ရန်သူတွေ လမ်းကျဉ်းမှာ တွေ့ကြပြီ
Vol. 6 Ch. 81
~“အစ်ကိုဖုန်း၊ ကျွန်မတို့ အခု ဘယ်သွားကြမှာလဲ။ ဖန်ထျန်းတောင်ကြားကများ ကျွန်မတို့ကို စောင့်ကြည့်ဖို့ လူတွေ လွှတ်လိုက်သေးလားမသိဘူး နော်”
တောင်ပေါ်မှ ဆင်းလာပြီးနောက်၊ မြောင်ချင်းချင်းက မေးလိုက်ရင်း၊ သတိကြီးစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
ဖန်ထျန်းတောင်ကြားတွင် လျိုချင်းယန်၏ သတင်း တစ်စုံတစ်ရာမျှ မရှိတော့ပေ။
သဲလွန်စများမှာ လုံးဝ ပြတ်တောက်သွားပြီဟု ဆိုနိုင်လေသည်။
သူတို့ လျိုချင်းယန်ကို ဘယ်နေရာတွင် သွားရှာရမည်မှန်း မသိတော့ချေ။
လင်ယွင်ချုံး သေဆုံးသွားပြီ ဖြစ်ပြီး၊ လျိုချင်းယန်၏ တည်နေရာကို မည်သူမျှ မသိတော့။
လျိုချင်းယန် သေဆုံးသွားပြီလား၊ အသက်ရှင်နေသေးလား ဆိုတာကိုလည်း ဘယ်သူမှ မသိနိုင်ပေ။
“ထျန်းတုကို သွားမယ်” ဖုန်းဝူချန်က ဆိုလိုက်သည်။
“ထျန်းတု”
မြောင်ချင်းချင်း အနည်းငယ် အံ့အားသင့်သွား၏။
သူမ ဖုန်းဝူချန်၏ အတွေးများကို ခန့်မှန်းမိသွားသလိုပင်။
လျိုချင်းယန်၏ သတင်း တစ်စုံတစ်ရာမှ မရရှိသဖြင့်၊ ဖုန်းဝူချန် အလွန်တရာ စိတ်ပျက်သွားခဲ့သည်။
သို့သော် သူ ဘာမှမတတ်နိုင်ခဲ့ပေ။
'…တောက်.. …ငါ လင်ယွင်ချုံးကို သတ်လိုက်တာ နည်းနည်း စောသွားလားမသိဘူး။ …ဒါပေမဲ့… နောင်တရနေလည်း ဘာထူးမှာလဲ။ …အဲ့ဒီကောင်က သေရင်တောင် လျိုချင်းယန် ဘယ်မှာရှိလဲ ပြောမှာ မဟုတ်ဘူး’
ဖုန်းဝူချန် စိတ်ထဲမှ တွေးလိုက်မိသည်။
ယခု နောင်တရနေမှတော့ အသုံးမဝင်တော့ချေ။
ဖန်ထျန်းတောင်ကြားသည် ထျန်းတုမြို့နှင့် မဝေးလှပေ။
ဓားပျံစီး၍ ပျံသန်းသွားလျှင် တစ်နာရီအတွင်း ရောက်ရှိနိုင်၏။
ဓားပျံစီး၍ ပျံသန်းသွားခြင်းက၊ အင်အားကြီး အဖွဲ့အစည်းများ၏ လိုက်လံသတ်ဖြတ်မှုမှလည်း ရှောင်ရှားနိုင်ပေသည်။
ဖုန်းဝူချန်က စစ်သူကြီးဝူကို အမိန့်ပေးကာ၊ ယွင်ကျိုးနယ်မှ အဖွဲ့အစည်းအမျိုးမျိုးကို ခြေရာခံခိုင်းနိုင်၏။
မည်သည့်အဖွဲ့အစည်းက လူများ လွှတ်လိုက်သည်ကို သူ အချိန်မရွေး သိရှိနိုင်ပေသည်။
သို့သော် သူက ဤသို့ မပြုလုပ်ချင်ခြင်းသာ ဖြစ်သည်။
အကယ်၍ သူသာ ယွင်ကျိုးနယ် တစ်ခုလုံးကို သိမ်းပိုက်လိုပါက၊ သူ၏ ကိုယ်ပိုင်အစွမ်းသတ္တိကို အားကိုး၍၊ ယွင်ကျိုးနယ်မှ အဖွဲ့အစည်းအမျိုးမျိုးကို နှိမ်နင်းရပေမည်။
“ဆရာဖုန်း..”
“ဆရာဖုန်း..”
ထျန်းတုမြို့တွင်းသို့ ဝင်ရောက်ပြီးနောက်၊ ဖုန်းဝူချန်ကို မှတ်မိသော ကျင့်ကြံသူတိုင်းက၊ သူ့ကို လေးစားစွာဖြင့် ဆရာဖုန်းဟု ခေါ်ဝေါ်ကြသည်။
'…လျိုချင်းယန်သာ ဒီမှာ ရှိနေခဲ့ရင်၊ …သူ့ကိုယ်သူ မော်ကြွားပြီး ကောင်းကင်ပေါ် ပျံတက်သွားလောက်ပြီ။ …အဲ့ဒီ ကောင်လေးက ဒီလို နေရာမျိုးမှာဆို ဟန်ထုတ်မဆုံး ဖြစ်နေမှာ'
ဖုန်းဝူချန်က စိတ်ထဲမှ တွေးရင်း ပြုံးမိလိုက်သည်။
–-----
“ကြိုဆိုပါတယ်၊ ဆရာဖုန်း..”
လေလံရုံ၏ အဝင်ဝတွင်၊ အစောင့်နှစ်ဦးက လေးစားစွာ ဂါရဝပြုလိုက်ကြ၏။
“ဥက္ကဌကြီးနဲ့ အကြီးအကဲဝေ့တို့ ရှိကြလား” ဖုန်းဝူချန်က မေးလိုက်သည်။
“ရှိပါတယ်၊ သူတို့ မြို့တော်သခင်နဲ့ တိုင်ပင်ဆွေးနွေးနေကြပါတယ်။ ဆရာဖုန်း၊ ကျေးဇူးပြုပြီး ကြွပါ..”
အစောင့်တစ်ဦးက ဖုန်းဝူချန်နှင့် မြောင်ချင်းချင်းကို၊ လေးစားစွာဖြင့် အတွင်းသို့ လမ်းညွှန်ခေါ်ဆောင်သွား၏။
အခြားအစောင့် တစ်ဦးမှာမူ၊ ရှန်းယန်နှင့် ဝေ့ယွင်တို့ထံ သတင်းပို့ရန် ထွက်သွားတော့သည်။
ဖုန်းဝူချန်သည် လေလံရုံ၏ အထူးခြားဆုံး ဧည့်သည်တော် ဖြစ်သောကြောင့်၊ သူတို့ လေးစားရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။
ဖုန်းဝူချန် လေလံရုံသို့ ရောက်ရှိလာမှန်း သိသောအခါ၊ ရှန်းယန်၊ ချူဝူဟန်နှင့် အခြားသူများ အလျင်အမြန် ထွက်လာခဲ့ကြသည်။
သူတို့ အနည်းငယ်မျှပင် မပေါ့ဆရဲပါ။
“ဆရာဖုန်း.. သခင်မလေးမြောင်”
ချူဝူဟန်၊ ရှန်းယန်နှင့် အခြားသူများက လေးစားစွာဖြင့် လက်များ ဆုပ်ကာ ဂါရဝပြုလိုက်ကြသည်။
မြောင်ချင်းချင်းကိုပင် သူတို့ ယဉ်ကျေးစွာ ဆက်ဆံရလေ၏။
'…ဟာ.. …ဆရာဖုန်းက …အသွင်ပြောင်းဘုံ ဆဌမ အလွှာကို …တက်သွားပြီလား..'
ရှန်းယန်၏ နှလုံးသားမှာ အကြီးအကျယ် တုန်လှုပ်သွားခဲ့သည်။
ဖုန်းဝူချန်၏ ကျင့်ကြံမှု အဆင့်ကို တစ်ချက်ကြည့်ရုံဖြင့် သူသည် ခွဲခြားသိမြင်နိုင်ခဲ့၏။
…ဆရာဖုန်း လျိုမိသားစုမှ ထွက်ခွာသွားသည်မှာ နှစ်လမျှသာ ရှိသေးသည်။
နှစ်လတည်းသော အချိန်အတွင်း၊ သူ အသွင်ပြောင်းဘုံ စတုတ္ထအလွှာမှ၊ ဆဌမအလွှာသို့ တက်လှမ်းနိုင်ခဲ့သည်လား။
ဒါ… ဒါ… ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ ကျင့်ကြံမှု မြန်နှုန်းမျိုးလဲ။
ချူဝူဟန်နှင့် အခြားသူများမှာလည်း အလွန်တရာ တုန်လှုပ်သွားကြသည်။
သူတို့ ဤသို့သော ကြောက်မက်ဖွယ် ပါရမီရှင်မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။
“ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူး။ ဆရာဖုန်း၊ အတွင်းကို ကြွပါ..” ဝေ့ယွင်က အလျင်အမြန် ဆိုလိုက်သည်။
ဖုန်းဝူချန်မှာ ကိစ္စတစ်ခုခုအတွက် လာရောက်ခြင်း ဖြစ်မှန်း သူ ခန့်မှန်းမိလိုက်၏။
လေလံရုံ၏ အနောက်ဘက်ရှိ ခမ်းနားထည်ဝါသော နန်းတော်ဆောင်သို့ ရောက်ရှိသောအခါ၊ ရှန်းယန်နှင့် အခြားသူများက သူတို့ကို နွေးထွေးစွာ ကြိုဆိုကြ၏။
“ဆရာဖုန်း ကြွရောက်လာတာ၊ ကျွန်တော့် လေလံရုံအတွက် ဂုဏ်ယူစရာပါပဲ..” ရှန်းယန်က ပြုံးရင်း မြှောက်ပင့်ပြောဆိုလိုက်သည်။
“ဒီနေ့တော့၊ ကျွန်တော့်မှာ ခင်ဗျားတို့ အကူအညီ လိုအပ်တဲ့ ကိစ္စတစ်ခု ရှိနေတယ်။ …မြို့တော်သခင်လည်း ဒီမှာ ရှိနေတာနဲ့ အတော်ပဲ” ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ ဆိုလိုက်ပြီး၊ တန်း၍ ဆိုလိုရင်းကို ပြောလိုက်သည်။
ထိုအခါ ချူဝူဟန်က ပွင့်ပွင့်လင်းလင်း ဆိုလိုက်၏။
“ဆရာဖုန်း၊ ပြောချင်တာကို ပွင့်ပွင့်လင်းလင်း ပြောပါ။ …ကျွန်တော်တို့ ကူညီနိုင်သမျှ အစွမ်းကုန် ကူညီပါ့မယ်..”
ဖုန်းဝူချန်က ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူ ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် ပြောပြလိုက်၏။
“လျိုရှန်းရဲ့ သားလား..”
ရှန်းယန် မျက်မှောင်ကြုတ်လိုက်သည်။
သူ ဤလူကို မှတ်မိနေပုံရ၏။
ဝေ့ယွင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ထုတ်ဖော်ပြောလာ၏။
“လင်ယွင်ချုံးက ဆရာဖုန်းကို လက်စားချေဖို့ ကြိုးစားလိမ့်မယ်လို့၊ ဒီအဘိုးကြီး ကြိုတင်ခန့်မှန်းမိပြီးသားပါ။ …စုယွမ်ရှန်းလည်း သိမှာ သေချာပေမဲ့၊ သူ မတားခဲ့ဘူး။ …အခု လင်ယွင်ချုံး သေသွားပြီဆိုတော့၊ စုယွမ်ရှန်းက အပြစ်အားလုံးကို လင်ယွင်ချုံးဆီ ပုံချလိုက်တာပေါ့"
ချူဝူဟန်ကလည်း လေးနက်စွာ ပြောလာ၏။
“လင်ယွင်ချုံးက ငတုံး မဟုတ်ဘူး။ …သူလည်း ဆရာဖုန်းရဲ့ ဂုဏ်ပုဒ်ကို သိတယ်။ …ဖန်ထျန်းတောင်ကြားရဲ့ တပည့်တစ်ယောက်အနေနဲ့၊ သူ ဖန်ထျန်းတောင်ကြားကို ဒုက္ခမပေးလောက်ဘူး။ …ဒါကြောင့် သူ လျိုချင်းယန်ကို ဖန်ထျန်းတောင်ကြားဆီ ဘယ်တော့မှ ခေါ်သွားမှာ မဟုတ်ဘူး"
ထိုအခါ ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ပြန်ပြောလာ၏။
“လျိုချင်းယန်က ဖန်ထျန်းတောင်ကြားမှာ တကယ် မရှိပါဘူး။ …ကျွန်တော် သူ့အရှိန်အဝါကို မခံစားမိဘူး။ …ဒါပေမဲ့ စုယွမ်ရှန်းရဲ့ သည်းခံနိုင်စွမ်းကတော့ မဆိုးဘူးပဲ။ …ကျွန်တော်နဲ့ ချင်းချင်း ဖန်ထျန်းတောင်ကြားကို သွားတုန်းက၊ သူ ကျွန်တော်တို့ကို ရန်မစရဲဘူး"
“စုယွမ်ရှန်းက ကောက်ကျစ်တဲ့ မြေခွေးအိုကြီးပဲ။ …ဆရာဖုန်းရဲ့ ဂုဏ်ပုဒ်ကြောင့်သာ သူ မလှုပ်ရဲခဲ့တာ။ …ဒါပေမဲ့ သူ တိတ်တဆိတ် ဘာတွေ ကြံစည်နေလဲတော့ မသိနိုင်ဘူး”
ရှန်းယန်ကလည်း ခေါင်းညိတ်ရင်း ထောက်ခံလိုက်သည်။
“ကျွန်မနဲ့ အစ်ကိုဖုန်း လမ်းမှာ လုပ်ကြံသူတွေ အများကြီးနဲ့ တွေ့ခဲ့ရတယ်။ …သူတို့ ဘယ်အဖွဲ့အစည်းကမှန်း မသိဘူး။ …ကျွန်မ ထင်တာတော့၊ ဖန်ထျန်းတောင်ကြားကလည်း အစ်ကိုဖုန်းကို သတ်ဖို့ လူလွှတ်လိုက်သေးတယ် ထင်တယ်”
မြောင်ချင်းချင်းက ဝင်ရောက် ပြောဆိုလိုက်သည်။
သူမ စကားကြောင့် ချူဝူဟန်နှင့် ရှန်းယန်တို့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြသည်။
သူတို့လည်း ဘာတွေဖြစ်နေသည်ကို ခန့်မှန်းမိနိုင်ကြ၏။
“ဟမ့်.. …သူတို့ တော်တော် သတ္တိရှိကြတာပဲ..” ဝေ့ယွင်က ဒေါသတကြီး ဟမ့်ခနဲ နှာမှုတ်လိုက်ပြီး ဆို၏။
“ဆရာဖုန်း၊ ကျွန်တော်တို့ ဒီကိစ္စကို အမြန်ဆုံး စုံစမ်းပြီး၊ သူတို့ကို ဆုံးမရမယ်..”
ထိုစကားကို ကြားသောအခါ၊ ဖုန်းဝူချန်က ခေါင်းခါလိုက်ကာ ငြင်းဆိုလေ၏။
“ဒီကိစ္စတွေကို ကျွန်တော် ကိုယ်တိုင် ဖြေရှင်းပါ့မယ်။ …သူတို့သာ နောင်တမရဘူးဆိုရင်၊ ကျွန်တော် သေချာပေါက် လက်စားပြန်ချေမှာပါ။ …ဒါပေမဲ့ အခုက အချိန်မကျသေးဘူး"
ဤစကားကို ကြားသောအခါ၊ ချူဝူဟန်နှင့် အခြားသူများ၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွား၏။
သူတို့ ဖုန်းဝူချန်၏ စကားများထဲမှ ရက်စက်မှုကို ကြားသိလိုက်ရသည်။
တစ်ချိန်တည်းမှာပင်၊ ၎င်းသည် သူတို့ကို သတိပေးနေသကဲ့သို့လည်း ဖြစ်နေ၏။
'…သူ့စကားက …ငါတို့ကို သတိပေးနေသလိုပဲ။ …ဟုတ်မှ… ငါတို့ ထျန်းတုမြို့တော် ဒါမှမဟုတ် …လေလံရုံဘက်က လူတွေများ …သူ့ကို လိုက်သတ်နေတယ်လို့ ထင်နေတာလား'။
ဖုန်းဝူချန်ကို လိုက်လံသတ်ဖြတ်
နေသူများထဲတွင်၊ လေလံရုံနှင့် ထျန်းတုမြို့မှ လူများ ပါဝင်နေမည် မဟုတ်ဟု မည်သူ သိနိုင်မည်နည်း။
ဖုန်းဝူချန်ကတော့ မပါဝင်ဟု မပြောနိုင်ပေ။
ချူဝူဟန်နှင့် အခြားသူများကို ကြည့်ရင်း၊ ဖုန်းဝူချန်က ဆက်လက် ပြောကြားလိုက်သည်။
“မြို့တော်သခင်၊ ဥက္ကဌကြီးရှန်း၊ ကျွန်တော် ဒီတစ်ခေါက် လာခဲ့တာက၊ လျိုချင်းယန်ရဲ့ တည်နေရာကို ရှာဖွေဖို့ ခင်ဗျားတို့ကို အကူအညီ
တောင်းချင်လို့ပါ။ …အခု လင်ယွင်ချုံးလည်း သေပြီဆိုတော့၊ သူ လျိုချင်းယန်ကို ဘယ်မှာ ဝှက်ထားခဲ့လဲ ကျွန်တော် တကယ် မသိတော့ဘူး"
ထိုအခါ ချူဝူဟန်က သူ၏ ရင်ဘတ်ကို ပုတ်လိုက်ပြီး အာမခံလေ၏။
“ဆရာဖုန်း၊ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်။ …လျိုချင်းယန်သာ ယွင်ကျိုးနယ်ထဲမှာ ရှိနေသေးသရွေ့၊ ကျွန်တော်တို့ လျိုချင်းယန်အတွက် ထွက်ပေါက်တစ်ခု သေချာပေါက် ရှာဖွေနိုင်မှာပါ"
“အားလုံးကို ကျေးဇူးတင်ပါတယ်” ဖုန်းဝူချန်က ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ဆရာဖုန်း၊ လင်ယွင်ချုံး လျိုချင်းယန်ကို ဘယ်မှာ ဝှက်ထားနိုင်မလဲ၊ ကျွန်တော် သိသလိုပဲ …ဒါပေမဲ့ သိပ်တော့ မသေချာဘူး”
တာဝန်ခံ လီက ရုတ်တရက် ထပြောလာခြင်းပါ။
“ဩော်.. …ပြောပါဦး” ဖုန်းဝူချန်က တာဝန်ခံလီကို ကြည့်လိုက်သည်။
တာဝန်ခံလီက လေးစားစွာ ဆို၏
“လေးစားရတဲ့ ဆရာဖုန်း၊ လင်ယွင်ချုံးက လေလံရုံကို မကြာခဏ လာလေ့ရှိပြီး၊ ကျွန်တော်ကပဲ သူ့ကို ဧည့်ခံရတာပါ။ …သူက များသောအားဖြင့် ထိုက်ယွင်ဂိုဏ်းရဲ့ သခင်လေးနဲ့အတူ လာတတ်တယ်။ …လင်ယွင်ချုံးက သူ့နဲ့ အရမ်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပြီး ထိုက်ယွင်ဂိုဏ်းကလည်း ထျန်းယွင်တောင်နဲ့ မဝေးပါဘူး"
“ထိုက်ယွင်ဂိုဏ်း..”
ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်ပြီး၊ သူ၏ မျက်နှာမှာ ချက်ချင်း အေးစက်သွားတော့၏။
“ဆရာဖုန်း၊ ဒါက ကျွန်တော့်ရဲ့ ခန့်မှန်းချက် သက်သက်ပါပဲ။ …ကျွန်တော်လည်း မသေချာပါဘူး..”
တာဝန်ခံလီက သူ စကားမှားသွားပြီး၊ ထိုက်ယွင်ဂိုဏ်းကို စိတ်ဆိုးစေမည် စိုးသဖြင့် ထပ်မံ ဖြည့်စွက်လိုက်သည်။
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ တာဝန်ခံလီ။ …လျိုချင်းယန်က ထိုက်ယွင်ဂိုဏ်းမှာ တကယ် ရှိနေနိုင်တယ်”
ဖုန်းဝူချန်က ထိုသူ့ကို ကျေးဇူးတင်လိုက်သည်။
တာဝန်ခံလီ၏ သတင်းစကားမှာ၊ သံသယဖြစ်ဖွယ်မရှိ အဖြေတစ်ခု ဖြစ်နိုင်ပေ၏။
ဖုန်းဝူချန်နှင့် မြောင်ချင်းချင်းတို့ ထျန်းယွင်တောင် ပတ်ဝန်းကျင် မိုင်ရာပေါင်းများစွာကို ရှာဖွေခဲ့သော်လည်း၊ သတင်း တစ်စုံတစ်ရာ မရခဲ့ပေ။
ဖန်ထျန်းတောင်ကြားတွင်လည်း လျိုချင်းယန်၏ သတင်း မရှိခဲ့သောကြောင့်၊ ထိုက်ယွင်ဂိုဏ်းမှာ ဖြစ်နိုင်ခြေ အရှိဆုံးပင်။
လျိုချင်းယန် ထိုက်ယွင်ဂိုဏ်းတွင် ရှိနေသည်ဖြစ်စေ၊ မရှိနေသည်ဖြစ်စေ၊ ဖုန်းဝူချန် ထိုနေရာသို့ သွားရောက်သောအခါ သိရှိရပေလိမ့်မည်။
“အချိန်မဆွဲသင့်တော့ဘူး။ ချင်းချင်း၊ ငါတို့ ထိုက်ယွင်ဂိုဏ်းကို ချက်ချင်း သွားကြရအောင်..”
ဖုန်းဝူချန်က လေးနက်သော အသံဖြင့် နှိုးဆော်လိုက်ပြီး၊ တစ်ခဏမျှပင် မရပ်တန့်တော့ပေ။
“ဆရာဖုန်း၊ ခဏစောင့်ပါဦး..”
ချူဝူဟန်က အလျင်အမြန် အကြံပြုလိုက်သည်။
“ဆရာဖုန်း၊ ခင်ဗျားတို့ သွားတာ အရမ်း အန္တရာယ်များတယ်။ …လျိုချင်းယန်သာ ထိုက်ယွင်ဂိုဏ်းမှာ တကယ် ရှိနေခဲ့ရင်၊ အသေအကြေ တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်။ ခင်ဗျားရဲ့ လက်ရှိ အစွမ်းသတ္တိနဲ့ဆို၊ ပြန်မလာနိုင်မှာ ကျွန်တော် စိုးရိမ်တယ်။ …ဆရာဖုန်း၊ ကျွန်တော် ခင်ဗျားနဲ့ လိုက်ခဲ့မယ်..”
ချူဝူဟန်ကို ကြည့်ရင်း၊ ဖုန်းဝူချန်က ပြုံးလိုက်ပြီး ပယ်ချလိုက်၏။
“လျိုချင်းယန်သာ ထိုက်ယွင်ဂိုဏ်းထဲမှာ ရှိနေခဲ့ရင်၊ ကျွန်တော် အဲ့လူတွေကို သတ်ပစ်မှာ။ …မြို့တော်သခင် ဒါကို ရှင်းရှင်းလင်းလင်း သိသင့်တယ်"
ချူဝူဟန်က မဆိုင်းမတွ ဆိုလိုက်၏။
“ကျွန်တော်သာ ဆရာဖုန်းကို ကူညီနိုင်မယ်ဆိုရင်၊ သတ်ရုံတင် မကဘူး၊ ထိုက်ယွင်ဂိုဏ်း တစ်ခုလုံးကို ဖျက်ဆီးပစ်ရလည်း ပြဿနာ မရှိပါဘူး"
ချူဝူဟန်၏ စကားများမှာ ပေါ့ပေါ့ဆဆ ပြောလိုက်ခြင်း မဟုတ်ပေ။
သူ၏ ကြောက်မက်ဖွယ် အစွမ်းသတ္တိနှင့်ဆိုလျှင်၊ သူတစ်ဦးတည်းကပင် ထိုက်ယွင်ဂိုဏ်းကို ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။
'…ငါ ဘာလို့ အစွမ်းကုန် ကူညီရသလဲဆိုတော့…'
ချူဝူဟန်က စိတ်ထဲမှ တွေးလိုက်သည်။
'…ပထမအချက်က ဆရာဖုန်းကို ဆွဲဆောင်စည်းရုံးဖို့ပဲ။ …သူ့ကို ကူညီနိုင်ရင် အကျိုးကျေးဇူးတွေ အများကြီး ရနိုင်တယ်ဆိုတာ ငါ ရှင်းရှင်းလင်းလင်း သိတယ်။ …ဒုတိယအချက်က၊ ငါ့ကိုယ်ငါ သံသယကင်းရှင်းအောင်လည်း လုပ်နိုင်တယ်.. …အနည်းဆုံးတော့ ငါတို့ ထျန်းတုမြို့တော်က သူ့ကို လိုက်သတ်တဲ့အထဲမှာ မပါဘူးဆိုတာ ဆရာဖုန်း သံသယဝင်တော့မှာ မဟုတ်ဘူး'
ချူဝူဟန်က သူ၏ အစွမ်းရှိသမျှဖြင့် ကူညီရခြင်း အကြောင်းရင်းမှာ၊ ပထမတစ်ချက်အနေဖြင့် ဖုန်းဝူချန်ကို ဆွဲဆောင်စည်းရုံးရန် ဖြစ်သည်။
ဒုတိယတစ်ချက် အနေဖြင့်မူ၊ သူ၏ သံသယများကို ရှင်းလင်းပစ်ရန်လည်း ဖြစ်သည်။
“ကောင်းပါပြီ..”
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။
ထိုက်ယွင်ဂိုဏ်း၏ အင်အားမှာ အမှန်တကယ်ပင် မနည်းလှပေ။
ဖုန်းဝူချန် တစ်ယောက်တည်းနှင့်ဆိုလျှင်၊ သူ အမှန်တကယ် ပြန်လာနိုင်မည် မဟုတ်ပေ။
ဘေးမှ ရှန်းယန်က ပြုံးရင်း ဆိုလိုက်၏။
“ဆရာဖုန်းက လေလံရုံနဲ့ အကြီးအကဲဝေ့ကို ကူညီခဲ့တာပဲ။ …ဒီအဘိုးကြီးက လက်ပိုက်ကြည့်နေရင်တော့၊ တရားမျှတမှာ မဟုတ်ဘူးပေါ့။ …ရေတစ်စက် ပြန်တုံ့ပြန်ဖို့၊ စမ်းရေတွင်းနဲ့ ပြန်ဆပ်ရမယ်ဆိုတဲ့ အခြေခံသဘောတရားကို၊ ဒီအဘိုးကြီး နားလည်ပါတယ်"
ဝေယွင်နှင့် အခြားအကြီးအကဲများမှာလည်း တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြပြီး၊ ဖုန်းဝူချန်ကို ကူညီရန် တာဝန်ရှိသလို ပြုမူကြ၏။
သူတို့ ကူညီရခြင်း အကြောင်းရင်းမှာလည်း၊ အကျိုးကျေးဇူးများအတွက် ဖြစ်သည်မှာ သဘာဝကျပါသည်။
ဖုန်းဝူချန်၊ ချူဝူဟန်၊ ရှန်းယန်နှင့် ကျန်လူများမှာ ထိုက်ယွင်ဂိုဏ်းသို့ အမြန်ဆုံးနှုန်းဖြင့် အလျင်အမြန် ထွက်ခွာသွားကြသည်။
နှစ်လတိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
လျိုချင်းယန် သေဆုံးသွားပြီလား၊ အသက်ရှင်နေသေးလား မည်သူမျှ မသိနိုင်ပေ။
ဖုန်းဝူချန် ဤတစ်ကြိမ်တွင် နှောင့်နှေးနေ၍ မဖြစ်တော့ပေ။
လမ်းတစ်လျှောက်လုံးတွင်၊ ဖုန်းဝူချန်က မြောင်ချင်းချင်းကို ပွေ့ချီကာ၊ ဓားပျံသိုင်းဖြင့် ပျံသန်းခဲ့သည်။
သူ၏ အမြန်နှုန်းမှာ အံ့မခန်းဖွယ် ကောင်းလှပြီး၊ ချူဝူဟန်နှင့် ကျန် ယွမ်တန်ဘုံ ပညာရှင်များထက် များစွာ မနှေးကွေးလှပေ။
ဤသို့သော အစွမ်းထက်သည့် အစစ်အမှန်ချီ ထုတ်လွှတ်မှုက၊ ချူဝူဟန်နှင့် ကျန်လူများကို အမှန်တကယ် ဖြုံစေပြီး ကြိတ်၍ လေးစားသွားစေခဲ့သည်။
ထိုက်ယွင်ဂိုဏ်း၏ တောင်တန်းဂိတ်တွင်၊ ဖုန်းဝူချန်နှင့် မြောင်ချင်းချင်းတို့ ပေါ်ထွက်လာကြသည်။
ချူဝူဟန်နှင့် ကျန်လူများမှာမူ၊ အမှောင်ထဲတွင် ပုန်းခိုနေကြပုံရ၏။
“အစ်ကိုဖုန်း၊ ဘယ်လိုလဲ.. အစ်ကို လျိုရဲ့ အရှိန်အဝါကို ခံစားမိလားဟင်” မြောင်ချင်းချင်းက စိုးရိမ်တကြီး မေးလိုက်သည်။
ဖုန်းဝူချန် သေချာစွာ အာရုံခံလိုက်ပြီးနောက်၊ သူ၏ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ပေါ်ထွက်လာပြီး ဆိုလိုက်၏။
“ချင်းယန်က ထိုက်ယွင်ဂိုဏ်းမှာ တကယ် ရှိနေတယ်။ …သူ အသက်ရှင်နေတုန်းပဲ၊ ဒါပေမဲ့ သူ့အရှိန်အဝါက အရမ်း အားနည်းနေတယ်"
“ဝမ်းသာလိုက်တာ.. …နောက်ဆုံးတော့ အစ်ကို လျိုကို တွေ့ပြီ..” မြောင်ချင်းချင်းမှာ အလွန်တရာ ပျော်သွားသည်။
သူမ၏ နှလုံးသားထဲမှ ကျောက်တုံးကြီးမှာ နောက်ဆုံးတွင် အောက်သို့ ချလိုက်နိုင်ပြီ ဖြစ်သည်။
သူမ၏ လှပသော မျက်ဝန်းများထဲမှ မျက်ရည်များမှာ မထိန်းချုပ်နိုင်ဘဲ ကျဆင်းလာပြီး၊ ဝမ်းသာမျက်ရည်များ ယိုစီးကျလာတော့သည်။
“ဟိတ်၊ မင်းတို့ ဘယ်သူတွေလဲ.. ထိုက်ယွင်ဂိုဏ်းရဲ့ မြင့်မြတ်တဲ့နေရာ၊ ကျူးကျော်ဝင်ရောက်ခွင့် မရှိဘူး။ မြန်မြန် ထွက်သွားစမ်း…”
ဖုန်းဝူချန်နှင့် မြောင်ချင်းချင်းတို့ ပေါ်လာသည်ကို အာရုံခံမိသောအခါ၊ တပည့်တစ်ဦးက ချက်ချင်း အော်ဟစ်လိုက်သည်။
သို့သော် သူ၏ စကားမဆုံးမီမှာပင်၊ သူ၏ တစ်သက်တာလုံးအတွက် စကားဆက်မပြောနိုင်တော့ပေ။
တောင်တန်းဂိတ်ကို စောင့်ကြပ်နေသော တပည့်နှစ်ဦးမှာ၊ ဖုန်းဝူချန်၏ လက်ချက်ဖြင့် ချက်ချင်း သေဆုံးသွားကြ၏။
တစ်ယောက်လျှင် လက်သီးတစ်ချက်စီဖြင့်၊ သူတို့၏ နှလုံးသားများမှာ လုံးဝ ချိုင့်ဝင်သွားခဲ့သည်။
သူတို့နှစ်ဦး တောင်တန်းဂိတ် အတွင်းသို့ အရုပ်ကျိုးပြတ် လွင့်ပျံသွားကြ၏။
လျိုချင်းယန် ထိုက်ယွင်ဂိုဏ်းတွင် ရှိနေမှန်း သိလိုက်ရသောအခါ၊ ဖုန်းဝူချန်၏ သတ်ဖြတ်လိုစိတ်မှာ ကောင်းကင်သို့ ထိုးတက်သွားပြီး၊ သူ တိုက်ရိုက် သတ်ဖြတ် ဝင်ရောက်သွားတော့သည်။
“ဘယ်လောက် သတ္တိရှိလိုက်သလဲ.. ငါ့ ထိုက်ယွင်ဂိုဏ်းရဲ့ တပည့်တွေကို သတ်ရဲတာ ဘယ်သူလဲ..”
ဂိုဏ်း၏ ရင်ပြင်တွင်၊ လူတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
ထိုက်ယွင်ဂိုဏ်းမှ တပည့်များစွာလည်း ဒရောသောပါး ပြေးထွက်လာကြ၏။
သို့သော် ရင်ပြင်ရှိ ထိုလူက ဖုန်းဝူချန်နှင့် မြောင်ချင်းချင်းတို့ ပေါ်လာသည်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင်၊ အကြီးအကျယ် မျက်စိမျက်နှာ ပျက်သွားပြီး ကြောက်လန့်တကြား ဖြစ်သွားတော့သည်။
“ဆ… ဆရာဖုန်း.. …အသွင်ပြောင်းဘုံ ဆဌမအလွှာ..” ထိုလူ၏ မျက်လုံးများ ပြူးကျယ်သွား၏။
“ဆရာဖုန်း.. …သိုင်းဦးလေး၊ သူက ဆရာဖုန်းလား..”
တပည့်များ အံအားတသင့် အော်လိုက်ကြပြီး၊ သူတို့၏ အမူအရာများမှာ ထိတ်လန့်စပြုလာတော့သည်။
ရင်ပြင်ရှိ လူလတ်ပိုင်းအရွယ် လူကြီးကို မြင်သောအခါ၊ ဖုန်းဝူချန်လည်း အတော်လေး အံ့အားသင့်သွားသည်။
“ဩော်… ခင်ဗျားက ထိုက်ယွင်ဂိုဏ်းကကိုး.. …တကယ့်ကို လမ်းကျဉ်းလေးထဲမှာ ရန်သူတွေ ပြန်တွေ့ကြတာပဲ။ …ငါတို့ မတွေ့တာ နှစ်လပဲ ရှိသေးတယ်၊ …မင်းရဲ့ ကျင့်ကြံမှုက တစ်စက်မှ တိုးတက်မလာဘူးပဲ”
အကြောင်းမှာ ထိုလူသည်၊ တောအုပ်ထဲတွင် ဖုန်းဝူချန်နှင့် တိုက်ခိုက်ခဲ့သော၊ အသွင်ပြောင်းဘုံ အဌမအလွှာ ပညာရှင် ဖြစ်နေသောကြောင့်ပင်။
“မင်း သိသွားမှတော့၊ အရှင်ထွက်သွားဖို့ စိတ်မကူးနဲ့တော့.. …သူ့ကို သတ်ကြစမ်း..”
ထိုလူ၏ မျက်နှာမှာ သုန်မှုန်သွားပြီး၊ ဖုန်းဝူချန်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ၏ မျက်လုံးများမှာ မုန်းတီးမှုနှင့် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။
“ဟမ့်၊ အရင် တစ်ခေါက်ကတော့ ခင်ဗျား လွတ်သွားခဲ့တယ်၊ …ဒါပေမဲ့ ဒီတစ်ခါတော့ အဲ့ဒီလောက် မလွယ်ဘူး..”
ဖုန်းဝူချန်က အေးစက်စွာ ကဲ့ရဲ့လိုက်ပြီး၊ အရိုးခိုက်မတတ် အေးစက်သော သတ်ဖြတ်လိုစိတ်တစ်ခုအား
ထုတ်ဖော်လိုက်၏။
နဂါးနတ်ဘုရား စွမ်းအားကို အသက်သွင်းသည့် အခိုက်အတန့်မှာပင်၊ ဖုန်းဝူချန်က ရန်သူဆီသို့ ပြေးထွက်သွားခဲ့ပြီး ဖြစ်သည်။
သူ၏ အမြန်နှုန်းမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသဖြင့်၊ တပည့်များ သတိပင် မထားလိုက်မိကြချေ။
***