တောင်များ ဖြိုနိုင်တဲ့ ခွန်အား
Vol. 6 Ch. 77
~'မြန်… မြန်လိုက်တာ..'
မြောင်ချင်းချင်းမှာ မှင်တက်မိသွား၏။ ဖုန်းဝူချန်၏ ပုံရိပ်ကို သူမ လုံးဝပင် မမြင်လိုက်ရချေ။ လေပြင်းတစ်ချက် သူမအနားမှ တိုက်ခတ်ဖြတ်သန်းသွားသည်ဟုသာ ခံစားလိုက်ရလေသည်။
ဤအခိုက်အတန့်တွင် ဖုန်းဝူချန်က မြောင်ချင်းချင်းအား သူသည် အသွင်ပြောင်းဘုံ ကျင့်ကြံသူတစ်ဦးမျှသာ မဟုတ်ဟု ခံစားရစေခဲ့သည်။ ရုတ်တရက် အနက်ရောင်အရိပ်တစ်ခု သူမစိတ်ထဲ ဖျတ်ခနဲပေါ်လာ၏…။
ကြောက်မက်ဖွယ်ရာ ထျန်းယွမ်ဘုံ ကျင့်ကြံသူ တစ်ဦးကဲ့သို့ပင်။
ထိုထူးကဲသော ခံစားချက်က ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။
"လျိုချင်းယန် ဘယ်မှာလဲဆိုတာ မင်း ငါ့ကို ပြောမလား၊ ဒါမှမဟုတ် မင်းကို သေအောင် ရိုက်ပြီး ငါ့ဘာသာ သွားရှာရမလား.. အဲ့ဒီနှစ်ခုထဲက တစ်ခုခုရွေးလိုက်.."
ဖုန်းဝူချန်၏ စကားလုံးများက အရိုးထဲထိ စိမ့်အောင် အေးစက်လှသည်။ စကားလုံးတိုင်း သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။ ‘သေ’ ဟူသော စကားလုံးကို ဆိုသည့်အခါ လေသံက ပို၍ပင် ပြတ်သား
ထက်ရှသွားတော့သည်။
လင်ယွင်ချုံး၏ တစ်ကိုယ်လုံး ချွေးစေးများ စို့ထွက်လာချေပြီ။
ဖုန်းဝူချန်၏ စကားလုံးများကြောင့်ရော၊ သူ ကြောက်လန့်တကြား ဖြစ်သွားခဲ့ရခြင်းကြောင့်ပါ သူ၏မျက်နှာမှာ ကြောက်စရာကောင်းလောက်အောင် သုန်မှုန်သွား၏။ သတ်ဖြတ်လိုစိတ်နှင့် မုန်းတီးမှုတို့ သူ၏မျက်လုံးများထဲတွင် ပြန်လည်ပေါ်ပေါက်လာလေသည်။
'ဆေးအစွမ်းကုန်သွားရင် မင်းဘယ်လိုသေမလဲ ကြည့်ကြသေးတာပေါ့..'
လင်ယွင်ချုံးက ဟိန်းဟောက်လိုက်ရင်း ဖုန်းဝူချန်၏ ဦးခေါင်းဆီသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်တော့သည်။
“ခွပ်”
သို့သော် ကံဆိုးစွာပင် ဖုန်းဝူချန်က ပို၍မြန်ဆန်ခဲ့သည်။ လင်ယွင်ချုံး လက်သီးပစ်သွင်းလိုက်သည့် ထိုအခိုက်မှာပင် ဖုန်းဝူချန်၏ လက်သီးက လင်ယွင်ချုံး ကိုယ်ပေါ်သို့ ကျရောက်ပြီးသား ဖြစ်ချေသည်။
ပြင်းထန်သော စွမ်းအားကြောင့် လင်ယွင်ချုံးမှာ မီတာ ဒါဇင်အနည်းငယ် အကွာသို့ လွင့်စဉ်ထွက်သွားလေ၏။
ဝမ်းဗိုက် အောက်ပိုင်းမှ ပြင်းထန်သော နာကျင်မှု တစ်ခု တိုးဝင်လာသဖြင့် သူ အသက်ရှူရန်ပင် ခက်ခဲသွားတော့သည်။ ထိုလက်သီးက လင်ယွင်ချုံးကို ဒဏ်ရာ မရစေခဲ့သော်လည်း သူ့ကို အတော်ပင် မသက်မသာ ဖြစ်သွားစေခဲ့၏။
"မင်းကို သတ်ဖို့ ဆယ့်ငါးမိနစ်ဆို လုံလောက်တယ်ကွ.. မင်းကို ငါ သတ်လိုက်ရင်တောင် ဖန်ထျန်းတောင်ကြားက ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ မင်း အဲ့လိုမထင်ဘူးလား.." ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်သည်။
ဆဌမအလွှာ အသွင်ပြောင်းဘုံ ကျင့်ကြံသူတစ်ဦး၏ အစွမ်းသတ္တိက ဖုန်းဝူချန်ကို အလွန်တရာ စိတ်လှုပ်ရှားပြီး မောက်မာစေခဲ့လေသည်။
"ဟမ့်.. ဝိညာဉ်ဖြတ် ဆေးလုံးကရတဲ့ အစွမ်းလေးနဲ့များ ငါ့ကိုသတ်ချင်တယ်.. တော်တော်ရယ်ရတဲ့ ပြက်လုံးပဲ.." လင်ယွင်ချုံးက မထီမဲ့မြင် ဆိုလိုက်၏။ ခုနက လက်သီးက သူ့ကို လုံးဝမနာစေခဲ့ပါ။
"ဩော်.. ဟုတ်လို့လား.."
ဖုန်းဝူချန်က လှောင်ပြောင်သည့်ဟန်ဖြင့် ပြန်မေးလိုက်သည်။
“ခဏနေရင်တော့ မင်း ငိုရအောင် ငါလုပ်ပြမယ်”
“ဘုန်း..”
လင်ယွင်ချုံး စကားရှည်မနေတော့ပေ။
သူ ကိုယ်ကို ပြန်ထိန်းလိုက်နိုင်သည်နှင့် မြေပြင်ကို ခြေဖြင့် ဆောင့်နင်းကာ သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်သော အရှိန်အဟုန်ဖြင့် အနက်ရောင်မျဉ်း
တစ်ကြောင်းအဖြစ် ပြောင်းလဲကာ ပေါက်ကွဲထွက်သွားတော့သည်။
ဖုန်းဝူချန်ကလည်း မဆိုင်းမတွပင် ပြေးဝင်သွား၏။ တေ့တေ့ဆိုင်ဆိုင် ရင်ဆိုင်ရလျှင် သူ ဘယ်သူ့ကိုမှ မကြောက်ခဲ့ဖူးပါ။
"အစ်ကို ဖုန်း … သတိထား.."
မြောင်ချင်းချင်းက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
ဖုန်းဝူချန်က ဝိညာဉ်ဖြတ် ဆေးလုံးကို မျိုချထားသော်ငြား မြောင်ချင်းချင်းမှာ စိုးရိမ်နေဆဲပင်။
“ဘုန်း ဘုန်း ဘုန်း..”
ပြင်းထန်သော နှစ်ယောက်ချင်း တိုက်ပွဲ တစ်ခု စတင်ဖြစ်ပွားလေသည်။
လက်သီးများ၊ ခြေထောက်များ ထိခတ်မိကြပြီး ကြောက်မက်ဖွယ် အစစ်အမှန်ချီဓာတ်များ တုန်ခါသွား၏။
မြင်နိုင်သော တုန်ခါမှုလှိုင်းများ ပျံ့နှံ့ထွက်သွားပြီး လေဟာနယ်သည် ပင်လယ်လှိုင်းများကဲ့သို့ လှုပ်ခတ်နေသည်။
ထိခတ်သံများသည် တောနက် တောင်တန်းများထဲတွင် အချိန်အတော်ကြာ ပဲ့တင်ထပ်နေခဲ့လေ၏။
"မင်းညီ ဘယ်လိုသေသွားလဲ သိချင်လား.."
ဖုန်းဝူချန်က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရင်း လှောင်ပြောင်သလို မေးလိုက်သည်။
ထိုအခါ လင်ယွင်ချုံး၏ သတ်ဖြတ်လိုစိတ်က ပို၍ ပြင်းထန်လာပြီး သူ၏မျက်လုံးထဲမှ မုန်းတီးမှုမှာ ပိုမို နက်ရှိုင်းလာတော့၏။
"ငါက သူ့ကို သတ်မလို့တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူက သေလမ်းရှာတာကိုး။ သားရဲဝိညာဉ် ဆေးလုံးကို မျိုချပြီး ငါ့သူငယ်ချင်းကို ဒဏ်ရာရအောင် လုပ်တယ်။ ငါက ဒေါသထွက်ပြီး သူ့နှလုံးသားကို သေအောင်ထိုးလိုက်တာပဲ။ သူ့ရင်ဘတ်ကြီး ချိုင့်ဝင်သွားပြီး အရမ်းစုတ်ပြတ်သတ်နေအောင် သေသွားတာ လေ၊ ဟာဟာ့.."
ဖုန်းဝူချန်က လှောင်ပြောင်သလို ဆို၏။
"ပါးစပ်ပိတ်ထားစမ်း.."
လင်ယွင်ချုံး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
သူ၏မျက်လုံးများမှာ မုန်းတီးမှုနှင့် ဒေါသတို့ကြောင့် သွေးရောင်လွှမ်းနေ၏။
သူ၏ အစွမ်းသတ္တိသည်လည်း မုန်းတီးမှုနှင့် ဒေါသတို့ကြောင့် ပို၍ပင် အားကောင်းလာခဲ့သည်။
"မင်း အရမ်းဒေါသထွက်နေလား.. ငါ့ကို သတ်ချင်နေလား.. ကဲ… မင်းအစွမ်းရှိသလောက် ထုတ်သုံးလိုက်လေ.."
ဖုန်းဝူချန်က သူ့ကို ဆက်လက်၍ ဒေါသ နှိုးဆွနေပါသည်။
"အား.."
လင်ယွင်ချုံး ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူ၏ ကြောက်မက်ဖွယ်အရှိန်အဝါ မြင့်တက်လာပြီး သူ၏သတ်ဖြတ်လိုစိတ်များလည်း တိုးပွားလာသည်။
မျက်နှာပေါ်မှ သွေးကြောများ ဖောင်းကြွလာကာ မြွေစိမ်းငယ်လေးများအလား ထင်ရလေ၏။
သူ၏သွေးရောင်လွှမ်းသော မျက်လုံးများဖြင့် ဖုန်းဝူချန်ကို စူးစူးရဲရဲ ကြည့်ကာ ဟိန်းဟောက်လိုက်သည်။
"ငါ့ကို ဒေါသထွက်အောင် လုပ်တဲ့ အကျိုးဆက်ကို မင်း သိစေရမယ်.."
ဒေါသထွက်နေသော လင်ယွင်ချုံး၏ တိုက်ခိုက်မှုများမှာ ပို၍ပင် ပြင်းထန်လာတော့သည်။
သူက ခုခံ ကာကွယ်ခြင်းကို လုံးဝစွန့်လွှတ်လိုက်ပြီး စွမ်းအားရှိသမျှဖြင့် အားကုန်တိုက်ခိုက်လေ၏။
သို့သော် ဤသို့ပြုလုပ်ခြင်းက လင်ယွင်ချုံးအား အားနည်းချက်များ အပြည့်ဖြစ်စေခဲ့သည်။
လင်ယွင်ချုံး၏ တိုက်ခိုက်မှုများ မည်မျှပင် ပြင်းထန်စေကာမူ ဖုန်းဝူချန်ကိုမူ ဘာမှမထိခိုက်စေနိုင်ခဲ့ပေ။
ဖုန်းဝူချန်၌ နတ်ဆိုးနဂါးနတ်ဘုရား၏ ကြွယ်ဝသော အတွေ့အကြုံများ ရှိနေသည် မဟုတ်ပါလော။ သူ မမြင်ဖူးခဲ့သည့် ဘယ်လို ကျွမ်းကျင်သူမျိုးများ ရှိခဲ့ဖူးပါသနည်း။
ထို့အပြင် သူ၌ အစွမ်းထက်သော နဂါးနတ်ဘုရားအရိပ် သိုင်းကွက်လည်း ရှိနေသေး၏။
သာမန် အသွင်ပြောင်းဘုံ နဝမအလွှာ သိုင်းပညာရှင်တစ်ယောက်က ဖုန်းဝူချန်ကို မည်သို့ ထိမှန်နိုင်ပါမည်နည်း။
“အုန်း အုန်း အုန်း”
ခုခံကာကွယ်မှုကို စွန့်လွှတ်လိုက်သော လင်ယွင်ချုံးက ဖုန်းဝူချန်အား အကောင်းဆုံးသော အခွင့်အရေးကို ပေးလိုက်သလိုပင်။ ပြင်းထန်သော တိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို လင်ယွင်ချုံး၏ ကိုယ်ပေါ်သို့ ကျရောက်လာတော့သည်။
လင်ယွင်ချုံးမှာ ခုခံနိုင်ခြင်း မရှိဘဲ တစ်လှမ်းချင်း ဆုတ်ခွာနေရ၏။
ဒေါသထွက်နေသော လင်ယွင်ချုံးမှာ အလွန်တရာ မကျေမနပ်ဖြစ်နေမိသည်။
သူ၏ တိုက်ခိုက်မှုများ ပိုပြင်းထန်လေလေ၊ ဖုန်းဝူချန်ကို မနှိမ်နင်းနိုင်လေလေပင်။ ထိုအစား သူက ဖုန်းဝူချန်အား တိုက်ခိုက်ရန် အခွင့်အရေး ပေးလိုက်သလို ဖြစ်နေတော့သည်။
'ဒီသောက်ကလေးက ငါ့သိုင်းကွက်တွေကို ဘယ်လိုလုပ် ကြည့်မြင်နိုင်ရတာလဲ..' လင်ယွင်ချုံးက စိတ်ထဲမှ ဒေါသတကြီး တွေးနေမိသည်။
သူ နားမလည်နိုင်ခဲ့ပါ။
၎င်းမှာ သူတို့ ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်းသာဖြစ်ပြီး လင်ယွင်ချုံး၏ သိုင်းကွက်များမှာ လင်ယွင်ထျန်းနှင့် လုံးဝကွဲပြားပါသည်။ ဖုန်းဝူချန်က သူ၏တိုက်ခိုက်မှုများကို ဤမျှ လွယ်ကူစွာ မည်သို့ ရှောင်တိမ်းနိုင်ရသနည်း။
ဘာတွေဖြစ်နေတာလဲ။
“ခွပ် ..”
လင်ယွင်ချုံး အလွန်အမင်း ကြောင်အမ်းနေစဉ်မှာပင် ဖုန်းဝူချန်က အခွင့်ကောင်းယူကာ သူ့ ညာဘက်ပါးပြင်သို့ လက်သီးဖြင့် ခွပ်ခနဲ ထိုးလိုက်၏။
“ဝေါ့..”
ပြင်းထန်သော အသံနှင့်အတူ အရိုင်းဆန်သော စွမ်းအားကြောင့် လင်ယွင်ချုံးမှာ သွေးတစ်ပွက် အန်ထွက်သွားပြီး သူ၏ ခန္ဓာကိုယ်လည်း လွင့်စဉ်ထွက်သွားတော့သည်။
ဝိညာဉ်ဖြို ဆေးလုံးက ဖုန်းဝူချန်၏ အလားအလာများကို နှိုးဆွပေးခဲ့ပြီး သူ၏ ကျင့်ကြံမှုကို အသွင်ပြောင်းဘုံ ဆဌမအလွှာသို့ ယာယီတိုးမြှင့်ပေးခဲ့သည်။ ဖုန်းဝူချန်၏ တကယ့်တိုက်ခိုက်ရေး စွမ်းရည်မှာ အသွင်ပြောင်းဘုံ နဝမအလွှာ သိုင်းပညာရှင် တစ်ဦးနှင့် နှိုင်းယှဉ်နိုင်ပါသည်။
နတ်ဆိုးနဂါးနတ်ဘုရား၏ အတွေ့အကြုံများနှင့် ပေါင်းစပ်လိုက်သည့်အခါ လင်ယွင်ချုံးကို ထိမှန်စေရန်မှာ သူ့အတွက် လွယ်ကူလှပါသည်။
သူ၏ပြိုင်ဘက်သာ အလွန်တရာ ထူးချွန်ထက်မြက်သူ တစ်ဦး မဟုတ်သရွေ့ ဖုန်းဝူချန်သည် တူညီသော ကျင့်ကြံခြင်းဘုံ၌ အနိုင်ရသူသာ ဖြစ်ပေလိမ့်မည်။
'ဘာဖြစ်နေတာလဲ.. ငါ ဘာလို့ သူ့ကို လက်သီးတစ်ချက်တောင် မထိနိုင်ရတာလဲ..' လင်ယွင်ချုံးမှာ မကျေမနပ်ဖြစ်ကာ ဒေါသထွက်နေတော့သည်။
သူ၏ ပြင်းထန်သော တိုက်ခိုက်မှုများ ဖုန်းဝူချန်ကို ထိမှန်ခါနီးတိုင်း ထိုအကောင်က ကျွမ်းကျင်စွာ ရှောင်တိမ်းသွားတတ်သည်။
အကြိမ်တိုင်းတွင် လင်ယွင်ချုံးမှာ သူ၏အဆုတ်များ ပေါက်ကွဲထွက်လုမတတ် ဒေါသထွက်ခဲ့ရ၏။
လင်ယွင်ချုံးကို နောက်သို့ ဆုတ်သွားစေပြီးနောက် ဖုန်းဝူချန်က ပြင်းထန်စွာ ရှေ့သို့ ပြေးဝင်တိုက်ခိုက်လိုက်သည်။
လင်ယွင်ချုံးကို အသက်ရှူချိန်ပင် မပေးခဲ့ပေ။ သူ အချိန်ဖြုန်းချင်စိတ်လည်း မရှိတော့ပါ။ ဆေးအာနိသင် ကုန်သွားသည်နှင့် အန္တရာယ်ကျရောက်သွားပေလိမ့်မည်။
ရန်သူအပေါ် ကြင်နာခြင်းသည် မိမိကိုယ်ကို ရက်စက်ခြင်းပင် မဟုတ်လား..။
“ရှပ်.. ရှပ်..”
ဖုန်းဝူချန်၏ ပုံရိပ်သည် သရဲ တစ်ကောင်ကဲ့သို့ ဖျတ်ခနဲ ဖျတ်ခနဲ လှုပ်ရှားနေသည်။ လင်ယွင်ချုံးမှာ ဝိုးတဝါးပုံရိပ် တစ်ခုကိုသာ မြင်နိုင်ပြီး သူ၏ တိကျသော နေရာကို မခန့်မှန်းနိုင်ခဲ့ပါ။
"ဘယ်ဘက်.."
လင်ယွင်ချုံးက အေးစက်စွာ အော်ဟစ်လိုက်ရင်း သူ၏ခြေထောက်ကို ပြင်းထန်စွာ လွှဲကန်လိုက်၏။
"မှားတယ်.. မင်းရဲ့ ညာဘက်မှာကွ.."
ဖုန်းဝူချန်က ပြန်၍ အော်ဟစ်လိုက်သည်။
“အွတ်…”
သူ စကားပြောလိုက်သည့် အခိုက်အတန့်မှာပင် ဖုန်းဝူချန်၏ လက်သီးက လင်ယွင်ချုံး၏ ညာဘက် ပါးပြင်ပေါ်သို့ ကျရောက်ပြီးသား ဖြစ်ချေပြီ။ ကြောက်မက်ဖွယ် စွမ်းအားကြောင့် လင်ယွင်ချုံး၏ ရှေ့သွား နှစ်ချောင်းပင် ကျွတ်ထွက်သွားခဲ့လေသည်။
"ခွေးကောင်.."
လင်ယွင်ချုံးက ဒေါသတကြီး ကျိန်ဆဲလိုက်ရင်း ဖုန်းဝူချန်ထံသို့ လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
ကံဆိုးစွာပင် သူ၏ လက်ဝါးရိုက်ချက်မှာ လွဲချော်သွားခဲ့၏… ။
အကြောင်းမူကား ဖုန်းဝူချန်၏ အလွန်တရာ ထူးဆန်းသော ပုံရိပ်သည် အံ့မခန်း မြန်နှုန်းဖြင့် သူ၏ နောက်ကျောသို့ ရောက်ရှိသွားခဲ့
သောကြောင့် ဖြစ်သည်။
ထိုသို့သော ကြောက်မက်ဖွယ်ရာ မြန်နှုန်းကို သာမန် မျက်စိဖြင့် ဖမ်းဆုပ်ရန် ခက်ခဲလှပါ၏။
“ဒီတစ်ခါ ဘယ်ဘက်ကို သွားဦးမလဲ..”
ဖုန်းဝူချန်၏ လှောင်ပြောင်သံကို နောက်တစ်ကြိမ် ကြားလိုက်ရပြန်သည်။
သူ၏ပုံရိပ်သည် အကြိမ်ကြိမ်အခါခါ ဖျတ်ခနဲ လှုပ်ရှားနေ၏။ သူ၏မြန်နှုန်းမှာ အလွန်မြန်ဆန်လှသဖြင့် ဝိုးတဝါး ထင်ယောင်ထင်မှား ပုံရိပ်များ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတော့သည်။
"မောက်မာလှချည်လား.."
လင်ယွင်ချုံးက ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။ ဖုန်းဝူချန်က သူ့ကို အရုပ်တစ်ရုပ်လို ကစားနေသည်မှာ ယုံမှားဖွယ်မရှိပေ။ ထိုသူက သူ့ကို လုံးဝ အလေးမထားခဲ့ပါ။
“ဘုန်း..”
ဖုန်းဝူချန်က လင်ယွင်ချုံး၏ နောက်ကျောကို ပြင်းထန်စွာ လက်သီးဖြင့် ထပ်မံထိုးလိုက်ပြီး သူ့ကို လွင့်စဉ်သွားစေခဲ့သည်။
လင်ယွင်ချုံးမှာ ဖုန်းဝူချန်၏ မြန်နှုန်းကို လိုက်မမီနိုင်ပုံရသော်လည်း သူကိုယ်တိုင် ထိုအချက်ကို သတိမထားမိခဲ့ပါ။
လင်ယွင်ချုံးက အကြိမ်တိုင်း မှားယွင်းစွာ ခန့်မှန်းမိခဲ့သည်။ သူနေရာကို ခန့်မှန်းလိုက်သည့် အခိုက်အတန့်၌ ဖုန်းဝူချန်က သူ၏တိုက်ခိုက်မှု လားရာကို အမြဲပြောင်းလဲပစ်ကာ လင်ယွင်ချုံးကို ကြိုတင်ပြင်ဆင်ချိန်မရအောင် ပြုလုပ်ခဲ့၏။
အကြိမ်အနည်းငယ် ကြာပြီးနောက် လင်ယွင်ချုံး၏ တစ်ကိုယ်လုံး ပြင်းထန်စွာ နာကျင်လာတော့သည်။
ဖုန်းဝူချန်၏ ခွန်အားက အလွန်တရာ အားကောင်းလှလေသည်။
သူ၏လက်သီးချက်များက လင်ယွင်ချုံး၏အရိုးထဲထိ ထိုးဖောက်ဝင်ရောက်ကာ သူခံနိုင်ရည်ရှိရန် ခက်ခဲစေခဲ့သည်။
ဖုန်းဝူချန်၏ အစွမ်းသတ္တိက လင်ယွင်ချုံးကို အားအင်ချိနဲ့စေခဲ့သည်။ ထိုသို့သော လွှမ်းမိုးနိုင်သည့် စွမ်းအားက သူ့ကို ပြန်လည်ခုခံနိုင်ခြင်း မရှိစေခဲ့။ ထိုးနှက်ချက်တစ်ခုကိုပင် မခံနိုင်ဟု လူအများ ခံစားရစေခဲ့လေသည်။
"တတိယအလွှာ ကောင်းကင်အမျက်ဒေါသ လက်ဝါး.."
လင်ယွင်ချုံးကို လုံးဝ နှိမ်နင်းထားနိုင်သည့် အခြေအနေအောက်တွင် ဖုန်းဝူချန်က မဆိုင်းမတွပင် သိုင်းပညာ တစ်ခုကို ထုတ်ဖော်လိုက်၏။ သူ၏ပုံရိပ်သည် အမြင့်သို့ ခုန်တက်သွားပြီး လင်ယွင်ချုံးထံသို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ရွှေရောင် လက်ဝါးပုံရိပ် တစ်ခု ပျံသန်းထွက်သွား၏။ အလွှာသုံးလွှာ ထပ်ဆင့်ထားပြီး စွမ်းအားမှာ အဆများစွာ တိုးပွားနေသည်။ ထိုသို့သော အရှိန်အဟုန်က လူအများ၏ နှလုံးသားကို တုန်လှုပ်စေခဲ့၏။
"နက်နဲခြင်း အဆင့် သိုင်းပညာ.."
လင်ယွင်ချုံး၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး အန္တရာယ် ရှိသော အရှိန်အဝါကို ခံစားလိုက်ရသည်။
သို့သော် သူ့၌ စဉ်းစားချိန် မရှိတော့ပေ။
အစစ်အမှန်ချီကို အစွမ်းကုန် လှည့်ပတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် တံဆိပ်တစ်ခုကို ဖန်တီးကာ တိုက်ပွက် ထုတ်ဖော်လိုက်၏။
"အဆင့်နိမ့် နက်နဲခြင်းအဆင့် သိုင်းပညာ.. တောင်ပြိုမြစ်ကွဲ လက်ဝါး.."
လင်ယွင်ချုံးက လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။
စိမ်းပြာရောင် လက်ဝါးပုံရိပ်က ခန့်ညားထည်ဝါသော အရှိန်အဝါဖြင့် ချက်ချင်းပင် အရွယ်အစား ကြီးမားလာ၏။
..
“ဝုန်း”
မျက်တောင်အနည်းငယ်ခတ်ရုံ အချိန်အတွင်း အစွမ်းထက်သော စွမ်းအားနှစ်ခု ထိခတ်မိကာ ပေါက်ကွဲသွားတော့သည်။ တစ်ချိန်တည်းမှာပင် နှစ်ဦးစလုံး နောက်သို့ လွင့်စဉ်သွားကြ၏။
ပျံ့နှံ့ထွက်သွားသော စွမ်းအင်လှိုင်းများက ပတ်ဝန်းကျင်ရှိ ပန်းများနှင့် သစ်ပင်များကို ဖျက်ဆီးပစ်လိုက်သည်။ မရေမတွက်နိုင်သော သစ်ရွက်များနှင့် ဖုန်မှုန့်များ ကောင်းကင်သို့ လွင့်ပျံတက်သွား၏။
"မင်း တကယ်ပဲ အားကောင်းတာပဲ.. မင်းညီထက် အများကြီး ပိုသန်မာတယ်"
ဖုန်းဝူချန်က လှောင်ပြောင်လိုက်သည်။
“ငါ မင်းကို ပြောဖို့မေ့သွားတယ်။ မင်းညီကို ငါ သတ်တုန်းက သူ ပြန်ခုခံဖို့ အခွင့်အရေးတောင် မရလိုက်ဘူး သိရဲ့လား”
ထိုအခါ လင်ယွင်ချုံး၏ သုန်မှုန်နေသော မျက်နှာပေါ်မှ အရေပြားနှင့် အသားစိုင်များ ပြင်းထန်စွာ တုန်ခါသွား၏။
သူ သွားများကို ကျိတ်ကာ ဟိန်းဟောက်လိုက်သည်။
"သိပ်ကျေနပ်မနေနဲ့ဦး၊ မင်းကို ငါအခုချက်ချင်း သတ်ပြမယ်.."
တဆက်တည်း၌ ပြင်းထန်သော အစစ်အမှန်ချီဓာတ်များ ပျံ့နှံ့ထွက်သွားသည်။
လင်ယွင်ချုံးက မြင်းစီးသည့်ဟန်ပြုကာ သူ၏လက်ဝါးများကို ယှက်ထားလိုက်သည်။
ထိုအခိုက်အတန့်၌ သူ၏တစ်ကိုယ်လုံး စိမ်းပြာရောင် အလင်းတန်းဖြင့် လွှမ်းခြုံသွား၏။ သူ၏ အစစ်အမှန်ချီ
စွမ်းအားက တဖြည်းဖြည်း ပို၍ အားကောင်းလာပြီး စွမ်းအင် တုန်ခါမှုများမှာ အိပ်မက် တစ်ခုကဲ့သို့ လှိုင်းထနေတော့သည်။
လင်ယွင်ချုံးက စွမ်းအား စုစည်းနေခြင်း ဖြစ်ပါသည်။
ဤဟန်ပန်ကို ကြည့်ရသည်မှာ သူက ပို၍အစွမ်းထက်သော သိုင်းပညာတစ်ခုကို ထုတ်ဖော်တော့မည်ဟု ထင်ရ၏။
ဖုန်းဝူချန်မှာ လုံးဝ မကြောက်ရွံ့ပေ။ ထိုအစား သူက မျှော်လင့်တကြီး စောင့်စားနေခဲ့သည်။
ဖန်ထျန်းတောင်ကြားမှ ပါရမီရှင်တပည့်က မည်သို့သော အစွမ်းထက်သည့် နက်နဲခြင်းအဆင့် သိုင်းပညာကို သုံးစွဲနိုင်မည်ကို သူ မြင်တွေ့ချင်နေလေသည်။
“သောက်ကလေး..
ဖန်ထျန်းတောင်ကြားရဲ့ နက်နဲခြင်း အလယ်အလတ်အဆင့် သိုင်းပညာ အစွမ်းကို မြည်းကြည့်စမ်း..”
လင်ယွင်ချုံးက ဖုန်းဝူချန်ကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။
စွမ်းအား စုစည်းပြီးနောက် လင်ယွင်ချုံး၏ အရှိန်အဝါမှာ အထွတ်အထိပ် အသစ်တစ်ခုသို့ ရောက်ရှိသွားပြီး အလွန်တရာ အစွမ်းထက်နေတော့၏။
"အလယ်အလတ်တန်းစား နက်နဲခြင်းအဆင့် သိုင်းပညာ.. ကောင်းကင်မီးတံဆိပ်.."
လင်ယွင်ချုံးက ရုတ်တရက် မာန်သွင်းလိုက်ပြီး သူ၏လက်များကို ဖြန့်ထုတ်လိုက်သည်။
တောက်ပသော စိမ်းပြာရောင်
အလင်းတန်းတစ်ခု ဖျတ်ခနဲလင်းလက်သွားပြီး ကြောက်မက်ဖွယ်ရာ စိမ်းပြာရောင်စွမ်းအင် တစ်ခုအဖြစ် စုစည်းသွား၏။
ထို့နောက် သူ၏ညာလက်ကို မြှောက်လိုက်ရာ ကြောက်မက်ဖွယ် စိမ်းပြာရောင်စွမ်းအင်မှာ လေထဲသို့ ပျံတက်သွားသည်။ ၎င်းသည် ချက်ချင်းပင် သုံးမီတာကျော် ကြီးမားသော စိမ်းပြာရောင်စွမ်းအင်
တံဆိပ် တစ်ခုအဖြစ် စုစည်းသွားကာ တောင်ငယ်လေး တစ်လုံးအလား ထင်ရတော့၏။
ဤသည်မှာ လင်ယွင်ချုံး၏ အဆုံးစွန်သော အားကိုးရာ၊ သူ၏ အပြင်းထန်ဆုံး သိုင်းပညာဖြစ်ပြီး သူ ဂုဏ်ယူရဆုံးသော အရာလည်း ဖြစ်ပေသည်။
လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် စိမ်းပြာရောင်စွမ်းအင် တံဆိပ်သည် မတားဆီးနိုင်သော အင်အားဖြင့် ပစ်လွှတ်ထွက်သွားတော့၏။
“ချွင်”
ထိုစဉ် ဖုန်းဝူချန်က မီးလျှံဓားကို ထုတ်ယူကာ မြေကြီးထဲသို့ စိုက်သွင်းလိုက်သည်။
ဓားကို အခြေခံအဖြစ်ထားကာ သူ၏လက်ဝါးများကို ပူးကပ်လိုက်ရာ ရွှေရောင်အခင်းအကျင်း တစ်ခု သူ၏ခြေဖဝါးအောက်တွင် ပေါ်ပေါက်လာသည်။
လျှို့ဝှက်ဆန်းကြယ်သော အက္ခရာများ လွင့်မျောတက်လာ၏။
တဆက်တည်း၌ နဂါးနတ်ဘုရား စွမ်းအား အပြည့်အဝ လည်ပတ်မှုနှင့်အတူ အခင်းအကျင်းမှ ရွှေရောင် အလင်းတန်းသည် ကောင်းကင်သို့ တရှိန်ထိုး ထိုးတက်သွားကာ အသက်ရှူမှားလောက်အောင် တုန်လှုပ်ဖွယ် ဓားစိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားတော့သည်။
"ဒါ ဘယ်လိုဓားသိုင်းလဲ.. မြေ… မြေကမ္ဘာအဆင့်.."
လင်ယွင်ချုံး၏ မျက်နှာမှာ ထိတ်လန့်တကြား ပြောင်းလဲသွားသည်။
သူသည် နှိုင်းယှဉ်၍မရနိုင်သော ဖိအားတစ်ခုနှင့် အလွန်တရာ အန္တရာယ်ကြီးမားသော အရှိန်အဝါကို ခံစားလိုက်ရ၏။
"ထင်ယောင်ထင်မှား ကိုးလွှာ.."
ဖုန်းဝူချန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ကောင်းကင်သို့ ထိုးတက်သွားသော ရွှေရောင်အလင်းတန်းသည် ရွှေရောင်ဓားကြီး တစ်လက်အဖြစ် ဖွဲ့တည်၏။
သူ၏ လက်ညှိုးကို လေထဲသို့ အသာအယာ ညွှန်ပြလိုက်ရာ ဧရာမ ရွှေရောင်ဓားကြီးသည် ရွှေရောင်လျှပ်စီးကဲ့သို့ ဖျက်ဆီးခြင်း အရှိန်အဝါဖြင့် ကောင်းကင်ကို ထိုးခွဲထွက်သွားလေတော့သည်။