← Chapters

စုယွမ်ရှန်းရဲ့ စိုးရိမ်ပူပန်မှု

Vol. 6 Ch. 80

စုယွမ်ရှန်းရဲ့ စိုးရိမ်ပူပန်မှု

Vol. 6 Ch. 80

~ဖန်ထျန်းတောင်ကြား တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက် သွားလေ၏။

ယခု အခိုက်အတန့်တွင် အချိန်များအားလုံး ရပ်တန့်သွားသကဲ့သို့ပင်။

ဒါက မျက်လှည့်ပြနေတာလား။

သူတို့အားလုံး မျက်စိတွေ မှုန်သွားကြသည်လား။

မဟုတ်ပေ။

ဒါတွေအားလုံးက တကယ့်အဖြစ်အပျက် အစစ်အမှန်တွေသာ ဖြစ်သည်။

ဖန်ထျန်းတောင်ကြား ရင်ပြင်ပတ်လည်မှ တပည့်အားလုံး၊ ပါရမီရှင်တပည့်များနှင့် ဦးဆောင်တပည့်များ အပါအဝင်၊ အားလုံး တုန်လှုပ် မှင်သက်သွားကြ၏။

အသွင်ပြောင်းဘုံ အဌမအလွှာသို့ ရောက်ရှိနေသော ဝူခွန်းသည် တပည့်အများအပြားကြားတွင် ထူးချွန်ထက်မြက်သူ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။

ဝူခွန်းက သူ၏ မြန်နှုန်းကြောင့် အမြဲတစေ ကျော်ကြားခဲ့သူ ဖြစ်၏။

သို့သော် ထိုသို့သော အစွမ်းထက်သည့် တပည့်တစ်ဦးမှာ ဖုန်းဝူချန်၏ လက်သီး တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့ရချေပြီ။

လက်သီး တစ်ချက်တည်းသာ ဖြစ်သည်။

ဝူခွန်းမှာ ပြင်းထန်စွာ ဒဏ်ရာရသွားပြီး ထိုနေရာမှာပင် သတိလစ်သွားခဲ့၏။

ဖုန်းဝူချန်က လုံးဝ ညှာတာခြင်း မရှိခဲ့သလို၊ ဖန်ထျန်း တောင်ကြားကိုလည်း မျက်နှာသာပေးမသွားခဲ့ပေ။

ဖုန်းဝူချန်၏ အနောက်ဘက် မလှမ်းမကမ်းတွင် ရပ်နေသော မြောင်ချင်းချင်းမှာလည်း သူမ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရ၏။

ဖုန်းဝူချန်၏ အစွမ်းသတ္တိက ကြောက်မက်ဖွယ်ကောင်းမှန်း သူမ သိထားသော်လည်း၊ ဤမျှလောက်အထိ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု မထင်ထားခဲ့မိပါချေ။

ဤအခိုက်အတန့်တွင် ဖန်ထျန်းတောင်ကြား တပည့်များစွာတို့၏ မျက်ဝန်းများထဲ၌ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားတော့သည်။

ဖုန်းဝူချန်၏ လက်ရှိ ဂုဏ်ပုဒ်နှင့် အဆင့်အတန်းအရ၊ သူသာ သူတို့ကို သတ်လိုက်လျှင်ပင် ဖန်ထျန်းတောင်ကြားက ဖုန်းဝူချန်ကို ဘာမှလုပ်ရဲမည် မဟုတ်ချေ။

လင်ယွင်ထျန်း ကိစ္စကဲ့သို့ပင် ဖြစ်၏။

ဖုန်းဝူချန်က လင်ယွင်ထျန်းကို သတ်ခဲ့လျှင်လည်း သတ်ခဲ့သည်သာ ဖြစ်သည်။

ဖန်ထျန်းတောင်ကြားက ဖုန်းဝူချန်ထံမှ လက်စားချေရန် မလုပ်ရဲခဲ့ပါ။

ဖန်ထျန်းတောင်ကြားက အင်အားကြီးမားသော်ငြားလည်း၊ သူတို့ အင်ပါယာ မိသားစုနှင့် ရန်သူ မဖြစ်လိုကြပေ။

စုယွမ်ရှန်းက သူ၏ တုန်လှုပ်မှုမှ ပြန်လည် သတိဝင်လာပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

သူ စိတ်ထဲမှ တွေးလိုက်၏။

'...ဝူခွန်းကို လက်သီးတစ်ချက်တည်းနဲ့ ပွဲသိမ်းလိုက်တာ ကြည့်ရတာ ဒီကောင်လေးမှာ လင်ယွင်ချုံးကို သတ်နိုင်တဲ့ အစွမ်း တကယ်ရှိနေတာပဲ။ ...ဒါပေမဲ့... ဒီကောင်လေး ထျန်းတု မြို့မှာ ရှိနေတုန်းက၊ လင်ယွင်ချုံးလည်း ထျန်းတု မြို့မှာ ရှိနေခဲ့တာ။ ...သူ့အင်အားနဲ့ဆို ဒီကောင်လေးကို သတ်ဖို့ မခက်ခဲသင့်ဘူးလေ'။

ဖုန်းဝူချန်က အလွန်တရာ ပါရမီရှင် တစ်ဦး ဖြစ်သည့်တိုင်၊ နှစ်လတည်းသော အချိန်အတွင်း အသွင်ပြောင်းဘုံ စတုတ္ထအလွှာမှ ဆဌမအလွှာသို့ တက်လှမ်းရန်မှာ မဖြစ်နိုင်သလောက်ပင်။

ဒါက အဓိကအချက် မဟုတ်သေး။

အဓိကအချက်မှာ လင်ယွင်ချုံးက ဖုန်းဝူချန်ကို သတ်ရန် ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။

ထိုအချိန်က ဖုန်းဝူချန်မှာ အသွင်ပြောင်းဘုံ စတုတ္ထအလွှာတွင်သာ ရှိနေသေးသည်မှာ သေချာ၏။

သူ လင်ယွင်ချုံးကို သတ်နိုင်စရာ အကြောင်းမရှိပေ။

ဘာတွေ ဖြစ်ခဲ့တာလဲ။

စုယွမ်ရှန်းမှာ မည်သို့မျှ စဉ်းစား၍ ဉာဏ်မမီတော့ချေ။

“တောင်ကြားသခင်စု၊ ကျွန်တော့်လက် နည်းနည်း လွန်သွားတယ်။ ...ဒါကို ခင်ဗျား အပြစ်မမြင်ဘူးလို့ မျှော်လင့်ပါတယ်” ဖုန်းဝူချန်က စုယွမ်ရှန်းကို ကြည့်ရင်း ပြုံးကာ ဆိုလိုက်သည်။

ထိုစကားကို ကြားသောအခါ စုယွမ်ရှန်းက ပြန်လည် ပြုံးလိုက်ပြီး

“ဆရာဖုန်းက နောက်တာပဲ ဖြစ်ရမယ်။ ဝူခွန်းက သူ့အစွမ်း သူများထက် နိမ့်ကျလို့ပဲ အပြစ်တင်ရမှာပါ"

“ဆရာဖုန်း၊ ဒီဘက်ကို ကြွပါ”

ပထမအကြီးအကဲက ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။

ဖုန်းဝူချန်၏ အဆင့်အတန်းကြောင့် သူတို့ မရိုင်းစိုင်းရဲကြပေ။

“မလိုတော့ပါဘူး..”

ဖုန်းဝူချန်က ခေါင်းခါလိုက်ပြီး ဆိုလေသည်။

“ကျွန်တော် ဒီတစ်ခေါက် လာခဲ့တာက ကိစ္စတချို့ကို ရှင်းရှင်းလင်းလင်း သိချင်လို့ပါ"

“ဆရာဖုန်း၊ ပြောချင်တာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ”

စုယွမ်ရှန်းက ဘာမှမသိချင်ယောင်ဆောင်ကာ ပြုံးရင်း ဆိုလိုက်၏။

သူ ဖုန်းဝူချန်၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိပြီးသား ဖြစ်သည်။

ခေါင်းညိတ်လိုက်ပြီးနောက် ဖုန်းဝူချန်က ပြောလေ၏။

“လွန်ခဲ့တဲ့ မကြာသေးခင်က၊ လင်ယွင်ချုံးက လွမ်ထျန်းမြို့၊ လျိုမိသားစုရဲ့ သခင်လေး လျိုချင်းယန်ကို ဖမ်းသွားခဲ့တယ်။ ...အခုထိ လျိုချင်းယန်ဆီက ဘာသတင်းမှ မကြားရသေးဘူး။ ...လင်ယွင်ချုံး သူ့ကို ဖန်ထျန်းတောင်ကြားဆီ ခေါ်လာခဲ့သလား သိချင်လို့ပါ"

“အစ်ကိုကြီးလင်လား.. ဩော်၊ ဟုတ်သားပဲ.. အစ်ကိုကြီးလင် တောင်ပေါ်က ဆင်းသွားတာ အတော်ကြာပြီ၊ အခုထိ ပြန်မလာသေးဘူး..”

“ငါကြားတာတော့ အစ်ကိုကြီးလင်က ဆရာဖုန်းဆီ လက်စားချေဖို့ သွားရှာတာတဲ့။ ...ဒါ... ဒါဆို အစ်ကိုကြီးလင်လည်း ဆရာဖုန်းရဲ့ လက်ချက်မိသွားတာများလား..”

“ဆရာဖုန်းက အစ်ကိုကြီးဝူကို လက်သီးတစ်ချက်တည်းနဲ့ အလဲထိုးနိုင်တာ ကြည့်ရရင်၊ အစ်ကိုကြီးလင်လည်း သတ်ခံလိုက်ရလောက်ပြီ..”

“အာ..အစ်ကိုကြီးလင်က အသွင်ပြောင်းဘုံ နဝမအလွှာလေ။ ...သူ အသတ်ခံရတာတော့ မဖြစ်နိုင်ပါဘူး..”

တပည့်များမှာ တုန်လှုပ်စွာဖြင့် အချင်းချင်း ဆွေးနွေးနေကြသည်။

ဖုန်းဝူချန်သာ လင်ယွင်ချုံးအကြောင်း ထုတ်မပြောလျှင်၊ သူတို့ သူ့ကို သတိပင်ရကြမည် မဟုတ်ပေ။

“တကယ့် ငတုံးပဲ။ ...တကယ်လို့ ခေါ်လာခဲ့ရင်တောင် ဘယ်သူက ဝန်ခံမှာလဲကွ” တပည့်တစ်ဦးက ငတုံးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်ရင်း အသံတိုးတိုးဖြင့် ဆူပူလိုက်သည်။

သို့သော် စုယွမ်ရှန်းနှင့် ပထမအကြီးအကဲတို့ကတော့ ထိုသို့ မထင်ကြပေ။

ဖုန်းဝူချန်၏ စကားကို ပြန်ဖြေရန် မလွယ်ကူလှချေ။

အကယ်၍ သူတို့က 'မရှိဘူး' ဟု ဖြေလိုက်လျှင်၊ ဖုန်းဝူချန်က ဖန်ထျန်းတောင်ကြားက လင်ယွင်ချုံးကို သူ့အား သတ်ရန် လွှတ်လိုက်သည်ဟု သေချာပေါက် သံသယဝင်ပေလိမ့်မည်။

'ရှိတယ်' ဟု ဖြေလျှင်ကား ပို၍ပင် မဖြစ်နိုင်သေး။

လျိုချင်းယန်အား ဆရာဖုန်း၏ သူငယ်ချင်းမှန်း သိသိကြီးနှင့် ဖန်ထျန်းတောင်ကြားက သူ့ကို ဖမ်းဆီးထားရဲသည်ဆိုလျှင်၊ ၎င်းမှာ သေလမ်းရှာခြင်းပင် မဟုတ်ပါလော။

“ဆရာဖုန်း၊ အမှန်တော့... လင်ယွင်ချုံးက သူ့ညီ အသတ်ခံရမှန်း သိသွားပြီးတဲ့နောက်၊ သူ လက်စားချေလိမ့်မယ်လို့ ကျုပ်တို့ ခန့်မှန်းမိခဲ့ပါတယ်။ ...အဲ့ဒီတုန်းက သူ့ကို ကျုပ်တို့ အစွမ်းကုန် တားမြစ်ခဲ့ပေမဲ့ အသုံးမဝင်ခဲ့ဘူး။ ...သူ့ကို အဲ့ဒီနေ့ကတည်းက ဖန်ထျန်းတောင်ကြားကနေ နှင်ထုတ်ခဲ့ပြီးသားပါ။ ...အဲ့ဒီနောက်ပိုင်း သူ့ကို တစ်ခါမှ ပြန်မတွေ့ရတော့ဘူး၊ သူ ဖန်ထျန်းတောင်ကြားကိုလည်း ပြန်မလာခဲ့ပါဘူး”

စုယွမ်ရှန်းက ‌အကူအညီမဲ့စွာ ခါးသီးသော အပြုံးကို ပြုံးလိုက်လေသည်။

လင်ယွင်ချုံးသည် ဖုန်းဝူချန်၏ လက်ချက်ဖြင့် သေဆုံးသွားပြီဟု သူ ခန့်မှန်းမိပြီးသား ဖြစ်သောကြောင့်၊ စုယွမ်ရှန်းက ထိုကိစ္စကို အပိရိဆုံး ဖြစ်အောင် တွန်းပို့လိုက်ခြင်း ဖြစ်၏။

“ဩော်.. ...ဟုတ်လို့လား..”

ဖုန်းဝူချန်မှာ အတော်လေး အံ့အားသင့်သွားသည်။

သို့သော် ဖုန်းဝူချန်က စုယွမ်ရှန်း၏ အဓိပ္ပာယ်မရှိသော စကားများကို မယုံကြည်ခဲ့ပေ။

သူ စိတ်ထဲမှ တိတ်တဆိတ် ရှုံ့ချလိုက်၏။

'...စုယွမ်ရှန်းက တကယ့် မြေခွေးအိုကြီးပဲ။ ...ကြည့်ရတာ လင်ယွင်ချုံးကို ငါသတ်လိုက်မှန်း သူ သိနေပြီ'။

“ဖန်ထျန်းတောင်ကြားကနေ နှင်ထုတ်လိုက်တယ်..”

တပည့်အားလုံး မှင်သက်သွားကြသော်လည်း၊ မည်သူမျှ ကြားဖြတ် မပြောရဲကြပေ။

မဟာအကြီးအကဲက ခေါင်းညိတ်လိုက်ပြီး ဆို၏။

“ဟုတ်ပါတယ်။ ...အမှန်ပါပဲ"

တပည့်တစ်ဦးက ရုတ်တရက် ဖုန်းဝူချန်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

“မင်း အစ်ကိုကြီးလင်ကို ဘာလုပ်လိုက်သလဲ..”

ထိုတပည့်ကို လှည့်ကြည့်လိုက်ပြီး ဖုန်းဝူချန်က ပြုံးကာ ပြန်‌ဖြေလိုက်၏။ “ငါ သတ်လိုက်တယ်"

“သတ်... သတ်လိုက်တယ်..” တပည့်အားလုံး တုန်လှုပ်သွားကြ၏။

“လင်ယွင်ချုံးက သူ့ညီအတွက် လက်စားချေဖို့ ငါ့ကို လာသတ်တာလေ။ ...ငါက ဒီအတိုင်း ရပ်နေပြီး အသတ်ခံလို့မှ မဖြစ်တာ၊ ဟုတ်တယ်မလား.. ...ဘာပဲဖြစ်ဖြစ် သူက ဖန်ထျန်းတောင်ကြားကနေ နှင်ထုတ်ခံရပြီးသားပဲ။ ...သူ့ကို သတ်လိုက်တာက ဘာမှမဟုတ်ဘူးလေ” ဖုန်းဝူချန်က ပခုံးတွန့်ရင်း ပြုံးကာ ဆိုလိုက်သည်။

ထိုစကားကို ကြားသောအခါ စုယွမ်ရှန်းနှင့် အကြီးအကဲများ၏ မျက်နှာများမှာ မည်းမှောင်သွားရတော့သည်။

ဖုန်းဝူချန်က ဖန်ထျန်းတောင်ကြားကို သူ၏ မျက်စိထဲတွင် လုံးဝ ထည့်မထားသည့်အပြင်၊ စုယွမ်ရှန်းကိုလည်း နည်းနည်းလေးမှ မျက်နှာသာ မပေးခဲ့ပေ။

“မောက်မာလိုက်တာ.. ...မင်း အစ်ကိုကြီးလင်ကိုတောင် သတ်ရဲတယ်ပေါ့.. ...ကောင်လေး၊ မင်းက အင်ပါယာရဲ့ စစ်သူကြီးချုပ်မို့လို့ ငါတို့က မင်းကို ကြောက်နေတယ်လို့ မထင်နဲ့..”

“အစ်ကိုကြီးလင်အတွက် လက်စားချေရမယ်.. ...ငါတို့ ဒီကောင်လေးကို ဖန်ထျန်းတောင်ကြားကနေ အရှင်ထွက်ခွင့် မပေးနိုင်ဘူး..”

“သတ်... သတ်... သတ်ကြစမ်း..”

ဖန်ထျန်းတောင်ကြားမှ တပည့်များစွာမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်ကြ၏။

ထွက်ပေါ်လာသည့် သူတို့၏ အရှိန်အဝါနှင့် သတ်ဖြတ်လိုစိတ်များမှာ ကြီးမားလှသည်။

“အစ်ကိုဖုန်း… အစ်ကိုလျို တကယ်ပဲ ဖန်ထျန်းတောင်ကြားထဲမှာ ရှိနေတာလား”

မြောင်ချင်းချင်းက အသံတိုးတိုးဖြင့် မေးလိုက်၏။

ဒေါသထွက်နေသော ဖန်ထျန်းတောင်ကြား တပည့်များကို ကြည့်ရင်း သူမ အနည်းငယ် ကြောက်လန့်နေမိသည်။

“မရှိဘူး။ ...ငါ ချင်းယန်ရဲ့ အရှိန်အဝါကို မခံစားမိဘူး”

ဖုန်းဝူချန်က တီးတိုး ပြန်ဖြေလိုက်၏။

သူလည်း အလွန်တရာ စိတ်ပျက်သွားခဲ့သည်။

“ဒါဆို အစ်ကိုလျိုက ဘယ်မှာလဲဟင်”

မြောင်ချင်းချင်းက စိုးရိမ်တကြီး မေးလိုက်သည်။

အကယ်၍ လျိုချင်းယန်သာ ဖန်ထျန်းတောင်ကြားထဲတွင် မရှိလျှင်၊ လင်ယွင်ချုံးက သူ့ကို ဘယ်မှာ သွားဝှက်ထားမည်နည်း။

လျိုချင်းယန် တကယ်ပဲ သေဆုံးသွားခဲ့ပြီလော။

ဖုန်းဝူချန်က ခေါင်းခါလိုက်၏။

“ငါလည်း မသိဘူး"

ထိုစဉ် စုယွမ်ရှန်းက သူ၏ လက်ကို မြှောက်လိုက်ပြီး တပည့်များကို တိတ်ဆိတ်သွားစေရန် အချက်ပြလိုက်သည်။

ဖုန်းဝူချန်ကို ကြည့်လိုက်ပြီး စုယွမ်ရှန်းက ဆိုလေသည်။

“ဆရာဖုန်း၊ တပည့်တွေက စကားပြောတာ မဆင်မခြင် ဖြစ်သွားတယ်။ ...သူတို့ကို အပြစ်မမြင်ဘူးလို့ မျှော်လင့်ပါတယ်"

'...ဒီမြေခွေးအိုကြီးရဲ့ သည်းခံနိုင်စွမ်းက တကယ်ပဲ မရိုးရှင်းဘူး’

ဖုန်းဝူချန်က စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်သော်လည်း၊ သူ၏ မျက်နှာထက်တွင် ခပ်ဖျော့ဖျော့ အပြုံးဖြင့် တုံ့ပြန်လိုက်၏။

“တောင်ကြားသခင်စုက အလေးထားလွန်းနေပါပြီ"

“လင်ယွင်ချုံးက လျိုချင်းယန်ကို ခေါ်မလာခဲ့ဘူးဆိုရင်တော့၊ ကျွန်တော် ဒီကနေ နှုတ်ဆက်လိုက်ပါဦးမယ်”

ဖုန်းဝူချန်က ပြုံးရင်း ဆိုလိုက်သည်။

သူက လက်သီးဆုပ်ကာ ဂါရဝပြုလိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်၏။

သို့သော် ဖန်ထျန်းတောင်ကြားမှ တပည့်များစွာမှာ မကျေနပ်ကြပေ။

မကြာမီပင် တပည့် ဒါဇင်ပေါင်းများစွာက ဖုန်းဝူချန်၏ လမ်းကို ပိတ်ဆို့လိုက်ကြသည်။

“အစ်ကိုကြီးလင်ကို သတ်ပြီးမှတော့ ထွက်သွားချင်တယ်ပေါ့ ဟုတ်လား.. ဒီမှာ...တခြားသူတွေက မင်းကို ကြောက်ချင် ကြောက်လိမ့်မယ်၊ ငါတို့ကတော့ မကြောက်ဘူး..”

“အသက် တစ်ချောင်းအတွက် အသက် တစ်ချောင်းပဲ၊ ဒါက မှန်ကန်မျှတတာပဲ.. ...ဖန်ထျန်းတောင်ကြားကနေ အရှင်ထွက်သွားဖို့ စိတ်တောင် မကူးနဲ့..”

ထိုတပည့်များမှာ အလွန်တရာ ဒေါသထွက်နေကြပြီး အဆက်မပြတ် အော်ဟစ်နေကြ၏။

“ငါ ထွက်သွားချင်တာကို ခင်ဗျားတို့ တားနိုင်မယ် မထင်ဘူးနော်.. ...ဟုတ်တယ်မလား.. ...တောင်ကြားသခင်စု..”

ဖုန်းဝူချန်က မထုံတက်တေး ပြုံးရင်း မေးလိုက်သည်။

တဆက်တည်းမှာ စုယွမ်ရှန်းကို ကြည့်လိုက်သော သူ၏ မျက်ဝန်းများထဲတွင် အေးစက်မှု အရိပ်အယောင် တစ်ခု လင်းလက်သွား၏။

ဖုန်းဝူချန်၏ မျက်ဝန်းထဲမှ အေးစက်မှုကို ခံစားမိလိုက်သောအခါ၊ စုယွမ်ရှန်း၏ ကျောပြင်တွင် ချွေးစေးများ စို့ထွက်လာသော်လည်း၊ သူ၏ မျက်နှာမှာ ပို၍ပင် သုန်မှုန်သွားတော့သည်။

“မောက်မာလိုက်တာ.. ...ဒါက ဖန်ထျန်းတောင်ကြား၊ အင်ပါယာရဲ့ စစ်တန်းလျား မဟုတ်ဘူး။ ...မင်း ဘာလုပ်နိုင်မလဲ.....ဖန်ထျန်းတောင်ကြားကနေ လွတ်မြောက်နိုင်မယ် ထင်နေလားဟမ်...”

တပည့်တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

အခြားတပည့်တစ်ဦးကလည်း ခြိမ်းခြောက်လိုက်သည်။

“ဟုတ်တယ်၊ ငါတို့ မင်းကို သတ်လိုက်ရင်တောင်၊ အင်ပါယာက ဘယ်သူလုပ်သွားမှန်း သိမှာ မဟုတ်ဘူး..”

“ဩော်.. ...ဟုတ်လို့လား..” ဖုန်းဝူချန်က အံ့ဩဟန်ဆောင်ရင်း လှောင်ပြုံးပြုံးလိုက်သည်။

“...ငါတို့ နှစ်ယောက်တည်း လာတယ်လို့ မင်းတို့ သေချာလို့လား..”

စုယွမ်ရှန်းနှင့် အကြီးအကဲအချို့၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကြ၏။

ဖုန်းဝူချန် ဆိုလိုသည်မှာ သူ အစွမ်းထက်သော ပညာရှင်တစ်ဦးကို ခေါ်ဆောင်လာခဲ့သည် မဟုတ်လော။

ထိုပညာရှင်က ဘယ်မှာလဲ။

အဘယ်ကြောင့် သူတို့ အရှိန်အဝါကို မခံစားမိရသနည်း။

သူက ထျန်းယွမ်ဘုံမှ ပညာရှင် တစ်ဦးများ ဖြစ်နေသလား။

ဖုန်းဝူချန်သည် ပဉ္စမအဆင့် လက်နက်သန့်စင်သူ တစ်ဦးဖြစ်သလို၊ ဆေးပညာရှင် တစ်ဦးလည်း ဖြစ်သည်။

သူ့တွင် ထျန်းယွမ်ဘုံမှ ပညာရှင်တစ်ဦးကို ဖိတ်ခေါ်နိုင်လောက်သည့် အရည်အချင်းများ အမှန်ပင် ရှိနေပါသည်။

တစ်ခဏအတွင်းမှာပင် စုယွမ်ရှန်းနှင့် ဖန်ထျန်းတောင်ကြားမှ အဆင့်မြင့်သူများ ထိတ်လန့်သွားကြသည်။

အကယ်၍ ဖုန်းဝူချန်သာ ကြောက်မက်ဖွယ် ပညာရှင်တစ်ဦးကို အမှန်တကယ် ခေါ်ဆောင်လာခဲ့လျှင်၊ ဖန်ထျန်းတောင်ကြား တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။

စုယွမ်ရှန်းမှာ တွေးလေလေ ပို၍ ထိတ်လန့်လာလေ ဖြစ်သည်။

သူ ချက်ချင်းပင် ဂိုဏ်းသားများအား ကြိမ်းမောင်းလိုက်၏။

“နောက်ဆုတ်ကြစမ်း.. ...ဆရာဖုန်းကို မရိုင်းစိုင်းကြနဲ့..”

စုယွမ်ရှန်းက ဖုန်းဝူချန် လိမ်ညာနေသည်ဟု သံသယ မဝင်ရဲခဲ့ပေ။

အကြောင်းမှာ သူ့တွင် ထိုသို့ပြုလုပ်နိုင်သော အရည်အချင်းများ ရှိနေသောကြောင့် ဖြစ်သည်။

သူ မစွန့်စားရဲပါ။

“တောင်ကြားသခင်စု၊ နှုတ်ဆက်ပါတယ်..”

ဖုန်းဝူချန်က ပြုံးရင်း ဆိုလိုက်သည်။

လမ်းပိတ်ထားသော တပည့်များမှာ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေကြသော်လည်း၊ စုယွမ်ရှန်း၏ အမိန့်ကို မနာခံဘဲ မနေရဲကြပေ။

ခပ်တည်တည်ဖြင့် ထွက်ခွာသွားသော ဖုန်းဝူချန်ကို ကြည့်ရင်း၊ ထိုတပည့်များမှာ ဒေါသထွက်လွန်း၍ သွားများပင် ယားယံလာကြသည်။

သူတို့ ဖုန်းဝူချန်၏ ကိုယ်ပေါ်မှ အသားတစ်စကို ဆွဲကိုက် ဖြတ်ပစ်ချင်စိတ်များ ပေါက်နေကြ၏။

ဖန်ထျန်းတောင်ကြားမှ ထွက်ခွာလာပြီးနောက်၊ မြောင်ချင်းချင်းမှာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။

သူမ ခုနက တကယ်ပင် ကြောက်လန့်သွားခဲ့ပြီး၊ သူမ၏ ချောမောသော မျက်နှာလေးမှာ အနည်းငယ် ဖြူဖျော့နေဆဲ ဖြစ်သည်။

အကယ်၍ စုယွမ်ရှန်းသာ သူတို့ကို သွားခွင့်မပြုခဲ့လျှင်၊ သူတို့နှစ်ဦးစလုံး ဖန်ထျန်းတောင်ကြားတွင် မြေမြှုပ်ခံလိုက်ရမည်မှာ သေချာပါသည်။

“တကယ်ပဲ... ခုနက ကျွန်မ ကြောက်သွားတာပဲ”

မြောင်ချင်းချင်းက သူမ၏ ရင်ဘတ်ကို ဖိရင်း ကြောက်စိတ်မပြယ်သေးသော လေသံကလေးဖြင့် ပြောလိုက်သည်။

“အင်း…စုယွမ်ရှန်း၊ ...ဒီမြေခွေးအိုကြီးရဲ့ သည်းခံနိုင်စွမ်းက အရမ်းကောင်းတယ်။ ...တခြားသူသာ ဖြစ်ခဲ့ရင်၊ ငါတို့နဲ့ အပြတ်ရှင်းဖို့ လုပ်လောက်ပြီ"

ထိုအခါ မြောင်ချင်းချင်းက ဖုန်းဝူချန်ကို ကြည့်ရင်း မေးလိုက်သည်။

“အစ်ကိုဖုန်း… ခုနက နည်းနည်းလေးတောင် စိတ်မပူဘူးလား၊ မကြောက်ဘူးလားဟင်”

“ကြောက်တာပေါ့ကွ။ ...ဒါကြောင့် စုယွမ်ရှန်းကို ခြောက်လှန့်ဖို့ ငါ့ဦးနှောက်ကို သုံးခဲ့ရတာပေါ့။ ...သူတို့ မလှုပ်ရဲအောင်လို့”

ဖုန်းဝူချန်က ပြုံးရင်း ပြောပြလိုက်သည်။

အကယ်၍ ဖန်ထျန်းတောင်ကြားမှ တပည့်များက စုယွမ်ရှန်း၏ အမိန့်ကို မနာခံဘဲ အုပ်စုလိုက် ဝိုင်းတိုက်ခိုက်ခဲ့လျှင်၊ ဖုန်းဝူချန်တွင် အမှန်တကယ် အခြားနည်းလမ်း မရှိတော့ပေ။

သူက ထိုအထဲကို အသက်စွန့်ပြီး ဝင်ရောက်ခဲ့ခြင်း ဖြစ်၏။

ဟုတ်ပါသည်။

အကယ်၍ ဖုန်းဝူချန်တွင်

စုယွမ်ရှန်းကို ခြောက်လှန့်နိုင်မည့် ယုံကြည်ချက်သာ မရှိခဲ့လျှင်၊ သူ ဖန်ထျန်းတောင်ကြားသို့ လာရန် သူ၏ အသက်ကို စွန့်စားမည် မဟုတ်ပေ။

…..

“တောင်ကြားသခင်၊ ...ခင်ဗျား တကယ်ပဲ ဒီကောင်လေး ကျွမ်းကျင်သူတွေ ခေါ်လာတယ်လို့ ယုံကြည်တာလား” အကြီးအကဲ တစ်ဦးက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

စုယွမ်ရှန်း၏ မျက်နှာမှာ အလွန်တရာ သုန်မှုန်နေ၏။

သူ ဘယ်တုန်းက ဤသို့သော အရှုံးမျိုး ကြုံခဲ့ရဖူးသနည်း။

သူ ဘယ်တုန်းက ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ် ကောင်လေးတစ်ယောက်၏ ရှေ့မှောက်တွင် ဒေါသကို မျိုသိပ်ခဲ့ရဖူးသနည်း။

ဖုန်းဝူချန်၏ နောက်ကျောကို စိုက်ကြည့်ရင်း စုယွမ်ရှန်းက တည်တင်းစွာ ဖြေလိုက်၏။

“ငါ မသိဘူး။ ...ဒါပေမဲ့ ဒီကောင်လေး လာရဲတယ် ဆိုကတည်းက၊ သူ့မှာ လုံလောက်တဲ့ ယုံကြည်ချက် ရှိနေတယ်ဆိုတဲ့ သဘောပဲ.. ...ငါ ဖန်ထျန်းတောင်ကြားရဲ့ ရှင်သန်မှုနဲ့ ပတ်သက်ပြီး မစွန့်စားရဲဘူး.. ...မယုံတာထက် စာရင် ယုံလိုက်တာက ပိုကောင်းတယ်..”

ဖုန်းဝူချန် ကျွမ်းကျင်သူများ ခေါ်မလာခဲ့မှန်း သူ သိသည့်တိုင်၊ စုယွမ်ရှန်း မစွန့်စားရဲခဲ့ပေ။

သူ့တွင် စွန့်စားနိုင်လောက်သည့် အရည်အချင်း မရှိသလို၊ ဆိုးဆိုးဝါးဝါး ကျရှုံးသွားရန်လည်း သူ အလိုမရှိခဲ့။

“ဒီကောင်လေးရဲ့ ကျင့်ကြံမှု မြန်နှုန်းက တော်တော် ကြောက်စရာကောင်းတယ်။ ...နှစ်လအတွင်း အလွှာနှစ်ခု တက်သွားတယ်။ ...သူသာ ဒီအတိုင်း ဆက်ပြီး ကြီးထွားလာရင်၊ အကျိုးဆက်တွေက စဉ်းစားလို့တောင် မရနိုင်ဘူး”

ပထမ အကြီးအကဲက လေးနက်စွာ ဆိုလိုက်၏သူ၏ စိတ်ထဲတွင် အတိုင်းမသိ စိုးရိမ်ပူပန်နေမိသည်။

“ယွမ်တန်ဘုံ ပညာရှင် တစ်ဦးဦး ဝင်မပါဘဲနဲ့တော့၊ သူ့ကို သတ်နိုင်မှာ မဟုတ်ဘူးလို့ ကျုပ် ထင်တယ်.. ...တခြားအင်အားစုတွေ လွှတ်လိုက်တဲ့ လူတွေတောင် အဲ့ဒီကောင်လေးရဲ့ လက်ချက်နဲ့ အကုန် သေကုန်ကြပြီ”

အခြား အကြီးအကဲ တစ်ဦးကလည်း ထင်ကြေးပေးလေသည်။

စုယွမ်ရှန်းမှာ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည်။

သူ၏ စိတ်ထဲတွင် ဘာတွေ တွေးနေသည်ကို မည်သူမျှ မသိနိုင်ပေ။

သို့သော် သူ၏ ပြင်းထန်သော မျက်ဝန်းများအရ၊ သူ ဖုန်းဝူချန်ကို ရှင်းပစ်ရန် နည်းလမ်းတစ်ခု စဉ်းစားနေသည်ကိုမူ သိနိုင်၏။

အချိန်အတော်ကြာပြီးနောက်၊ စုယွမ်ရှန်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“ငါတို့ သူ့ကို မရှင်းပစ်နိုင်ရင်တောင်၊ သူလည်း ငါတို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ...ဒါပေမဲ့ ရှုပ်ထွေးမှုတွေ အခန်မဖြစ်အောင်၊ ငါတို့ သူ့ကို အမြန်ဆုံး ရှင်းပစ်မှ ဖြစ်တော့မယ်..”

All Chapters