရှိသည့်ပစ္စည်းများဖြစ်သည်။
သုံးပြီးသည်နှင့် ကျိုးကြေပျက်စီးမည့် အတုများဖြစ်သည်။ မှော်လက်စွပ်အကြောင်း သေချာနားလည်သူများသာ ခွဲခြားနိုင်မည်။
အတုလုပ်ဖို့ခဲယဉ်းသည့် သရဲနှင်အဆောင် မကောင်းဆိုးဝါးနှင်အဆောင်များလည်း ပေါများလှသည်။
အတုများရောင်းခြင်းကြောင့် ဒုက္ခအကြီးအကျယ်။ ထို့ကြောင့် ထိုအဆောင်အားလုံးက အစစ်ဖြစ်သည်။
သို့သော် လုယန်တို့နှစ်ယောက်အတွက်မလိုအပ်။ မုန်ကျင်းကျိုး၏သွေးတစ်စက်က အဆောင်များစွာထက် ပိုထိရောက်သည်။
အဆင့်တူသရဲများနှင့်ရင်ဆိုင်လျှင် အရည်ပျော်ကျသွားနိုင်သည့် ယန်ချီမျိုး ထွက်ပေါ်လာသည်။
လမ်းထောင့်များတွင် မြူဆွယ်နေသည့် ချောချောလှလှ မိန်းကလေးကျင့်ကြံသူများကိုလည်း တွေ့ရသည်။ သို့သော် ချက်ချင်းလျစ်လျူရှုထားလိုက်သည်။
"ဝိညာဉ်ဆင့်ခေါ်အလံတို့လို ပစ္စည်းမျိုးတွေ ဘာလို့မရှိတာလဲကွာ"
လမ်းတစ်ဝက်ထိလှည့်ပတ်ကြည့်လာသည်။ မှောင်ခိုဈေးက ခြောက်ခြားစရာပတ်ဝန်းကျင်မျိုးရှိပါသည်။ သို့သော် ရောင်းချသည့်ပစ္စည်းများက လုယန်ထင်ထားသည်နှင့် တစ်ခြားစီဖြစ်နေသည်။
မုန်ကျင်းကျိုးက အ,တတ်ရန်ကောဟူသည့်အကြည့်ဖြင့်
"ဒီမှောင်ခိုဈေးက အခွန်ရှောင်ဖို့ တည်ဆောက်ထားတာလေ။ မင်းပြောနေတဲ့ ပစ္စည်းမျိုးတွေက နတ်ဆိုးလမ်းစဉ်မှောင်ခိုဈေးမှာပဲရှိမှာပေါ့။
အဲလိုဈေးမျိုးရဲ့တည်နေရာသာသိရင် ငါသွားချေမှုန်းပြီး အစိုးရရုံးတော်ကနေ ဆုကြေးထုတ်မှာပေါ့။ ဘာလို့နတ်ဝိညာဉ်အဆင့်စုဝေးပွဲကို တက်နေမှာလဲ။
အဲဒါက အခုငါတို့လုပ်မယ့်ဟာထက် အများကြီးအကျိုးအမြတ်ရမှာလေ"
မုန်ကျင်းကျိုးစကားမှန်ကန်ကြောင်း လုယန်ဝန်ခံရမည်။
"ရောက်ပြီ...ဒါက နတ်ဝိညာဉ်အဆင့်တွေ တွေ့ဆုံတဲ့နေရာပဲ"
ခမ်းနားသည့်နန်းတော်တစ်ခုကို မုန်ကျင်းကျိုး လက်ညှိုးထိုးပြသည်။ တံစက်မြိတ်အစွန်းတွင် ရှားပါးသားရဲတို့၏ရုပ်ထုများဖြင့် နန်းတော်တစ်ခုလုံး မည်းနက်နေသည်။
ဝိညာဉ်အာရုံကာကွယ်သည့် မှော်စက်ဝန်းတစ်ခုနှင့် ရွှေသန္ဓေကျင့်ကြံသူနှစ်ယောက် တံခါးဝတွင်စောင့်ကြပ်နေသည်။
ထိုနေရာအကြောင်း တိုင်ပုဖန်ထံမှ သတင်းရခဲ့ခြင်းဖြစ်သည်။ ယုံကြည်စိတ်ချရသည်။
လုယန်က မုန်ကျင်းကျိုးကို လှည့်ကြည့်၍
"ဒါနဲ့ ငါမမေးရသေးဘူး။ မင်းပြောတဲ့ ကိုယ့်အားကိုယ်ကိုးပြီးငွေရှာမယ်ဆိုတဲ့နည်းလမ်းက ဘာလဲ"
"သွေးရောင်းဖို့လေ"
*************************************