← Chapters

ပြိုင်ဘက်ကင်းမြို့သို့ အပြန်

Vol. 7 Ch. 93

ပြိုင်ဘက်ကင်းမြို့သို့ အပြန်

Vol. 7 Ch. 93

~ဗိုလ်ချုပ်ဝမ်သည် ထိုနေရာတွင် လုံးဝ ကျောက်ရုပ်ဖြစ်သွား၏။ တစ်စုံတစ်ယောက်က သူ့ကို မလှုပ်မယှက်နိုင်အောင် ပြုစားလိုက်သလိုပင်။

လှုပ်ရှားမှု ကင်းမဲ့လျက်... သူ၏ မျက်လုံးများထဲတွင် အစွမ်းကုန် ကြောက်ရွံ့မှုတို့ ပြည့်နှက်နေလေသည်။

"ဥပဒေမဲ့ ရမ်းကားလိုက်တာ။ ဗိုလ်ချုပ်ဝမ်... သူတို့ဟာ အလွန်ယုတ်မာတဲ့ ရာဇဝတ်သားတွေပဲ ဖြစ်ရမယ်။ ချက်ချင်းဖမ်းဆီးလိုက်ပါ" မျိုးနွယ်စု အကြီးအကဲတစ်ဦးက ဒေါသတကြီးဖြင့် ခက်ထန်စွာ အမိန့်ပေးလိုက်သည်။

"ဖမ်းဆီးရမယ် ဟုတ်လား။ ဒါ သူတို့ကို သက်သက်သာသာ လွှတ်ပေးလိုက်တာ မဟုတ်ဘူးလား။ ကိုယ်ရံတော် အများကြီးကို သတ်ဖြတ်ပြီးမှ အသက်ရှင်ချင်သေးတယ် ဟုတ်လား" မိသားစုခေါင်းဆောင်တစ်ဦးက ဒေါသတကြီး ပြောလိုက်ပြန်၏။

သူ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သတ်ဖြတ်လိုသည့် အရိပ်အယောင်တို့ ပြည့်နှက်နေသည်။

"ဗိုလ်ချုပ်ဝမ်... သူတို့ လူ့အသက်ကို တန်ဖိုးမထားဘူး။ အင်ပါယာရဲ့ အလိုရှိနေတဲ့ ရာဇဝတ်သားတွေ ဖြစ်မှာ သေချာတယ်။ ဒီလို ရာဇဝတ်ကောင်တွေကို ဒီနေရာမှာတင် ခေါင်းဖြတ်သတ်ပစ်သင့်တယ်"

"ဟုတ်တယ်... ဟုတ်တယ်။ ဗိုလ်ချုပ်ဝမ်။ သူတို့ကို သတ်ပစ်လိုက်ပါ။ မိန်းကလေးတွေကိုတော့ အသက်ချမ်းသာပေးလို့ ရပါတယ်"

"သူတို့ သေကို သေရမယ်။ ဒီလို ရာဇဝတ်ကောင်မျိုးကို အခု မသတ်ရင် နောင်တစ်ချိန်မှာ သူတို့လက်ချက်နဲ့ လူတွေ ပိုသေကြလိမ့်မယ်။ သူတို့ဟာ အင်ပါယာရဲ့ အဓိက ရာဇဝတ်သားတွေပဲ"

...

လူငယ်သခင်လေး သုံးယောက်မှာ တဖြည်းဖြည်း မာန်တက်လာကြ၏။ သူတို့၏ လှောင်ပြောင်သော အကြည့်များက ဖုန်းဝူချန်နှင့် လျိုချင်းယန်တို့ အပေါ် စူးစိုက်နေကြသည်။

သူတို့ နှစ်ယောက်၏ ကြမ္မာဆိုးကို မြင်ယောင်နေကြသကဲ့သို့ပင်။

သို့သော်... သူတို့သည် ဗိုလ်ချုပ်ဝမ်၏ မျက်လုံးများထဲမှ ကြောက်ရွံ့မှုကို သတိမပြုမိကြသလို ဗိုလ်ချုပ်ဝမ် တစ်ကိုယ်လုံး တောင့်တင်းနေပြီး လုံးဝ မလှုပ်ရှားနိုင်တော့သည်ကိုလည်း သတိမထားမိကြချေ။

ဗိုလ်ချုပ်ဝမ်က ဖုန်းဝူချန်နှင့် လျိုချင်းယန်တို့ကို ဖမ်းဆီးတော့မည်ဟု လူတိုင်း ထင်မှတ်နေချိန်မှာပင်... နောက်ဆက်တွဲ ဖြစ်ပျက်လာသည့် အဖြစ်အပျက်က သူတို့အားလုံး၏ ဝိညာဉ်ကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

ရုတ်တရက်... ဗိုလ်ချုပ်ဝမ်သည် "ဒုန်း" ခနဲ မြည်အောင် ဒူးထောက်ချလိုက်ပြီး ထိတ်လန့်တကြား ကြွေးကြော်လိုက်လေသည်။

"ဒီ လက်အောက်ခံတပ်မှူးက စစ်သူကြီးချုပ်ကို ဂါရဝပြုပါတယ်"

"စစ်... စစ်သူကြီးချုပ် ဟုတ်လား"

ဗိုလ်ချုပ်ဝမ်၏ အပြုအမူကြောင့် မိသားစုကြီးသုံးခုမှ ထိပ်သီးပုဂ္ဂိုလ်များ ချက်ချင်းပင် မျက်နှာ ဖြူဖျော့သွားကြတော့သည်။

စစ်သည်အားလုံးမှာ ပထမတွင် မှင်တက်သွားကြပြီးနောက် အလျင်အမြန်ပင် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။

"ကျွန်တော်မျိုးတို့ စစ်သူကြီးချုပ်ကို ဂါရဝပြုပါတယ်"

စစ်သည်များမှာ အလွန်တရာ တုန်လှုပ်ခြောက်ခြားသွားကြ၏။

သူတို့ရှေ့မှ လူငယ်လေးသည် အင်ပါယာ၏ စစ်သူကြီးချုပ် ဖြစ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ဧကရာဇ်က စစ်သူကြီးချုပ်ဘွဲ့ ချီးမြှင့်အပ်နှင်းလိုက်ခြင်းမှာ အင်ပါယာတစ်ခွင်လုံးသို့ ပျံ့နှံ့သွားခဲ့ပြီးဖြစ်သော်လည်း စစ်သူကြီးချုပ် မည်သူမည်ဝါဖြစ်သည်ကို သူတို့ မသိကြခြင်းသာ ဖြစ်သည်။

သူတို့ သိသည်မှာ ဆရာဖုန်း ဆိုသည့် ဘွဲ့အမည် တစ်ခုတည်းသာ။

အကယ်၍ သူတို့ရှေ့မှ လူသည် အမှန်တကယ် စစ်သူကြီးချုပ်ဖြစ်ပါက သူသည် ဆရာဖုန်း သေချာပေါက် ဖြစ်ပေလိမ့်မည်။

"သူ... သူက ဆရာဖုန်းပဲ"

သခင်လေး သုံးယောက်၏ ခြေထောက်များ ကြောက်လန့်တကြား ပျော့ခွေသွားကြသည်။

"ကျွန်တော်မျိုးတို့ စစ်သူကြီးချုပ်ကို ဂါရဝပြုပါတယ်"

လမ်းမပေါ်မှ လူများအားလုံး ဆက်တိုက် ဒူးထောက်လိုက်ကြ၏။

အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့ကို ဦးဆောင်သော စစ်သူကြီးချုပ်သည် ဗိုလ်ချုပ်ကြီးနှင့် တူညီသော အဆင့်အတန်း ရှိသူဖြစ်ရာ သူတို့ မရိုမသေ မပြုဝံ့ကြပေ။

ကြည့်ရှုနေသော လူအုပ်ကြီးမှာ အံ့အားသင့်ကုန်ကြ၏။ ယွင်ကျိုးနယ်တွင် ကျော်ကြားလှသော ဆရာဖုန်း၏ ဂုဏ်သတင်းသည် ထျန်းကျိုးနယ်သို့ပါ ပျံ့နှံ့နေသည်မှာ ထင်ရှားလေသည်။

"ခင်ဗျား ကျုပ်ကို မှတ်မိသလား"

ဖုန်းဝူချန်က ဗိုလ်ချုပ်ဝမ်ကို မျက်နှာထားတည်တည်ဖြင့် ကြည့်ရင်း အေးစက်စွာ မေးလိုက်သည်။

"ဗိုလ်ချုပ်ကြီးက အမိန့်ထုတ်ပြန်ထားပြီး စစ်သူကြီးချုပ်ရဲ့ ပုံတူပန်းချီနဲ့ လူလွှတ်ထားပြီးပါပြီ။ ဒီ လက်အောက်ခံတပ်မှူးကို စစ်သူကြီးချုပ် ထျန်းကျိုးနယ်ကို ပြန်လာမှာကို ရိုသေစွာ စောင့်ကြိုနေဖို့ ညွှန်ကြားထားပါတယ် ခင်ဗျာ" ဟု ဗိုလ်ချုပ်ဝမ်က တုန်တုန်ယင်ယင်ဖြင့် ဖြေကြားလေသည်။

ဤအခိုက်အတန့်တွင် ဗိုလ်ချုပ်ဝမ်သည် သခင်လေး သုံးယောက်ကို ထိုနေရာတွင်ပင် ရိုက် သတ်ပစ်လိုက်ချင်စိတ် ပေါက်သွား၏။

အင်ပါယာ စစ်သူကြီးချုပ်ကိုမှ သူတို့ မည်သူ ထင်၍ သွားရန်စခဲ့ကြသနည်း။

သခင်လေးသုံးယောက် ဘာကြံစည်နေသည်ကို ဗိုလ်ချုပ်ဝမ် သေချာပေါက် သိပါသည်။

သူတို့သည် လင်ရှောင်ရှောင်နှင့် မြောင်ချင်းချင်းတို့ကို ရယူရန် ကြံရွယ်နေကြသည်မှာ ထင်ရှားလှသည်။

အလားတူ အဖြစ်အပျက်မျိုးများကို သခင်လေးသုံးယောက်သည် ဝမ့်ယွင်မြို့တွင် အကြိမ်ပေါင်းများစွာ ကျူးလွန်ခဲ့ဖူးလေသည်။

"မင်းတို့ သတ္တိတွေ သိပ်ရှိတာပဲ။ စစ်သူကြီးချုပ် ကိုယ်တိုင် ရှိနေတာကို သိသိကြီးနဲ့တောင် ဒီလို အာခံတဲ့ လုပ်ရပ်မျိုးကို ကျူးလွန်ရဲသေးတယ်။ ငါထင်တာတော့ မင်းတို့အားလုံး အသက်ရှင်ရတာ ငြီးငွေ့နေကြပြီထင်တယ်"

လျိုချင်းယန်က စစ်သူကြီးချုပ်၏ ဘေးတွင် ရပ်နေသော မျက်နှာသာပေးခံရသူ တစ်ယောက် အမူအရာအပြည့်ဖြင့် အေးစက်စွာ ဆိုလိုက်သည်။

"ဒီ တပ်မှူး မဝံ့ရဲပါဘူး။ စစ်သူကြီးချုပ် ကြွရောက်လာတာကို ကျွန်တော် မသိခဲ့ပါဘူး။ စစ်သူကြီးချုပ်ကို ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်" ဗိုလ်ချုပ်ဝမ်မှာ ကြောက်လန့်လွန်း၍ သူ၏ ဝိညာဉ်ပင် လွင့်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။

သူသည် ဖုန်းဝူချန်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သော်လည်း ဖုန်းဝူချန် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ ကြားသိပြီး ဖြစ်သည်။

ထို့အပြင် သူသည် အင်ပါယာ၏ အတော်ဆုံး တပ်ဖွဲ့များကို ဦးဆောင်သူ မဟုတ်လော။

"ဒီ ကျွန်တော်မျိုးမှာ မျက်စိရှိပေမဲ့ မြင့်မြတ်တဲ့တောင်ကို မမြင်မိခဲ့ပါ။ စစ်သူကြီးချုပ်ကို ကျွန်တော်မျိုးတို့ကို ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်" မိသားစုကြီးသုံးခုမှ အကြီးအကဲများအားလုံး ဒူးထောက်လိုက်ကြသည်။ သူတို့ မည်မျှ ထိတ်လန့်တုန်လှုပ်နေကြသည်ကို သင် စိတ်ကူးကြည့်၍ပင် ရနိုင်မည် မဟုတ်ချေ။

စစ်သူကြီးချုပ်ကို စော်ကားခြင်းသည် သေဒဏ်သေပြစ် ဖြစ်သည်။

သခင်လေး သုံးယောက်မှာမူ ထင်ရာစိုင်းကာ ရမ်းကားလှ၏။

စစ်သူကြီးချုပ်၏ လမ်းကို ပိတ်ဆို့ရဲရုံသာမက စစ်သူကြီးချုပ်၏ မိန်းကလေးများကိုပါ ဗြောင်ကျကျ ရယူရန် ကြိုးစားခဲ့ကြသည်။

"အဲ့ဒီသုံးယောက်ကို ကျုပ်အတွက် ချည်နှောင်ပြီး သူတို့ သတိလစ်သွားတဲ့အထိ မြို့တံခါးမှာ ချိတ်ဆွဲထားလိုက်ပါ"

ဖုန်းဝူချန်က မျက်နှာထားတည်တည်ဖြင့် ဆိုလိုက်သည်။

ဗိုလ်ချုပ်ဝမ်သည် မိသားစုကြီးသုံးခုနှင့် တစ်စုံတစ်ရာ ဆက်နွှယ်မှုရှိကြောင်း ဖုန်းဝူချန် မြင်တွေ့နိုင်သဖြင့် သူက ဗိုလ်ချုပ်ဝမ်ကို အလွန်အမင်း ဒုက္ခမပေးခဲ့ပေ။

"ဟုတ်ကဲ့"

ဗိုလ်ချုပ်ဝမ်သည် တစ်စက်ကလေးမျှပင် မတွေဝေရဲဘဲ အလျင်အမြန်ပင် စစ်သည်များကို လူငယ်သခင်လေးသုံးယောက်အား ချည်နှောင်ရန် အမိန့်ပေးလိုက်သည်။

မိသားစုကြီးသုံးခုမှ ထိပ်သီးပုဂ္ဂိုလ်များမှာမူ အသံတစ်ချက်ပင် မထွက်ဝံ့ကြ။

သူတို့၏ စိတ်နှလုံးထဲတွင် မည်မျှပင် မလိုလားကြစေကာမူ သူတို့ လက်ခံရုံမှတစ်ပါး အခြားမရှိခဲ့ပါ။

ဖုန်းဝူချန် သူတို့ကို အာခံမှုဖြင့် စွဲချက်မတင်ခြင်းသည်ပင် သူတို့အတွက် ကံကောင်းလှပြီ ဖြစ်သည်။

"ငါ့မှာ အရေးကြီးတဲ့ကိစ္စတွေ ရှိနေလို့သာ မင်းတို့ ကံကောင်းသွားတာ။ ဗိုလ်ချုပ်ဝမ်... သူတို့ နောက်တစ်ခါ ထပ်ပြီး စော်ကားရဲရင် ဒီနေရာမှာတင် သတ်ပစ်လိုက်" ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သည်။

"ဟုတ်ကဲ့။ စစ်သူကြီးချုပ်ရဲ့ အမိန့်အတိုင်း အပြည့်အဝ လိုက်နာပါ့မယ်" ဗိုလ်ချုပ်ဝမ်က ရိုသေစွာ နာခံလိုက်သည်။

ဖုန်းဝူချန် သူတို့နှင့် ပြောဆို ဆက်ဆံရန် စိတ်မဝင်စားတော့ပေ။

ထို့နောက် သူတို့လေးယောက်သည် ဝမ့်ယွင်မြို့မှ ထွက်ခွာ

သွားကြတော့သည်။

"စစ်သူကြီးချုပ်ကို လိုက်လံပို့ ဆောင်ပါတယ်"

ဗိုလ်ချုပ်ဝမ်နှင့် မိသားစုကြီးသုံးခုမှ အကြီးအကဲများအားလုံး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။

သူတို့၏ အရှက်ရမှုများကို လေးလံသော ဝန်ထုပ်ဝန်ပိုးများအဖြစ် ထမ်းပိုးထားကြရသည်။

နန်းတွင်းအကြံပေးနှင့် မင်းသားတို့ကိုပင် ထိတ်လန့်စေခဲ့သော ဖုန်းဝူချန်ကို အမဲလိုက်ခံရသည့် အဖြစ်အပျက်ကို အခြားသူများ မသိနိုင်သော်လည်း ဗိုလ်ချုပ်ဝမ်မှာမူ ကောင်းကောင်း

သိရှိပြီး ဖြစ်သည်။

ဖုန်းဝူချန်သည် ဤကဲ့သို့သော ဗိုလ်ချုပ်ငယ်လေးများ ရန်စ၍ ရနိုင်သောသူ လုံးဝ မဟုတ်ပေ။

"နောင်ဆိုရင် မင်းတို့သားသုံးယောက်ကို သေချာ စောင့်ကြည့်ထားကြ။ နောက်တစ်ခါ စော်ကားမှုဖြစ်ရင် ဒီဗိုလ်ချုပ်ကို သနားညှာတာမှုမရှိဘူးလို့ အပြစ်မတင်ကြနဲ့။ ဟွန်း"

ဗိုလ်ချုပ်ဝမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ကံကောင်းစွာပင် ဖုန်းဝူချန်က ထိုကိစ္စကို ဆက်လက် အရေးမယူခဲ့ပေ။ သို့မဟုတ်ပါက သူတို့၏ အမှားကြောင့် ဗိုလ်ချုပ်ဝမ် အမှန်တကယ် ဒုက္ခရောက်ရပေတော့မည်။

မိသားစုခေါင်းဆောင်သုံးယောက်မှာမူ အောင့်သက်သက်နှင့် ဝမ်းနည်းပက်လက် ဖြစ်နေကြသော်လည်း နောက်ထပ် တစ်စုံတစ်ရာ ပြောဆိုရန် မဝံ့ရဲကြတော့။

"စစ်သူကြီးချုပ်ရဲ့ လွှမ်းမိုးမှုကို မင်းတို့ စိတ်ကူးကြည့်လို့တောင် ရနိုင်မှာမဟုတ်ဘူး။ အခု သူ ထျန်းကျိုးနယ်ကို ပြန်လာပြီဆိုတော့ စစ်သူကြီးချုပ်ရဲ့ ကြောက်စရာကောင်းပုံကို သိလာဖို့ မင်းတို့မှာ အခွင့်အရေး အများကြီး ရလာလိမ့်မယ်"

ဗိုလ်ချုပ်ဝမ်က ဒေါသတကြီး အော်ဟစ်ရင်း မိသားစု

ခေါင်းဆောင် သုံးယောက်ကို ခက်ထန်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ဒေါသဖြင့် ချာခနဲ လှည့်ထွက်သွားတော့သည်။

ဗိုလ်ချုပ်ဝမ် စစ်သည်များနှင့်အတူ ထွက်ခွာသွားပြီးနောက် လမ်းမပေါ်မှ လူများသည် တုန်လှုပ်ခြောက်ခြားမှုထဲတွင် ကျန်ရစ်ခဲ့ကြသည်။

—---

ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သည် ဝမ့်ယွင်မြို့မှ ထွက်ခွာလာခဲ့ပြီး ပြိုင်ဘက်ကင်းမြို့ဆီသို့ လျင်မြန်စွာ ခရီးနှင်ကြလေသည်။

ဖုန်းဝူချန်တွင် ဝမ့်ယွင်မြို့၏ မိသားစုကြီးသုံးခုနှင့် ပြသနာ ရှာလိုစိတ် မရှိခဲ့ပါ။

သူ၏ တစ်ခုတည်းသော ဆန္ဒမှာ ဖုန်းနေအိမ်သို့ ပြန်ရန်၊ သူ၏ မိသားစု လက်ရှိအင်အားကို မြင်တွေ့ရန်နှင့် သူတို့ ကြုံတွေ့နေရသော အခြေအနေကို နားလည်ရန်သာ ဖြစ်ပါသည်။

သူ ထွက်ခွာမသွားခင်က သူ ထားရစ်ခဲ့သော အရာများသည် ဖုန်းမိသားစုကို ပိုမိုအားကောင်းလာစေရန် အထောက်အကူပြုခဲ့လေသလားဟု သူ သိချင်နေခဲ့သည်။

ထျန်းယန်အကယ်ဒမီသည် ဖုန်းမိသားစုကို တစ်နှစ်တာ ကာကွယ်ပေးမည်ဟူသော ကတိကို တည်ခဲ့လေသလား၊

မော့မိသားစုနှင့် ဟွမ်ဖူမိသားစုတို့ လျှို့ဝှက်စွာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့လေသလား၊

ထျန်းယွင်ဂိုဏ်း ပါဝင်ပတ်သက်ခဲ့လေသလား စသည့် အကြောင်းအရာများကို ဖုန်းဝူချန် သိချင်နေခဲ့သည်။

တိုတိုပြောရလျှင် သူသည် ဖုန်းမိသားစုနှင့် သက်ဆိုင်သော အရာအားလုံးကို သိလိုနေခဲ့သည်။

"ဘာကိစ္စကများ အစ်ကိုဖုန်းကို ဒီလောက် စိုးရိမ်ပူပန်စေရတာလဲ။ အစ်ကိုဖုန်း ကြည့်ရတာ အရမ်း စိတ်ပူနေပုံပဲ"

လျိုချင်းယန်က မျက်မှောင်ကြုတ်ကာ သူ့ဘာသာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ခရီးတစ်လျှောက်လုံး ဖုန်းဝူချန် စိတ်ဂနာမငြိမ်ဖြစ်နေသည်ကို လျိုချင်းယန် သတိထားမိခဲ့သော်လည်း သူ၏ စိတ်ထဲတွင် ဘာရှိနေသည်ကိုမူ သူ မသိခဲ့ပေ။

မြောင်ချင်းချင်းလည်း ထိုအချက်ကို ပြောပြနိုင်သော်လည်း သူတို့နှစ်ဦးစလုံး မေးမြန်းခြင်း မပြုခဲ့ကြ။

လင်ရှောင်ရှောင်ကတော့ ဖုန်းဝူချန်၏ နောက်မှ နာခံစွာ လိုက်ပါနေခဲ့ပြီး အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်း မရှိခဲ့။ သူတို့ မည်သည့်အရာကို ရင်ဆိုင်ရသည်ဖြစ်စေ သူမသည် ဖုန်းဝူချန်၏ ဘေးမှ တစ်ဖဝါးမျှ ခွာမည် မဟုတ်ပေ။

သုံးရက်တာ မရပ်မနား ခရီးနှင်ပြီးနောက် သူတို့လေးယောက် နောက်ဆုံးတွင် ပြိုင်ဘက်ကင်းမြို့သို့ ရောက်ရှိလာခဲ့ကြသည်။

ရင်းနှီးနေသော မြို့ရိုးများ၊

ရင်းနှီးနေသော ပတ်ဝန်းကျင်၊

ရင်းနှီးနေသော တံခါးများ အားလုံးသည်

ဖုန်းဝူချန်၏ မျက်လုံးများထဲတွင် ထင်ဟပ်နေခဲ့သည်။

"တစ်နှစ်နီးပါး ကြာသွားပြီ။ ငါ နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီ။ ဖေဖေနဲ့ မေမေတို့ နေကောင်းကြရဲ့လား မသိဘူး" ဖုန်းဝူချန်၏ နှလုံးသားသည် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေပြီး အမှတ်တရများစွာ တိုးဝှေ့တက်လာခဲ့သည်။

"ဒီနေရာက အစ်ကိုဖုန်း ကြီးပြင်းခဲ့တဲ့ နေရာလား။ ဒီ ပြိုင်ဘက်ကင်းမြို့က ငါတို့ လွမ်ထျန်းမြို့နဲ့ တော်တော်တူတာပဲ" လျိုချင်းယန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ရေရွတ်လိုက်သည်။

"တော်တော် စည်ကားတာပဲ" မြောင်ချင်းချင်းက ပြုံးရင်း ခေါင်းညိတ်လိုက်သည်။

"အစ်ကိုကြီးဖုန်း... တစ်နှစ်လောက် ပြန်မလာခဲ့တော့ အရမ်းလွမ်းနေမှာပဲနော်။ မြို့ထဲဝင်ကြရအောင်"

လင်ရှောင်ရှောင်က စိတ်လှုပ်ရှားစွာ ပြုံးရင်း ဆိုလိုက်သည်။

တစ်နှစ်နီးပါး ကြာမြင့်ခဲ့သော်လည်း ပြိုင်ဘက်ကင်းမြို့တွင် ဘာမှ ပြောင်းလဲမှု မရှိခဲ့ပေ။ ယခင်အတိုင်းပင် ရှိနေခဲ့သည်။

မြို့မှာ မပြောင်းလဲခဲ့သော်လည်း တစ်နှစ်နီးပါး အပြင်ထွက် လေ့ကျင့်ခဲ့သော ဖုန်းဝူချန်မှာမူ များစွာ ပြောင်းလဲသွားခဲ့သည်။

သူ၏ စိတ်ဓာတ်မှာ ရင့်ကျက်လာခဲ့ပြီး သူ ပို၍ တည်ငြိမ်လာခဲ့ကာ လွန်ခဲ့သော တစ်နှစ်က ကလေးဆန်မှုများ ပျောက်ကွယ်သွားခဲ့သည်။ သူ ယခု ပို၍ ခိုင်မာမှုနှင့် ယုံကြည်မှု ရှိနေခဲ့သည်။

မြို့တံခါးရှေ့တွင် ရပ်ရင်း သူ၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်တို့ကို ချုပ်တည်းကာ မြို့ထဲသို့ ဦးဆောင်

ဝင်ရောက်သွားခဲ့၏။

လင်ရှောင်ရှောင်နှင့် အခြားသူများက သူ့နောက်မှ အနီးကပ် လိုက်ပါလာခဲ့ကြသည်။

"ဟေး... မင်းတို့ တွေ့လိုက်လား။ အဲ့ဒါ ဖုန်းမိသားစုရဲ့ တတိယသခင်လေးနဲ့ တူတယ်ဟ။ ပြီးတော့ ဟို လှပတဲ့ မိန်းကလေးက တတိယသခင်လေးနဲ့ အရင်က အတူရှိနေခဲ့တဲ့ မမလေးလင် မဟုတ်ဘူးလား"

"သူနဲ့ တူတော့တူသားပဲ... ဒါပေမဲ့ တကယ်ပဲ တတိယသခင်လေး ဖြစ်နိုင်ပါ့မလား"

"ဖုန်းမိသားစုရဲ့ တတိယသခင်လေး ဟုတ်လား။ ဘယ်မှာလဲ။ ငါ မတွေ့လိုက်ဘူး"

"အာ…ဖုန်းမိသားစုရဲ့ တတိယသခင်လေးက တစ်နှစ်လောက် ပျောက်နေတာ။ မင်းတို့ လူမှားတာ ဖြစ်မှာပါ"

လမ်းများပေါ်တွင် လျှောက်သွားရင်း လူအများအပြားက ဖုန်းဝူချန်သည် ဖုန်းမိသားစု၏ တတိယသခင်လေးနှင့် အလွန်တူသည်ဟု ခံစားမိကြသော်လည်း သူတို့ မသေချာကြပေ။

မိနစ်အနည်းငယ် ကြာပြီးနောက် ဖုန်းဝူချန်နှင့် သူ၏ အဖော်များသည် ဖုန်းမိသားစု အိမ်တော်ကြီးရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။

"အစ်ကိုကယဖုန်း... ဒီအိမ်က ခင်ဗျား အိမ်လား။ မဆိုးဘူးပဲ" လျိုချင်းယန်က ရယ်မောရင်း ဆိုလိုက်သည်။

"ဖုန်းမိသားစုရဲ့ အင်အားက တကယ်ပဲ အများကြီး တိုးတက်လာခဲ့ပြီ။ ဖေဖေနဲ့ တခြားသူတွေ ဘေးကင်းကြပါတယ်" ဖုန်းဝူချန်က တိတ်တဆိတ် တွေးလိုက်သည်။

သူတို့၏ အသက်စွမ်းအားကို အာရုံခံခြင်းအားဖြင့် ဖုန်းကျိန့်ရှုံးနှင့် အခြားသူများ ဘေးကင်းကြောင်း သူ သိရှိနိုင်ခဲ့ပြီး နောက်ဆုံးတွင် စိတ်အေးချမ်းမှု အနည်းငယ် ရရှိခဲ့သည်။

ဖုန်းမိသားစု အိမ်တော်ကြီးရှေ့တွင် အစောင့်နှစ်ယောက်သည် သူတို့လေးယောက်အဖွဲ့ကို မတော်တဆ မြင်တွေ့သွားကြပြီး အနီးကပ် သေချာကြည့်လိုက်သည့်အခါ မှင်သက်သွားကြသည်။

"အဲ့... အဲ့ဒါ တတိယသခင်လေးလား" အစောင့်တစ်ယောက်က တုံ့ဆိုင်းစွာ ဆိုလိုက်သည်။

“သူနဲ့ တူတယ်ဟ။ ပြီးတော့ မမလေးလင် ရောပဲ”

အခြားအစောင့်တစ်ယောက်က တုန်လှုပ်စွာ ဆိုရင်း ခေါင်းညိတ်လိုက်သည်။

“တကယ်ပဲ။ တတိယသခင်လေးပဲ။ သခင်လေး.. ပြန်လာပြီ‌ဟေး..”

အစောင့်က စိတ်လှုပ်ရှားစွာ ကြွေးကြော်ရင်း ပြေးထွက်လာခဲ့သည်။

"တတိယသခင်လေး။ တကယ်ပဲ သခင်လေးလား။ ကျွန်တော် မျက်စိမှားနေတာလား"

ဖုန်းဝူချန်က ပျော်ရွှင်စွာ ပြုံးရင်း ဆိုသည်။

"ငါပဲ... ငါပြန်လာပါပြီ"

"တကယ်ပဲ တတိယသခင်လေးပါလား။ တတိယသခင်လေး ပြန်လာပြီ"

တံခါးဝမှ အစောင့်သည် အလွန်အမင်း ဝမ်းမြောက်သွားပြီး အိမ်တော်ထဲသို့ ပြေးဝင်ကာ အော်ဟစ်လေသည်။

"မိသားစုခေါင်းဆောင်။ သခင်မကြီး။ တ... တတိယသခင်လေး ပြန်လာပါပြီ။ တတိယသခင်လေး ပြန်ရောက်ပါပြီ"

—-----

ဖုန်းမိသားစု၏ ခန်းမဆောင်ထဲတွင် ဖုန်းကျိန့်ရှုံး၏ မျက်နှာမှာ အလွန်ပင် ခက်ထန်နေပြီး ဖုန်းချန်ယန်နှင့် အကြီးအကဲ အများအပြားမှာလည်း ထိုနည်း၎င်းပင်။

"မော့ခွန်း... အဲ့ဒီ လူယုတ်မာအဘိုးကြီးက ကျုပ်တို့ ဖုန်းမိသားစုကို လှုပ်ရှားလာအောင် ဖိအားပေးချင်နေတာပဲ။ ငါတို့ လှုပ်ရှားလိုက်တာနဲ့ မော့မိသားစုနဲ့ ဟွမ်ဖူမိသားစုက အခွင့်ကောင်းယူပြီး ကျုပ်တို့ကို ချေမှုန်းပစ်လိမ့်မယ်။ ဒါပေမဲ့ ကျုပ်တို့ မလှုပ်ရှားဘူးဆိုရင်လည်း ဝမ်ပေါင် ကုန်တိုက် ကြာကြာခံမှာ မဟုတ်ဘူး။ ပြီးတော့ ညီအစ်ကိုယွီလည်း ဒုက္ခရောက်သွားလိမ့်မယ်"

ဖုန်းကျိန့်ရှုံးက ဒေါသတကြီး ဆိုလိုက်သည်။

ဖုန်းချန်ယန်က လေးနက်သော အသံဖြင့် ပြောလာသည်။

"ယန်မိသားစုက လင်းမိသားစုကို ပစ်မှတ်ထားတာ သေချာပေါက် မော့ခွန်း လက်ချက်ပဲ။ ဝမ်ပေါင် ကုန်တိုက်သာ ပြိုလဲသွားရင် ငါတို့ ဖုန်းမိသားစုလည်း ကြာကြာခံနိုင်မှာ မဟုတ်ဘူး။ အဲ့ဒီ မြေခွေးအိုကြီးက ဟွမ်ဖူမိသားစုရဲ့ ကျောထောက်နောက်ခံ ရထားတော့ တစ်နေ့တခြား ပိုပြီး ရောင့်တက်လာနေပြီ"

"ငါတို့မှာ တစ်လတောင် အချိန်မကျန်တော့ဘူး။ ငါတို့ ဘာမှမလုပ်ရင်တောင် အချိန်စေ့သွားတာနဲ့ အကယ်ဒမီရဲ့ ကာကွယ်မှု ကုန်ဆုံးသွားတာနဲ့ ဟွမ်ဖူနဲ့ မော့မိသားစုတွေ ငါတို့အပေါ် လက်ဦးမှု ယူလာကြဦးမှာပဲ။ အကယ်ဒမီက ထျန်းယွင်ဂိုဏ်းရဲ့ ဖိအားကို ခံနိုင်မှာ မဟုတ်ဘူး" ဖုန်းယွင်ရှန်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချရင်း ဆိုလိုက်သည်။

ဤအခြေအနေက ဖုန်းမိသားစုကို မည်သည့် ထွက်ပေါက်မှ မရှိသော အန္တရာယ်ကြီးမားသည့် အခြေအနေသို့ တွန်းပို့လိုက်သည်။

သူတို့၏ ဒေါသနှင့် စိုးရိမ်ပူပန်မှုများ ကြားထဲမှာပင် ခန်းမဆောင်အပြင်ဘက်မှ အစောင့်တစ်ယောက်၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။

"ချန်အာ ပြန်လာပြီ ဟုတ်လား" ဖုန်းကျိန့်ရှုံး၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားပြီး ဝမ်းမြောက်မှုတို့ ပြည့်နှက်သွားသည်။ သူ အလျင်အမြန် ခန်းမဆောင်ထဲမှ ထွက်လာခဲ့သည်။

"တတိယသခင်လေး ပြန်ရောက်ပြီလား" ဖုန်းချန်ယန်နှင့် အခြားသူများလည်း သူ့နောက်မှ လိုက်ပါလာကြသည်။

"ညီလေး ပြန်လာပြီ။ ကောင်းလိုက်တာ။ ညီလေး ပြန်လာပြီ" ဖုန်းကျန့်နှင့် ဖုန်းယွမ်တို့လည်း သူတို့၏ အခန်းများထဲမှ အလွန်အမင်း ဝမ်းမြောက်စွာဖြင့် ပြေးထွက်လာကြသည်။

အစောင့်၏ အော်ဟစ်သံများက ဖုန်းအိမ်တော်ကြီး တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး တစ်ချိန်တည်းမှာပင် အသက်အရွယ်တူ မျိုးဆက်သစ် လူငယ်များ အပါအဝင် လူတိုင်း ပြေးထွက်လာကြသည်။

"ချန်အာ" ရှောင်ချင်းချင်းသည် ဝမ်းမြောက်လွန်း၍ မျက်ရည်များ ကျဆင်းလာရင်း ပြေးထွက်လာကာ ခေါ်လိုက်သည်။

တစ်မိနစ်ပင် မပြည့်မီမှာပင် ဖုန်းမိသားစု တစ်ခုလုံး ခြံဝန်းကျယ်ကြီးထဲတွင် စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။

ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သည်လည်း ဤအချိန်တွင် အဓိကတံခါးမကြီးမှတစ်ဆင့် ဝင်ရောက်လာခဲ့ကြပြီ ဖြစ်သည်။

All Chapters