← Chapters

လင်ရှောင်ရှောင်နှင့် ပြန်ဆုံခြင်း

Vol. 7 Ch. 91

လင်ရှောင်ရှောင်နှင့် ပြန်ဆုံခြင်း

Vol. 7 Ch. 91

~"ဒါဆို ဒီလိုကိုး...။ ဖြေရှင်းလို့ လွယ်ပါတယ်။ ရှုံးတာ မကျေနပ်သေးဘူး ဆိုရင် နောက်တစ်ခါ ထပ်ရှုံးပေါ့ဗျာ။ ဆရာဖုန်းက..."

လျိုချင်းယန်သည် ပြောနေရင်း ဝေါခနဲ ရယ်မောလိုက်လေ၏။

သို့သော် သူ၏ စကားမဆုံးခင်မှာပင် ဖုန်းဝူချန်က ဖြတ်ပြောလိုက်သည်။

"ဆရာဖုန်းက ထျန်းတုမှာ ရှိတယ်။ မင်း သွားရှာလို့ရတယ်။ မနေ့ကတော့ သူ အဲ့ဒီမှာပဲ ရှိတာပဲ။ ဒီနေ့ ရှိသေးလား၊ မရှိတော့ဘူးလားတော့ ငါလည်း မသိဘူး။ ရှိချင်လည်း ရှိမှာပေါ့လေ"

"ထျန်းတု ဟုတ်လား"

ကျန်းကျွင့်လန်က ခေါင်းညိတ်ပြလိုက်ကာ

"ကောင်းပြီ။ ငါ အခုပဲ သွားရှာလိုက်မယ်။ သွားလိုက်ပါဦးမယ်"

"သွားပါ... သွားပါ" ဖုန်းဝူချန်က လက်များ ဆုပ်၍ အရိုအသေပြုလိုက်သည်။

ကျန်းကျွင့်လန်သည် လှည့်ထွက်သွားရင်း ဖုန်းဝူချန်ဘက်သို့ လှည့်ကာ ပြောသေး၏။

“ဖုန်းဝူချန်... မင်းစောင့်နေလိုက်။ ငါ မင်းဆီကို သေချာပေါက် ပြန်လာခဲ့မယ်။ မင်းကို မနိုင်မချင်း ငါ လက်လျှော့မှာ မဟုတ်ဘူး”

...

"လိုက်မပို့တော့ဘူးဟေ့"

လျိုချင်းယန်က လက်ကို ဝှေ့ယမ်းရင်း ရယ်မောလိုက်လေသည်။

"အစ်ကိုဖုန်း... ဘာလို့ သူ့ကို လိမ်လိုက်တာလဲဟင်"

မြောင်ချင်းချင်းက မေး၏။

"ငါက ကျင့်ကြံဖို့ အချိန်လိုသေးတာကွ။ သူ့ကို အချိန်ဖြုန်းခံနေရရင် ဘယ်လောက်တောင် အချိန်ကုန်လိုက်မလဲ"

ဖုန်းဝူချန်က ခေါင်းခါလိုက်သည်။ အချိန်က မရှိသည့်အထဲ နောက်ထပ် အချိန်ဖြုန်းနေလျှင် ကျင့်ကြံဖို့ အချိန်ပင် ရတော့မည် မဟုတ်ချေ။

ကျန်းကျွင့်လန်ကဲ့သို့ လက်နက်သန့်စင်ခြင်းကို ရူးသွပ်သူ ပါရမီရှင်တစ်ယောက်အဖို့ ဖုန်းဝူချန်သည် ဆရာဖုန်းမှန်းသာ သိသွားလျှင် နောက်သုံးလလုံး ဖုန်းဝူချန် ကျင့်ကြံဖို့ မလိုတော့သည်မှာ သေချာ၏။

လာလာကပ်နေရုံနှင့်ပင် လူကို သေလောက်ပေ၏။

"အစ်ကိုဖုန်း ပြောတာလည်း ဟုတ်သားပဲ။ အဲ့ဒီကောင်စုတ်က ဆရာဖုန်းကိုပဲ တကူးတက လာရှာနေတာ။ အစ်ကိုဖုန်းရဲ့ လက်နက်သန့်စင်တဲ့ နတ်ဘုရားလို စွမ်းရည်ကိုသာ သူတွေ့သွားရင် တို့တွေ ဘယ်တော့မှ နားငြီးလို့ ဆုံးတော့မှာ မဟုတ်ဘူး"

လျိုချင်းယန်ကလည်း ထောက်ခံကာ ခေါင်းညိတ်လိုက်သည်။

"မင်းတို့လည်း ကိုယ့်ဘာသာ ကျင့်ကြံကြတော့"

ဖုန်းဝူချန်က တိုက်တွန်းရင်း သူကိုယ်တိုင်လည်း ဆေးလုံးဖော်စပ်ခြင်းကို ဆက်လုပ်လေတော့သည်။

တောင်ကြားငယ်လေးမှာတော့ ရှုပ်ပွနေခဲ့၏။

ယခင်က အပြိုင်အဆိုင် ဖူးပွင့်ဝေဆာခဲ့သော ပန်းတို့၏ အလှတရားတို့သည် မှေးမှိန်ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

တောင်ကြားမြေပြင်၏ အစိတ်အပိုင်းတော်တော်များများမှာ

လည်း ကွဲအက်လျက်။

ဂူအောင်းစခန်းသာလျှင် မူလအတိုင်း ကျန်ရစ်ခဲ့တော့သည်။

ဖုန်းဝူချန်က နေရာတစ်ခုကို ဖြစ်သလို ရွေးကာ ဆေးလုံးဖော်စပ်ခြင်းကို ဆက်လုပ်နေလေ၏။

လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာမူ အနီးအနားမှ တောင်ထိပ် တစ်ခု၏ အလယ်လောက်သို့ တက်ကာ ကျင့်ကြံနေကြလေသည်။

"အစ်ကိုဖုန်းက ဘာဖြစ်လို့ သူ့ရဲ့ကျင့်ကြံမှုအဆင့်ကို တိုးတက်ဖို့ ဒီလောက်တောင် စိတ်အားထက်သန်နေရတာလဲ မသိဘူး"

လျိုချင်းယန်သည် ကျင့်ကြံနေရင်း စဉ်းစားမိသော်လည်း ထိုအတွေးကို ခေါင်းထဲမှ ခပ်မြန်မြန်ပင် ထုတ်ပစ်လိုက်သည်။

ထွက်သွားပြီး မကြာမီမှာပင် ကျန်းကျွင့်လန်သည် ဆေးလုံးတစ်လုံးကို ထုတ်ကာ မျိုချလိုက်၏။ ကြည့်ရသည်မှာ အစွမ်းထက်သော ကုစားဆေးလုံးတစ်မျိုး ဖြစ်ပုံရသည်။

ဆေးလုံးက လည်ချောင်းထဲသို့ ရောက်သွားသည်နှင့် ကျန်းကျွင့်လန်၏ ဒဏ်ရာများသည် လျင်မြန်စွာ ပျောက်ကင်းသွားလေ၏။ အစွမ်းမှာ ဖုန်းဝူချန်၏ အရိုးဆက်ချီစွမ်းအင် ဆေးလုံးထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်လှသည်။

"အဲ့ဒီ ဖုန်းဝူချန်က တကယ်ပဲ ကြောက်ဖို့ကောင်းလောက်အောင် သန်မာတာပဲ။ ငါ့ကို ဒီလောက်အထိတောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်တယ်လို့ ထင်တောင်မထင်ထားဘူး" ကျန်းကျွင့်လန်က တောင်ကြားရှိရာဘက်သို့ လှည့်ကြည့်ရင်း သူ့ဘာသာ ရေရွတ်လိုက်မိသည်။

"ဖုန်းဝူချန်ဆိုတာ ဘယ်သူမလို့လဲ။ ဒီလောက် ကြောက်စရာကောင်းတဲ့ တပည့်တစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ နောက်ကွယ်က ပုဂ္ဂိုလ်ကြီးကရော ဘယ်လိုလူမျိုးဖြစ်မလဲ"

ကျန်းကျွင့်လန်သည် ဖုန်းဝူချန်၏ နောက်ခံကို အလွန်သိချင်စိတ်ပြင်းပြစွာဖြင့် တီးတိုးရေရွတ်နေမိသည်။

သူ၏ မျက်လုံးများထဲတွင် ခိုင်မာသော အရောင်အဝါများဖြင့် ကျန်းကျွင့်လန်က ဆိုသည်။

"ဖုန်းဝူချန်... ငါမင်းကို နိုင်ကို နိုင်ရမယ်။ စောင့်နေလိုက်"

ထိုစကားကို ဆိုပြီးသည်နှင့် ကျန်းကျွင့်လန်သည် လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင် နေရာအတိအကျမသိသဖြင့် အကြိမ်ကြိမ် လမ်းမေးမြန်းပြီးနောက် ကျန်းကျွင့်လန်သည် နောက်ဆုံးတွင် ထျန်းတုမြို့သို့ ရောက်ရှိလာခဲ့သည်။

ထျန်းတုမြို့တွင်းသို့ ဝင်ရောက်သည်နှင့် ကျန်းကျွင့်လန်သည် ဆရာဖုန်း၏ သတင်းကို အရူးအမူး လိုက်လံစုံစမ်းလေတော့သည်။

သို့သော် ဆရာဖုန်း ဘယ်မှာရှိသည်ကို မည်သူမျှ မသိကြ။ ထို့အပြင် စိတ်ကောင်းရှိသော လူအများအပြားက ကျန်းကျွင့်လန်အား ဆရာဖုန်းကို ရန်မစရန်၊ မိမိကိုယ်ပေါ်သို့ ဘေးဒုက္ခ မကျရောက်စေရန် သတိပေးကြသေးသည်။

မည်သို့ပင်ဖြစ်စေ ကျန်းကျွင့်လန်ကတော့ မတုန်လှုပ်ခဲ့။ သူ၏ အဆင့်အတန်းအရ ဆရာဖုန်းတစ်ယောက် မပြောနှင့်၊ အင်ပါယာ၏ တော်ဝင်မိသားစုပင်လျှင် သူ့အတွက် ကြောက်စရာမဟုတ်ချေ။

ပတ်ဝန်းကျင်ကို လိုက်လံမေးမြန်းပြီးနောက်တွင်လည်း ဆရာဖုန်း၏ သဲလွန်စကို သူ မရရှိခဲ့ပါ။

ထျန်းတုမြို့ရှိ မိသားစုအများအပြားထံ သွားရောက်မေးမြန်းခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ ဆရာဖုန်း၏ နာမည်အရင်းကို မေးသည့်အခါတွင်ပင် မည်သူမျှ မသိကြဘဲ ဆရာဖုန်းဟူသော ဘွဲ့အမည်ကိုသာ သိကြလေသည်။

ဤအဖြစ်က ကျန်းကျွင့်လန်ကို အလွန်စိတ်ပျက်စေခဲ့ပြီး ဖုန်းဝူချန် သူ့ကို လှည့်စားလိုက်လေသလားဟု တွေးမိသည်အထိ ဖြစ်စေခဲ့သည်။

"လူငယ်လေး... မင်းက ဆရာဖုန်းကို ရှာနေတာဆိုရင် မြို့တော်ဝန်ကို သွားမေးကြည့်ပါလား။ မနေ့ကတင် ဆရာဖုန်းက မြို့တော်မှာပဲ ရှိနေသေးတာ။ နန်းတွင်းအကြံပေးကြီးရယ်၊ အိမ်ရှေ့စံမင်းသားရယ်၊ ယွင်ကျိုးနယ်က အင်အားကြီး ပုဂ္ဂိုလ်တွေနဲ့ အတူတူပဲ"

အဘိုးအိုတစ်ဦးက ကျန်းကျွင့်လန်အား ပြောလိုက်သည်။

"မြို့တော်မှာ ဟုတ်လား"

ကျန်းကျွင့်လန်၏ မျက်လုံးများက ထျန်းတုမြို့၏ ခမ်းနားထည်ဝါဆုံး နန်းတော်ကြီးဆီသို့ ဝေ့ကြည့်လိုက်ပြီးနောက် "ကျေးဇူးတင်ပါတယ် အဘိုး" ဟု ကျေးဇူးတင်စကား ဆိုလိုက်သည်။

သို့သော် ကျန်းကျွင့်လန် စိတ်ပျက်ရသည်မှာ မြို့တော်ဝန် ချူဝူဟန်ကလည်း ဆရာဖုန်း၏ သတင်းကို မသိရှိဘဲ ယခင်နေ့ကပင် ထွက်ခွာသွားပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မည်သို့ပင်ဖြစ်စေ ချူဝူဟန်က ကျန်းကျွင့်လန်အား နောက်သုံးလအကြာတွင် ဆရာဖုန်း၏ ဖခင်မှာ အသက်ငါးဆယ်ပြည့် မွေးနေ့ပွဲ ကျင်းပမည်ဖြစ်ကြောင်း ပြောပြခဲ့သည်။

ကျန်းကျွင့်လန်ကတော့ သုံးလမစောင့်နိုင်ပါ။

အကယ်၍သာ ဆရာဖုန်းသည် "စိတ်ဖြင့်လက်နက်ဖန်ဆင်းခြင်း" စွမ်းရည်ကို အမှန်တကယ် ပိုင်ဆိုင်ကြောင်း အတည်ပြုချက်သာ မရှိခဲ့ပါက သူ ထိုအချိန်တွင် လက်လျှော့သွားလောက်ပြီ ဖြစ်သည်။

နောက်ဆက်တွဲ နေ့ရက်များတွင် ကျန်းကျွင့်လန်သည် နေရာအနှံ့ သတင်းအချက်အလက်များကို ဆက်လက်ရှာဖွေနေခဲ့သည်။

ကျန်းကျွင့်လန် မသိခဲ့သည်မှာ သူရှာဖွေနေသော ဆရာဖုန်းဆိုသူမှာ ဖုန်းဝူချန် ကိုယ်တိုင်ပင် ဖြစ်သည်ဟူသော အချက်ပင်တည်း။

—--------

နေ့ရက်တွေ တဖြည်းဖြည်း ကုန်လွန်လာသည်နှင့်အမျှ ဖုန်းဝူချန်တို့ သုံးယောက်မှာ ကြိုးစားပမ်းစား လေ့ကျင့်နေကြဆဲ ဖြစ်ပြီး ကျန်းကျွင့်လန်မှာမူ အပြင်လောကတွင် ဆရာဖုန်းကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လ ကုန်လွန်သွားခဲ့သည်။

ဖုန်းဝူချန်၏ ကျင့်ကြံမှုမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာလည်း ထုံရွှမ်းဆေးလုံးများ၏ အကူအညီဖြင့် ကျင့်ကြံမှုအဆင့်များ သိသိသာသာ တိုးတက်လာခဲ့ကြသည်။

ကံမကောင်းသူမှာတော့ ကျန်းကျွင့်လန်သာ ဖြစ်လေ၏။ သူသည် ယွင်ကျိုးနယ် တစ်ခုလုံးနီးပါးကို ပိုက်စိပ်တိုက် ရှာဖွေခဲ့သော်လည်း ဆရာဖုန်း၏ သဲလွန်စ တစ်ခုတစ်လေမျှ မရရှိခဲ့ပေ။

တစ်လလုံးလုံး အချိန်ကုန်ခံ ရှာဖွေခဲ့ခြင်းက ကျန်းကျွင့်လန်၏ ဇွဲလုံ့လကို ပြသနေလေသည်။

နောက်ထပ်တစ်လ ကုန်လွန်သွားပြန်သည်။ ထူးထူးခြားခြား အဖြစ်အပျက်များ မရှိခဲ့ပါချေ။ ယွင်ကျိုးနယ်မှ မည်သည့် အင်အားစုကမျှ ဖုန်းဝူချန်အား လုပ်ကြံသတ်ဖြတ်ရန် လူမလွှတ်ရဲကြတော့သောကြောင့် ဖြစ်သည်။

ဟုတ်ပါသည်။ အနာဂတ်တွင် ဘာဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ချေ။

ဤသို့ဖြင့် အချိန်သည် တိတ်ဆိတ်စွာ ကုန်လွန်သွားခဲ့လေသည်။

မကြာမီမှာပင် နောက်ထပ်တစ်လ ကုန်လွန်သွားပြန်၏။

ရူးသွပ်မတတ် ကျင့်ကြံမှုများကြားတွင် ဖုန်းဝူချန်သည် အာရုံကြောအားလုံးကို အစွမ်းကုန်သုံး၍ ကြိုးစားခဲ့သော်လည်း အသွင်ပြောင်းဘုံ နဝမအလွှာသို့သာ တက်လှမ်းနိုင်ခဲ့သည်။ သူ မည်မျှပင် အသည်းအသန် ကြိုးစားခဲ့ပါစေ၊ ယွမ်တန်ဘုံသို့ တက်လှမ်းနိုင်ခြင်း မရှိခဲ့ချေ။

ရှားပါးသော ရတနာများနှင့် အရင်းအမြစ်များ၏ အကူအညီမပါဘဲ ဆေးလုံးများအပေါ်တွင်သာ မှီခိုနေရုံဖြင့် နှစ်လအတွင်း ယွမ်တန်ဘုံသို့ တက်လှမ်းရန်မှာ မဖြစ်နိုင်သလောက်ပင်။

ကျင့်ကြံမှုအဆင့် မြင့်မားလာလေလေ၊ တိုးတက်ရန် ခက်ခဲလေလေဖြစ်ပြီး ဖုန်းဝူချန်လည်း ခြွင်းချက်မဟုတ်ခဲ့ပါ။

ထို့အပြင် ဆေးလုံးများနှင့် ပတ်သက်လာလျှင် ဖုန်းဝူချန်သည် သူ၏အခြေခံကို ထိခိုက်မည်စိုးသဖြင့် အလွန်အကျွံ မမှီဝဲရဲခဲ့ပေ။

“ယွမ်တန်ဘုံကို အဆင့်တက်ဖို့ အချိန်မရှိတော့ဘူး။ စိမ်းလဲ့ခြင်္သေ့ သွေးအနှစ်သာရသာ နောက်တစ်စက်လောက် ရှိခဲ့ရင် ယွမ်တန်ဘုံကို ဝင်ရောက်ဖို့က ဘာမှ အခက်အခဲရှိမှာ မဟုတ်ဘူး၊ ဟူး..”

ဖုန်းဝူချန်သည် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိသည်။

သို့သော်လည်း ဖုန်းဝူချန်သည် အလွန်အမင်း စိတ်ဓာတ်ကျမသွားခဲ့ပါ။ ယခုတစ်ကြိမ် ယွမ်တန်ဘုံသို့ မတက်လှမ်းနိုင်ခဲ့လျှင် နောက်တစ်ကြိမ် ရှိသေးသည် မဟုတ်လား။

လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာမူ နှစ်လအတွင်း အသွင်ပြောင်းဘုံ ပဉ္စမအလွှာသို့ တက်လှမ်းနိုင်ခဲ့ပြီး သူတို့၏ ဓားသိုင်းပညာ နားလည်သဘောပေါက်မှုမှာလည်း နောက်ထပ်တစ်ဆင့် တိုးတက်သွားခဲ့သည်။

တံခါးပိတ် ကျင့်ကြံခဲ့သော နှစ်လတာကာလအတွင်း သူတို့သုံးဦး၏ ကျင့်ကြံမှုအဆင့်များသည် အလွန်မြင့်မားစွာ တိုးတက်ခဲ့ကြလေသည်။

လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့သည် ဖုန်းဝူချန်၏ ကြောက်မက်ဖွယ်ရာ ကျင့်ကြံမှုအရှိန်ကို ကျင့်သားရနေခဲ့ကြပြီ ဖြစ်သည်။

နှစ်လအတွင်း အဆင့်နှစ်ဆင့် တက်လှမ်းနိုင်ခဲ့သော သူ့ကို သူတို့ မနာလိုဖြစ်ရုံမှတစ်ပါး အခြားမရှိခဲ့။

"ငါ့ခန္ဓာကိုယ်ထဲက အပူရှိန်က တစ်နေ့တခြား ပိုပြီး သိသာလာနေပြီ"

ဖုန်းဝူချန်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။

ကံကောင်းစွာပင် ကျင့်ကြံခဲ့သော နှစ်လတာအတွင်း အန္တရာယ်ဖြစ်စေသော အဖြစ်အပျက်များ မကြုံခဲ့ရသော်လည်း ထိုအပူစီးကြောင်း ရှိနေခြင်းက ဖုန်းဝူချန်ကို စိုးရိမ်စိတ် အနည်းငယ် ဖြစ်စေခဲ့သည်။

ဤအခိုက်အတန့်တွင် လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့သည် ဓားသိုင်း လေ့ကျင့်နေကြသည်။ သူတို့၏ လှုပ်ရှားမှုများမှာ လုံးဝတစ်သားတည်းကျကာ လှပတင့်တယ်လှ၏။

ကြည့်ရသည်မှာ သာမန်လေ့ကျင့်မှုတစ်ခုထက် ဓားဖြင့် ကခုန်နေကြသည်နှင့် ပိုတူနေလေသည်။

ဖုန်းဝူချန်သည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်ပြီး ဓားသိုင်းလေ့ကျင့်နေသော သူတို့နှစ်ဦးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထို့နောက် လှစ်ခနဲ လှုပ်ရှားလိုက်ကာ ကျောက်တုံးပေါ်မှ ဆင်းသက်လာခဲ့သည်။

သူ၏ အမြန်နှုန်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

"အစ်ကိုဖုန်း... ဆက်မကျင့်တော့ဘူးလား။ ရှင့်ရဲ့ ကျင့်ကြံနှုန်းနဲ့ဆိုရင် ယွမ်တန်ဘုံကို ဝင်ရောက်ဖို့က သိပ်မကြာတော့ပါဘူး"

ဖုန်းဝူချန်၏ လှုပ်ရှားမှုကို အာရုံခံမိသော မြောင်ချင်းချင်းသည် ရုတ်တရက် ရပ်တန့်လိုက်ပြီး မေးမြန်းလိုက်သည်။

ထိုအခါ

ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ရင်း ဆိုသည်။

"အချိန်မရှိတော့ဘူး။ ငါ ထျန်းကျိုးနယ်ကို အမြန်ပြန်ရမယ်။ မင်းတို့နှစ်ယောက် ဆက်ပြီး ကောင်းကောင်း ကျင့်ကြံကြ။ ငါ ကိစ္စတွေအားလုံး ရှင်းပြီးသွားရင် မင်းတို့ဆီ လာခဲ့မယ်"

"အစ်ကိုဖုန်း... တစ်ယောက်တည်း ပြန်မှာလား" လျိုချင်းယန်သည် ပထမတော့ မှင်သက်သွားပြီးနောက် ကပျာကယာ မေးလိုက်သည်။

"အစ်ကိုဖုန်း... ကျွန်တော်တို့ ခင်ဗျားနဲ့အတူတူ ပြန်လိုက်မယ်"

"မလိုက်နဲ့။ မင်းတို့ထင်သလောက် မရိုးရှင်းဘူး။ ဒီတစ်ခေါက်က အရမ်းအန္တရာယ်များတယ်"

ဖုန်းဝူချန်က ခေါင်းခါကာ ငြင်းဆန်လိုက်သည်။

ဤတစ်ကြိမ် ပြန်ခရီးသည် ယွင်ကျိုးနယ်ကို ရင်ဆိုင်ရုံသာမက အင်ပါယာမှ အင်အားကြီးမားလှသော ထျန်းယွင်ဂိုဏ်း၏ အင်အားစုကြီးကိုပါ ရင်ဆိုင်ရဖွယ် ရှိနေသည်။

ဟုတ်ပါသည်။ ဤသည်မှာ ဖုန်းဝူချန်၏ အဆိုးဆုံး အခြေအနေကို ကြိုတင်တွက်ဆထားခြင်းသာ ဖြစ်သည်။

သဘာဝကျစွာပင် ဖုန်းဝူချန်သည် ထျန်းယွင်ဂိုဏ်း ပါဝင်လာမည် မဟုတ်ဟု မျှော်လင့်နေခဲ့သည်။ သို့မဟုတ်ပါက အလွန်ပင် ဒုက္ခများပြီး အန္တရာယ်ကြီးမားလှပေလိမ့်မည်။

"ကောင်းတူဆိုးဖက်ပေါ့ဗျာ။ အန္တရာယ်များတာကို ကျွန်တော် ဂရုမစိုက်ဘူး။ အစ်ကိုဖုန်း သဘောမတူရင်တောင် ကျွန်တော်တို့ လိုက်ခဲ့မှာပဲ။ ပြီးတော့ ခင်ဗျား အဖေ မွေးနေ့လည်း နီးနေပြီလေ။ ကျွန်တော်တို့ ရှိနေသင့်တာပေါ့"

လျိုချင်းယန်က မည်သည့်အရာကမျှ သူ့ကို တားဆီးနိုင်မည်မဟုတ်သကဲ့သို့ ခိုင်မာစွာ ဆိုလိုက်သည်။

မြောင်ချင်းချင်းကလည်း သဘောတူလိုက်၏။

"အစ်ကိုလျို ပြောတာမှန်တယ်။ အစ်ကိုဖုန်းက ကျွန်မတို့အပေါ်မှာ တောင်တန်းကြီးလောက် ကျေးဇူး ရှိခဲ့တာပါ။ ရှင် ဘယ်နေရာကိုပဲသွားသွား ဘယ်လိုအန္တရာယ်ပဲ ကြုံကြုံ ကျွန်မတို့ ရှင့်ဘေးမှာ ရပ်တည်ပေးမှာပါ"

"ချင်းအာ ပြောတာမှန်တယ်ကွ။ ဘယ်လိုအန္တရာယ်မျိုး တို့တွေ မကြုံဖူးလို့လဲ။ ဘာကို ကြောက်စရာရှိသေးလို့လဲ"

လျိုချင်းယန်က ခိုင်မာစွာ ကြွေးကြော်လိုက်သည်။

ယမမင်းလက်ထဲမှ လွတ်မြောက်လာသကဲ့သို့ ခက်ခဲကြမ်းတမ်းသော လွန်ခဲ့သည့် နှစ်လတာကို ဖြတ်သန်းပြီးနောက် သူ ဘာကို ကြောက်ရွံ့နေဦးမည်နည်း။

ထို့အပြင် သူ ၊ လျိုချင်းယန်သည် ဒုက္ခကို ကြောက်ရွံ့သူတစ်ယောက်မဟုတ်ဘဲ ဒုက္ခကို ရှာဖွေသူ တစ်ယောက်သာ ဖြစ်သည်။

"မင်းတို့ကွာ... ဘာလို့ ဒီလိုလုပ်ရတာလဲ" ဖုန်းဝူချန်သည် ခပ်တိုးတိုး သက်ပြင်းချလိုက်မိသော်လည်း သူ၏ နှလုံးသားထဲတွင်မူ နွေးထွေးမှုတို့ ပြည့်နှက်နေခဲ့သည်။

သူ၏ နှလုံးသားထဲတွင် နွေးထွေးမှုတို့ စီးဆင်းသွားသဖြင့် ဖုန်းဝူချန် ဘာပြောရမှန်းပင် မသိတော့ချေ။

"အစ်ကိုကြီးဖုန်း"

ထိုအခိုက်အတန့်၌ပင် နှစ်လိုဖွယ်ကောင်းပြီး ရင်းနှီးနေသော အသံတစ်ခုက ဖုန်းဝူချန်၏ နားထဲသို့ ရောက်ရှိလာခဲ့သည်။

"ဘယ်သူလဲဟ" လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ ချက်ချင်းပင် သတိအနေအထား ဖြစ်သွားကြသည်။

"ရှောင်ရှောင်"

ဖုန်းဝူချန်သည် သူ၏ နှလုံးသားထဲတွင် ရွှင်မြူးမှုလှိုင်းတစ်ခု ခံစားလိုက်ရပြီး အသံလာရာသို့ ရုတ်တရက် မော့ကြည့်လိုက်သည်။

သာယာလှပသော အသံကို ရုတ်တရက်ကြီး ကြားယောင်လာသဖြင့် ဖုန်းဝူချန် သူ စိတ်ထင်နေခြင်းလားဟုပင် ထင်မှတ်မှားသွားခဲ့သည်။

"ရှောင်ရှောင် ဟုတ်လား"

ဖုန်းဝူချန်၏ ခေါ်သံကို ကြားသောအခါ လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ နှစ်ဦးစလုံး လန့်သွားကြသည်။

ထိုအခိုက်အတန့်မှာ လှပသော ပုံရိပ်တစ်ခုသည် တောင်ထိပ်မှ လှပစွာ ဆင်းသက်လာခဲ့သည်။

ပန်းနုရောင်ပိုးသား ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေး၊ သူမ၏ ရှည်လျားသော ဆံနွယ်များ လေထဲတွင် လွင့်ခါနေပြီး သူမ၏ နူးညံ့လှပသော မျက်နှာမှာ အလွန်ပင် ရင်သပ်ရှုမောဖွယ်ရာ ကောင်းလှသည်။ ကောင်းကင်ဘုံမှ နတ်သမီးလေး တစ်ပါးအလား။

ဆင်းသက်လာသော မိန်းကလေးမှာ လင်ရှောင်ရှောင်မှ လွဲ၍ အခြားသူမဟုတ်ချေ။ သူမ၏ နောက်ကျောတွင် ခရမ်းရောင် အတောင်ပံတစ်စုံ ဖြစ်ပေါ်နေကာ ကောင်းကင်တမန် တစ်ပါး ဆင်းသက်လာသည်နှင့် တူနေလေသည်။

"လှလိုက်တာ"

မြောင်ချင်းချင်းသည် စွဲမက်စွာ ကြည့်နေမိသည်။

"ယွမ်တန်ဘုံ ပထမအဆင့်။ သူက အစ်ကိုဖုန်းနဲ့ ဘယ်လိုတော်စပ်တာလဲ"

လျိုချင်းယန်သည် လင်ရှောင်ရှောင် လေထဲမှ ဆင်းသက်လာသည်ကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

ဤမျှ လှပသော မိန်းကလေးတစ်ယောက်က ယွမ်တန်ဘုံ ကျွမ်းကျင်သူတစ်ဦး ဖြစ်လိမ့်မည်ဟု သူ မယုံကြည်နိုင်ခဲ့ပါ။

"အစ်ကိုကြီးဖုန်း"

လင်ရှောင်ရှောင်သည် ဖုန်းဝူချန်ရှေ့သို့ ဆင်းသက်လာခဲ့သည်။ သူမ၏ နောက်ကျောမှ ခရမ်းရောင် အတောင်ပံများ ပျောက်ကွယ်သွားပြီး သူမ၏ မျက်နှာပေါ်တွင် ပျော်ရွှင်ချိုမြိန်သော အပြုံးတစ်ခုဖြင့် ချစ်ခင်စွာ ခေါ်လိုက်သည်။

"ရှောင်ရှောင်... မင်း ဘယ်လိုလုပ် ရောက်လာတာလဲ"

ဖုန်းဝူချန်က ပြုံးကာ မေးလိုက်သည်။

လင်ရှောင်ရှောင်ကို မြင်လိုက်ရသည့်အခါ သူ၏ စိတ်လှုပ်ရှားမှုမှာ ပြောမပြတတ်အောင်ပင် ဖြစ်နေခဲ့သည်။

သူမကို နောက်ဆုံးတွေ့ခဲ့သည်မှာ တစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။

လင်ရှောင်ရှောင်သည် ပို၍ပင် လှပဆွဲဆောင်မှု ရှိလာခဲ့ပြီး ကျောက်စိမ်းကဲ့သို့ ဝင်းပသော အသားအရေနှင့် တိုင်းပြည်တစ်ခုကိုပင် ပြောင်းလဲစေနိုင်သော ကောက်ကြောင်းအလှတို့ဖြင့် ပြည့်စုံနေခဲ့သည်။

ဖုန်းဝူချန်သည် သူမအား ဒုတိယတစ်ကြိမ် မကြည့်ဘဲ မနေနိုင်ခဲ့ဘဲ ယခင်ကထက် ပို၍ စွဲမက်ဖွယ်ကောင်းနေသည်ဟု ခံစားမိသည်။

လင်ရှောင်ရှောင်က ကလေးလေးတစ်ယောက်လို နှုတ်ခမ်းလေးစူကာ စပ်ဖြီးဖြီးအပြုံးဖြင့် ဆိုသည်။

"ရှောင်ရှောင် အစ်ကိုကြီးဖုန်းကို လွမ်းလို့ လိုက်လာတာ"

"မင်း ငါ ယွင်ကျိုးနယ်မှာ ရှိနေတာကို ဘယ်လိုသိတာလဲ"

ဖုန်းဝူချန်က ပြုံးကာ မေးလိုက်သည်။

လင်ရှောင်ရှောင်က ချိုမြိန်သော အပြုံးဖြင့် ပြန်ဖြေသည်။

"အစ်ကိုကြီးဖုန်း ဘယ်နေရာမှာပဲ ရှိရှိ ရှောင်ရှောင် ရှာတွေ့နိုင်ပါတယ်။ အစ်ကိုကြီးဖုန်းရဲ့ အငွေ့အသက်က အရမ်းထူးခြားတယ်"

သူတို့နှစ်ဦး နူးညံ့သော စကားများ ဖလှယ်နေကြသည်ကို ကြည့်လျှင် သူတို့၏ ဆက်ဆံရေးမှာ ထူးခြားလှသည်မှာ ထင်ရှားနေသည်။

လင်ရှောင်ရှောင်၏ ဖုန်းဝူချန်အပေါ် ချစ်ခင်နှစ်လိုဖွယ် အမူအရာကို မြင်တွေ့ရသောအခါ လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာ တစ်စုံတစ်ခုကို သဘောပေါက်သွားပုံ ရသည်။

"ဦးလေးဖုန်း မွေးနေ့ရောက်ဖို့ နောက်ထပ်တစ်လပဲ လိုတော့တယ်။ အစ်ကိုကြီးဖုန်း... ရှောင်ရှောင် သူ့အတွက် အသက်ရှည်မွေးနေ့လက်ဆောင် ပြင်ဆင်ထားပြီးပါပြီ"

လင်ရှောင်ရှောင်က ရွှင်လန်းစွာ ပြောလာသည်။

တစ်နှစ်နီးပါး ကွဲကွာနေခဲ့သော်လည်း ဖုန်းဝူချန်အပေါ် သူမ၏ ချစ်ခင်မှုမှာ လျော့ပါးသွားခြင်း မရှိခဲ့ချေ။

"ငါ့ဖေဖေ မွေးနေ့က နောက်တစ်လ လိုသေးတယ်ဆိုတာ မင်း ဘယ်လိုသိတာလဲ" ဖုန်းဝူချန်သည် လင်ရှောင်ရှောင်အား အံ့အားသင့်စွာ ကြည့်လိုက်သည်။

သူမက အရာအားလုံးကို သိနေသကဲ့သို့ ခံစားလိုက်ရသည်။

All Chapters