← Chapters

ကျင့်ကြံခြင်း အကြီးအကျယ် တိုးတက်လာတယ်

Vol. 6 Ch. 78

ကျင့်ကြံခြင်း အကြီးအကျယ် တိုးတက်လာတယ်

Vol. 6 Ch. 78

~ဝှစ်..

ဆယ်မီတာအမြင့်သို့ ခုန်တက်သွားပြီးနောက်၊ အလွန်တရာ ကြမ်းတမ်းလှသော ရွှေရောင်ဓားအလင်းတန်းသည် အရှိန်ပြင်းစွာဖြင့် အောက်သို့ ထိုးဆင်းလာ၏။ ထိုဖျက်ဆီးခြင်း အရှိန်အဝါက ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

ရွှေရောင်ဓားအလင်းတန်း ထိုးဆင်းလာသည်ကို မြင်လိုက်ရသောအခါ လင်ယွင်ချုံး၏ မျက်နှာမှာ အကြောက်တရားကြောင့် သွေးဆုတ်သွားခဲ့လေပြီ။ သူ တဆတ်ဆတ် တုန်ရီနေတော့၏။

‘မြေ… မြေကမ္ဘာအဆင့် ဓားသိုင်းကွက်..’

လင်ယွင်ချုံး၏ အသံသည် မျှော်လင့်ချက်ကင်းမဲ့စွာ တုန်ယင်နေခဲ့သည်။

ပြင်းထန်သော တိုက်ပွဲအပြီးတွင် ဖုန်းဝူချန်၏ အစွမ်းသတ္တိမှာ လင်ယွင်ချုံး၏ စိတ်ကူးထဲတွင် ရှိသည်ထက် များစွာ သာလွန်နေခဲ့လေသည်။ ဖုန်းဝူချန်၏ လွှမ်းမိုးနိုင်သော စွမ်းအားကြောင့် သူ လုံးဝ ကြောက်ရွံ့သွားခဲ့ပြီ ဖြစ်သည်။

လင်ယွင်ချုံးကို ရင်ဆိုင်ရန်မှာ မူလကတည်းက ခက်ခဲလှသည်။ ယခု မြေကမ္ဘာအဆင့် ဓားသိုင်းကွက်နှင့် ရင်ဆိုင်ရသည့်အခါ လင်ယွင်ချုံး မျှော်လင့်ချက် ကင်းမဲ့မသွားလျှင်သာ ထူးဆန်းပေတော့မည်။

“ဘုန်း..”

“ထန်..”

တစ်ခဏအတွင်းမှာပင် ဓားအလင်းတန်းနှင့် စွမ်းအင်တံဆိပ်တို့ ထိခတ်မိသွားကြ၏။

နားကွဲလုမတတ် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးက တောအုပ်အတွင်း ပဲ့တင်ထပ်သွားသည်။

သို့သော် ပေါက်ကွဲထွက်သွားသည်မှာ လင်ယွင်ချုံး၏ စွမ်းအင်တံဆိပ်သာ ဖြစ်လေသည်။ လင်ယွင်ချုံးမှာ သွေးတစ်ပွက် အန်ထွက်သွား၏။ သူ၏ ဒဏ်ရာများ ပိုဆိုးသွားသဖြင့် မျက်နှာမှာ ဖြူဖျော့နေတော့သည်။

ထိခတ်မိသည့် ထိုအခိုက်အတန့်၌ ဖုန်းဝူချန်၏ စွမ်းအား

ကြီးမားလှသော ဓားအလင်းတန်းက စွမ်းအင်တံဆိပ်ကို တစ်ဝက်စီ ပိုင်းဖြတ်လိုက်သဖြင့် စွမ်းအင်များ ပေါက်ကွဲထွက်သွားခြင်း ဖြစ်သည်။

သို့သော်လည်း ဓားအလင်းတန်းသည် အံ့မခန်း မြန်နှုန်းနှင့် ခန့်ညားထည်ဝါသော အရှိန်အဝါကို သယ်ဆောင်လျက် လင်ယွင်ချုံးထံသို့ ဆက်လက် တိုးဝင်သွားဆဲပင်။

“မဟုတ်ဘူး.. မဖြစ်နိုင်ဘူး....”

မျှော်လင့်ချက် ကင်းမဲ့နေသော လင်ယွင်ချုံးမှာ ကြောက်လန့်တကြား ဖြစ်သွားခဲ့လေပြီ။ သူ့ကိုယ်မှာ မလှုပ်ရှားနိုင်တော့ဘဲ ထိုနေရာမှာပင် ရပ်လျက် ကြောက်ရွံ့တုန်လှုပ်စွာ အော်ဟစ်နေမိတော့သည်။

ကံဆိုးစွာပင် လင်ယွင်ချုံး မည်သို့ပင် အော်ဟစ်နေပါစေ ဓားအလင်းတန်းက ပျောက်ကွယ်သွားမည် မဟုတ်ချေ။ တစ်ခဏအတွင်းမှာပင် ၎င်းသည် သူ၏ ကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။

“ဝီ..”

“အုန်း”

ပေါက်ကွဲသံက တောအုပ်အတွင်း နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားပြီး မြေပြင်မှာ အနည်းငယ် တုန်ခါသွား၏။

အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းဂယက်များသည် လေနှင့်အတူ အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့ထွက်သွားသည်။ မီတာငါးဆယ်အတွင်းရှိ တောအုပ်သည် မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ဝါးမြိုခံရကာ ဖုန်မှုန့်အသွင် ပြောင်းလဲသွားလေတော့သည်။

ဤပြင်းထန်သော တိုက်ပွဲသည် အလွန်တရာ အန္တရာယ်ကြီးမားသည်ဟု ဆိုနိုင်ပေ၏။ ၎င်း၏ ဖျက်ဆီးနိုင်စွမ်းက တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။

ပေါက်ကွဲမှု ဖြစ်ပွားသည့် အခိုက်အတန့်မှာပင် လင်ယွင်ချုံး၏ အရှိန်အဝါသည် လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။

ဆိုလိုသည်မှာ ဖုန်းဝူချန်၏ ဓားချက်က သူ့ကို ဇီဝိန်‌ခြွေလိုက်ပြီ ဖြစ်သည်။

စွမ်းအင်လှိုင်းဂယက်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့်အခါ ဟင်းလင်းပြင်သည် ပြန်လည် ကြည်လင်လာတော့သည်။

ထိုအခါမှသာ လင်ယွင်ချုံး ရှိခဲ့သည့်နေရာတွင် မီတာအနည်းငယ် ကျယ်ဝန်းသော ကြီးမားသည့် ချိုင့်နက်ကြီး ဖြစ်ပေါ်နေသည်ကိုသာ မြင်တွေ့နိုင်တော့၏။

ထိုချိုင့်ကြီးအတွင်း၌ လင်ယွင်ချုံး၏ ခြေလက်အင်္ဂါများမှာ ကျိုးပဲ့နေပြီး သူ၏ အသားစိုင်များမှာလည်း မြင်မကောင်းရှုမကောင်း..စုတ်ပြတ်သတ်နေလေသည်။

အသက် ရှင်သန်သော လက္ခဏာ တစ်စုံတစ်ရာမျှ မရှိတော့ချေ။

ရက်စက် ကြေကွဲဖွယ်ရာ သေဆုံးခြင်းပင်တည်း။

သူ၏ သေဆုံးပုံမှာ သူ၏ ညီဖြစ်သူ လင်ယွင်ထျန်းထက်ပင် ပို၍ ဆိုးဝါး ကြေကွဲဖွယ်ရာ ကောင်းလေသည်။

‘အသွင်ပြောင်းဘုံ နဝမအလွှာရဲ့ အစွမ်းသတ္တိနဲ့ ဓားသိုင်းကွက်ရဲ့ ဒုတိယပုံစံကို သုံးလိုက်တာတောင် ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားရှိတာပဲ။ ဒါပေမဲ့ သုံးရတာ တော်တော်ခက်တာပဲ’

ဖုန်းဝူချန်က တီးတိုး

ရေရွတ်လိုက်မိသည်။

ဓားသိုင်းကွက်၏ ဒုတိယပုံစံကို အသုံးပြုခြင်းက အစစ်အမှန်ယွမ် အမြောက်အမြားကို ဖြုန်းတီးပစ်လိုက်ရသည်။ ဖုန်းဝူချန်၏ မျက်နှာမှာလည်း သွေးတစ်စက်မှ မရှိတော့ဘဲ အလွန်တရာ ဖြူဖျော့နေတော့၏။

“ဟူး..”

သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ရင်း ဖုန်းဝူချန် လုံးဝ စိတ်အေးသွားတော့သည်။

တစ်ချိန်တည်းမှာပင် ဆေးအာနိသင်သည်လည်း ကုန်ဆုံးချိန်သို့ တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိသွား၏။ ဖုန်းဝူချန်၏ အမြင်အာရုံများ မှောင်မိုက်သွားပြီး သူ သတိလစ်မေ့မြောသွားလေတော့သည်။

“အို…အစ်ကိုဖုန်း..”

မြောင်ချင်းချင်း၏ မျက်နှာအမူအရာမှာ ထိတ်လန့်တကြား ပြောင်းလဲသွားပြီး သူမ ကမန်းကတန်း ပြေးဝင်လာခဲ့သည်။

မြောင်ချင်းချင်းမှာ အလွန်တရာ စိတ်ပူနေခဲ့၏။

ဖု

သူမသည် ဖုန်းဝူချန်ကို လျင်မြန်စွာ တောင်ကြားငယ်လေးဆီသို့ ခေါ်ဆောင်သွားပြီး သာမန် ကုစားဆေးလုံး တစ်လုံးကို ထုတ်၍ တိုက်ကျွေးလိုက်သည်။

ထိုအခိုက်အတန့်မှာ သတိလစ်နေသော ဖုန်းဝူချန်၏ စိတ်ထဲတွင် လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းသော မြင်ကွင်းအချို့ ပေါ်ပေါက်လာခဲ့၏။

ပုံရိပ်ထဲတွင် သူတော်စင် တစ်ပါးကဲ့သို့သော အဘိုးအို တစ်ဦးသည် လက်ထဲတွင် လှပသေသပ်သော ဓားရှည်တစ်လက်ကို ကိုင်ဆောင်လျက် ပင်လယ်ပြင်အထက်၌ ခမ်းနားစွာ ပျံဝဲနေသည်။

သူ၏မျက်လုံးများကတော့ ဟင်းလင်းပြင်ကို မမှိတ်မသုန် ကြည့်နေ၏။

သူသည် ရန်သူတစ်ဦးကို ရင်ဆိုင်နေသလား သို့တည်းမဟုတ် အခြားတစ်ခုခုကို ရင်ဆိုင်နေသလား မသိနိုင်ပေ။

ဟင်းလင်းပြင်သည် ငြိမ်သက်နေပြီး သတ်ဖြတ်လိုစိတ် အရိပ်အယောင် တစ်စုံတစ်ရာမျှ မရှိချေ။

ဖုန်းဝူချန် ဤအဘိုးအိုကို အရင်က တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သို့သော် နောက်ဆက်တွဲ မြင်ကွင်းက သူ့ကို တုန်လှုပ်သွားစေခဲ့သည်။

အဘိုးအိုသည် မလှုပ်မယှက် ရပ်နေပုံရသော်လည်း သူ၏ ပတ်ပတ်လည်တွင် ပုံရိပ်ယောင်များစွာ လှုပ်ရှားကခုန်နေကြသည်။

လှုပ်ရှားမှုတိုင်းသည် နက်နဲပြီး လေးနက်လှ၏။ ၎င်းတို့သည် ပြီးပြည့်စုံခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး မူလ အခြေအနေသို့ ပြန်ရောက်သွားကြသကဲ့သို့ပင်။

ပုံရိပ်ယောင်များသည် ဓားဖြင့် ကခုန်နေကြသော်လည်း ဟင်းလင်းပြင်မှာ အလွန်တရာ ငြိမ်သက်လျက်ရှိသည်။ လေစီးကြောင်းမှာ လုံးဝ မထိခိုက်ပေ။

ဤအဘိုးအိုသည် မည်သူနည်း။

သူ ဤအဘိုးအိုကို အရင်က တစ်ခါမှ မမြင်ဖူးခဲ့ပါ။

နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်ထဲတွင်လည်း ဤအဘိုးအိုကို ရှာမတွေ့နိုင်ခဲ့ပါ။

သို့သော် ထိုသူသည် မိမိ၏ စိတ်ထဲတွင် အဘယ့်ကြောင့် ပေါ်ပေါက်လာရသနည်း။

ဖုန်းဝူချန် မသိခဲ့ပါ။

အဘိုးအို ကခုန်နေသော ဓားသိုင်းပညာမှာ အဘယ်နည်း။

ဖုန်းဝူချန်လည်း မသိခဲ့ပါ။

သို့သော် အဘိုးအို၏ ဓားသိုင်းပညာသည် သူ၏ ထင်ယောင်ထင်မှား ဓားသိုင်းကွက်ထက် များစွာ၊ အလွန်တရာ မြင့်မားကြောင်း ဖုန်းဝူချန် သေချာပေါက် သိနေခဲ့သည်။

နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်များနှင့် အတွေ့အကြုံများ ရှိနေသည့်တိုင် ၎င်းသည် မည်သို့သော ဓားသိုင်းပညာ အမျိုးအစား ဖြစ်သည်ကို သူ မပြောနိုင်ခဲ့ပေ။

အဘိုးအို၏ ဓားသိုင်းပညာမှ သူ ဘာတစ်ခုကိုမျှ ခွဲခြားမသိမြင်နိုင်ခဲ့။

နတ်ဆိုးနဂါးနတ်ဘုရားပင် မသိနိုင်လျှင် အခြားမည်သူ သိနိုင်ပါမည်နည်း။

နက်နဲသော ဓားသိုင်းပညာသည် စီးဆင်းနေသော ရေကဲ့သို့ ချောမွေ့လှ၏။ ဓားချီသည် ကျယ်ပြန့်လှပြီး ဓားအရှိန်အဝါက ကောင်းကင်ဘုံသို့ တက်လှမ်းနေသကဲ့သို့ ခံစားရစေသည်။

အချိန်အနည်းငယ် ကြာပြီးနောက် သတိလစ်နေသော ဖုန်းဝူချန်သည် တဖြည်းဖြည်း မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

"အစ်ကိုဖုန်း.. နိုးလာပြီလား.. တော်သေးတာပေါ့.." ဖုန်းဝူချန် မျက်လုံးဖွင့်သည်ကို မြင်လိုက်ရသောအခါ မြောင်ချင်းချင်းမှာ အလွန်တရာ ဝမ်းသာသွားတော့သည်။

"အ.." ထရန် ကြံလိုက်သော ဖုန်းဝူချန်သည် သူ၏တစ်ကိုယ်လုံး အလွန်အမင်း နာကျင်နေသည်ကို သတိပြုမိလိုက်၏။ အနည်းငယ် လှုပ်ရှားလိုက်ရုံမျှဖြင့် သူ၏မျက်နှာမှာ ပြင်းထန်စွာ ရှုံ့မဲ့သွားတော့သည်။

ဤသည်မှာ ဝိညာဉ်ဖြတ်ဆေးလုံး၏ နောက်ဆက်တွဲ အကျိုးဆက်ပင်တည်း။ ပြီးတော့ ဖုန်းဝူချန်၏ အစစ်အမှန်ချီ လွန်ကဲစွာ သုံးစွဲခဲ့ခြင်း၏ အကျိုးဆက်လည်း ဖြစ်ချေသည်။

"အစ်ကို ဖုန်း ၊ မထပါနဲ့ဦး။ အစ်ကို သတိလစ်နေတာ နှစ်ရက်ရှိပြီ၊ ဒဏ်ရာတွေလည်း မပျောက်သေးဘူး နော်"

မြောင်ချင်းချင်းက ဖုန်းဝူချန်ကို လှဲလျောင်းနေစေရန် အလျင်အမြန် အချက်ပြလိုက်သည်။

"သတိလစ်နေတာ နှစ်ရက်တောင်.."

ဖုန်းဝူချန် လန့်သွားသည်။ သူ စိုးရိမ်တကြီး မေးလိုက်၏။

"ချင်းယန်ရော ဘယ်မှာလဲ.. သူ့ကို ရှာတွေ့ပြီလား.."

ထိုအခါ မြောင်ချင်းချင်း၏ လှပသော မျက်ဝန်းများတွင် စိုးရိမ်မှု အရိပ်အယောင်များ လင်းလက်သွားသည်။ သူမ မျက်မှောင်ကြုတ်ကာ ခေါင်းခါလိုက်၏။

"ဟင့်အင်း"

ဤနှစ်ရက်အတွင်း မြောင်ချင်းချင်းသည် ဖုန်းဝူချန်ကို ပြုစု

စောင့်ရှောက်နေခဲ့ရသည်။

ဖုန်းဝူချန် သေများသွားမလားဟု သူမ စိုးရိမ်ခဲ့သဖြင့် လျိုချင်းယန်ကို ရှာဖွေရန် အချိန်မရခဲ့ပေ။ သူမသည် အခြား မည်သူ့ထက်မဆို ပို၍ စိုးရိမ် ပူပန်နေခဲ့သော်လည်း ဘာမှ မတတ်နိုင်ခဲ့ချေ။

စိတ်အာရုံတစ်ခုဖြင့် အရိုးဆက်ချီစွမ်းအင်ဆေးလုံးတစ်လုံး သူ၏လက်ထဲတွင် ပေါ်လာခဲ့သည်။ ဖုန်းဝူချန်က ဆို၏။ "ချင်းချင်း၊ ငါ့ကို အရိုးဆက်ချီစွမ်းအင်ဆေးလုံးတစ်လုံး တိုက်ပြီး ထူပေးပါဦး"

မြောင်ချင်းချင်းသည် ဖုန်းဝူချန်၏ ညွှန်ကြားချက်အတိုင်း ပြုလုပ်လိုက်သည်။ သူမ သူ့ကို ဆေးလုံးတိုက်ကျွေးပြီး ထူမပေးလိုက်၏။

ဖုန်းဝူချန်သည် အမြန်ဆုံး ပြန်လည် သက်သာလာရန် လိုအပ်နေသည်။ နှစ်ရက်တိုင်တိုင် ကြာမြင့်ခဲ့ပြီဖြစ်ပြီး လျိုချင်းယန် သေနေပြီလား၊ ရှင်နေသေးလား ဘယ်သူမှ မသိနိုင်ပေ။

လေးနာရီကြာပြီးနောက် ဖုန်းဝူချန်၏ ဒဏ်ရာများမှာ သုံးဆယ်ရာခိုင်နှုန်းခန့် သက်သာလာခဲ့သည်။ သူ၏ဒဏ်ရာများမှာ အလွန်ပြင်းထန်သည့်အပြင် ဝိညာဉ် ဖြတ်ဆေးလုံး၏ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် သူ၏ ပြန်လည်နာလန်ထမှုမှာ အလွန်နှေးကွေးနေခဲ့သည်။

သာမန်နောက်ဆက်တွဲ အကျိုးဆက်မျှသာကတော့ ဖုန်းဝူချန်အတွက် ဘာမှမဟုတ်ချေ။ ၎င်းကို ရင်ဆိုင်ဖြေရှင်းရန် နည်းလမ်းများစွာ သူ၌ ရှိနေပါသည်။

သုံးဆယ်ရာခိုင်နှုန်းသာ သက်သာလာသေးသော်လည်း ဖုန်းဝူချန်သည် လျိုချင်းယန်ကို ရှာဖွေရန် စိတ်စောနေခဲ့သည်။

လင်ယွင်ချုံး သေဆုံးသွားပြီဖြစ်သဖြင့် လျိုချင်းယန်၏ တည်နေရာကို မည်သူမျှ မသိနိုင်တော့။ ထျန်းယွင်တောင်မှာ အလွန် အပြောကျယ်လှသည်။

လျိုချင်းယန်ကို ဘယ်မှာ သွားရှာ ရမည်နည်း။

ဖုန်းဝူချန်သည် နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်များကို အကြိမ်များစွာ ရှာဖွေခဲ့သော်လည်း သူ၏အရှိန်အဝါကို ခြေရာခံနိုင်မည့် နည်းလမ်းကို ရှာမတွေ့ခဲ့သလို၊ ခြေရာခံခြင်းဆိုင်ရာ သိုင်းပညာရပ်များကိုလည်း ရှာမတွေ့ခဲ့ပေ။

အကယ်၍ လျိုချင်းယန် တစ်ခုခုဖြစ်သွားခဲ့လျှင် လျိုရှန်းကို မည်သို့ ရှင်းပြရမည်နည်း။

ထို့အပြင် သူက လျိုရှန်းအား ဤအကြောင်းကို မပြောပြရသေးသဖြင့် လျိုမျိုးနွယ်စုမှ မည်သူမျှ လျိုချင်းယန် ပျောက်ဆုံးနေသည်ကို မသိကြပေ။

ရက်ပေါင်းများစွာ ရှာဖွေပြီးနောက် သူတို့သည် ထျန်းယွင်တောင် ပတ်ဝန်းကျင်ရှိ တောင်တန်းများအပြင် မိုင်ပေါင်းရာချီအတွင်းရှိ မြို့များနှင့် မြို့ငယ်လေးများကိုပါ ရှာဖွေခဲ့ကြသော်လည်း လျိုချင်းယန်၏ အရိပ်အယောင် တစ်စုံတစ်ရာမျှ မတွေ့ခဲ့ကြ။

ရက်အနည်းငယ် ကြာပြီးနောက် ဖုန်းဝူချန်နှင့် မြောင်ချင်းချင်းတို့ မျှော်လင့်ချက် ကင်းမဲ့သွားကြတော့သည်။

နောက်ဆုံးတွင် သူတို့သည် တောင်ကြားထဲ၌သာ နေထိုင်ကျင့်ကြံရင်း လျိုချင်းယန် ဘေးကင်းပါစေဟု ဆုတောင်းနေရုံသာ တတ်နိုင်တော့သည်။

မျက်စိတစ်မှိတ်အတွင်း လတစ်ဝက် ကုန်ဆုံးသွားခဲ့သော်လည်း တောင်ကြားထဲတွင် လျိုချင်းယန်၏ အရိပ်အယောင်မှာ ပေါ်မလာခဲ့ချေ။

ဤလတစ်ဝက်အတွင်း သွေးခွာဝိညာဉ်၏ အကူအညီဖြင့် ဖုန်းဝူချန်၏ ကျင့်ကြံမှုမှာ အသွင်ပြောင်းဘုံ ပဉ္စမအလွှာသို့ တက်လှမ်းနိုင်ခဲ့သည်။ အကယ်၍ ယခင် ပြင်းထန်သော တိုက်ပွဲနှစ်ခုသာ မရှိခဲ့လျှင် ဖုန်းဝူချန်၏ ကျင့်ကြံမှုမှာ ဒီလောက် မြန်ဆန်စွာ တိုးတက်လာမည် မဟုတ်ချေ။

ထိုအချက်မှာ လင်ယွင်ချုံးနှင့် အသွင်ပြောင်းဘုံ အဌမအလွှာ ကျွမ်းကျင်သူတို့ကြောင့်သာ ဖြစ်ပေသည်။

အခြားတစ်ဖက်တွင်မူ မြောင်ချင်းချင်း၏ ကျင့်ကြံမှုမှာ ဤလတစ်ဝက်အတွင်း လုံးဝ တိုးတက်မှုမရှိခဲ့ပေ။ သူမ၏ မျက်နှာမှာ ပိန်လှီခြောက်သွေ့နေပြီး စိတ်ဓာတ်ကျကာ အားအင်ချိနဲ့နေသည်။ သူမမှာ ကျင့်ကြံရန် စိတ်မပါသလို၊ စိတ်ကိုလည်း ငြိမ်အောင် မထားနိုင်ခဲ့။ သူမ၏ စိတ်ထဲတွင် လျိုချင်းယန်သာ ပြည့်နှက်နေပြီး သူ၏အကြောင်းကို အမြဲတမ်း စိုးရိမ်ပူပန်နေခဲ့သည်။

လတစ်ဝက် ကုန်ဆုံးသွားပြီး လျိုချင်းယန်ထံမှ သတင်းတစ်စုံတစ်ရာမျှ မကြားရသေးသော်လည်း သူမမှာ ဇွဲမလျှော့သေးပေ။ သူမ တောင်ကြားထဲတွင် နေ့စဉ် စောင့်ဆိုင်းနေခဲ့ပြီး တစ်နေ့နေ့တွင် လျိုချင်းယန်ကို မြင်တွေ့ရလိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။ မျှော်လင့်ချက် အရိပ်အယောင်မျှ ရှိနေသရွေ့ သူမ လက်လျှော့မည် မဟုတ်ပါ။

"ဟူး"

ခေါင်းမာသော မြောင်ချင်းချင်းကို ကြည့်ရင်း ဖုန်းဝူချန်မှာ အကူအညီမဲ့စွာ သက်ပြင်းချလိုက်ပြီး စိတ်ထဲမှ တွေးလိုက်မိသည်။

'ချင်းယန် သေလောက်ပြီ ထင်တယ်'။

သူ ဝမ်းနည်းနေသော်လည်း ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်ရပေဦးမည်။

ဖုန်းဝူချန်ထံတွင် သွေးခွာဝိညာဉ်ငါးခု၊ ကျောက်စိမ်းခြင်္သေ့ သွေးအနှစ်သုံးစုံနှင့် နက်နဲခြင်း ဆေးလုံးအမြောက်အမြား ကျန်ရှိနေသေးသည်။ အကယ်၍ သူ ၎င်းတို့အားလုံးကို စုပ်ယူနိုင်ခဲ့လျှင် သူ၏ကျင့်ကြံမှုမှာ ကြီးမားစွာ တိုးတက်လာမည်မှာ သေချာပါသည်။

"ချင်းချင်း၊ မင်း ကျင့်ကြံဖို့ လိုသေးတယ်။ ငါတို့မှာ အခု ဘာအကြံမှ မရှိဘူး။ ချင်းယန် သေပြီလား၊ ရှင်နေသေးလား ဘယ်သူမှ မသိဘူး။ မင်း အရမ်းစိုးရိမ်နေရင် မခံနိုင်ဖြစ်လိမ့်မယ်" ဖုန်းဝူချန်က နှစ်သိမ့်လိုက်သည်။

မြောင်ချင်းချင်းက ရှိုက်သံဖြင့် ခေါင်းညိတ်ကာ မေးလိုက်သည်။

"အစ်ကို ဖုန်း ၊ အစ်ကိုလျိုသာ ဒီမှာ မရှိတော့ဘူးဆိုရင် သူ ကျွန်မတို့ကို မြင်နိုင်သေးမယ် ထင်လာဟင်..."

"..."

ဖုန်းဝူချန်မှာ စိတ်ထိခိုက်သွားပြီး မည်သို့ ပြန်ဖြေရမည် မသိတော့။

"အစ်ကို ဖုန်း ၊ အစ်ကို လျိုရဲ့ အလောင်းကို မတွေ့မချင်း ကျွန်မ လက်မလျှော့ဘူး။ အစ်ကိုလျို အသက်ရှင်နေသေးတယ်လို့ ကျွန်မ ယုံကြည်တယ်.."

မြောင်ချင်းချင်းက ရုတ်တရက် လှည့်ကြည့်ကာ သူမ၏ မျက်လုံးများထဲတွင် စိတ်ပိုင်းဖြတ်ထားသည့် အရောင်များဖြင့် ပြောလိုက်သည်။

မြောင်ချင်းချင်း၏ စိတ်ပိုင်းဖြတ်ထားသော မျက်လုံးများကို ကြည့်ရင်း ဖုန်းဝူချန်၏ နှလုံးသားမှာ တုန်လှုပ်သွားသည်။

"ငါလည်း ချင်းယန် အသက်ရှင်နေသေးတယ်လို့ ယုံကြည်တယ်။ ချင်းချင်း၊ စိတ်မပူပါနဲ့။ သူ သေချာပေါက် ပြန်လာမှာပါ" ဖုန်းဝူချန်က သူမကို နှစ်သိမ့်လိုက်သည်။

"ဟုတ်ကဲ့.." မြောင်ချင်းချင်းက လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်ရည်များကို သုတ်လိုက်သည်။

"ပြန်သွားပြီး သေချာကျင့်ကြံတော့။ အဲ့ဒီကောင်လေး မင်းကို ကျော်တက်မသွားစေနဲ့.." ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"အစ်ကို ဖုန်း ပြောသလို လုပ်ပါ့မယ်"

မြောင်ချင်းချင်းက အပြုံးတစ်ခုကို ကြိုးစား ဖန်တီးလိုက်သည်။

ဖုန်းဝူချန်ကို သူမ၏ အားနည်းချက် အား မမြင်စေလို၍လား၊ သို့တည်းမဟုတ် ဖုန်းဝူချန်ကို စိတ်မပျက်စေချင်၍လား မသိနိုင်ပေ။

မြောင်ချင်းချင်း ဂူအတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားသည်ကို မြင်လိုက်ရသောအခါ ဖုန်းဝူချန်မှာ ညင်သာစွာ သက်ပြင်းချလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

"လောကကြီးက ကြိုတင်ခန့်မှန်းလို့ မရပါလား"

ကျင့်ကြံခြင်းတွင် အချိန်ကာလကို မသိနိုင်။ မျက်စိတစ်မှိတ်အတွင်း နောက်ထပ် လတစ်ဝက် ကုန်ဆုံးသွားခဲ့သည်။ စုစုပေါင်း တစ်လပြည့်သွားသော်လည်း လျိုချင်းယန်မှာ ပေါ်မလာခဲ့သေးချေ။

ကောင်းကင်ဘုံသည် ထိုမျှ နှလုံးသား ကင်းမဲ့လေသလော။

လျိုချင်းယန် သေဆုံးသွားခဲ့ပြီ ဖြစ်ကောင်းဖြစ်နိုင်သည်။

ဖုန်းဝူချန်နှင့် မြောင်ချင်းချင်းတို့ လက်မခံနိုင်ကြသော်လည်း သူတို့၏ ဝမ်းနည်းပူဆွေးမှုကို မျက်နှာပေါ်တွင် မပေါ်လွင်စေခဲ့ကြပေ။

အချိန်သည် မည်သူ့ကိုမျှ မစောင့်ဆိုင်းတတ်။ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားလေသည်။

သွေးခွာဝိညာဉ်နှင့် ကျောက်စိမ်းခြင်္သေ့၏ သွေးအနှစ်တို့၏ အကူအညီဖြင့် ဖုန်းဝူချန်၏ ကျင့်ကြံမှုမှာ ခပ်မြန်မြန် တိုးတက်လာခဲ့သည်။ တစ်လခွဲ ကြာပြီးနောက် သူ နောက်တစ်ကြိမ် ထပ်မံ အဆင့်ချိုးဖြတ်နိုင်ခဲ့၏။

ဖုန်းဝူချန်၏ ကျင့်ကြံမှုမှာ အသွင်ပြောင်း ဘုံ ဆဌမအလွှာသို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

မြောင်ချင်းချင်း၏ ကျင့်ကြံမှုမှာလည်း အဆင့်ချိုးဖြတ်နိုင်ခဲ့ပြီး အသွင်ပြောင်းဘုံ စတုတ္ထအလွှာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမ၏ စိတ်ထဲမှ စိုးရိမ်ပူဆွေးမှုများကြောင့် သူမ၏ ကျင့်ကြံမှုအပေါ် ကြီးမားစွာ သက်ရောက်မှု ရှိခဲ့လေသည်။

"ချင်းချင်း၊ တောင်ပေါ်က ဆင်းကြရအောင်"

ဖုန်းဝူချန်က ရုတ်တရက် ပြောလိုက်သည်။

"တောင်ပေါ်က ဆင်းမယ်.."

မြောင်ချင်းချင်း မှင်သက်သွားသည်။ သူမ၏ လှပသော မျက်ဝန်းများမှာ မလိုလားမှုနှင့် မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်နေသည်။

မလိုလားမှုမှာ သူတို့ ထွက်သွားပြီးနောက် လျိုချင်းယန် ပြန်လာ၍ သူတို့ကို ရှာဖွေမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပါသည်။

မျှော်လင့်ချက်မှာ သူမ တောင်ကြားမှ မထွက်ခွာမီ လျိုချင်းယန်ကို မြင်တွေ့လိုသောကြောင့် ဖြစ်သည်။

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။

"ဟုတ်တယ်၊ တောင်ပေါ်က ဆင်းကြရအောင်"

"ဘယ်ကိုလဲဟင်.." မြောင်ချင်းချင်းက မေးလိုက်သည်။

"ဖန်ထျန်းတောင်ကြား.." ဖုန်းဝူချန်က ပြန်ဖြေလိုက်သည်။

"ဖန်ထျန်းတောင်ကြား.. ကျွန်မတို့ အစွမ်းသတ္တိနဲ့ ဖန်ထျန်းတောင်ကြားကို အနိုင်ယူနိုင်ပါ့မလား.."

မြောင်ချင်းချင်းက စိုးရိမ်တကြီး မေးလိုက်သည်။ သူမတို့ နှစ်ယောက်တည်းနှင့်ဆိုလျှင် သေလမ်းရှာခြင်းသာ ဖြစ်ပေလိမ့်မည်။

ဖန်ထျန်းတောင်ကြား၏ အင်အားမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ တောင်ကြားထဲတွင် ကျွမ်းကျင်သူ မည်မျှရှိသည်ကို ထားလိုက်ဦး၊ စုယွမ်ရှန်း၏ အစွမ်းသတ္တိ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ထားလိုက်ဦး၊ ဖန်ထျန်းတောင်ကြား၏ အကြီးဆုံးတပည့်ကိုပင် သူတို့ အနိုင်ယူနိုင်မည် မဟုတ်ချေ။

ထိုအခါ ဖုန်းဝူချန်က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

"ငါတို့ နေရာအနှံ့ ရှာဖွေခဲ့ပေမဲ့ ချင်းယန်ရဲ့ တည်နေရာကို ရှာမတွေ့ခဲ့ဘူး။ ချင်းယန် ဖန်ထျန်းတောင်ကြားထဲမှာ ရှိနေနိုင်တယ်.. ငါတို့ သူ့ကို သွားခေါ်ကြရအောင်..”

All Chapters