← Chapters

သွေးရောင်းခြင်း

Vol. 44 Ch. 650

သွေးရောင်းခြင်း

Vol. 44 Ch. 650

ထိုသကောင့်သား ဤနေရာသို့အတင်းလာချင်နေသည်မှာ မဆန်းတော့။ လက်စသတ်တော့ သွေးရောင်းဖို့ဖြစ်နေသည်။

အတော့်ကိုအရှက်မရှိ။

ဖီးနစ်မျိုးနွယ်က သူ့ကိုပြိုင်ဘက်အဖြစ်မြင်လာပြီး သုတ်သင်ရှင်းလင်းပစ်မည်ကိုပင် ကြောက်ဟန်မတူ။

လုယန် ကြိုစဉ်းစားထားသည်။ အချိန်တန်လာလျှင် ရှေ့ထွက်ပြီး ဖီးနစ်ဘိုးဘေး၏အကိုကြီးရာထူးသုံး၍ မုန်ကျင်းကျိုးအလောင်းမပျက်အောင် ဖီးနစ်မျိုးနွယ်ကိုဖျောင်းဖျမည်။

"ရပ်ပါ၊ အကြီးအကဲတို့"

ဂိတ်စောင့်များက ယဉ်ယဉ်ကျေးကျေးတားပြီး သူတို့ကျင့်စဉ်အဆင့်ကို အတည်ပြုရန်ပြင်သည်။

ဖိတ်ခေါ်စာပါသူများက ဖိတ်ခေါ်စာပြလိုက်ရုံသာဖြစ်သည်။

တိုင်းခြားနယ်မြေမှ ဖိတ်စာမပါဘဲလာသည့် ကျင့်ကြံသူများလည်းရှိသည်။ ထိုအခြေအနေမျိုးတွင် ကျင့်စဉ်အဆင့်ကို အတည်ပြုဖို့လိုလာသည်။

အကယ်၍ မျက်နှာဖုံးဝတ်ထားသူတိုင်း နတ်ဝိညာဉ်ခန်းမထဲဝင်ကြမည်ဆိုလျှင် ရယ်စရာဖြစ်လိမ့်မည်။

"ငါ့ကိုတားတာလား"

မုန်ကျင်းကျိုးခြေလှမ်းရပ်၍ အေးစက်စက်တစ်ချက်ကြည့်သည်။ နတ်ဝိညာဉ်အလတ်တန်းဆင့်စွမ်းအင်ရောင်ကို ထုတ်လွှတ်သည်။

အစောင့်နှစ်ယောက် ကြောက်သွားပြီး ချက်ချင်းတောင်းပန်ကြသည်။ သူတို့ရှေ့မှလူသည် နတ်ဝိညာဉ်အဆင့်ဖြစ်ကြောင်း သေချာသွားသည်။

"မတားရဲပါဘူး အကြီးအကဲတို့။ ဝင်ပါခင်ဗျာ"

ခန်းမထဲရောက်သည်နှင့် ပတ်ဝန်းကျင့်အခြေအနေက ချက်ချင်းပြောင်းလဲသွားသည်။ ခန်းမတစ်ခုလုံး ထိန်လင်းနေသည်။ သေချာကြည့်လျှင် ထိုအလင်းများသည့် နှစ်ထောင်ချီတည်တံ့သည့် ရေသူမမီးအိမ်မှအလင်းဖြစ်ကြောင်း သိလိမ့်မည်။

ထိုပစ္စည်းမျိုးက အလွန်ဈေးကြီးသည်။ ဈေးကွက်တွင် တန်ဖိုးသတ်မှတ်၍မရ။

နတ်ဆိုးနိုင်ငံဖွင့်ပွဲတွင် တရားဝင်ဖိတ်ကြားခံရသည့် အရှေ့ပင်လယ် ရေသူမျိုးနွယ်၏ ထုတ်ကုန်ဖြစ်သည်။

ဆီမီးအိမ်ပြုလုပ်သည့်လုပ်ငန်းစဉ်က ခက်ခဲသည်။ လျှို့ဝှက်ထားကြသည်။ လောကတွင်သိသူသိပ်မရှိ။ သာမန်အဆင့်အတန်းမျိုးမဟုတ်သည့် လုယန်နှင့်မုန်ကျင်းကျိုးကတော့ ထိုနည်းလမ်းကိုသိသည်။

ရေသူမဆီမီးအိမ်လုပ်ရာတွင် အခဲယဉ်းဆုံးအပိုင်းက ကုန်ကြမ်းဖြစ်သည်။ ရေသူမများအတွက်လည်း လိုအပ်ချက်မြင့်မားလှသည်။

စုစည်းခြင်းအဆင့်ရှိသည့် ဗိုက်ရွှဲရွှဲရေသူမတစ်ယောက် ဖြစ်ရသည်။ ထိုရေသူမဝမ်းဗိုက်မှအဆီကို ဖြတ်ယူရသည်။

ထို့နောက် ခန္ဓာကိုယ်ပြန်မွေးဖွားခြင်းပညာသုံးသည်။ ဒဏ်ရာပျောက်သွားပြီး အဆီများပြန်ပေါ်လာသည်။

ဖြတ်ယူလိုက်သည့်အဆီသည် ရေသူမဆီမီးအိမ်များဖြစ်လာအောင် သန့်စင်ဖို့ ကုန်ကြမ်းဖြစ်သည်။

သန့်စင်နည်းကို ဘာကြောင့်လျှို့ဝှက်ထားသည်တော့ မသိရ။ ဖီးနစ်များသွေးရောင်းသည့်အကြောင်းရင်းနှင့် ဆင်တူဖြစ်မည်ဟု လုယန်ခန့်မှန်းသည်။ ထို့ကြောင့် ထပ်မစပ်စုတော့။

ခန်းမအလယ်တွင် မှော်ပစ္စည်းတစ်ဒါဇင်၊ ဆေးပင်တစ်ဒါဇင်ခန့် ချထားသည်။ လုယန်တို့နှစ်ယောက်မှလွဲ၍ နတ်ဝိညာဉ်ကျင့်ကြံသူအားလုံးအတွက် အသုံးဝင်သည့်ပစ္စည်းများဖြစ်သည်။

ဘေးခန်းခွဲများလည်း အတော်များများရှိသည်။ အခန်းနာမည်များအရ တစ်ချို့အခန်းများက သတင်းရောင်းသည်။ တစ်ချို့က နတ်ဝိညာဉ်ထိပ်သီးအဆင့်များ သီးသန့်စကားပြောဖို့ဖြစ်သည်။ တစ်ချို့က ပုံမှန်ဆေးဝါးများရောင်းသည်။ တစ်ချို့က ပုံမှန်မှော်ပစ္စည်းများရောင်းသည်။

"ဒီနေရာမှာ အတော်လူစည်တာပဲ။ ပတ်ကြည့်ကြမလား"

ခန်းမတွင် ဝတ်ရုံနက်ဒါဇင်ချီ၍ရှိသည်။ အားလုံး နတ်ဝိညာဉ်အဆင့်များဖြစ်သည်။

အားလုံးက ကုန်ပစ္စည်းဖလှယ်ဖို့ ဘေးခန်းတစ်ခုစီသို့ ဦးတည်လျှောက်သွားသည်။ သတ်မှတ်ထားသည့်ထုံးစံအတိင်း အရောင်းအဝယ်ပြုလုပ်ချိန် ရောက်လာပုံရသည်။

ဘေးခန်းတစ်ခုစီတွင် နတ်ဝိညာဉ်အဆင့်များ နှစ်ယောက်စီ သုံးယောက်စီ အုပ်စုငယ်များဖွဲ့သည်။

"လောင်ဖေး။ နင်မသေသေးဘူး‌ပေါ့ အဖိုးကြီး။ နင်သေခါနီးရင် ငါ့ကိုကြိုတင်အကြောင်းကြားပါ။ ငါလာပြီး ဂုဏ်ပြုပေးမယ်"

ဝံပုလွေခေါင်းကြိမ်တုတ်ပေါ်အားပြုနေသည့် အဖွားကြီးတစ်ယောက်ကပြောသည်။

"ဒါဆိုရင်တော့ဆိုးတာပဲ။ ငါကမင်းထက်လုံးဝအရင်သေမှာမဟုတ်ဘူး အဖွားရှဲ့"

အဖိုးဖေး၏မျက်လုံးများက အေးစက်တင်းမာသည်။ အဆိပ်မြွေတစ်ကောင်ကြည့်နေသည်နှင်တ့ူသည်။

ဤနေရာသို့လာကြသည့် နတ်ဝိညာဉ်သက်ကြီးပိုင်းများသည် အနီးအနားမြို့တော်များမှ လာခြင်းဖြစ်သည်။

မည်မျှရုပ်ဖျက်ထားသည်ဖြစ်စေ အားလုံးခန့်မှန်းနိုင်ကြသည်။

အဖိုးဖေးနှင့် အဖွားရှဲ့က ရုပ်ဖျက်လေ့သိပ်မရှိ။ ရင်းနှီးသူတိုင်းက သူတို့ကိုတစ်ချက်ကြည့်ရုံဖြင့် မှတ်မိသည်။

ထိုနှစ်ယောက်သည် ဤနယ်မြေတွင် ထိပ်ဆုံးနတ်ဝိညာဉ်အဆင့်ဖြစ်သည်။ ဤနေရာတွင် ပြိုင်ဘက်ကင်းသည်။ အန္တရာယ်မရှိ။

သူတို့တည်ထောင်ထားသည့် နတ်ဝိညာဉ်မိသားစုများကလည်း စွမ်းအားကြီးသည်။ လုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်သည်။ သံရည်ကျိူလုပ်ငန်း၊ အထည်လုပ်ငန်း၊ အာမခံလုပ်ငန်း စသဖြင့်ရှိသည်။ အတိုင်းအဆမရှိကြွယ်ဝသည်။

ထိုနှစ်ယောက်သည် ဤမှောင်ခိုဈေး၏ အရှင်သခင်အစစ်နှစ်ယောက်ဟု တစ်ချို့က ပြောကြသည်။ သို့သော် သက်သေတော့မရှိ။

သို့သော် မုန်ကျင်းကျိုးအတည်ပြုနိုင်သည်။ တိုင်ပုဖန်ရထားသည့် သတင်းအရ ထိုနှစ်ယောက်သည် တကယ်မှောင်ခိုဈေးအရှင်သခင်များဖြစ်သည်။

သူတို့ကတောက်ကဆဖြစ်ကြသည်က အပြင်လူများကို လှည့်စားဖို့သက်သက်ဖြစ်သည်။ မှားတစ်ဝက်မှန်တစ်ဝက်စကားများ လျှောက်ပြောသည်။

တိုင်ပုဖန်ရထားသည့်သတင်းက စိတ်ချယုံကြည်ရလောက်သည်။ သို့သော် လောလောဆယ် ထိုကိစ္စ သူတို့နှင့်မဆိုင်ပါ။

"မင်းတို့မှာ ခြင်ဆီနှင့်ဝိညာဉ်သန္ဓေသန့်စင်နိုင်တဲ့ ရတနာမျိုး ဆေးဝါးမျိုးရှိလား။ ဈေးကောင်းပေးမယ်"

တစ်ယောက်က အော်မေးသည်။ သူ့မျိုးဆက်သစ်များ ခန္ဓာကိုယ်အခြေခံတိုးတက်ဖို့ ရတနာလာရှာခြင်းဖြစ်သည်။

"ဘယ်မိတ်ဆွေမှာ ပထမအဆင့်ဂိုဏ်းရဲ့ တပည့်ဖြစ်ဖို့အတွက် ဝင်ခွင့်စမ်းသပ်ပွဲမေးခွန်းရှိလား။ ရှိရင် နတ်ဝိညာဉ်အသွင်ပြောင်းဆေးလုံးနဲ့ လဲချင်ပါတယ်"

"တကယ်လား၊ အဲဒါမျိုးကို နတ်ဝိညာဉ်အသွင်ပြောင်းဆေးလုံးတစ်ခုနဲ့ လဲလို့ရတယ်ပေါ့"

ချမ်းသာကြွယ်ဝသည့် နောက်တစ်ယောက်ကလည်း စိတ်ဝင်စားနေသည်။

ပထမလူက မှော်အဆောင်များဖြင့် ချိတ်ပိတ်ထားသည့် သစ်သားသေတ္တာတစ်လုံး ထုတ်ယူလိုက်သည်။ သေတ္တာထဲမှ ဆေးနံ့က ဝေ့ဝဲတက်လာသည်။

"ဒီအနံ့က...ဟုတ်တယ်။ အဲဒါ နတ်ဝိညာဉ်အသွင်ပြောင်းဆေးလုံးပဲ။ ကျုပ်မှာ ပထမအဆင့်ဂိုဏ်းအတွက် ဝင်ခွင့်မေးခွန်းတော့မရှိဘူး။ ဒီထက်ပိုကောင်းတာတစ်ခုရှိပါတယ်"

"ဒီထက်ပိုကောင်းတာလား။ မဟာထိပ်တန်းဂိုဏ်းလား"

ဆေးလုံးပိုင်ရှင် အံ့အားသင့်သွားသည်။

"မဟုတ်သေးဘူး။ ဒီထက်တောင်ပိုအဆင့်မြင့်သေးတယ်"

"မသေမျိုးငါးဂိုဏ်းပေါ့"

ဆေးပိုင်ရှင် ဂဏာမငြိမ်ဖြစ်လာသည်။ ထိုမသေမျိုးဂိုဏ်းဝင်ခွင့်မေးခွန်းများ ဘယ်အချိန်ကတည်းက စရောင်းနေကြသလဲဟု တွေးနေသည်။

အကယ်၍ ရောင်းလျှင်ပင် နတ်ဝိညာဉ်အသွင်ပြောင်းဆေးတစ်လုံးတည်းဖြင့် ဝယ်လို့ရနိုင်မည်မဟုတ်။

မသေမျိုးငါးဂိုဏ်းသို့ ဝင်နိုင်ခြင်း ငါးကြင်းက နဂါးဂိတ်ကိုဖြတ်၍ ခုန်တက်ခြင်းနှင့်တူသည်။ ထိုအချိန်မှစ၍ အနာဂတ်တောက်ပလာမည်။ တိုးတက်နိုင်ခြေ အကန့်အသတ်မရှိဖြစ်လာမည်။

မသေမျိုးငါးဂိုဏ်းမှတပည့်ဆိုလျှင် ချီအဆင့်ဖြစ်စေ အခြေတည်အဆင့်ဖြစ်စေ ဤနတ်ဝိညာဉ်အဆင့်များက အဆင့်တူအဖြစ်သဘောထား၍ ဆက်ဆံရသည်။

"မိတ်ဆွေ၊ ရဲရဲပြောပါ။ ဒီထက်မြင့်သေးတယ်။ ကျုပ်မှာရှိတာက လောကနံပတ်တစ်အင်အားစုကို ဝင်နိုင်မယ့်အခွင့်အရေးပါ"

ဆေးလုံးပိုင်ရှင် စဉ်းစားရခက်သွားသည်။ ထိုထက်ကျော်လျှင် ဘယ်လိုဂိုဏ်းမျိုး ရှိသေးသနည်း။

အနီးတွင်ရှိနေသည့် ကျင့်ကြံသူများလည်း အာရုံစိုက်လာကြသည်။ ထိုနှစ်ယောက် အရောင်းအဝယ်မတည့်လျှင် သူတို့ကြားဝင်ဈေးညှိနိုင်သည်။

ပဟေဠိပိုင်ရှင်က ခေါင်းငြိမ့်၍ ဖြေးညှင်းစွာပြောသည်။

"မဟာရှားအင်ပါယာနန်းတော်က ကုန်းကုန်းတွေ ခေါ်နေတယ်။ စာရင်းပေးလိုက်တာနဲ့ ဝင်လို့ရပါတယ်"

ဆေးလုံးပိုင်ရှင် ဒေါသအိုးပေါက်ကွဲသွားပြီး တိုက်ခိုက်မိမတတ်ဖြစ်သွားသည်။

သို့သော် ချက်ချင်းစိတ်ထိန်းလိုက်သည်။

မှောင်ခိုဈေးတွင် တိုက်ခိုက်ခြင်းကိုတားမြစ်ထားသည်။ စည်းမျဉ်းဖောက်သူကို အနည်းဆုံး မှောင်ခိုဈေးသို့ တစ်သက်တာဝင်ခွင့်ပိတ်ပင်သည်။ အဆိုးဆုံး ပွဲချင်းပြီး အသတ်ခံရနိုင်သည်။

တစ်ဘက်လူလုပ်ရပ်ကလည်း တမင်တကာဒေါသထွက်အောင်လုပ်ခြင်းဖြစ်ကြောင်း သိသာသည်။

မုန်ကျင်းကျိုးက ဒေါသချုပ်တည်းလိုက်သည့်ကျင့်ကြံသူထံ လျှောက်သွားပြီး တီးတိုးပြောသည်။

"မိတ်ဆွေ၊ နောက်နှစ်ဝက်ကြာရင် တာအိုလမ်းစဉ်ဂိုဏ်းက တပည့်သစ်တွေခေါ်လိမ့်မယ်။ မေးခွန်းတွေလည်း အတည်ပြုပြီးပြီ။

တိုက်တိုက်ဆိုင်ဆိုင် ကျုပ်ဆီမှာ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ဝင်ခွင့်မေးခွန်းရှိတယ်။ ခင်ဗျားစိတ်ဝင်စားလား"

"လူလိမ်"

လိမ်နေမှန်း သူချက်ချင်းသိသည်။

"ဒေါသမထွက်ပါနဲ့မိတ်ဆွေ။ အဲဒါကိုမလိုချင်ရင် ယန်အားတိုးစေတဲ့သွေးလည်း ကျုပ်မှာရှိတယ်။ ဖီးနစ်မျိုးနွယ်ရဲ့သွေးထက်တောင် ပိုအလုပ်ဖြစ်တယ်။ စိတ်ဝင်စားသလား"

ဆေးလုံးပိုင်ရှင်က "လူလိမ်"ဟု ထပ်အော်ရန်ပြင်ပြီးမှ ချက်ချင်းပါးစပ်ပိတ်သွားသည်။ ထိုပစ္စည်းမျိုး သူအသေအလဲလိုအပ်နေသည်။

"တကယ်ဖီးနစ်သွေးထက်ကောင်းတာလား"

လက်ရှိတွင် ဖီးနစ်သွေးကျောက်တုံးများကို ယန်အားတိုးဖို့သုံးကြသည်။ သို့သော် သူတို့အာနိသင်က ပုံမှန်သာဖြစ်သည်။ ဖီးနစ်မျိုးနွယ်များ သိသွားမည်ကိုလည်း စိုးရိမ်ရသည်။

တကယ်ဖီးနစ်သွေးထက်ပိုပြီး အာနိသင်ထက်မြက်လျှင် ဘယ်သူမဆိုလိုချင်ကြမည်။

သို့သော် ဘယ်လိုသွေးမျိုးက ဖီးနစ်သွေးထက် ပိုအစွမ်းထက်သနည်း။

လုယန် အေးစက်စက်နှာခေါင်းတစ်ချက်ရှုံ့၍ မုန်ကျင်းကိုယ်စား ဝင်ပြောပေးသည်။

"ဒါက အခုထိလူပျိုစစ်စစ်အဖြစ်ရှိနေသေးတဲ့ အဆင့်မြင့်စွမ်းအားရှင်တစ်ယောက်ရဲ့သွေးပါ။ ဆောင်ကြာမြိုင်ကို ခုနစ်ကြိမ်ခုနစ်ခါ ဝင်ထွက်ခဲ့တာတောင် ယန်ဓာတ်မယိုစိမ့်ခဲ့တဲ့သူပေါ့။

မိန်းမတစ်ယောက် သူ့ပေါင်ပေါ်ထိုင်နေချိန်တောင် သူ့စိတ်ကို ထိန်းထားနိုင်တယ်။ သူထိန်းချုပ်နိုင်စွမ်းကောင်းလွန်းလို့ နန်းတော်ကုန်းကုန်းတွေကတောင် ချီးကျူးရတယ်။

သူ့ရဲ့ယန်ချီအားလုံးကို သူ့သွေးထဲမှာ ပိတ်လှောင်ထားတာ။ အဆင့်နိမ့်တဲ့ ဖီးနစ်သွေးမျိုး၊ ရာဂလျှံတဲ့ စပါးကြီးမြွေသည်းခြေမျိုး ဒါမှမဟုတ် ယင်ယန်ပေါင်းစည်းခြင်းပန်းပွင့်မျိုးနဲ့ ဘယ်လိုယှဉ်လို့ရမှာလဲ"

မုန်ကျင်းကျိုး "..."

ခွေးသူတောင်းစား...မင်းပြောတဲ့စကားတွေက ဒီထက်ဆိုးစရာမရှိတော့ဘူး...ငါဒီလောက်သနားစရာကောင်းတဲ့လူ ဘယ်လိုလုပ်ဖြစ်သွားတာလဲ။

**************************************

All Chapters