← Chapters

ယွင်ကျိုးနယ် တစ်ခုလုံး တုန်လှုပ်သွားခြင်း

Vol. 6 Ch. 84

ယွင်ကျိုးနယ် တစ်ခုလုံး တုန်လှုပ်သွားခြင်း

Vol. 6 Ch. 84

~ ရေချိုးစည်ထဲက ရေများမှာ သွေးမည်းများဖြင့် နီရဲလို့ နေခဲ့ပြီ ဖြစ်သည်။

လျိုချင်းယန်က ဝိညာဉ်အရည်၏ ဆေးစွမ်းအာနိသင်များကို ဆက်လက် စုပ်ယူနေသည်နှင့်အမျှ၊ သူ၏ ဒဏ်ရာများမှာ အလွန် လျင်မြန်စွာ ပြန်လည် သက်သာလာခဲ့၏။

သူ့ခန္ဓာကိုယ်ထဲမှ အဆိပ်သွေးများကလည်း ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် စွန့်ထုတ်နေသည်။

အံ့ဖွယ် ဝိညာဉ်အရည်က ချူဝူဟန်တို့ကို အံ့အားသင့် မှင်သက်သွားစေခဲ့၏။

'…ဒါ ဘယ်လို ဝိညာဉ်အရည်မျိုးပါလိမ့်…။ ဒီလောက်တောင် အစွမ်းထက်ရသလား…'

ဝေ့ယွင်ပင်လျှင် ဖုန်းဝူချန် ဖော်စပ်လိုက်သည့် ဝိညာဉ်အရည်က ဘယ်လိုအရာမျိုးဖြစ်ပြီး ဒီလောက် အံ့ဖွယ်ကောင်းသည့် ကုသ အာနိသင်မျိုး ရှိနေရသလဲဆိုတာ မသိခဲ့ပေ။

ရေများကို တစ်ခါပြီးတစ်ခါ လဲလှယ်ပေးလိုက်၊ အံ့ဖွယ်ဝိညာဉ်အရည်ကို တစ်ခါပြီးတစ်ခါ ပြန်ဖော်စပ်လိုက် ပြုလုပ်ပေးနေ၏။

သို့နှင့် နာရီအနည်းငယ် ကြာပြီးနောက်မှာတော့၊ လျိုချင်းယန်၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်မှ သွေးမည်းများ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး သွေးကြိမ်လုံးရာ ဒဏ်ရာများကလည်း ပျောက်ကင်းသွားခဲ့လေသည်။

သို့သော်၊ လျိုချင်းယန်မှာ ဒီအချိန်တစ်လျှောက်လုံး သတိလစ်မေ့မြောနေခဲ့ဆဲ ဖြစ်ပြီး ဘယ်အချိန်မှ ပြန်နိုးလာမည်ကို ဘယ်သူမှ အတပ် မသိကြပေ။

'...နိုးလာမှာပါလေ... အသက်ရှင်နေသေးတာပဲဟာ...'

ဒီကိစ္စအတွက်တော့ စိတ်ပူစရာ မလိုတာ သေချာပါသည်။

လျိုချင်းယန် အသက်ရှင်နေ

သေးသရွေ့တော့ သူ အသေအချာ နိုးထလာပေလိမ့်မည်။

"ဆရာဖုန်း၊ ခင်ဗျား ဖော်စပ်လိုက်တဲ့ ဝိညာဉ် အရည်က ဘာလဲခင်ဗျ။ ဘာဖြစ်လို့ ဒီလောက် အစွမ်းထက်တဲ့ ကုသ အာနိသင်မျိုး ရှိနေရတာလဲ။"

ဝေ့ယွင်က စိတ်မထိန်းနိုင်ဘဲ မေးမြန်းလိုက်မိသည်။

ဒီစကားကိုကြားတော့ ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်၏။

"ဒါက ပြင်ပဒဏ်ရာတွေ ကုသဖို့ ဝိညာဉ်အရည်လေ။ အဆိပ်သွေးတွေကို ခန္ဓာကိုယ်ထဲက အမြန်ဆုံး စွန့်ထုတ်ပေးနိုင်ပြီး ပြင်ပဒဏ်ရာတွေကို ပိုပြီး လွယ်လွယ်ကူကူ ပျောက်ကင်းစေတယ်။ သာမန် ဝိညာဉ်အရည်တစ်ခုပါပဲ။ အတွင်းဒဏ်ရာတွေအပေါ်တော့ အာနိသင် မရှိဘူး။"

"သြော်... ဒီလိုကိုး။" ဝေ့ယွင်တို့ ခေါင်းညိတ်လိုက်ကြသည်။

"အကြီးအကဲဝေ့၊ ခင်ဗျားတို့က အစွမ်းထက်တဲ့ ကုစားဆေးလုံး လိုချင်တယ်ဆိုရင် ကျွန်တော် ခင်ဗျားကို တတိယအဆင့် ဆေးလုံးအတွက် ဆေးနည်းကို နောက်မှ ပေးလိုက်ပါ့မယ်။ ကုစားဆေးလုံးရဲ့ အာနိသင်က အရမ်းအစွမ်းထက်တယ်။ အားလုံးရဲ့ အကူအညီအတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ ခင်ဗျားတို့ တစ်ယောက်ချင်းစီအတွက် ဝိညာဉ်လက်နက်တစ်ခုစီ သန့်စင်ပေးမယ်လို့ ကျွန်တော် ကတိပေးတယ်။ ဒါပေမဲ့ လိုအပ်တဲ့ ပစ္စည်းတွေကိုတော့ ခင်ဗျားတို့ဘာသာ ပြင်ဆင်ရလိမ့်မယ်။ ကျွန်တော်က ဆင်းရဲတယ်ဗျ။"

ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ ပြုံးရင်း ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် ဆရာဖုန်း။"

ဝေ့ယွင်တို့ အပျော်ကြီးပျော်သွားကြပြီး ဖော်ပြမတတ်နိုင်အောင် စိတ်လှုပ်ရှားသွားကြသည်။

သူတို့သည် ထပ်ခါထပ်ခါ ကျေးဇူးတင်စကား ဆိုကြ၏။

ချူဝူဟန်တို့ကတော့ ဖုန်းဝူချန်ကို ကူညီဖို့ သူတို့၏ ဆုံးဖြတ်ချက်အတွက် တိတ်တဆိတ် ဝမ်းသာနေမိကြသည်။

'…ဟူး… တော်သေးတာပေါ့ကွာ… ငါတို့ ဆုံးဖြတ်တာ မမှားဘူး…'

အကျိုးကျေးဇူး ကြီးကြီးမားမား ရမည်မှာ သေချာနေပြီလေ။

အခုဆို ဖုန်းဝူချန်က သူတို့အတွက် ဝိညာဉ်လက်နက် သန့်စင်ပေးမည်ဟု ကတိပေးလိုက်လေပြီ။

သူတို့ ဖုန်းဝူချန် ဆေးလုံးဖော်စပ်တာကို ကိုယ့်မျက်စိနှင့်ကိုယ် မြင်ခဲ့ရသည့် အချိန်တုန်းက တုန်လှုပ်

အံ့အားသင့်ခဲ့ရသည်။ ဆေးဖို မလိုဘဲ လက်ဝှေ့ယမ်းလိုက်ရုံနှင့် ဆေးလုံးများကို လျင်မြန်စွာ ဖော်စပ်နိုင်ခဲ့သည် တဲ့လာူ။

အမှန်တကယ် ထူးချွန် ပြောင်မြောက်လှ၏။

လျိုချင်းယန်၏ ဒဏ်ရာများ တည်ငြိမ်သွားပြီးနောက်မှာတော့ ချူဝူဟန်တို့လည်း ထိုက်ယွင်ဂိုဏ်းမှ ထွက်ခွာသွားကြလေသည်။

ဘယ်လောက်ကြာသွားမှန်း မသိသည့် အချိန်တစ်ခုနောက်မှာ ကောင်းကင်က တဖြည်းဖြည်း မှောင်ရီပျိုးလာခဲ့၏။

သတိလစ် မေ့မြောနေခဲ့သည့် လျိုချင်းယန်က ဖြည်းညှင်းစွာ မျက်လုံးဖွင့်လာခဲ့သည်။

"ငါ... ငါဘယ်ရောက်နေတာလဲ။ ငါသေသွားပြီလား။"

လျိုချင်းယန်က တိုးဖွစွာ ရေရွတ်ရင်း မျက်လုံးတစ်ဝက်ဖွင့်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

'…ဟင်… ငါ ငရဲရောက်သွားတာလား… အေးစက်စက်နဲ့…'

"အစ်ကို လျို၊ နိုးလာပြီ.. ဝမ်းသာလိုက်တာ.."

မြောင်ချင်းချင်း အလွန် ပျော်သွား၏။

"ချင်းအာ.."

လျိုချင်းယန် တုန်လှုပ်သွားပြီး မျက်လုံးအပြူးသားဖြင့် မြောင်ချင်းချင်းကို စိုက်ကြည့်နေမိသည်။

'…ချင်းအာပါ သေသွားပြီလား… ဟာ… ဒုက္ခပဲ…'

"မင်း နောက်ဆုံးတော့ နိုးလာပြီပေါ့။ မင်းကို ငါ စောင့်နေတာ တော်တော်ကြာပြီ.."ဟု ဖုန်းဝူချန်က ပြောလိုက်သည်။

"အစ်ကို ဖုန်း .."

လျိုချင်းယန်က ဖုန်းဝူချန်ကို ကြည့်လိုက်သည်။

အတန်ကြာမှ သူ အံ့အားသင့်စွာ မေးလိုက်၏။

"ခင်ဗျားတို့လည်း သေသွားကြပြီလား။"

"ရှင်သာ သေနေတာ.."

မြောင်ချင်းချင်းက မျက်စောင်းထိုးရင်း လျိုချင်းယန်ခေါင်းကို ခပ်ဆတ်ဆတ် ခေါက်လိုက်သည်။

"အား... အား... အား.."

လျိုချင်းယန်က ခေါင်းကို အမြန်ဖိကိုင်ရင်း နာကျင်စွာ အော်ဟစ်လိုက်သည်။ ပြီးတော့ သူ အံ့အားသင့်စွာ ရေရွတ်၏။ "ငါ အသက်ရှင်နေသေးပါလား.. ငါမသေဘူး.."

နာကျင်မှုကို ခံစားမိတယ်ဆိုလျှင် သူအသက်ရှင်နေသေးတယ်ဆိုသည့် သဘောပဲလေ။

လျိုချင်းယန် အပျော်ကြီးပျော်သွားပြီး စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

"ငါ အသက်ရှင်နေသေးတယ်.. ဒါ တကယ့်ကို အံ့ဖွယ်ပဲ.. ဟားဟား.."

ထိုအခါ မြောင်ချင်းချင်းက လျိုချင်းယန်ကို မျက်စောင်း တစ်ချက် ပစ်သွင်းလိုက်၏။

"အစ်ကို ဖုန်း သာ မရှိရင် ရှင် အသက်ရှင်နေမှာ မဟုတ်ပါဘူး.."

'အစ်ကို ဖုန်း ..'

လျိုချင်းယန် ကြောင်ငေးသွားပြီး ဖုန်းဝူချန်ကို ကြည့်လိုက်သည်။

မြေအောက်ထောင်ထဲမှာ ဖုန်းဝူချန် ပေါ်လာခဲ့တာကို သူ မှတ်မိသလိုလို ရှိသော်လည်း သိပ်တော့ မသေချာပေ။

"ထိုက်ယွင်ဂိုဏ်းက လူတွေအားလုံး သေကုန်တာ မတွေ့ဘူးလား။ သွေးညှီနံ့တွေ မရဘူးလား။ အစ်ကိုလျိုအတွက် လက်စားချေဖို့ အစ်ကို ဖုန်း က ဂိုဏ်းချုပ်နဲ့ ဥက္ကဋ္ဌရှန်းကို ဖိတ်ခေါ်ပြီး ထိုက်ယွင်ဂိုဏ်း တစ်ခုလုံးကို သတ်ဖြတ်ပစ်ခဲ့တာလေ.. အဲ့ဒီတုန်းက အစ်ကိုလျို့မှာ အသက်ရှုသံတောင် မရှိတော့လို့ ကျွန်မတို့အားလုံးက ရှင်တကယ် သေပြီလို့ ထင်နေတာ။ နောက်မှ ဘာဖြစ်သွားမှန်းမသိဘူး၊ အစ်ကိုလျို ရုတ်တရက် ပြန်အသက်ဝင်လာတာ။"

မြောင်ချင်းချင်းက ရှင်းပြလေသည်။

"ထိုက်ယွင်ဂိုဏ်း တစ်ခုလုံးကို သတ်ဖြတ်ပစ်ခဲ့တာ.."

လျိုချင်းယန် မျက်လုံးအပြူးသား ဖြစ်သွား၏။

ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ထိုက်ယွင်ဂိုဏ်း၏ ရင်ပြင်ကြီးတစ်ခုလုံး အလောင်းတွေနှင့် ပြည့်နှက်နေတာကို တွေ့လိုက်ရ၏။

လျိုချင်းယန် ကြောက်လွန်း၍ တုန်ရီသွားသည်။

ညဘက် ဖြစ်နေသည့်တိုင် ထျန်းယွင်ဂိုဏ်းတပည့်တွေ၏ ကြေကွဲဖွယ် သေဆုံးပုံတွေကို သူ မြင်နေရသေးသည်။

'…ဒါ... ဒါ ဘယ်လောက်တောင် ရက်စက် ကြမ်းကြုတ်လိုက်သလဲ…'

သူ့ကိုကယ်တင်ဖို့၊ သူ့အတွက် လက်စားချေပေးဖို့ အစ်ကို ဖုန်းက ထိုက်ယွင်ဂိုဏ်းတစ်ခုလုံးကို သတ်ဖြတ်ပစ်ခဲ့တာပါလား။

လျိုချင်းယန် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး မျက်လုံးများ နီရဲကာ ဖုန်းဝူချန်ကို ကြည့်လိုက်သည်။

"အစ်ကို ဖုန်း .."

လျိုချင်းယန် စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်သည်။

"မင်း အသက်ရှင်နိုင်တာက အထွတ်အထိပ် ခန္ဓာကျင့်စဥ်ကြောင့်ပဲ။ မင်းကို ထိုက်ယွင်ဂိုဏ်းက နှစ်လကြာ နှိပ်စက်ခဲ့ပေမဲ့၊ အဲ့ဒါက မင်းရဲ့ ရုပ်ခန္ဓာကို ပိုပြီး ခိုင်မာစေခဲ့ပြီး အထွတ်အထိပ် ခန္ဓာကိုယ်ကို လှုံ့ဆော်ပေးလိုက်တာ။ ဒါကို ကံဆိုးထဲက ကံကောင်းတယ်လို့ သတ်မှတ်လို့ရတယ်လေ။" ဟူ၍ ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ ပြုံးရင်း ရှင်းပြလိုက်သည်။

"ဟမ့်.. အဲ့လူယုတ်မာ လင်ယွင်ချုံးက ငါ့ကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်ခဲ့တာ၊ ပြီးတော့ ငါ့ကို ဖမ်းမိတော့လည်း ကန်ကျောက်ထိုးကြိတ်ခဲ့သေးတယ်။ အဲ့လူယုတ်မာနဲ့ ငါ ပြန်တွေ့ရင် သူ့ကို တစ်စစီ ဆွဲဖြဲပစ်မယ်.."

လျိုချင်းယန်က ကြမ်းတမ်းပြီး ဒေါသတကြီး လေသံဖြင့် ပြောလိုက်သည်။ သတ်ဖြတ်လိုသော အရှိန်အဝါများ လေထုထဲ ပျံ့နှံ့သွား၏။

"လင်ယွင်ချုံးကို အစ်ကို ဖုန်း သတ်လိုက်ပြီလေ။" မြောင်ချင်းချင်းက ပြောလိုက်သည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..”

လျိုချင်းယန်၏ မျက်လုံးတွေ ပြုတ်ထွက်တော့မတတ် ဖြစ်သွား၏။

သူ အံ့အားသင့်စွာ မေးလိုက်သည်။

"အဲ့ဒီတုန်းက အစ်ကို ဖုန်း က အသွင်ပြောင်းဘုံ စတုတ္ထအလွှာပဲ ရှိသေးတာ မဟုတ်လား။ သူ လင်ယွင်ချုံးကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ။"

"ဒီအကြောင်းတွေ နောက်မှပြောကြတာပေါ့။ မင်းလည်း တော်တော်လေး သက်သာနေပြီဆိုတော့၊ ဒီနေရာကနေ အရင်ဆုံး ထွက်သွားကြရအောင်။" ဖုန်းဝူချန်က ဆုံးဖြတ်လိုက်သည်။

ဖုန်းဝူချန်နှင့် ကျန်နှစ်ယောက်.. ထိုညမှာပဲ ထိုက်ယွင်ဂိုဏ်းမှ ထွက်ခွာခဲ့ကြသည်။

ထိုက်ယွင်ဂိုဏ်းထဲမှ သွေးညှီနံ့က အရမ်းပြင်းထန်လွန်းပြီး အလွယ်တကူ အာရုံစိုက်မိနိုင်သောကြောင့်.ညတွင်းချင်း ခရီးဆက်တာက အနည်းဆုံးတော့ မလိုအပ်သည့် ဒုက္ခများနှင့် အန္တရာယ်များကို ရှောင်ရှားနိုင်ပါ

လိမ့်မည်။

ဒုတိယနေ့မှာတော့ ထိုက်ယွင်ဂိုဏ်း အသတ်ခံရသည့် သတင်းက ယွင်ကျိုးနယ် တစ်ခုလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။ အင်အားစု အားလုံး တုန်လှုပ်သွားကြသည်။

ထိုက်ယွင်ဂိုဏ်း၊ ဂိုဏ်းချုပ်မှ တပည့်များအထိ အားလုံး အသတ်ခံခဲ့ရသည်..။

သတင်းပျံ့နှံ့ပြီး မကြာခင်မှာပင် ယွင်ကျိုးနယ် အရပ်ရပ်မှ ကျင့်ကြံသူများ စုံစမ်းစစ်ဆေးဖို့ ရောက်လာကြ၏။

ကြောက်မက်ဖွယ် မြင်ကွင်းကို တွေ့လိုက်ရသည့်အခါမှာတော့ သူတို့..ကြောက်လွန်း၍ မျက်နှာများ ဖြူဖျော့ကုန်ကြသည်။

အချို့ သတ္တိနည်းသည့် ကျင့်ကြံသူများဆို သတိလစ်ကုန်ကြ၏။

သို့သော် သူတို့ကို ပို၍ ကြောက်လန့်စေခဲ့သည်မှာ ထိုက်ယွင်ဂိုဏ်းကို သတ်ဖြတ်ခဲ့သူမှာ နာမည်ကျော် ဆရာဖုန်း ဖြစ်သည်ဆိုတာပင်။

သတင်းများအရ ထိုက်ယွင်ဂိုဏ်းက ဆရာဖုန်းကို သတ်ဖို့ လူလွှတ်ခဲ့သည်တဲ့။ စုံစမ်းစစ်ဆေးပြီးနောက်မှာတော့ ထိုက်ယွင်ဂိုဏ်းတစ်ခုလုံး ဆရာဖုန်း၏ လက်ချက်ဖြင့် အသတ်ခံခဲ့ရသည်လေ။

ဒီလူငယ်လေးက ယွင်ကျိုးနယ်မှ အင်အားစု အားလုံးကို တုန်လှုပ်စေခဲ့ပြီ။

ထိုက်ယွင်ဂိုဏ်း၏ အင်အားက မနည်းလှ၊ ယွမ်တန်ဘုံ ပညာရှင်များလည်း အများကြီးရှိသည်။ သို့သော် သူတို့အားလုံး ဆရာဖုန်း၏ လက်ချက်ဖြင့် အသတ်ခံခဲ့ရသည်..။

ဖုန်းဝူချန်နှင့် ချူဝူဟန်တို့မှ လွဲ၍ ထိုက်ယွင်ဂိုဏ်း အသတ်ခံရသည့်ကိစ္စကို မည်သူမျှ မသိကြပေ။

ဖုန်းဝူချန်နှင့် ကျန်နှစ်ယောက်ကတော့ သဘာဝအတိုင်း ဒီကိစ္စကို ဖွင့်ပြောမည် မဟုတ်ပါ။ ထို့ကြောင့် ချူဝူဟန်တို့ပဲ သိကြသည်ပင်။

လေလံပွဲတုန်းက မြောင်ချင်းချင်းထံမှ ယွင်ကျိုးနယ်မှ အင်အားစု အတော်များများ ဖုန်းဝူချန်ကို သတ်ဖို့ လူလွှတ်ခဲ့ကြသည်ဆိုတာ သူတို့ သိခဲ့ကြပြီးသားပင်။ ထို့ကြောင့် သူတို့ ယွင်ကျိုးနယ်မှ အင်အားစု အားလုံးကို ဟန့်တားဖို့ ဒီအစီအစဉ်ကို ကြံစည်ခဲ့ကြခြင်း ဖြစ်၏..။

ဆရာဖုန်းကို စော်ကားလျှင် ထိုက်ယွင်ဂိုဏ်းလိုပဲ အဖြစ်ဆိုးနှင့် ကြုံရမည်..။

ယွင်ကျိုးနယ်မှ အင်အားစု အားလုံးကို ဟန့်တားနိုင်မည် မဟုတ်လျှင်တောင် အနည်းဆုံးတော့ သူတို့ကို ထိန်းထိန်းသိမ်းသိမ်း နေဖြစ်အောင် လုပ်နိုင်လိမ့်မည်။

—----

ဖန်ထျန်းတောင်ကြား၏ ခမ်းနားထည်ဝါသည့် နန်းတော်ဆောင်ထဲမှာ စုယွမ်ရှန်းနှင့် ခေါင်းဆောင်ပိုင်းများ၏ မျက်နှာများမှာ အလွန်အမင်း ခက်ထန်နေကြသည်။

"ဆရာဖုန်းက ထိုက်ယွင်ဂိုဏ်းကို သတ်ဖြတ်နိုင်စွမ်း မရှိနိုင်ဘူး။ အဲ့လူငယ်လေးက အသွင်ပြောင်းဘုံမှာပဲ ရှိသေးတာ။ ဟော်ယွင်က ယွမ်တန်ဘုံ ဒုတိယအလွှာ ကျင့်ကြံမှု ရှိတယ်။ ထိုက်ယွင်ဂိုဏ်းမှာ ပညာရှင်တွေ ရာနှင့်ချီတဲ့ တပည့်တွေ အများကြီးရှိတာကို ထည့်မပြောသေးဘူး။ အဲ့လူငယ်လေး လုံးဝ မလုပ်နိုင်ဘူး၊ သူ့မှာ ပညာရှင် တစ်ယောက်ယောက် အကူအညီ ရထားတာ မဟုတ်လျှင်ပေါ့.." စုယွမ်ရှန်းက လေးနက်စွာ ပြောလိုက်သည်။

"စစ်သူကြီးဝူက ထိုက်ယွင်ဂိုဏ်းနဲ့ အလှမ်းဝေးလွန်းတယ်။ သူ လုံးဝ မဖြစ်နိုင်ဘူး၊ အင်ပါယာ မိသားစုဝင် တစ်ယောက်ယောက်လည်း မဟုတ်ဘူး။ ငါတို့ ယွင်ကျိုးနယ်က ပညာရှင် တစ်ယောက်ယောက်ပဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘယ်သူဖြစ်နိုင်မလဲ.." မဟာအကြီးအကဲက ခန့်မှန်းလိုက်သည်။

လူအားလုံးကို ခြုံ၍ ကြည့်လိုက်ရင်း စုယွမ်ရှန်းက မေးလိုက်၏။

"ဒီသတင်း ဘယ်က လာတယ်ဆိုတာ မင်းတို့ သိကြလား.."

"မသိပါဘူး၊ ဒါပေမဲ့ လူတော်တော်များများ ထိုက်ယွင်ဂိုဏ်းကို သွားခဲ့ကြတယ်။ ထိုက်ယွင်ဂိုဏ်းက တကယ်ပဲ အသတ်ခံခဲ့ရတာ၊ တစ်ယောက်မှ အသက်မရှင်ကျန်ခဲ့ဘူး။ တပည့် ရာပေါင်းများစွာ သေဆုံးပုံက အရမ်း ကြေကွဲစရာကောင်းပါတယ်၊ အားလုံး ဓားဒဏ်ရာတွေချည်းပါပဲ..ဆရာ"

လူတစ်ယောက်က ရိုသေစွာ ပြန်ဖြေလိုက်သည်။

—-----

ရွှမ်းထျန်းဂိုဏ်း အစည်းအဝေးခန်းမ၌….ခန်းမထဲမှ လေထုက အလွန် လေးလံနေ၏။

ထိုစဉ် မူထျန်းယွင်က လေးနက်စွာ မေးလိုက်သည်။

"ဆရာဖုန်းက လှုပ်ရှားတော့မယ်၊။ ဆရာဖုန်းရဲ့ အဆင့်အတန်းကို မင်းတို့အားလုံး သိပြီးကြပြီ။ မင်းတို့ ကန့်ကွက်စရာ ရှိကြသေးလား.."

"ဂိုဏ်းချုပ်ဟောင်း၊ ကျွန်တော်တို့က ယွင်ကျိုးနယ်ရဲ့ အင်အားအကြီးဆုံး ဂိုဏ်းပါ။ ဆရာဖုန်းက ယွင်ကျိုးနယ်ကို စိုးမိုးချင်တာ။ ကျွန်တော်တို့ သူ့ကို ကြောက်နေရမှာလား။" အကြီးအကဲ တစ်ဦးက ပြောလိုက်သည်။

သားဖြစ်သူ လက်ရှိ ဂိုဏ်းချုပ် မူယွင်ရှန်းက ခေါင်းခါလိုက်ပြီး ..

"အင်ပါယာက ကျွန်တော်တို့ကို အလေးထားချင်မှ ထားမယ်။ မင်းသားကတောင် ဆရာဖုန်းကို ဆရာအဖြစ် သတ်မှတ်ထားပြီးပြီ။ ကျွန်တော်တို့ ဆရာဖုန်းနှင့် ရန်သူဖြစ်သွားရင် ကျွန်တော်တို့ ရွှမ်းထျန်းဂိုဏ်းလည်း ပျက်စီးသွားနိုင်တယ်။ ဆရာဖုန်းက ရက်စက်ကြမ်းကြုတ်တယ်။ သူ ကျွန်တော်တို့ကို မျက်နှာသာပေးချင်မှ ပေးမှာ။"

ရှဲ့ဟယ်ကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်၏။

"ဂိုဏ်းချုပ် ပြောတာ မှန်တယ်။ ကျုပ်တို့ အခြေအနေအရ လိုက်လျောညီထွေ လုပ်ဆောင်တာ ပိုကောင်းလိမ့်မယ်။"

.....

တစ်ချိန်တည်းမှာပဲ ထျန်းရွှီနန်းတော်နှင့် အခြား အင်အားစုများလည်း ထင်ကြေးပေးနေကြသည်။

ထိုက်ယွင်ဂိုဏ်း၏ ပျက်စီးခြင်းက ယွင်ကျိုးနယ်မှ အင်အားစု အားလုံးကို တုန်လှုပ်စေခဲ့၏။

ဖုန်းဝူချန်မှာ ထိုက်ယွင်ဂိုဏ်းကို ဖျက်ဆီးနိုင်သည့် အစွမ်း တကယ်ရှိနေတာလား။

သူ့ကို ကူညီခဲ့သည့် ပညာရှင်က အတိအကျ ဘယ်သူလဲ။

ဖုန်းဝူချန်နှင့် ကျန်နှစ်ယောက်ကတော့ ဒီကိစ္စကို လုံးဝ မသိကြပေ။

သူတို့သုံးယောက် ညတွင်းချင်း ခရီးဆက်ခဲ့ကြပြီး အခု ထျန်းယွင်တောင်တန်း၏ တောင်ကြားတစ်ခုထဲမှာ ကျင့်ကြံနေကြ လေသည်။

‘…သေစမ်း..အစ်ကိုဖုန်း... ငါ့ကို ကယ်ခဲ့တာတော့ ဟုတ်ပါရဲ့...။ ဒါပေမဲ့ ဒီလို ဒုက္ခပေးတာတော့ မဟုတ်သေးဘူး လေဟာ…’

မနေ့ညက လျိုချင်းယန်က သူ့ကို ကယ်တင်ခဲ့သည့်အတွက် ဖုန်းဝူချန်ကို အလွန် ကျေးဇူးတင်နေခဲ့သေးသည်။

ဒီနေ့တော့ မတူတော့ပြီ။ သူ့ပါးစပ်က မကျေမနပ် စကားလုံးများ အပြည့်။

နာကျင်မှုကို ကြိတ်မှိတ်ခံရင်း အစ်ကိုဖုန်းကို အဆက်မပြတ် ကျိန်ဆဲနေ၏။

ဖုန်းဝူချန်ကတော့ သူ့ကို လုံးဝ လျစ်လျူရှုထားသည်။

သူတို့ ထျန်းယွင်တောင်တန်းကို ရောက်ရောက်ချင်းမှာပဲ လျိုချင်းယန်၏ ရှားပါးသည့် ဒဏ်ရာများက ပျောက်ကင်းလုနီးပါး ဖြစ်နေပြီ။ သူ ဖုန်းဝူချန်၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရခဲ့ပြီး ချက်ချင်း ဒူးခေါင်းပြင်ပေါ်ထိုင်ကာ ကျင့်ကြံခဲ့ရသည်။

မြောင်ချင်းချင်းကလည်း အတူတူပဲ။ သို့သော် မြောင်ချင်းချင်းကတော့ မကျေမနပ် မပြောခဲ့ပေ။

ဖုန်းဝူချန်က သူတို့ ကောင်းဖို့အတွက် ဒီလိုလုပ်ခြင်းလေ။ အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ် ယန်ဟော် မြင်းသည်တော်တပ်ဖွဲ့ကို လေ့ကျင့်ပေးခဲ့သလိုမျိုးပေါ့။ အနည်းဆုံးတော့ ဒါက အထွတ်အထိပ် ခန္ဓာကိုယ်၏ ထူးခြားဆန်းကြယ်သည့် စွမ်းအားများကို အဆုံးစွန်ထိ ထုတ်လွှတ်နိုင်စေလိမ့်မည်။

ဖုန်းဝူချန် သူတို့ကို အထွတ်အထိပ် ခန္ဓာကိုယ် ကျင့်စဉ်ကို ပေးအပ်ခဲ့တုန်းက သူတို့ ဒုက္ခခံရလိမ့်မည်ဟု ပြောခဲ့ပြီးသားပင်။

သို့သော် လျိုချင်းယန်ခမျာ ဒီလောက် အသက်ရှူရကြပ်လောက်အောင် ဒုက္ခခံရလိမ့်မည်ဟု မတွေးထားခဲ့မိပါ။

အသက်ရှူရကြပ်ရသော်လည်း လဝက် ကြာပြီးနောက်မှာတော့ လျိုချင်းယန် အခြေအနေများ မတူတော့ကြောင်း သိလိုက်ရ၏။

သူ့ခန္ဓာကိုယ် ခိုင်မာတောင့်တင်း

လာတာနှင့်အမျှ သူ၏ တခြား ကဏ္ဍများကလည်း အများကြီး တိုးတက်လာခဲ့သည်။ ကျင့်ကြံမှု အရှိန်ကလည်း အများကြီး မြန်ဆန်လာခဲ့ပါသည်။

သေခြင်းတရားကို ကြုံတွေ့ပြီးနောက် လျိုချင်းယန်၏ ကျင့်ကြံမှုက လဝက်အတွင်းမှာပဲ အဆင့်တက်သွားခဲ့လေသည်။

လျိုချင်းယန် မယုံကြည်နိုင်လောက်အောင် တုန်လှုပ်သွား၏။

နေ့တိုင်း အစ်ကို ဖုန်း၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရခဲ့တာက ဒီလောက်ကြီးမားသည့် အကျိုးအမြတ်နှင့် လဲလှယ်ခဲ့ရတာပါလား။

ဒါ တန်တယ်..။

မြောင်ချင်းချင်းမှာ အဆင့် မချိုးဖြတ်ခဲ့သော်လည်း သူမ၏ ကျင့်ကြံမှုကလည်း အများကြီး တိုးတက်လာခဲ့သည်။

အသွင်ပြောင်းဘုံ ပဉ္စမအလွှာနှင့် နီးကပ်နေပြီ ဖြစ်ပါ၏။

လဝက်ကြာ ကျင့်ကြံပြီးနောက် ဖုန်းဝူချန်၏ ကျင့်ကြံမှုကလည်း သွေးခွာဝိညာဉ်နှင့် စိမ်းလဲ့ခြင်္သေ့၏ သွေးအနှစ်သာရ အကူအညီဖြင့် လျင်မြန်စွာ တိုးတက်လာခဲ့သည်။

မကြာခင်မှာ သူ အသွင်ပြောင်းဘုံ သတ္တမအလွှာကို အဆင့် ချိုးဖြတ် လေတော့မည်။

..ဘုရားရေ..

..ချီသန့်စင်ခြင်းဘုံမှာ ကျင့်ကြံမှုအရှိန်က မြန်ရုံတင် မကဘူး၊ အသွင်ပြောင်းဘုံမှာလည်း ကြောက်စရာကောင်းလောက်အောင် မြန်နေတုန်းပဲ။..

ကြောက်မက်ဖွယ် ကျင့်ကြံမှုအရှိန်က လျိုချင်းယန်နှင့် မြောင်ချင်းချင်းကို နောက်တစ်ကြိမ် တုန်လှုပ်စေခဲ့ပြန်သည်။

—------

စွမ်းအားကြီးမြတ်ပြီး ကြောက်မက်ဖွယ် ကောင်းသည့် အထွတ်အထိပ် နဂါးနတ်ဘုရား ဆုံးဖြတ်ချက်ကျမ်း၊ ထို့ပြင်.. အထွတ်အထိပ် ခန္ဓာကိုယ်၏ စွမ်းအားများက ဖုန်းဝူချန်၏ ပါရမီ ချို့တဲ့မှုကို လုံးဝ ဖြည့်ဆည်းပေးခဲ့သည်။

ယခုလို ကြောက်မက်ဖွယ် ကျင့်ကြံမှုအရှိန်နှင့်ဆိုလျှင် ဖုန်းဝူချန်၏ ပါရမီက သိုင်းဝိဉာဉ် ဒုတိယအဆင့်သာ ရှိသည်ဟု ဘယ်သူက ရဲရဲကြီး ယုံကြည်မည်လဲ။

သို့နှင့် အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားလေ၏။

လဝက်ကြာပြီးနောက် ဖုန်းဝူချန် အသွင်ပြောင်းဘုံ သတ္တမအလွှာကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

သူ၏ ကျင့်ကြံ စွမ်းအားက ပို၍ အားကောင်းလာခဲ့ပြီ။

သို့သော် ဤအစွမ်းတစ်ခုတည်းနှင့်တော့ ယွင်ကျိုးနယ်ကို ခြိမ်းခြောက်ဖို့ မလုံလောက်သေးပေ။ ဟွမ်ဖူမျိုးနွယ်နှင့် ထျန်းယွင်ဂိုဏ်းကို ဆန့်ကျင်ဖို့လည်း မလုံလောက်သေးပါ။

တစ်နှစ်…။

သတ်မှတ်ရက်နှင့် တိုး၍ နီးကပ်လာပြီ။

လအနည်းငယ်သာ ကျန်တော့သည်။

အချိန်အများကြီး မကျန်တော့ပြီ။

မထွက်ခွာခင် ယွင်ကျိုးနယ်ကို သိမ်းပိုက်ရမည်။ သူ၏ ကျင့်ကြံမှုကို မြှင့်တင်ဖို့ ပို၍ ကြိုးစားအားထုတ်ရမည်။

All Chapters