ထွက်ခွာဖို့ ပြင်ပြီ
Vol. 6 Ch. 86
~‘…အချိန်ကတော့ ခွင့်မပြုတော့ဘူးပဲ…။ အရင်ဆုံးတော့ ယွင်ကျိုးနယ်က အဓိက အင်အားစုတွေကို နှိမ်နင်းဖို့ တပ်နှစ်တပ်လုံးရဲ့ ... အင်အားကိုပဲ သုံးရတော့မှာပဲ…’
ဖုန်းဝူချန်က စိတ်ထဲမှ တိတ်တဆိတ် ကြံစည်လိုက်သည်။ မူလက သူ၏ ကိုယ်ပိုင်အစွမ်းကိုသာ အားကိုးရန် စဉ်းစားခဲ့သော်လည်း၊ လက်ရှိအခြေအနေအရ အချိန်က ခွင့်မပြုတော့ပေ။
သူ ထျန်းကျိုးနယ်သို့ ပြန်သွားရမည့် အချိန်မတိုင်ခင် သုံးလကျော်ကျော်သာ ကျန်တော့သည်။
သူ့မှာ လုံလောက်သည့် စွမ်းအား မရှိသေးကြောင်း ဖုန်းဝူချန် စိတ်ထဲတွင် ကောင်းကောင်းသိ၏။ အင်ပါယာ၏ အင်အားဖြင့် နှိမ်နင်းခဲ့လျှင်ပင်၊ ယွင်ကျိုးနယ်မှ အဓိက အင်အားစုများက စိတ်ရင်းမှန်ဖြင့် လက်နက်ချကြမည် မဟုတ်ပေ။
နောက်ဆုံးတွင်တော့ သူ၏ ကိုယ်ပိုင် ခွန်အားကိုသာ အားကိုးရမည်ပင်။
ဖုန်းဝူချန်တို့ သုံးယောက် အဓိကနန်းတော် တံခါးဝသို့ လျှောက်ဝင်သွားကြသည်။
အစောင့်များက သူတို့ကို တားဆီးရန် ကြံရွယ်လိုက်သည့် အခိုက်အတန့်မှာပင်၊ သူတို့၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြတော့သည်။
"စစ်သူကြီးချုပ်.."
အစောင့်များ ထိတ်လန့်တုန်လှုပ်သွားကြ၏။
ပထမအချက်မှာ ထိုက်ယွင်ဂိုဏ်း ကိစ္စက အလွန် ကြောက်မက်ဖွယ် ကောင်းလှသောကြောင့်ဖြစ်ပြီး၊ ဒုတိယအချက်မှာ အင်ပါယာ၏ အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ် ယန်ဟော် မြင်းသည်တော်တပ်ဖွဲ့တို့ ထျန်းတုမြို့တော်သို့ ရောက်ရှိလာခါစတွင် ဖုန်းဝူချန် ရောက်ရှိလာသောကြောင့်ပင်။
'…ဒါ... ဒါ အနာဂတ်ကို ကြိုသိနိုင်တဲ့ ... စွမ်းရည်မျိုးလား…'
စစ်သူကြီးဝူနှင့် တပ်နှစ်တပ်မှ စစ်သည်များမှာ ဖုန်းဝူချန်၏ တည်နေရာကို မသိကြသောကြောင့်၊ ထျန်းတုမြို့တော်၌ အရင်ဆုံး နေရာယူထားကြခြင်း ဖြစ်သည်။
"စစ်သူကြီးချုပ်.."
သူတို့ ထိတ်လန့်နေရန် အချိန်မရတော့ပေ။ အစောင့်နှစ်ယောက်က သူတို့၏ လည်ချောင်းအား အကုန်သုံးကာ အလျင်အမြန် ဟစ်ကြွေးလိုက်ကြသည်။
"စစ်သူကြီးချုပ်.."
"စစ်သူကြီးချုပ် ကြွလာပြီ.."
အဓိကနန်းတော်အတွင်း၌၊ အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ် ယန်ဟော် မြင်းသည်တော်တပ်ဖွဲ့မှ ထိပ်တန်းစစ်သည်များ တုန်လှုပ်သွားကြပြီး၊ သူတို့၏ နှလုံးသားများ အလွန် စိတ်လှုပ်ရှားသွားကြသည်။
ခန္ဓာကိုယ်များကို မတ်မတ်ရပ်လိုက်ကြပြီး မိမိတို့၏ အကောင်းဆုံးပုံစံကို ပြသရန် အသင့်ဖြစ်နေကြလေပြီ။
တပ်မှူးချုပ် ချူဝူဟန်၊ စစ်သူကြီးဝူနှင့် အခြား ပညာရှင်များ ခန်းမဆောင်ထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။
"စစ်သူကြီးချုပ်ကို ဂါရဝပြုပါတယ်.."
ဖုန်းဝူချန် ဝင်လာသည်ကို မြင်လိုက်သည်နှင့်၊ ရင်ပြင်ပေါ်မှ ထိပ်တန်းစစ်သည်များ ဒူးတစ်ဖက်ထောက်ကာ ရိုသေစွာ ဟစ်ကြွေးလိုက်ကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် ဖုန်းဝူချန်အပေါ် အထင်ကြီး လေးစားသည့် အရိပ်အယောင်များ ပြည့်နှက်နေ၏။
ကျယ်လောင်လှသည့် အသံက အဓိကနန်းတော်တစ်ခုလုံးကို ပဲ့တင်ထပ်သွားပြီး၊ ကောင်းကင်ကိုပင် တုန်ခါသွားစေလောက်သည့် အရှိန်အဝါက ကောင်းကင်မှ အစောင့်များကို တုန်လှုပ်သွားစေသည်။
ဒါက အင်ပါယာ၏ အတော်ဆုံး ထိပ်တန်းစစ်သည်များ၏ အရှိန်အဝါပင်..
ဟန့်တားနိုင်စွမ်း အပြည့်.. လုံးဝ ကြောက်မက်ဖွယ်ကောင်းသည့် ဖြစ်တည်မှု..။
ဖုန်းဝူချန်မှာ ယခု သူတို့၏ စစ်မှန်သော စစ်သူကြီးချုပ်၊ သူတို့၏ ဝိညာဉ် ခေါင်းဆောင် ဖြစ်နေလေပြီ။
"မင်းတို့ကို မတွေ့ရတာ လအနည်းငယ် ရှိပြီ၊ အစွမ်းတွေ တော်တော် တိုးတက်လာကြပါလား၊ ငါ့ကို စိတ်ပျက်အောင်တော့ မလုပ်ကြဘူးပဲ။ မင်းတို့ ပျင်းရိမနေကြဘူး ဆိုတာ သေချာနေပါပြီ။" ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ ပြုံးရင်း ချီးကျူလိုက်သည်။
ဖုန်းဝူချန် တစ်လှမ်းချင်း လျှောက်လာသည်ကို စစ်သည်များအားလုံး မြင်တွေ့ကြရာ၊ သူ၏ ကျင့်ကြံမှုအဆင့်ကြောင့် သူတို့၏ စိတ်နှလုံးထဲမှ တုန်လှုပ်မှုမှာ ဖော်ပြ၍ မရနိုင်လောက်အောင်ပင်။
လအနည်းငယ်အတွင်းမှာပင် ဖုန်းဝူချန်က အသွင်ပြောင်းဘုံ သတ္တမအလွှာသို့ ရောက်ရှိနေခဲ့ပြီ။ ဒီလောက် ကြောက်မက်ဖွယ်ကောင်းသည့် ကျင့်ကြံမှုအရှိန်ကို သူတို့ အိပ်မက်တောင် မမက်ရဲကြပါ။
ဖုန်းဝူချန်က သူတို့ကို ချီးကျူးလေ့ သိပ်မရှိလှ။ လပေါင်းများစွာ မတွေ့ရပြီးနောက်၊ ပါးစပ်ဟလိုက်သည်နှင့် ချီးကျူးစကား ဆိုလာရာ၊ စစ်သည်များ ပျော်ရွှင်သွားကြသည်။
သဘာဝအတိုင်းပင် သူတို့ကလည်း ဖုန်းဝူချန်၏ အသိအမှတ်ပြုမှုနှင့် ချီးကျူးမှုကို လိုလားကြသည် မဟုတ်လား။
"မင်းတို့ ယွင်ကျိုးနယ်ကို ဒီလောက်မြန်မြန် ရောက်လာလိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး၊ အားလုံး ရောက်လာကြတာပဲ။" ဖုန်းဝူချန်က ထပ်မံဆိုလိုက်သည်။ စစ်သည်များ၏ တုံ့ပြန်မှုက ဖုန်းဝူချန်ကို စိတ်လှုပ်ရှားစေခဲ့သည်။
"စစ်သူကြီးချုပ်အတွက်ဆို မီးပင်လယ်ထဲလည်း ဖြတ်သန်းသွားရဲပါတယ်.."
စစ်သည်များက အရှိန်အဟုန် အပြည့်ဖြင့် ဟစ်ကြွေးကြွေးကြော်လိုက်ကြသည်။
ဤစစ်သည်များ၏ တုံ့ပြန်မှုများအရ၊ ဖုန်းဝူချန်မှာ သူတို့၏ စိတ်နှလုံးထဲတွင် အလွန်မြင့်မားသည့် အဆင့်အတန်းတစ်ခု ရှိနေကြောင်း မြင်တွေ့နိုင်လေ၏။
လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာ အလွန်အမင်း တုန်လှုပ်သွားကြသည်။ ဖုန်းဝူချန်မှာ ဤစစ်သည်များ၏ စိတ်နှလုံးထဲတွင် ဒီလောက် မြင့်မားသည့် အရှိန်အဝါမျိုး ရှိနေမှန်း သူတို့ ဘယ်တုန်းကမှ မသိခဲ့ကြချေ..။
"စစ်သူကြီးချုပ်၊ နောက်ဆုံးစစ်သူကြီး သတင်းရပြီးနောက်မှာ၊ စစ်သူကြီးချုပ်ဆီ အမြန်ဆုံး အကြောင်းကြားဖို့ လူလွှတ်လိုက်ပါတယ်၊ သူတို့ အမြန်ဆုံး ယွင်ကျိုးနယ်ကို ရောက်လာကြပါလိမ့်မယ်။" စစ်သူကြီးဝူက ရိုသေစွာ အစီရင်ခံလိုက်သည်။
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး ချူဝူဟန်ကို ကြည့်ကာ ဆိုလိုက်၏။ "သတင်းကို တပ်မှူးချုပ် ဖြန့်လိုက်တာ ဟုတ်တယ် မဟုတ်လား။ ကျေးဇူးတင်ပါတယ်။"
"စစ်သူကြီးချုပ် အားမနာပါနဲ့.." တပ်မှူးချုပ် ချူဝူဟန်က ရိုသေစွာ ဂါရဝပြုလိုက်သည်။
"စစ်သူကြီးချုပ်၊ ဘယ်အဖွဲ့အစည်းတွေက ဒီလောက် သတ္တိကောင်းနေကြတာလဲ၊ ကျွန်တော် အခုချက်ချင်း သွားသတ်ပစ်ပါမယ်.."
ကောင်းကင်အရိပ် ယန်ဟော် မြင်းသည်တော်တပ်ဖွဲ့မှ စစ်သည်တစ်ဦးက ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။
"ဟုတ်တယ်.. ကျွန်တော်တို့ အခုချက်ချင်း သူတို့ကို သွားသတ်မယ်.."
စစ်သည်များက ဒေါသတကြီး ဟစ်ကြွေးကြရာ၊ အေးစက်စက် သတ်ဖြတ်လိုသည့် အရှိန်အဝါများ လေထုထဲတွင် ရူးသွပ်စွာ ပျံ့နှံ့သွားပြီး၊ အစောင့်များကို ကြောက်လန့်တကြား တုန်ရီသွားစေသည်။
ဖုန်းဝူချန်က လက်ကာပြလိုက်ပြီး စစ်သည်များကို တည်ငြိမ်စေရန် အချက်ပြလိုက်သည်။
ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ အမိန့်ပေးလိုက်သည်။
"စိတ်မပူကြနဲ့၊ စစ်သူကြီးဝူ၊ လူလွှတ်ပြီး သတင်းဖြန့်လိုက်ပါ၊ အလံနက်တပ်မတော်နဲ့ ကောင်းကင်အရိပ် ယန်ဟော် မြင်းသည်တော်တပ်ဖွဲ့ ယွင်ကျိုးနယ်ကို ရောက်ရှိလာပြီ၊ ယွင်ကျိုးနယ်က အဓိက အင်အားစုတွေ ပျော်ရွှင်ကြပါစေလို့။"
"အမိန့်အတိုင်းပါ.."
စစ်သူကြီးဝူက ရိုသေစွာ အမိန့်နာခံလိုက်ပြီး၊ ချက်ချင်းပင် သတင်းဖြန့်ရန် လူလွှတ်လိုက်တော့သည်။
—-----
တစ်ချိန်တည်းမှာပင် ယဲ့ချန်းချုံးက အင်ပါယာမှ စစ်သူကြီး ဒါဇင်ကျော်၊ လင်ကျန့်ထျန်း အပါအဝင်တို့နှင့်အတူ ယွင်ကျိုးနယ်သို့ အရှိန်အဟုန်ကြီးစွာဖြင့် ခြေချနှင့်နေပြီ ဖြစ်၏။
ရင်းနှီးနေသည့် သံချပ်ကာ
မြင်းခွာသံများနှင့် ရင်းနှီးနေသည့် စစ်ဝတ်တန်ဆာများကြောင့်၊ တစ်စုံတစ်ယောက်က ယဲ့ချန်းချုံးကို မကြာခင်မှာပင် မှတ်မိသွားလေသည်။
"အင်ပါယာရဲ့ ... ဗိုလ်ချုပ်ကြီးပါလား.. ဗိုလ်ချုပ်ကြီး ယွင်ကျိုးနယ်ကို ရောက်လာပြီ.."
"ဟုတ်တယ်..ဗိုလ်ချုပ် လင် လည်း ပါတယ်၊ အင်ပါယာရဲ့ ... စစ်သူကြီးတွေ လည်း ရောက်လာကြပြီ.."
"ဆရာဖုန်းကို လိုက်လံသတ်ဖြတ်တဲ့ ... ကိစ္စက အင်ပါယာကို သိသွားစေပြီနဲ့ တူတယ်.. ယွင်ကျိုးနယ်မှာ ကိစ္စကြီးတစ်ခု ဖြစ်တော့မယ်.."
ယဲ့ချန်းချုံးက စစ်သူကြီး ဒါဇင်ကျော်ကို ဦးဆောင်ကာ ယွင်ကျိုးနယ်သို့ ဝင်ရောက်လာပြီး ထျန်းတုမြို့တော်ဆီသို့ ဦးတည်သွားသည်နှင့်၊ ထိုသတင်းက အရူးအမူးပင် လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
ဒါက အင်ပါယာက ဖုန်းဝူချန်အပေါ် အလေးထားမှုပင်.. ။
စစ်သူကြီးချုပ်မှာ ကျူးလွန်စော်ကား၍ မရနိုင်..
တစ်ခဏအတွင်းမှာပင် အင်ပါယာ၏ အကြီးဆုံး ဗိုလ်ချုပ်ကြီး ယွင်ကျိုးနယ်သို့ ရောက်ရှိလာခြင်း၊ အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ် မီးလျှံမြင်းသည်တော် တပ်ဖွဲ့တို့ ယွင်ကျိုးနယ်သို့ ခြေချလာခြင်း သတင်းများက ယွင်ကျိုးနယ်မှ အဓိက အင်အားစုများကို တုန်လှုပ်စေခဲ့လေပြီ။
ယွင်ကျိုးနယ်မှ အဓိက အင်အားစုများ ပျာယာခတ်ကုန်ကြသည်။
သူတို့ ဖုန်းဝူချန်ကို လုပ်ကြံရန် လူလွှတ်ခဲ့သည်ဖြစ်စေ၊ မလွှတ်ခဲ့သည်ဖြစ်စေ၊ အဓိက အင်အားစုများအားလုံး လန့်ဖျပ်နေကြလေပြီ။
ဖန်ထျန်းတောင်ကြားနှင့် အခြား အဓိက အင်အားစုများ အလွန်အမင်း တုန်လှုပ်သွားကြသည်။
သူတို့အားလုံး အင်ပါယာအတွင်း ဖုန်းဝူချန်၏ အဆင့်အတန်းကို မှန်းဆမိသွားကြ၏။ လုပ်ကြံမှုကြောင့် အင်ပါယာ၏ ပထမဆုံး ဗိုလ်ချုပ်ကြီးကိုပင် သိရှိသွားစေခဲ့ပြီး၊ အင်ပါယာ၏ အတော်ဆုံး ထိပ်တန်းစစ်သည်များ ယွင်ကျိုးနယ်သို့ ရောက်ရှိနှင့်နေပြီ ဖြစ်သည်။
ဒါက ယွင်ကျိုးနယ်မှ အဓိက အင်အားစုများကို ချေမှုန်းပစ်ရန် ရည်ရွယ်နေခြင်း မဟုတ်ပါလား။
" ဗိုလ်ချုပ်ကြီး ကြွလာပြီ.." အဓိကမြို့တော် တံခါးဝမှ အစောင့်များ ဟစ်ကြွေးလိုက်ကြသည်။
"ဗိုလ်ချုပ်ကြီး..”
ဖုန်းဝူချန် အံ့အားသင့်စွာဖြင့် အဓိကမြို့တော် တံခါးဝဘက်သို့ လှမ်းကြည့်လိုက်သည်။
ယဲ့ချန်းချုံး ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"စစ်သူကြီးတွေ အားလုံး ရောက်လာကြတာလား.." လျိုချင်းယန်၏ မျက်လုံးများ ပြုတ်ထွက်တော့မတတ် ပြူးကျယ်သွားပြီး၊ တုန်လှုပ်စွာ ရေရွတ်မိသည်။
အစ်ကိုဖုန်းက ဘယ်လောက်တောင် ကြောက်မက်ဖွယ် ကောင်းနေပါလိမ့်။ ထို့ကြောင့် စစ်သူကြီးချုပ်တို့ ကိုယ်တိုင် ယွင်ကျိုးနယ်သို့ လာရောက်ခဲ့ကြသည်တကား..။
"ခွပ်..ခွပ်..."
ယဲ့ချန်းချုံးနှင့် အခြား စစ်သူကြီး ဒါဇင်ကျော် ထျန်းတုမြို့တော် အဓိကမြို့တွင်းသို့ ဝင်ရောက်လာကြပြီး၊ ဖုန်းဝူချန်ကို မြင်တွေ့သည်နှင့် တစ်ယောက်ပြီးတစ်ယောက် မြင်းပေါ်မှ ဆင်းလိုက်ကြသည်။
စစ်သူကြီးဝူ၊ ချူဝူဟန်နှင့် စစ်သည်များက ရိုသေစွာ ဆိုကြသည်။ "စစ်သူကြီးချုပ်ကို ဂါရဝပြုပါတယ်.."
"စစ်သူကြီးချုပ်ကို ဂါရဝပြုပါတယ်.." ယဲ့ချန်းချုံးနှင့် အခြား စစ်သူကြီး ဒါဇင်ကျော် ဖုန်းဝူချန်ထံသို့ ရောက်လာကြပြီး ရိုသေစွာ ဂါရဝပြုလိုက်ကြသည်။
" ဗိုလ်ချုပ်ကြီးက စစ်သူကြီးချုပ်ကို ဒီလောက် ရိုသေရတယ်.."
ချူဝူဟန် မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်မိရာ၊ သူ့ကို အံ့အားသင့်စေခဲ့သည်။
ယဲ့ချန်းချုံးဆိုတာ ဘယ်သူလဲ၊ ချူဝူဟန်ကို ထားလိုက်ဦး၊ အင်ပါယာတစ်ခုလုံးမှ လူတိုင်း သိကြသည်။
သူက အင်ပါယာ၏ ပထမဆုံး ဗိုလ်ချုပ်ကြီး။
ယဲ့မိသားစု၏ လက်ရှိ အကြီးအကဲ၊ မရေမတွက်နိုင်သော စစ်မှုထမ်း ဘွဲ့တံဆိပ်များ ရရှိထားသူ၊ အင်ပါယာ၏ သူရဲကောင်းတစ်ဦးပင်..
သို့သော် ဒီလောက် ကြီးကျယ်သည့် ပုဂ္ဂိုလ်ကြီးကပင် ဖုန်းဝူချန်၏ ရှေ့မှောက်တွင် ရိုသေလေးစားနေရသည်တကား..
"ဗိုလ်ချုပ်ကြီး။ ဘာဖြစ်လို့ ဒီကို ရောက်လာတာလဲ ခင်ဗျာ။" ဖုန်းဝူချန်က ပြုံးရင်း မေးလိုက်သည်။
ယဲ့ချန်းချုံးက ပြန်ပြော၏။ "ဒီလောက်ကြီးတဲ့ ... ကိစ္စဖြစ်နေတာ ကျုပ် မလာလို့ ဖြစ်မလား။"
"ယွင်ကျိုးနယ်က အဓိက အင်အားစုတွေက သိပ်ကို သတ္တိကောင်းလွန်းနေကြပြီ.. သူတို့ တွေ စစ်သူကြီးချုပ်ကို လုပ်ကြံဖို့တောင် ဝံ့ကြတယ်.."
လင်ကျန့်ထျန်းက ဒေါသတကြီး ကြိမ်းဝါးလိုက်ရာ၊ အေးစက်ပြီး ကြောက်မက်ဖွယ်
ကောင်းသည့် သတ်ဖြတ်လိုသော အရှိန်အဝါများ ပျံ့နှံ့ထွက်လာသည်။
"အမိန့်ပေးတော်မူပါ.. စစ်သူကြီးချုပ် ကျွန်တော်တို့ ချက်ချင်း လူစုပြီး သူတို့ကို ချေမှုန်းပစ်ပါ့မယ်.." စစ်သူကြီး တစ်ဦးက ဒူးထောက်ရင်း လျှောက်တင်သည်။
ယဲ့ချန်းချုံး ခေါ်ဆောင်လာသည့် စစ်သူကြီး ဒါဇင်ကျော်မှာ အားလုံး ယွမ်တန်ဘုံမှ ပညာရှင်များ ဖြစ်ကြသည်..
"တခြားအရာတွေတော့ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ အင်အားစုနှစ်ခုကိုတော့ ကျွန်တော် သိတယ်.."
ဖုန်းဝူချန်က ဂရုမစိုက်စွာ ပြောလိုက်ရင်း သူ၏ မျက်ဝန်းများထဲတွင် ကြမ်းတမ်း ရက်စက်သော သတ်ဖြတ်လိုစိတ် တစ်ခု ဖြတ်ပြေးသွားသည်။
"အလံနက်တပ်မတော်နဲ့ ကောင်းကင်အရိပ် ယန်ဟော် မြင်းသည်တော်တပ်ဖွဲ့ အမိန့်နာခံ.. ဝူကျိနန်းတော်ကို ချက်ချင်း ချီတက်.."
ဖုန်းဝူချန်က အမိန့်ပေးလိုက်သည်။
"အမိန့်ကို နာခံပါတယ်.. မြင်းပေါ်တက်ပါ စစ်သူကြီးချုပ်.." တပ်မှူးတစ်ဦးက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ သူက ကောင်းကင်အရိပ် ယန်ဟော် မြင်းသည်တော်တပ်ဖွဲ့၏ တပ်မှူး ဟွမ်ယန် ဖြစ်သည်။
စစ်သည်တစ်ဦးက စစ်မြင်းတစ်ကောင်ကို ဆွဲလာပြီး ရိုသေစွာ လျှောက်တင်၏။
"စစ်သူကြီးချုပ်၊ ဒါက ရဲမက်နီ ဧကရာဇ်ရဲ့ ... စစ်မြင်းပါ.."
"ချင်းယန်.. ချင်းချင်း.. မြင်းပေါ်တက်.. သွားမယ်.." ဖုန်းဝူချန်က ဟစ်ကြွေးလိုက်ပြီး၊ မြင်းပေါ်မှနေ၍ အဓိကမြို့တော်ထဲမှ ဦးဆောင်ကာ ပြေးထွက်သွားတော့သည်။
—-------
“ကလောက်..ကလောက်..”
အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ် ယန်ဟော် မြင်းသည်တော်တပ်ဖွဲ့တို့က အနီးကပ် လိုက်ပါလာကြသည်။
သံချပ်ကာ မြင်းခွာသံများက ဟန့်တားနိုင်စွမ်း အပြည့်ရှိပြီး၊ သံမဏိသွေးသား လေထုနှင့် အေးစက်စက် သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပျံ့နှံ့နေလေသည်။
၎င်းက အင်ပါယာ၏ ထိပ်တန်းစစ်သည်များ စစ်ထွက်ခြင်းကို ဆိုလိုသည်..။
တပ်မတော်ကြီး အဓိကမြို့တော်မှ စတင်ထွက်ခွာလာရာ၊ တန်ခိုးအင်အားကြီးမားပြီး အရှိန်အဝါ ထွန်းလင်းတောက်ပလှသည်။
ထျန်းတုမြို့တော်မှ မရေမတွက်နိုင်သော လူများ ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။ ထိပ်တန်းစစ်သည်များထံမှ ထွက်ပေါ်လာသည့် သတ်ဖြတ်လိုသော အရှိန်အဝါများမှာ သွေးဆာနေပြီး အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်တကား..။
စူးရှလှသည့် သံချပ်ကာမြင်းခွာသံများက သေခြင်းတရား၏ စစ်ချီတေးသွားကို တီးခတ်နေသကဲ့သို့ ကောင်းကင်ယံတွင် ဆက်လက် ပျံ့လွင့်နေတော့သည်။
လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာ ဒီလို တိုက်ပွဲမျိုးကို ဘယ်မှာ မြင်ဖူးကြမည်နည်း။
သူတို့ ကြောက်လန့်တကြား ချွေးစေးများ ပြန်လာကြပြီး စကားပင် မပြောနိုင်ကြတော့ပေ။
"အလံနက်တပ်မတော်.. ကောင်းကင်အရိပ် ယန်ဟော် မြင်းသည်တော်တပ်ဖွဲ့.."
"အင်ပါယာရဲ့ ... အတော်ဆုံး ထိပ်တန်းစစ်သည်တွေ စစ်ထွက်တော့မယ်.."
ထျန်းတုမြို့တော်မှ မရေမတွက်နိုင်သော လူများ ထိတ်လန့်တုန်လှုပ်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ရင်ခုန်ခြင်းများ ပြိုင်တူ ခံစားနေကြရသည်..။
ဖုန်းဝူချန် ဦးဆောင်သည့် တပ်မတော်ကြီးက ဝူကျိနန်းတော်ဆီသို့ တန်းတန်းမတ်မတ် ချီတက်သွားတော့သည်..
တပ်မတော်ကြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် ကောင်းကင်ယံတွင် ဖုန်မှုန့်များ လွင့်ပျံတက်နေ၏..။
စစ်မြင်းများ၏ အမြန်နှုန်းမှာ အံ့မခန်း မြန်ဆန်လှပြီး၊ နာရီဝက်အတွင်းမှာပင် တပ်မတော်ကြီး ဝူကျိနန်းတော်သို့ ရောက်ရှိသွားခဲ့လေပြီ..
တုန်လှုပ်ဖွယ်ရာ အရှိန်အဝါနှင့် အေးစက်ပြီး သွေးဆာနေသည့် သတ်ဖြတ်လိုသော အရှိန်အဝါများက ဝူကျိနန်းတော်မှ လူတိုင်းကို ကြောက်လန့်တကြား သွေးပျက်သွားစေခဲ့လေပြီ..
မိုးပြည့်မြေပြည့် လွှမ်းခြုံနေသည့် အရှိန်အဝါနှင့် သံချပ်ကာမြင်းခွာသံများမှာ အင်ပါယာမှ လူများအတွက် အလွန် ရင်းနှီးနေသည် မဟုတ်ပါလား..။
"သွားပြီ.. သွားပြီ.. အင်ပါယာရဲ့ ... အတော်ဆုံး ထိပ်တန်းစစ်သည်တွေ ရောက်လာကြပြီ.." ဝူကျိနန်းတော်၏ အဓိကခန်းမဆောင်ထဲတွင် နန်းတော်သခင်က စိတ်ပျက်အားငယ်စွာ ရေရွတ်လိုက်သည်။
အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ် ယန်ဟော် မြင်းသည်တော်တပ်ဖွဲ့တို့၏ ရောက်ရှိလာခြင်းက အရာအားလုံးကို ရှင်းပြနေလေပြီ..
ဝူကျိနန်းတော်၏ နန်းတော်သခင်နှင့် အကြီးအကဲများ ထိတ်လန့်တကြားဖြင့် ကြိုဆိုရန် ထွက်လာကြရာ၊ သူတို့၏ မျက်နှာအမူအရာများမှာ အလွန် ကြောက်ရွံ့နေကြသည်။
ဝူကျိနန်းတော်သခင်က ဒူးထောက်လိုက်ပြီး အသက်ချမ်းသာပေးရန် တောင်းပန်၏။ "စစ်သူကြီးချုပ် အပြစ်ကို ခွင့်လွှတ်တော်မူပါ.. ဒီလူယုတ်မာက ခဏတာ စိတ်ရှုပ်ထွေးသွားပြီး အကျိုးစီးပွားတွေကြောင့် မျက်စိမှားသွားပြီးတော့ စစ်သူကြီးချုပ်ကို လုပ်ကြံဖို့လို အဓိပ္ပာယ် မရှိတဲ့ ... အလုပ်မျိုးကို လုပ်မိခဲ့တာပါ.."
ဖုန်းဝူချန်နှင့် အင်ပါယာ၏ ထိပ်တန်းစစ်သည်များ၏ ဖိအားပေးမှုအောက်တွင်၊ ဝူကျိနန်းတော်သခင်မှာ နောက်ထပ် ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။
သူ ဘယ်လိုလုပ် ဆက်ပြီး လိမ်ညာရဲဦးမည်နည်း။
ဖုန်းဝူချန်က စကားမဆို၊ ဝူကျိနန်းတော်မှ လူများကို အေးစက်စွာ စိုက်ကြည့်နေပြီး၊ မျက်နှာတွင် ဘာအမူအရာမှ မရှိ။
"ဝူကျိနန်းတော်က စစ်သူကြီးချုပ်ကို လုပ်ကြံခဲ့တယ်.. အပြစ်က ခွင့်လွှတ်လို့ မရနိုင်ဘူး.. ဝူကျိနန်းတော်ကို ချက်ချင်း ချေမှုန်းပစ်.. ခွင့်လွှတ်ခြင်းမရှိ သတ်ဖြတ်.. တစ်ယောက်မှ အသက်မချန်နဲ့.." ဟွမ်ယန်က ကြွေးကြော်လိုက်သည်။
စကားသံဆုံးသည်နှင့် ဟွမ်ယန်၏ ပုံရိပ်က ရုတ်ချည်း လှုပ်ရှားသွားပြီး၊ သူ၏ လှံက ဝူကျိနန်းတော်သခင်၏ ရင်ဘတ်ကို ချက်ချင်း ထိုးဖောက်ဝင်သွားကာ၊ နေရာမှာပင် သတ်ဖြတ်ပစ်လိုက်သည်။
ပြတ်သားလှ၏..။
"သတ်ကြ.."
တပ်နှစ်တပ်မှ စစ်သည်များ ဟစ်ကြွေးလိုက်ကြရာ၊ သတ်ဖြတ်လိုစိတ်များ တောက်လောင်နေပြီး တုန်လှုပ်ဖွယ် အစွမ်းအစများ ပြည့်နှက်နေ၏။
ဝူကျိနန်းတော်မှ လူတိုင်း စိတ်ပျက်အားငယ်သွားကြ၏။ သူတို့မှာ ကြောက်လန့်လွန်း၍ ထုံထိုင်းနေကြတော့၏..။
ဟွမ်ယန် ပါးစပ်ဟလိုက်သည်နှင့် သူတို့အားလုံး သေဒဏ်ပေးခံလိုက်ရပြီး ဖြစ်သည်..။
ထိပ်တန်းစစ်သည်များ ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်ကြရာ၊ သတ်ဖြတ်ရေးစက်ရုပ်များနှယ်.. ။
သနားညှာတာမှု လုံးဝမရှိ၊ ထို သတ်ဖြတ်လိုစိတ် ပြင်းပြလှသည့် သတ်ဖြတ်မှုမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။
ထိပ်တန်းစစ်သည် ရာပေါင်းများစွာ ဝူကျိနန်းတော်အတွင်းသို့ ဝင်ရောက်သွားကြပြီး၊ အရှိန်မှာ အံ့မခန်း မြန်ဆန်လှကာ၊ မြင်မြင်သမျှ လူတိုင်းကို သတ်ဖြတ်ကြတော့သည်..
လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာ နောက်တစ်ကြိမ် ကြောက်လန့်လွန်း၍ မျက်နှာများ ဖြူရော်သွားရပြန်သည်။
အင်ပါယာ ထိပ်တန်းစစ်သည်များ၏ ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ထို သွေးဆာနေသည့် သတ်ဖြတ်မှုမှာ လုံးဝ ကြောက်မက်ဖွယ် ကောင်းလှသည်တကား..။
သူတို့မှာ အင်ပါယာ၏ အကာအကွယ်ပေးသော သူတော်စင်များဖြစ်ကြပြီး၊ သူတို့၏ စိတ်ထဲတွင် သနားညှာတာမှုဟူ၍ မရှိ၊ အမိန့်နာခံရန်သာ ရှိသည်..
ဝူကျိနန်းတော်မှ တပည့်များမှာ ခုခံနိုင်စွမ်း လုံးဝမရှိခဲ့။ ဆယ်မိနစ်ပင် မကြာလိုက်ခင်မှာပင်၊ ဝူကျိနန်းတော်မှ လူပေါင်း ရာနှင့်ချီ၍ အားလုံး သေဆုံးသွားကြပြီး၊ ဝူကျိနန်းတော် ပျက်စီးသွားခဲ့လေပြီ..
"စစ်သူကြီးချုပ်ကို အစီရင်ခံပါတယ်.. ဝူကျိနန်းတော်က လူတိုင်းကို ခေါင်းဖြတ်သတ်လိုက်ပါပြီ.." ဟွမ်ယန်က ရိုသေစွာ အစီရင်ခံလိုက်သည်။
"အထွတ်အထိပ် ခန္ဓာကျင့်စဥ်ကို မင်းတို့ဆီ ပေးအပ်ခဲ့တာ မှန်တယ်၊ ဒါပေမဲ့ လှုပ်ရှားမှု သိုင်းပညာပိုင်းမှာတော့ အားနည်းနေသေးတယ်။ အချိန်ရရင် ငါ မင်းတို့ကို ရွေ့ပြောင်းခြင်း လှုပ်ရှားမှု သိုင်းပညာကို သင်ကြားပေးမယ်။" ဖုန်းဝူချန်က ဖြည်းညှင်းစွာ မိန့်ကြားလိုက်သည်။
"စစ်သူကြီးချုပ်ကို ကျေးဇူးတင်ပါတယ်.."
စစ်သည်များ အလွန် စိတ်လှုပ်ရှားသွားကြသည်။
အထွတ်အထိပ် ခန္ဓာကျင့်စဥ်။
နာမည်ကြားရုံမျှဖြင့်ပင် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်ဟု သူတို့ ခံစားမိကြသည်..။
"နောက်တစ်ခုက ဟွမ်ယွင်ဂိုဏ်း.."
ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်ရာ၊ သတ်ဖြတ်လိုသော အရှိန်အဝါများ အပြည့်အနှက် ပါဝင်နေလေသည်။