လက်သီးတစ်ချက်တည်းနှင့် အဆုံးသတ်ခြင်း
Vol. 7 Ch. 95
~‘ချန်အာရဲ့ လှုပ်ရှားမှုသိုင်းကွက်က ထျန်းကျိုးနယ်မှာ မကြာသေးခင်ကမှ ပေါ်လာတဲ့ လျှို့ဝှက်ဆန်းကြယ် ပုဂ္ဂိုလ်ရှစ်ယောက်ရဲ့ သိုင်းကွက်နဲ့ ကြောက်စရာကောင်းလောက်အောင်ကို တူတာပဲ ’
ဖုန်းကျိန့်ရှုံးသည် ထိုလျှို့ဝှက်ဆန်းကြယ် ပုဂ္ဂိုလ်ရှစ်ယောက်ကို ပြန်လည်သတိရရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
လျှို့ဝှက်ဆန်းကြယ် ပုဂ္ဂိုလ်ရှစ်ယောက်၏ အစွမ်းမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
သူတို့၏ လှုပ်ရှားမှုသိုင်းကွက်မှာ ထူးကဲလှပြီး အရိပ်အယောင်မထင်ဘဲ ဝင်ထွက်သွားလာနိုင်ကြသည်မှာ ဖုန်းဝူချန် ယခုလေးတင် ပြသလိုက်သော လှုပ်ရှားမှုသိုင်းကွက်နှင့် တစ်ထေရာတည်းပင်။
သူတို့ မည်သူမည်ဝါဖြစ်သည်ကို မည်သူမျှ မသိကြပါ။
လျှို့ဝှက်ဆန်းကြယ် ပုဂ္ဂိုလ်ရှစ်ယောက်မှာလည်း ခဲယဉ်းစွာသာ ပေါ်ထွက်လာလေ့ရှိသည်။
‘ချန်အာက သူတို့နဲ့များ ပတ်သက်နေလေသလား’
ဖုန်းကျိန့်ရှုံးက တိတ်တဆိတ် မှန်းဆလိုက်သော်လည်း သူ သေချာပေါက်တော့ မပြောရဲခဲ့ပေ။
ရုတ်တရက်ပေါ်လာသော ဖုန်းဝူချန်ကြောင့် ယန်ကျုံးထျန်း တစ်ခဏမျှ လန့်သွားပြီး ကြောက်လန့်တကြားဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့သည်။ သူ၏ အကြည့်မှာ သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ပင်။
"ရိုင်းလိုက်တာ"
ဖုန်းဝူချန် သူ့ကို ကစားစရာ တစ်ခုလို သဘောထားနေသည်ဟု ခံစားမိသောအခါ ယန်ကျုံးထျန်းသည် ဒေါသတကြီး ဖြစ်သွားလေ၏။
သူ၏ မျက်နှာမှာ ကြောက်မက်ဖွယ်ရာ ပုံပျက်ပန်းပျက် ဖြစ်သွားပြီး သူ၏ အစစ်အမှန်ယွမ်ကို ထုတ်ဖော်ကာ လက်သီးတစ်ချက်ဖြင့် ပစ်သွင်းလိုက်သည်။
...
ဖုန်းဝူချန်သည် အံ့အားသင့်ဖွယ်ရာ အမြန်နှုန်းဖြင့် ရှောင်တိမ်းလိုက်ပြီးနောက် သူ၏ ညာလက်ဖြင့် လှမ်းဆွဲလိုက်သည်။ ယန်ကျုံးထျန်း၏ လည်ပင်းကို ချက်ချင်း ဖမ်းဆုပ်မိပြီး အပေါ်သို့ မြှောက်ကိုင်လိုက်လေသည်။
"ဒါ... ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ယန်ကျုံးထျန်း နောက်တစ်ကြိမ် ထိတ်လန့်သွားပြန်၏။
ဖုန်းဝူချန်၏ အမြန်နှုန်းမှာ သူ အာရုံပင်မခံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ဒါတင် မကသေး။ ယန်ကျုံးထျန်းကို ပို၍ ကြောက်လန့်စေသည်မှာ သူ၏ အသွင်ပြောင်းဘုံ နဝမအလွှာ ကျင့်ကြံမှုဖြင့်ပင် ရုန်းထွက်၍ မရခြင်းပင် ဖြစ်သည်။
ဖုန်းဝူချန်၏ အင်အားက မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်ပါသနည်း။
ဤအခိုက်အတန့်တွင် ယန်ကျုံးထျန်းသည် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး သူ ဖုန်းအိမ်တော်သို့ ခြေချမိခဲ့ခြင်းအတွက် သူ၏ နှလုံးသားထဲတွင် နောင်တများ ပြည့်နှက်သွားခဲ့တော့သည်။
"ချန်အာရဲ့ အင်အားက တကယ်ပဲ ဒီလောက်တောင် သန်မာနေပြီလား" ဖုန်းကျိန့်ရှုံးသည် မယုံကြည်နိုင်စွာ တွေးတောရင်း တုန်လှုပ်ကာ မတ်တပ်ထရပ်မိသွားသည်။
ဖုန်းချန်ယန်နှင့် အကြီးအကဲ အနည်းငယ်တို့ အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ယောက်၏ မျက်လုံးထဲတွင် အခြားတစ်ယောက်၏ တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုကို မြင်တွေ့လိုက်ကြရသည်။
တစ်ခဏအတွင်းမှာပင် ဖုန်းဝူချန်သည် အင်အားကြီးမားသော ယန်ကျုံးထျန်းကို ကောက်မြှောက်လိုက်ရာ ဖုန်းမျိုးနွယ်စု တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
"ဖုန်းအိမ်တော်မှာ ရမ်းကားရဲတဲ့ အကျိုးဆက်ကို ခင်ဗျား သိရဲ့လား" ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။ သူ၏ အေးစက်သော အငွေ့အသက်က နှလုံးသားများကို တုန်လှုပ်စေပြီး သတ္တိကို ချောက်ချားစေသည်။
"စောက်ရေးမပါတာ" ယန်ကျုံးထျန်းသည် ဒေါသဖြင့် ပေါက်ကွဲထွက်တော့မလို ဖြစ်နေ၏။
သူ၏ အစစ်အမှန်ယွမ်များ အရူးအမူး ပေါက်ကွဲထွက်လာပြီး စိမ်းလဲ့သော အလင်းရောင်တစ်ချက် လင်းလက်သွားကာ ကြမ်းတမ်းသော လေပြင်းတစ်ချက် ထန်လာသည်။
ယန်ကျုံးထျန်း သူ၏ စွမ်းအားအားလုံးကို ထုတ်လွှတ်လိုက်သည့် အခိုက်အတန့်မှာပင် ဖုန်းဝူချန်၏ မျက်လုံးများ ပြင်းထန်စွာ လင်းလက်သွားပြီးနောက် ယန်ကျုံးထျန်းကို မြေပြင်ပေါ်သို့ အားကုန် ဆောင့်ချပစ်လိုက်လေသည်။
ယန်ကျုံးထျန်းသည် တဖြည်းဖြည်း ပို၍ ကြောက်လန့်လာပြီး သူ၏ မျက်နှာမှာ တုန်လှုပ်မှုကြောင့် ထုံကျင်သွားခဲ့သည်။ အစွမ်းကုန် ထုတ်သုံးသည့်တိုင် သူ ရုန်းမထွက်နိုင်ခဲ့ဘဲ ဖုန်းဝူချန်၏ အားဖြင့် မြေပြင်ပေါ်သို့ ဆောင့်ချခံလိုက်ရကာ မှင်တက် မိန်းမောသွားစေခဲ့သည်။
‘ ဒါ... ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီစောက်ကလေးက တကယ်တမ်း ဘယ်လောက်တောင် သန်မာနေတာလဲ’
ယန်ကျုံးထျန်းသည် သူ၏ စွမ်းအားအကုန် ထုတ်သုံးသည့်တိုင် ဖုန်းဝူချန်၏ ကြမ်းတမ်းသော အင်အားကို မယှဉ်နိုင်ခဲ့သဖြင့် ထိတ်လန့်တကြား တွေးလိုက်မိသည်။
ဖုန်းဝူချန်က သူ၏ ညာလက်သီးကို မြှောက်လိုက်ပြီး အောက်သို့ ပြင်းထန်စွာ ထိုးချလိုက်တော့သည်။
"ဘုန်း"
ညာလက်သီးသည် ယန်ကျုံးထျန်း၏ ရင်ဘတ်ကို ထိမှန်သွားခဲ့သည်။ ပြင်းထန်သော ပေါက်ကွဲသံက သူ့ကို ပြင်းထန်စွာ တုန်ခါသွားစေပြီး သွေးတစ်လုပ် အန်ထွက်စေခဲ့သည်။
“အွတ်”
ထိုအားသည် မြေပြင်ထဲသို့ ပျံ့နှံ့သွားပြီး ခြံဝင်းမြေမျက်နှာပြင်မှာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားသည်။
"အလိုလေး..."
ဖုန်းဝူချန် ပြသလိုက်သော ကြောက်မက်ဖွယ်ရာ အင်အားကြောင့် ဖုန်းမျိုးနွယ်စုဝင်များ အံ့အားသင့်စွာ အသက်ရှူမှားသွားကြပြီး သူတို့၏ မျက်နှာများ ဖြူဖျော့သွားကြသည်။
"တ... တတိယသခင်လေးရဲ့ အင်အားက ကြောက်စရာကောင်းလိုက်တာ။ သူ အသွင်ပြောင်းဘုံ နဝမအဆင့် တစ်ယောက်ကို လက်သီးတစ်ချက်တည်းနဲ့ သွေးအန်အောင် လုပ်လိုက်တယ်"
"မယုံနိုင်စရာပဲ...။ ယန်ကျုံးထျန်း ခုခံဖို့ အခွင့်အရေးတောင် မရလိုက်ဘူး"
အသွင်ပြောင်းဘုံ နဝမအဆင့် တစ်ယောက်ကို လက်သီးတစ်ချက်တည်းဖြင့် သွေးအန်စေခဲ့သော စွမ်းအားက မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်ပါသနည်း။
ဖုန်းမျိုးနွယ်စု၏ မျိုးဆက်သစ်များဖြစ်သော ဖုန်းထျန်းလဲ့နှင့် ဖုန်းရွှမ်း အပါအဝင် အားလုံး မှင်တက်မိနေကြသည်။
သတိပြုရမည်မှာ ဖုန်းဝူချန်သည်လည်း အသွင်ပြောင်းဘုံ နဝမ အလွှာတွင်သာ ရှိသေးသည်။ တူညီသော ကျင့်ကြံမှုအဆင့် ဖြစ်သော်လည်း ဖုန်းဝူချန်တွင်မူ လွှမ်းမိုးနိုင်သော အင်အားကို ပိုင်ဆိုင်ထားသည်။
" အရမ်း အားနည်းလွန်းတယ်" ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်ပြီး သူ၏ လက်သီးကို မြှောက်ကာ နောက်တစ်ချက် ထပ်ထိုးချရန် ပြင်ဆင်လိုက်သည်။
ယန်ကျုံးထျန်း၏ မျက်နှာ ဖြူဖျော့သွားပြီး သူ၏ ဝိညာဉ်မှာ ကြောက်လန့်တကြား လွင့်ထွက်လုနီးပါး ဖြစ်သွားကာ ထိတ်လန့်တကြား ဟိန်းဟောက်လိုက်တော့သည်။
"ဖုန်းဝူချန်... မင်းငါ့ကို သတ်ရဲရင် စစ်ပွဲအတွက် ပြင်ဆင်ထားလိုက်"
"ချန်အာ... ရပ်လိုက်တော့"
ဖုန်းကျိန့်ရှုံး၏ မျက်နှာရောင် ပြောင်းလဲသွားပြီး သူ့ကို တားဆီးရန် အလျင်အမြန် အော်ဟစ်လိုက်သည်။
ဖုန်းချန်ယန်နှင့် အခြားသူများလည်း လန့်သွားကြ၏။ အကယ်၍ ဖုန်းဝူချန်က ယန်ကျုံးထျန်းကို သတ်လိုက်ပါက ကြီးမားသော စစ်ပွဲကြီးတစ်ခု သေချာပေါက် အချိန်မတိုင်မီ ပေါက်ကွဲထွက်လာပေတော့မည်။
"ဘုန်း"
"ခွပ်"
ယန်ကျုံးထျန်း၏ ခြိမ်းခြောက်မှုက ဖုန်းဝူချန်အပေါ် ဘာမှ အဓိပ္ပာယ်မရှိခဲ့။ ပြင်းထန်သော လက်သီးတစ်ချက်ဖြင့် သူ က ထိုးနှက်လိုက်ရာ လက်သီးသည် ယန်ကျုံးထျန်း၏ မျက်လုံးများထဲတွင် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။
ယန်ကျုံးထျန်း စိတ်ပျက်အားငယ်သွားခဲ့ပြီး ဖုန်းဝူချန် သနားညှာတာမှု ပြမည်မဟုတ်ကြောင်း သူ သိလိုက်သည်။
ထို့နောက် ယခင်ကထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီး ယန်ကျုံးထျန်းကို ထိုနေရာတွင်ပင် ချက်ချင်း သေဆုံးစေခဲ့သည်။
ကြမ်းတမ်းသော အင်အားသည် မြေပြင်ထဲသို့ ပျံ့နှံ့သွားပြီး ယန်ကျုံးထျန်း လဲလျောင်းနေသော နေရာမှာ ချိုင့်ဝင်သွားခဲ့ကာ ကျောက်တုံးများ ကြေမွလွင့်စင်သွား၏။ ယခင်ကတည်းက ပေါက်ကွဲနေသော အက်ကွဲကြောင်းများမှာ အရပ်မျက်နှာအားလုံးသို့ ပိုမို ကျယ်ပြန့်သွားခဲ့သည်။
လက်သီး တစ်ချက်တည်းဖြင့် ယန်ကျုံးထျန်းသည် သံသယဖြစ်ဖွယ်မရှိ သေဆုံးသွားခဲ့လေသည်။
သူ၏ ဘဝတွင် ယန်ကျုံးထျန်းသည် ယနေ့ ဖုန်းအိမ်တော်သို့ ခြေချမိခဲ့ပြီး ဖုန်းဝူချန် ပြန်ရောက်လာသည်နှင့် တိုက်ဆိုင်ကြုံတွေ့ခဲ့ရခြင်းကို အနောင်တအရဆုံး ဖြစ်နေပေလိမ့်မည်။
သေဆုံးသွားသည့်တိုင်အောင် ယန်ကျုံးထျန်းသည် ဖုန်းဝူချန် သူ့ကို အမှန်တကယ် သတ်ရဲလိမ့်မည်ဟု မယုံကြည်နိုင်ခဲ့ပေ။
ဖုန်းဝူချန်သည် မော့နှင့် ယန်မျိုးနွယ်စုတို့ ပူးပေါင်း၍ ဖုန်းမျိုးနွယ်စုကို တိုက်ခိုက်လာမည်ကို မကြောက်ရွံ့လေသလော။ အခြေအနေ ပိုဆိုးသွားပြီး ဟွမ်ဖူမျိုးနွယ်စု ပါဝင်လာမည်ကို သူ မကြောက်ရွံ့လေသလော။
ဖုန်းဝူချန် ကြောက်ရွံ့ခြင်း ရှိမရှိကို မည်သူမျှ မသိခဲ့ကြ။
အစောပိုင်းက ပဋိပက္ခကို တားဆီးရန် ကြိုးစားခဲ့သော ဖုန်းကျိန့်ရှုံးမှာမူ ယခုအခါ လုံးဝ မှင်တက်မိနေပြီး ထိုနေရာတွင် ကျောက်ရုပ်ဖြစ်နေခဲ့သည်။ ဖုန်းချန်ယန်၊ ရှောင်ချင်းချင်းနှင့် အခြားသူများမှာလည်း ထိုနည်း၎င်းပင်။
ဖုန်းမိသားစု၏ ခြံဝန်းကျယ်ကြီးတွင် တိတ်ဆိတ်မှု လွှမ်းခြုံသွားပြီး လူတိုင်း၏ အကြည့်များ ဖုန်းဝူချန်အပေါ်တွင် စုပုံနေကြသည်။
သူတို့ကို တုန်လှုပ်စေခဲ့သည်မှာ ဖုန်းဝူချန်၏ ကြမ်းကြုတ်ရက်စက်မှု မဟုတ်ဘဲ သူ၏ ကြောက်မက်ဖွယ်ရာ အင်အားသာ ဖြစ်သည်။
ဖုန်းဝူချန် ရက်စက်ကြမ်းကြုတ်သည်မှာ ဖုန်းမိသားစုအတွင်း လူသိများပြီးသား ဖြစ်သည်။ သို့မဟုတ်ပါက သူ လွန်ခဲ့သော တစ်နှစ်က ယန်မိသားစုဝင် အများအပြား၏ ခြေထောက်များကို ချိုးပစ်ခဲ့မည် မဟုတ်ပေ။
"ယန်... ယန်ကျုံးထျန်း သေပြီ"
"အသွင်ပြောင်းဘုံ နဝမ အလွှာ ကျင့်ကြံသူ တစ်ယောက်ကို လက်သီးတစ်ချက်တည်းနဲ့ သတ်လိုက်တာလား... သေပြီလား"
ဖုန်းမိသားစုဝင်အားလုံး ဖုန်းဝူချန်ကို ထိတ်လန့်တကြား ကြည့်နေကြပြီး သူတို့၏ မျက်နှာများ ဖြူဖျော့ကာ ခန္ဓာကိုယ်များ ကြောက်ရွံ့မှုဖြင့် တုန်ယင်နေကြသည်။
"ချန်အာက သူ့ရဲ့ အစစ်အမှန်ယွမ်ကိုတောင် ထုတ်သုံးဖို့မလိုဘဲ အသွင်ပြောင်းဘုံ နဝမအလွှာ တစ်ယောက်ကို လွယ်လွယ်ကူကူ သတ်ပစ်နိုင်တယ်။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ချန်အာ ဘယ်လောက်တောင် သန်မာလာခဲ့ပြီလဲ"
ဖုန်းကျိန့်ရှုံးသည် သူ၏ နှလုံးသားထဲတွင် အလွန်အမင်း တုန်လှုပ်သွားရ၏။ ဖုန်းဝူချန်၏ ဒုတိယလက်သီးချက်၏ စွမ်းအားမှာ ရှင်းလင်းစွာ ကြောက်မက်ဖွယ် ကောင်းလှသည်။
ဖုန်းချန်ယန်နှင့် အခြားသူများလည်း ထိုအချက်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ကြသည်။ သို့မဟုတ်ပါက သူတို့ ဤမျှ တုန်လှုပ်သော အမူအရာများ ပြသကြမည် မဟုတ်ပေ။
"သခင်လေးရဲ့ တကယ့်အင်အားက မိသားစုခေါင်းဆောင်ရဲ့ အင်အားကိုတောင် ကျော်လွန်သွားလောက်ပြီ။ ကြောက်စရာကောင်းလိုက်တာ...။ တစ်နှစ်အတွင်းမှာ ဒီလောက် အစွမ်းထက်လာခဲ့တယ်။ သခင်လေးရဲ့ ဆရာက ကမ္ဘာပေါ်မှာ ဘယ်သူများလဲ"
ဖုန်းချန်ယန်သည် အလွန်ယုံကြည်သွားခဲ့ပြီး ဖုန်းဝူချန်၏ ဆရာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အင်အားကြီး ပုဂ္ဂိုလ်ဖြစ်မည်ကို တစ်နေ့တခြား ပို၍ သိချင်စိတ် ပြင်းပြလာခဲ့သည်။
အကယ်၍ အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသော အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးသာ မဟုတ်ခဲ့ပါက ဖုန်းဝူချန်ကို တစ်နှစ်တာအတွင်း ဤမျှ ကြောက်မက်ဖွယ် ကောင်းအောင် မည်သို့ မွေးမြူပေးနိုင်မည်နည်း။
ယန်ကျုံးထျန်းကို သတ်ဖြတ်ပြီးနောက် ဖုန်းဝူချန်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ စိမ်းလဲ့သော မီးလျှံတစ်ခု ချက်ချင်း ပေါ်ထွက်လာပြီး ယန်ကျုံးထျန်း၏ ခန္ဓာကိုယ်ကို ဝါးမြိုသွားခဲ့သည်။ ခဏအကြာတွင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ရှောင်ချင်းချင်းက သူမဘာသာ တွေးလိုက်သည်။
...'ချန်အာ အရမ်းသန်မာတယ်။ ယန်ကျုံးထျန်း သူ့ကို ခုခံနိုင်စွမ်း မရှိခဲ့ဘူး။ ပြီးတော့ ချန်အာရဲ့ ကျင့်ကြံမှုက အသွင်ပြောင်းဘုံ နဝမအလွှာထက် အများကြီး မြင့်တယ်။ ဒီတစ်နှစ်အတွင်း သူ ဘယ်လိုများ ကျင့်ကြံခဲ့ပါလိမ့်။'...
လင်ရှောင်ရှောင်ပင်လျှင် အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။
သူမတွင် သူမ၏ ကြောက်မက်ဖွယ်ရာ ကျင့်ကြံမှုကို ရရှိရန် ကြီးမားသော အင်အားစုတစ်ခု၏ ကျောထောက်နောက်ခံ ရှိခဲ့သော်လည်း ဖုန်းဝူချန်မှာမူ သူကိုယ်တိုင်အပေါ် မှီခိုခဲ့ရပြီး တစ်နှစ်တာအတွင်းမှာပင် သူ သူမကို အံ့အားသင့်ဖွယ်ရာ အရှိန်ဖြင့် အမီလိုက်လာခဲ့သည်။
လင်ရှောင်ရှောင် မည်သို့ မတုန်လှုပ်ဘဲ နေနိုင်မည်နည်း။
ပါရမီရှင် လင်ရှောင်ရှောင်သည် ပါရမီရှင်များစွာကို တွေ့မြင်ခဲ့ဖူးပြီး သူမနှင့် ယှဉ်နိုင်သူ အနည်းငယ်သာ ရှိခဲ့သော်လည်း သူမသည် ဖုန်းဝူချန်နှင့် နှိုင်းယှဉ်လျှင် မှေးမှိန်နေဆဲ ဖြစ်သည်။
"အစ်ကိုကြီးဖုန်းက တစ်နေ့တခြား ပိုပြီး သန်မာလာနေတာပဲ"
လင်ရှောင်ရှောင်က ပျော်ရွှင်စွာ ပြုံးရင်း သူမဘာသာ တွေးလိုက်သည်။
ဖုန်းဝူချန်အတွက် သူမသည် အမှန်တကယ် ဝမ်းမြောက်နေခဲ့သည်။
"ဖေဖေ... တစ်ခါတလေ အရမ်း သည်းခံလွန်းတာက ရန်သူကို လက်တစ်ဆစ်လောက် အသာစီးရသွားစေပြီး တစ်ထွာလောက် ထပ်လိုချင်လာစေတတ်တယ်။ အစကတည်းက သားတို့ ရက်ရက်စက်စက် လုပ်ခဲ့မယ်ဆိုရင် ယန်ကျုံးထျန်းက ဖုန်းအိမ်တော်မှာ ပြဿနာရှာဖို့ သတ္တိရှိပါ့မလား"
ဖုန်းဝူချန်က ခပ်အေးအေး ပြော ဆိုလိုက်သည်။
ဖုန်းကျိန့်ရှုံးကို ကြည့်ရင်း ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ကာ..
"ဖေဖေ... အခု ကျွန်တော် ပြန်ရောက်လာပြီဆိုတော့ ဒီလို သေးသေးမွှားမွှား ကိစ္စတွေကို ကျွန်တော့်ကိုပဲ ထားလိုက်ပါ။ ဖေဖေ မွေးနေ့ပွဲကိုပဲ မျှော်လင့်နေလိုက်ပါ။ ရှောင်ရှောင်က ဖေဖေ့အတွက် လက်ဆောင်ကောင်း တစ်ခု ပြင်ဆင်ထားတယ်လို့ ကြားတယ်"
"ရှောင်ရှောင်က စိတ်ကူးကောင်းလိုက်တာ"
ဖုန်းကျိန့်ရှုံးက ပျော်ရွှင်စွာ ပြုံးရင်း ဆိုလိုက်သည်။
အမှန်တကယ် ကြီးပြင်းလာပြီဖြစ်သော ဖုန်းဝူချန်က မိသားစု၏ ဝန်ထုပ်ဝန်ပိုးများကို ယခု မျှဝေထမ်းပိုးနိုင်ပြီ ဖြစ်သည်ကို မြင်တွေ့ရသောအခါ သူ အလွန် ကျေနပ်ဂုဏ်ယူမိလေသည်။
"ယောက်ျား... ချန်အာ ကြီးပြင်းလာပြီ။ ရှင် စိတ်အေးလက်အေး နေနိုင်ပါပြီ။ ကျွန်မတို့လည်း ချန်အာရဲ့ စွမ်းရည်တွေကို ယုံကြည်သင့်ပါတယ်"
ရှောင်ချင်းချင်းက ပြုံးရင်း ပြောလိုက်သည်။ သူမ၏ နှလုံးသားထဲတွင် ပြောမပြတတ်သော ဝမ်းမြောက်မှုတို့ ပြည့်နှက်နေသည်။
ကမ္ဘာပေါ်မှ မည်သည့် မိဘများက သူတို့၏ သားသမီးများ အောင်မြင်သည်ကို မလိုလားဘဲ ရှိမည်နည်း။
"အင်းလေ"
ဖုန်းကျိန့်ရှုံး သက်ပြင်းချလိုက်သည်။
"ချန်အာ... ဒီနေ့ကစပြီး ဖုန်းမိသားစုရဲ့ ကိစ္စအားလုံးကို မင်းဆီ အပ်နှင်းလိုက်မယ်။ ဒီအဘိုးကြီးကတော့ အေးအေးလူလူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းတော့မယ်"
ဟွမ်ဖူနှင့် မော့မိသားစုတို့နှင့် သက်ဆိုင်သော ကိစ္စရပ်များအတွက် ဖုန်းကျိန့်ရှုံး အမှန်တကယ်ပင် ကူကယ်ရာမဲ့ ခံစားနေရခဲ့သည်။ ဖြစ်နိုင်သည်မှာ ထိုကိစ္စများကို ဖုန်းဝူချန်ထံ လွှဲပြောင်းပေးလိုက်ခြင်းက အခြေအနေကို ပြောင်းလဲစေနိုင်ပေလိမ့်မည်။
"အစ်ကိုက
ဖုန်းက တကယ်ပဲ မိဘကို သိတတ်လိုက်တာ။ ကျွန်တော်နဲ့မတူဘူး...။ ကျွန်တော်က အမြဲတမ်း ဖေဖေ့ကို ဆန့်ကျင်ပြီး သူ ရှင်းပေးရမယ့် ပြသနာတွေပဲ ရှာနေတာ" လျိုချင်းယန်က ခပ်ယဲ့ယဲ့ ပြုံးရင်း ဆိုလိုက်သည်။
ဖုန်းဝူချန်နှင့် နှိုင်းယှဉ်လျှင် သူ တော်တော်လေး ရှက်မိလေသည်။
ရှောင်ချင်းချင်းက ပြုံးရင်း ပြောသည်။ "ချင်းယန်... ဒီလို တွေးတတ်တာက သားလည်း မိဘကို သိတတ်တယ်ဆိုတာ ပြတာပါပဲ။ သားအဖေသာ သိရင် သူ စိတ်သက်သာရာရမှာပဲကွယ်"
"ကျေးဇူးတင်ပါတယ် ဒေါ်လေးရှောင်။ ကျွန်တော် ဖေဖေ့ကို စိတ်ပျက်အောင် မလုပ်တော့ပါဘူး"
ဟူဘလျိုချင်းယန်က သူမကို ကျေးဇူးတင်စကား ဆိုလိုက်သည်။
"အကြီးအကဲတို့... ခင်ဗျားတို့ ကျင့်ကြံမှုအပေါ်မှာပဲ အာရုံစိုက်ထားလိုက်ပါ။ ကျွန်တော် ထုံရွှမ်းဆေးလုံး အများကြီး သန့်စင်ထားတယ်...။ ဖုန်းမိသားစုကို ပိုပြီး သန်မာလာစေဖို့ လုံလောက်ပါတယ်"
ဖုန်းဝူချန်က ပြုံးရင်း ဆက်ပြောသည်။
ဖုန်းမိသားစုတစ်ခုလုံး အလွန်ဝမ်းမြောက်သွားကြပြီး စိတ်လှုပ်ရှားစွာ အော်ဟစ် အားပေးကြတော့သည်။
နောက်ပိုင်းတွင် ဖုန်းဝူချန်သည် အထွတ်အထိပ် ခန္ဓာကျင့်စဉ်ကို ဖုန်းကျိန့်ရှုံးထံ လက်ဆင့်ကမ်းပေးခဲ့ပြီး ဖုန်းမိသားစုဝင် မည်သူမဆို ကျင့်ကြံနိုင်ရန် ရရှိနိုင်စေခဲ့ကာ အထွတ်အထိပ် ခန္ဓာ၏ အကျိုးကျေးဇူးများကို ရှင်းပြခဲ့သည်။
အစွမ်းထက်သော ထိုကျင့်စဉ်က ဖုန်းမိသားစုဝင်အားလုံးကို အတိုင်းမသိ စိတ်လှုပ်ရှားစေခဲ့သည်။
စားသောက်ပွဲ ပြီးဆုံးပြီးနောက် ဖုန်းကျိန့်ရှုံးနှင့် အကြီးအကဲများ ဖုန်းဝူချန်နှင့်အတူ ခန်းမဆောင်ထဲတွင် ကိစ္စရပ်များကို ဆွေးနွေးကြလေသည်။ ကြည့်ရသည်မှာ သူတို့ ဖုန်းမိသားစုကို ဖုန်းဝူချန်၏ လက်ထဲသို့ အမှန်တကယ် အပ်နှင်းကြတော့မည် ဖြစ်သည်။
ကောင်းကင် တဖြည်းဖြည်း မှောင်မိုက်လာသည်နှင့်အမျှ ယန်ကျုံးထျန်းသည် တစ်နေ့လုံး အပြင်ထွက်နေခဲ့ပြီး ပြန်မရောက်သေးရာ ယန်မိသားစုမှာ တစ်စုံတစ်ခု မူမမှန် ဖြစ်နေသည်ဟု ခံစားလာကြသည်။
"ကျုံးထျန်း တစ်နေ့လုံး ထွက်သွားတာ ပြန်မရောက်သေးဘူး။ တစ်ခုခုများ ဖြစ်သွားလေသလား"
မဟာ အကြီးအကဲ ယန်ရှန်းက စိုးရိမ်တကြီး ဆိုလိုက်ပြီး စိတ်ထဲတွင် မသက်မသာ ခံစားနေရသည်။
"မဟာ အကြီးအကဲ.. စိတ်မပူပါနဲ့။ ကျုံးထျန်းရဲ့ အသွင်ပြောင်းဘုံ နဝမ အလွှာ ကျင့်ကြံမှုနဲ့ဆိုရင် ဖုန်းကျိန့်ရှုံးကလွဲလို့ ဘယ်သူမှ သူ့ကို မထိခိုက်နိုင်ပါဘူး။ ပြီးတော့ ဖုန်းကျိန့်ရှုံးက မလှုပ်ရှားရဲဘူးဆိုတာ ကျွန်တော် သေချာတယ်"
မိသားစုခေါင်းဆောင် ယန်ချင်းယွင်က အတော်လေး ယုံကြည်မှုရှိနေသည်။
ယန်မိသားစု၏ လက်ရှိအင်အားအရ သူတို့ ဖုန်းမိသားစုနှင့် တန်းတူရပ်တည်နိုင်ရုံသာမက မော့နှင့် ဟွမ်ဖူမိသားစုတို့၏ ကျောထောက်နောက်ခံပါ ရှိနေသေးသည်။ ဖုန်းကျိန့်ရှုံး သေချာပေါက် မလှုပ်ရှားရဲဟု ယန်ချင်းယွင် ယုံကြည်နေခဲ့သည်။
ယန်ရှန်းက မျက်မှောင်ကြုတ်ရင်း ..
“ကျုပ် စိတ်မအေးနိုင်သေးဘူး။ ကျုံးထျန်းရဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်နိုင်စွမ်းကို ကျုပ် ယုံကြည်ပါတယ်။ ဒါပေမဲ့ သူ တစ်နေ့လုံး အပြင်ထွက်နေပြီး အခုထိ ပြန်မရောက်သေးဘူး။ ဒါက သူ့ရဲ့ ပုံစံနဲ့ မကိုက်ညီဘူးလေ”
"မိသားစုခေါင်းဆောင်... ဒီနေ့ ဖုန်းဝူချန်နဲ့ ဟို လျှို့ဝှက်ဆန်းကြယ် မိန်းကလေးကို တစ်ယောက်ယောက် တွေ့လိုက်တယ်လို့ ကောလာဟလတစ်ခု ထွက်နေပါတယ်။ ဒါပေမဲ့ သူတို့ မသေချာကြဘူး။ ဖုန်းဝူချန်နဲ့ အလွန်တူတယ်လို့ပဲ ပြောကြတယ်"
အကြီးတန်းအဖွဲ့ဝင် တစ်ဦးက ရိုသေစွာ အကြောင်းကြားလိုက်သည်။
ဤစကားကို ကြားသောအခါ ယန်ချင်းယွင် အံ့အားသင့်ကာ သူ၏ မျက်ခုံးများ ပင့်တက်သွားသည်။
"ဖုန်းဝူချန် ပြန်လာပြီ ဟုတ်လား။ တစ်နှစ်လောက် ပျောက်သွားပြီး။။ သူ ဘယ်ကို သွားခဲ့တယ်ဆိုတာ ဘယ်သူ သိလဲ"
အကြီးတန်းအဖွဲ့ဝင်က ခေါင်းခါလိုက်သည်။
"အခုထိ မသေချာသေးပါဘူး"
"အဲ့ဒီ ကောင်စုတ်လေးသာ ပြန်လာခဲ့ရင်တော့ အတော်ပဲ။ သူက ဖုန်းမိသားစုရဲ့ မျှော်လင့်ချက်ပဲ။ သူ့ကိုသာ ကျုပ်တို့ ဖယ်ရှားပစ်နိုင်ရင် ဖုန်းမိသားစု လုံးဝ ပျက်စီးသွားပြီလေ" ယန်ချင်းယွင်က ခက်ထန်စွာ ဆိုလိုက်သည်။
သူ၏ မျက်လုံးများထဲတွင် အေးစက်သော သတ်ဖြတ်လိုသည့် အရိပ်အယောင်တို့ ပြည့်နှက်နေသည်။
" ကျုပ် နိမိတ်မကောင်းတာတစ်ခု ခံစားနေရတယ်။ မိသားစုခေါင်းဆောင်... မနက်ဖြန် အစောဆုံး ဖုန်းမိသားစုဆီ လူတစ်ယောက်လွှတ်ပြီး ကျုံးထျန်း ဘာဖြစ်သွားနိုင်လဲဆိုတာ စစ်ဆေးခိုင်းလိုက်ပါ" ဟု ယန်ရှန်းက လေးနက်စွာ မှာကြားလိုက်သည်။
ယန်ချင်းယွင်က ခေါင်းညိတ်ရင်း ထောက်ခံသည်။
"ဒါ စိတ်ကူးကောင်းပဲ။ ဖုန်းကျိန့်ရှုံး မဆင်မခြင် မလုပ်ရဲပါဘူး၊ ပြီးတော့ ဖုန်းဝူချန် တကယ်ပဲ ပြန်လာခဲ့သလား ဆိုတာကိုလည်း ကျုပ်တို့ ကြည့်နိုင်တာပေါ့"