← Chapters

စစ်ပွဲကြီး နီးကပ်လာခြင်း

Vol. 7 Ch. 96

စစ်ပွဲကြီး နီးကပ်လာခြင်း

Vol. 7 Ch. 96

~ယန်ချင်းယွင်နှင့် အခြားသူများ မသိလိုက်သည်မှာ ယန်ကျုံးထျန်းသည် ယန်မိသားစုသို့ ဘယ်တော့မှ ပြန်လာနိုင်တော့မည် မဟုတ်ဟူသော အချက်ပင် ဖြစ်လေသတည်း။

နောက်တစ်နေ့တွင် ဖုန်းဝူချန် သူ၏ ကျင့်ကြံသူတစ်ဦး၏ စိတ်ချမ်းမြေ့မှုမှ နိုးထခါစမှာပင် ယန်မိသားစုမှ လူများ ရောက်ရှိလာခဲ့ကြပြီး အရေအတွက်မှာလည်း မနည်းလှပေ။

ဦးဆောင်လာသူမှာ ယန်မိသားစုမှ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သော ယန်ချုံဖြစ်၏။ သူ၏ ကျင့်ကြံမှုမှာ အသွင်ပြောင်းဘုံ သတ္တမ အလွှာသို့ ရောက်ရှိနေခဲ့သည်။ သူသည် နံနက်စောစောမှာပင် ဖုန်းမိသားစုအိမ်တော်ရှေ့တွင် ဆူညံပွက်လောရိုက်နေခဲ့သည်။

ဖုန်းဝူချန်သည် လင်ရှောင်ရှောင်နှင့် အခြားသူများနှင့်အတူ နံနက်စာ သွားစားရန် စီစဉ်နေချိန်တွင် တံခါးဝမှ ဆူညံသံများကို ကြားလိုက်ရသည်။

"တံခါးဝမှာ ဘာတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေတာလဲ" လျိုချင်းယန်က နားမလည်သော အမူအရာဖြင့် မေးလိုက်၏။

ဖုန်းဝူချန်လည်း လျှောက်သွားရင်း မေးလိုက်သည်။

“ဘာဖြစ်နေတာလဲ”

...

"တတိယသခင်လေး... ယန်မိသားစုက ယန်ချုံက လူတွေခေါ်လာပြီး ပြဿနာရှာနေပါတယ် ခင်ဗျာ" ဖုန်းမိသားစု အစောင့်တစ်ဦးက ရိုသေစွာ အသိပေးလိုက်သည်။

"ယန်မိသားစု ဟုတ်လား" ဖုန်းဝူချန် တစ်ခဏမျှ မှင်သက်သွားပြီး ယန်ကျုံးထျန်းကြောင့် သူတို့ ရောက်လာခြင်းဖြစ်မည်ဟု ခန့်မှန်းလိုက်မိသည်။

ထို့နောက် သူ ညွှန်ကြားလိုက်သည်။ "သူတို့ကို အထဲဝင်ခိုင်းလိုက်"

"တတိယသခင်လေးက နောက်တစ်ခါ လူသတ်ဖို့ စိတ်ကူးနေတာတော့ မဟုတ်ပါဘူးနော်" အစောင့်က တိတ်တဆိတ် ကြောက်ရွံ့သွားမိသည်။ သို့သော် အများကြီး မစဉ်းစားတော့ဘဲ အကြောင်းပြန်ပြီးနောက် အပြင်သို့ ပြေးထွက်သွားခဲ့သည်။

"ဖုန်းကျိန့်ရှုံး။ မင်းဖင် ထွက်ခဲ့စမ်း"

ယန်ချုံက ဟိန်းဟောက်လိုက်ပြီး သူ၏ အဖွဲ့မှာလည်း လျင်မြန်စွာ ပြေးဝင်လာကြသည်။

" ခင်ဗျားက ခွေးအမျိုးလား.. ဘာလို့ ဒီလောက် အကျယ်ကြီး အော်နေရတာလဲ။ တခြားလူတွေ မကြားမှာ စိုးလို့လား" လျိုချင်းယန်က ကြိမ်းမောင်းလိုက်သည်။

"မင်း... ကောင်စုတ်လေး... ဘာပြောလိုက်တာလဲ"

ယန်ချုံက ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း ထို့နောက် သူ တစ်စုံတစ်ယောက်ကို မြင်တွေ့လိုက်မိပြီး ရုတ်တရက် ကြက်သေသေသွားခဲ့သည်။

"ဖုန်းဝူချန်"

ယန်ချုံ အနည်းငယ် လန့်သွားသည်။ သူ၏ အကြည့်ကို စက္ကန့်အနည်းငယ် စူးစိုက်ကြည့်ပြီးနောက် ဖုန်းဝူချန်ဖြစ်ကြောင်း သူ သေချာသွားခဲ့သည်။

ဖုန်းဝူချန်က ယန်ချုံကို တစ်ချက်ဝေ့ကြည့်လိုက်၏။

သူသည် ယန်ချုံကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဖူးပေ

သူက လုံးဝဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်သည်

"ခင်ဗျားလိုလူတောင် အသွင်ပြောင်းဘုံ သတ္တမအဆင့်ကို ရောက်နိုင်သေးတာပဲ။ ကြည့်ရတာ ယန်ထျန်းရဲ့ ကျင့်ကြံမှုက ခင်ဗျားထက်တောင် မြင့်နေလောက်ပြီ။ မင်း ဘာလိုချင်လို့လဲ...။ ကျုပ်ရဲ့ ဖုန်းမိသားစုအိမ်ကို ရောက်လာပြီး မနက်စောစောစီးစီး ဒီလောက် ရုတ်ရုတ်သဲသဲ လာလုပ်နေရသလား"

"ဟွန်း။ မင်းအဘိုးကြီးကို ထွက်လာခဲ့ခိုင်းလိုက်" ယန်ချုံက မထီမဲ့မြင် ဆိုလိုက်လေသည်။

"ခင်ဗျားက ကိုယ့်ကိုယ်ကို ဘာထင်နေလဲ။ ကျုပ် အဖေကို တွေ့ချင်တိုင်း တွေ့လို့ရမယ် ထင်နေလား။ တခြားကိစ္စမရှိရင် ခင်ဗျား အမြန်ဆုံး လစ်လိုက်တော့။ ဖုန်းမိသားစုက ခင်ဗျားကို မကြိုဆိုဘူး"

ဖုန်းဝူချန်က ဂရုမစိုက်ဟန်ဖြင့် နှင်ထုတ်လိုက်၏။

"မင်း... ကောင်စုတ်လေး... ငါမင်းကို မေးမယ်။ ယန်ကျုံးထျန်း မနေ့က ဖုန်းမိသားစုကို လာခဲ့ပြီး ပြန်မသွားဘူး။ သူ အခု ဘယ်မှာလဲ"

ယန်ချုံက ဒေါသတကြီး မေးလိုက်သည်။

ဖုန်းဝူချန်ကို ထိုနေရာတွင်ပင် ရိုက်သတ်ပစ်လိုက်ချင်စိတ်ကို မနည်းထိန်းချုပ်ထားရလေ၏။

လျိုချင်းယန်က ပခုံးတွန့်လိုက်ပြီး လှောင်ပြုံးဖြင့် ဝင်ပြောလိုက်သည်။

"ကျုပ်.. သိသားပဲ ၊ သူ့ကြောင့်ဆိုတာ။ ဒါပေမဲ့ သူ ဘယ်သွားလဲ ဆိုတာက... ကျုပ်တို့နဲ့ ဘာဆိုင်လို့လဲ"

ထိုစဉ် ဖုန်းဝူချန်က မြေပြင်ကို လက်ညှိုးထိုးပြရင်း ဆိုလိုက်သည်။

"ဒီပြာတွေက ယန်ကျုံးထျန်းဆီက ကျန်ခဲ့တာပဲ"

"ဘာ"

ယန်ချုံနှင့် အခြားသူများ၏ မျက်နှာများ ပြောင်းလဲသွားကြသည်။

ထိုအခါမှ သူတို့ ဖုန်းမိသားစု ခြံဝင်းထဲမှ တိုက်ပွဲဖြစ်ပွားခဲ့သည့် လက္ခဏာများကို သတိပြုမိကြတော့သည်။ မြေပြင်မှာ တွင်းနက်ကြီး ချိုင့်ဝင်နေခဲ့သည်။

"ကျုပ် မေ့တော့မလို့...။ ဟုတ်တယ်...။ ဒါ ယန်ကျုံးထျန်းပဲ။ သူ မနေ့က ဖုန်းမိသားစုကို ပြဿနာလာရှာရင်း သေသွားတာ၊ဟားဟား"

လျိုချင်းယန်က မထီမဲ့မြင် အမူအရာဖြင့် ဟားတိုက်လိုက်သည်။

"ရိုင်းစိုင်းလိုက်တာ။ မင်းတို့ ငါတို့ ညီအစ်ကို ယန်ကျုံးထျန်းကို သတ်ရဲတယ်။ မင်းတို့အားလုံးကို ငါ သတ်ပစ်မယ်" လူတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး လူတစ်ဒါဇင်ခန့် ရှေ့သို့ ကမူးရှူးထိုး ပြေးဝင်လာကြသည်။

ယန်ချုံက သူတို့ကို မတားဆီးခဲ့သလို သူကိုယ်တိုင်လည်း လှုပ်ရှားခြင်းမပြုခဲ့ပေ။

သူ့မှာ အခြားရည်ရွယ်ချက် တစ်ခု ရှိနေပုံရသည်။

"မင်းတို့လို အမှိုက်တွေက လုံလောက်တယ် ထင်နေလား" လျိုချင်းယန်က မထီမဲ့မြင် ကဲ့ရဲ့လိုက်၏။

"သေချင်နေတာပဲ"

မြောင်ချင်းချင်း၏ လှပသော မျက်လုံးများကလည်း အေးစက်သော အရိပ်အယောင်များ လင်းလက်သွားပြီး သူမနှင့် လျိုချင်းယန်တို့ တစ်ပြိုင်နက် လှုပ်ရှားလိုက်ကြသည်။

"ဝှစ်... ဝှစ်"

"ဝူး...ဝူး.. ဝူး"

သူတို့၏ အမြန်နှုန်းမှာ အံ့အားသင့်ဖွယ်ရာ ကောင်းလှပြီး သူတို့ သွားလေရာတွင် ဓားအလင်းများ လင်းလက်ကာ သွေးများ နီရဲစွာ ဖြာကျနေခဲ့သည်။

ဆယ်စက္ကန့်ပင် မပြည့်မီမှာပင် ယန်မိသားစု ကိုယ်ရံတော် ဆယ့်သုံးယောက် သေဆုံးသွားခဲ့သည်။

ဖုန်းဝူချန်အတွက် လက်တစ်ဖက်ပင် မြှောက်ရန် မလိုအပ်ခဲ့ပေ။

လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာလည်း အတူတူပင် ရက်စက်ကြမ်းကြုတ်လှသည်။

ဖုန်းမိသားစု အစောင့်များပင် လန့်သွားကြသည်။ လျိုချင်းယန်က တစ်မျိုး၊ သို့သော် တိတ်ဆိတ်ပြီး နူးညံ့သိမ်မွေ့သော မြောင်ချင်းချင်း ဤမျှ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

ယန်ချုံ၏ မျက်နှာမှာ အလွန်ပင် မည်းမှောင်နေပြီး သူ၏ သတ်ဖြတ်လိုစိတ်များ ကောင်းကင်သို့ တိုးထွက်နေခဲ့သည်။ ယန်မိသားစု ကိုယ်ရံတော် တစ်ဒါဇင်ကျော် သေဆုံးသွားသည်ကို မြင်တွေ့ရသော်လည်း သူ ထိန်းချုပ်ထားခဲ့ပြီး မလှုပ်ရှားခဲ့ပေ။

သူ၏ ပြင်းထန်သော အကြည့်က ဖုန်းဝူချန်အပေါ်တွင် စူးစိုက်နေခဲ့ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ဖုန်းမိသားစုက ငါ့ ယန်မိသားစုက လူအများကြီးကို သတ်ခဲ့တာ။ ငါ ဒီကိစ္စကို မိသားစုခေါင်းဆောင်ဆီ အမှန်အတိုင်း တင်ပြမယ်။ ယန်မိသားစုနဲ့ မင်းတို့ ဖုန်းမိသားစုက တစ်ယောက်ယောက် မသေမချင်း ရပ်နားမှာ မဟုတ်ဘူး။ မင်းတို့ သေဖို့သာ စောင့်နေလိုက်"

"ကျုပ်တို့ ဘယ်အချိန်မဆို ကြိုဆိုနေပါတယ်"

ဖုန်းဝူချန်က တည်ငြိမ်စွာ တုံ့ပြန်လိုက်လေသည်။

"ဟွန်း"

ယန်ချုံက ဒေါသတကြီး အော်ဟစ်ရင်း ဖုန်းဝူချန်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားရန် ပြင်လိုက်သည်။

"လိုက်မပို့တော့ဘူး။ ထွက်သွားရင် မလဲကျအောင် သတိထား"

လျိုချင်းယန်က အေးစက်စွာ ရယ်မောရင်း ဆိုလိုက်၏။

လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဖုန်းဝူချန်၏ စိမ်းလဲ့သော မီးလျှံများက အလောင်းတစ်ဒါဇင်ကျော်ကို ချက်ချင်း ဝါးမြိုသွားပြီး ပြာအဖြစ်သို့ လောင်ကျွမ်းစေခဲ့သည်။

"အစ်ကိုကြီးဖုန်း... ယန်ချုံက ဝင်မပါခဲ့ဘူး။ သူ ဒီလူတွေကို သေဖို့ လွှတ်လိုက်တာပဲနော်" လင်ရှောင်ရှောင်က ဆိုလိုက်သည်။

"စစ်ပွဲကို စောစောစဖို့ အကြောင်းပြချက်ကောင်း တစ်ခုပေါ့။ သူတို့ ငါ့ဖေဖေရဲ့ မွေးနေ့ကြီးနေ့မှာ တိုက်ခိုက်ဖို့ အစကတည်းက စီစဉ်ထားပြီးလောက်ပြီ"

ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ ပြုံးရင်း ဆိုလိုက်သော်လည်း လုံးဝ စိုးရိမ်ပူပန်ပုံမရခဲ့ပေ။

အလောင်းများကို ရှင်းလင်းပြီးနောက် ဖုန်းဝူချန်နှင့် အခြားသုံးယောက် နံနက်စာ သွားစားကြပြီးနောက် ထွက်ခွာခဲ့ကြလေ၏။

ဖုန်းဝူချန်သည် ထိုနေ့တွင် ဝမ်ပေါင်ကုန်တိုက်နှင့် လင်းမိသားစုထံ သွားရောက်ရန် အစောကတည်းက စီစဉ်ထားခဲ့သည်။ ဖုန်းကျိန့်ရှုံးက အရာအားလုံးကို သူ့ထံ အပ်နှင်းခဲ့ပြီးဖြစ်သဖြင့် ထိုကိစ္စများကို ဖြေရှင်းရန်မှာ သူ၏ တာဝန်သာ ဖြစ်သည်။

"တတိယသခင်လေး။ ပြန်လာပြီလား"

"ဖုန်းမိသားစုရဲ့ တတိယသခင်လေး ပြန်လာပြီ ဟေး"

ဖုန်းဝူချန် ဖုန်းမိသားစုနေအိမ်မှ ထွက်ပေါ်လာသည်နှင့် ပြိုင်ဘက်ကင်းမြို့မှ လူများက ဖုန်းဝူချန်နှင့် အလွန်တူသော ထိုလူသည် အမှန်ပင် ဖုန်းမိသားစု၏ တတိယသခင်လေး ဖြစ်ကြောင်း အတည်ပြုလိုက်ကြသည်။

လမ်းများပေါ်တွင် လူများက သူ့ကို တတိယသခင်လေးဟု ယဉ်ကျေးစွာ နှုတ်ဆက်ကြသည်။

ဖုန်းမိသားစု အန္တရာယ်ကြုံတွေ့နေရမှန်း သူတို့ သိကြသော်လည်း ဖုန်းဝူချန်ကို ဆန့်ကျင်၍ ပြောစရာ ဘာမှမရှိခဲ့ကြပေ။

မကြာမီမှာပင် ဖုန်းဝူချန် ဝမ်ပေါင် ကုန်တိုက်သို့ ရောက်ရှိလာသည့်အခါ သူ ပြိုင်ဘက်ကင်းမြို့သို့ ပြန်ရောက်လာသည့် သတင်းသည် မြို့တစ်မြို့လုံးသို့ ပျံ့နှံ့သွားခဲ့သည်။

"တတိယသခင်လေး"

ဝမ်ပေါင်ကုန်တိုက် ဝင်ပေါက်မှ အစောင့်များမှာ စိတ်လှုပ်ရှားပြီး သည်းထန်စွာ ဝမ်းမြောက်နေကြသည်။

"တတိယသခင်လေး။ ကျေးဇူးပြုပြီး အထဲကြွပါ။ ကုန်တိုက်ပိုင်ရှင်နဲ့ တခြားသူတွေက ဖုန်းမိသားစုကို သွားလည်ဖို့ စီစဉ်နေကြတာပါ"

အစောင့်တစ်ယောက်က စိတ်လှုပ်ရှားစွာ ဆိုရင်း ဖုန်းဝူချန်ကို ရိုသေစွာ အထဲသို့ လမ်းပြခေါ်ဆောင်သွားခဲ့သည်။

သူတို့ တံခါးဝသို့ ရောက်သည်နှင့် ယွီဝမ်ရှုံးနှင့် ကျန်းဟန်တို့ကို မြင်တွေ့လိုက်ကြရသည်။

"ကုန်တိုက်ပိုင်ရှင်ယွီ... မတွေ့ရတာ ကြာပြီနော်" ဖုန်းဝူချန်က ခပ်ပြုံးပြုံးနှင့် နှုတ်ဆက်လိုက်၏။

"တတိယသခင်လေး"

ယွီဝမ်ရှုံးသည် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ပြီး တန်ဖိုးမဖြတ်နိုင်သော ရတနာ တစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။

"တတိယအဆင့် ဆေးပညာရှင်"

ဖုန်းဝူချန်၏ ဝိညာဉ်စွမ်းအားကို မတော်တဆ အာရုံခံမိသောအခါ ယွီဝမ်ရှုံး လုံးဝ တုန်လှုပ်သွားခဲ့ပြီး သူ၏ အမူအရာမှာ အနည်းငယ် မှင်တက်သွားခဲ့သည်။

တစ်နှစ်တာအတွင်းမှာပင် ဖုန်းဝူချန်သည် ပထမအဆင့်မှ တတိယအဆင့် ဆေးပညာရှင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

ထိုအရှိန်က မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်ပါသနည်း။

လောကအတွေ့အကြုံများစွာ မြင်တွေ့ခဲ့ဖူးသော ယွီဝမ်ရှုံးသည် မကြာမီမှာပင် သူ၏ စိတ်တည်ငြိမ်မှုကို ပြန်ရယူလိုက်ပြီး ဖုန်းဝူချန်နှင့် အခြားသုံးယောက်ကို ကိုယ်တိုင် ဖျော်ဖြေဧည့်ခံလေသည်။

ယဉ်ကျေးဖွယ်ရာ စကားအနည်းငယ် ဖလှယ်ပြီးနောက် ဖုန်းဝူချန်က မကွေ့ဝိုက်ဘဲ ပြောချလိုက်သည်။

"ကုန်တိုက်ပိုင်ရှင်ယွီ... အသေးစိတ်ကို ကျွန်တော့်ကို ပြောပြပါ"

ယွီဝမ်ရှုံး၏ မျက်နှာအမူအရာ လေးနက်သွားသည်။

တစ်ခဏမျှ စဉ်းစားပြီးနောက် သူ က ပြောလိုက်သည်။

"တတိယသခင်လေး ထွက်ခွာသွားပြီး မကြာခင်မှာပဲ မော့ခွန်းက ယွမ်တန်ဘုံ ပထမ အလွှာ အဆင့် ရောက်ရှိသွားခဲ့တယ်။ လွန်ခဲ့တဲ့ တစ်နှစ်က လင်းမိသားစုက မော့မိသားစုရဲ့ ကိုယ်ရံတော်တွေကို သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် မော့ခွန်းက သူ့ အဆင့်ချိုးဖြတ်တာ အပြီးမှာ လင်းမိသားစုကို တိုက်ခိုက်ခဲ့တယ်။ ခင်ဗျားရဲ့ အဖေနဲ့ ကျွန်တော် လင်း မိသားစုကို သွားကူညီခဲ့ကြတာ ပေါ့။ တိုက်ပွဲကနေ နှစ်ဖက်စလုံး အကြီးအကျယ် ထိခိုက်ဆုံးရှုံးခဲ့ကြရပြီး အဲ့ဒါက မော့မိသားစုရဲ့ အာရုံစိုက်မှု ဝမ်ပေါင်ကုန်တိုက်ပေါ် ကျလာတယ်"

"မကြာခင်မှာပဲ ဟွမ်ဖူမိသားစု ပါဝင်လာခဲ့ပြီး မော့နဲ့ ယန်မိသားစုတွေကို အင်အားတိုးပွားအောင် ကူညီပေးခဲ့တယ်။ သူတို့ ဖုန်းမိသားစုနဲ့ ဝမ်ပေါင်ကုန်တိုက်ကို ချေမှုန်းဖို့ စီစဉ်နေချိန်မှာ အကယ်ဒမီရဲ့ မဟာ အကြီးအကဲက ကြားဝင်ခဲ့တယ်။ အဲ့ဒီအခါမှ တတိယသခင်လေးက အကယ်ဒမီရဲ့ ဖုန်းမိသားစုကို တစ်နှစ်တာ ကာကွယ်ပေးမှုကို ရယူထားခဲ့မှန်း ကျွန်တော်တို့ သိခဲ့ရတာ။ အကယ်ဒမီရဲ့ ကျောထောက်နောက်ခံနဲ့ဆိုတော့ ဟွမ်ဖူမိသားစုလည်း သတိထားရတော့တာပေါ့။ ဒီအတောအတွင်းမှာ မော့နဲ့ ယန်မိသားစုတွေက ကျွန်တော်တို့ကို အရင်လှုပ်ရှားလာအောင် နည်းလမ်းမျိုးစုံနဲ့ ရန်စဖို့ ကြိုးစားနေကြတယ်။ အဲ့ဒါက သူတို့ကို စစ်ပွဲစဖို့ အကြောင်းပြချက် ပေးလိုက်မှာပဲ"

"အကယ်ဒမီက ဖုန်းမိသားစုအတွက် တစ်နှစ်တာ ကာကွယ်ပေးတဲ့ကာလ ကုန်ဆုံးခါနီးလာတာနဲ့ ကျွန်တော်ရော ဖုန်းမိသားစုခေါင်းဆောင်ရော စိုးရိမ်နေကြပြီး ဖြေရှင်းနည်းလည်း မရှိကြဘူး။ ထို့အပြင် ထျန်းယွင်ဂိုဏ်းက တစ်နှစ်ကုန်သွားတာနဲ့ အကယ်ဒမီအနေနဲ့ ဆက်ပြီး ကြားဝင်နေဦးမယ်ဆိုရင် သူတို့ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့ သတင်းလွှင့်ထားတယ်"

ယွီဝမ်ရှုံးသည် တဖြည်းဖြည်း ကူကယ်ရာမဲ့မှုနှင့် အင်အားမဲ့မှုတို့ကို ခံစားရကာ ပြောဆိုနေခဲ့သည်။

သူတို့ အကြောက်ဆုံးမှာ ထျန်းယွင်ဂိုဏ်းသာ ဖြစ်သည်။

ထျန်းယွင်ဂိုဏ်းသည် အင်ပါယာ၏ အသန်မာဆုံးဂိုဏ်းဖြစ်ပြီး သူတို့ လိုချင်သူတိုင်းကို ချေမှုန်းနိုင်စွမ်းရှိကာ အင်ပါယာက သူတို့၏ ကိစ္စရပ်များတွင် ဝင်ရောက် မစွက်ဖက်နိုင်ခဲ့ပေ။

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။ "ဒါဆို ဒီလိုကိုး...။ ယန်မိသားစုကလည်း ဒီလောက် ရမ်းကားနေတာ အံ့ဩစရာမရှိတော့ဘူး"

"တတိယသခင်လေး... ခင်ဗျားမှာ နည်းလမ်းကောင်း တစ်ခုခု ရှိပါသလား" ယွီဝမ်ရှုံးက မေးလိုက်သည်။

ယခုအခါ သူတို့ မျှော်လင့်နိုင်သည်မှာ ဖုန်းဝူချန်တွင် ဖြေရှင်းနည်းတစ်ခုခု ရှိကောင်းရှိနိုင်မည် ဟူသော အချက်သာ ဖြစ်သည်။

ထိုအခါ ဖုန်းဝူချန်က နှုတ်ခမ်းများ တွန့်ကာ ပြုံးရင်း ပြောလိုက်သည်။

"တောင်ကြားသခင်ယွီ... ဝမ်ပေါင်ကုန်တိုက်နဲ့ ဖုန်းမိသားစုက ကောင်းတူဆိုးဖက် မျှဝေခဲ့ကြတာပဲ။ ကျွန်တော် လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ စောင့်ကြည့်လိုက်ကြတာပေါ့"

"တတိယသခင်လေးက နည်းနည်းလေးတောင် စိတ်ပူပုံ မရဘူး။ ခင်ဗျားမှာ တကယ်ပဲ နည်းဗျူဟာ တစ်ခုခု ရှိနေတာလား။ တတိယသခင်လေး အခု ဘယ် ကျင့်ကြံမှုအဆင့်ကို ရောက်နေပြီလဲ။ ဘာဖြစ်လို့ ကျွန်တော် မမြင်နိုင်ရတာလဲ"

ယွီဝမ်ရှုံး မှာ တိတ်တဆိတ် အံ့အားသင့်နေခဲ့ရသည်။

ဖုန်းဝူချန်က ယန်ကျုံးထျန်းကို သတ်ဖြတ်ခဲ့ပြီး လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့၏ လက်ချက်ဖြင့် ယန်မိသားစု ကိုယ်ရံတော် တစ်ဒါဇင်ကျော် သေဆုံးခဲ့သည်ကို ယွီဝမ်ရှုံးနှင့် အခြားသူများ မသိရှိခဲ့ကြပေ။

သို့မဟုတ်ပါက ယွီဝမ်ရှုံးကိုယ်တိုင်ပင် ထိုင်မရထမရ ဖြစ်နေပေလိမ့်မည်။

အခြေအနေကို အကျဉ်းချုပ် နားလည်သဘောပေါက်ပြီးနောက် ဖုန်းဝူချန်နှင့် လေးယောက်အဖွဲ့သည် လင်းမိသားစုထံသို့ ခရီးဆက်ခဲ့ကြသည်။

...

ထိုအချိန်…မော့မိသားစု၏ ခန်းမဆောင်ကြီးထဲတွင်..

"မိသားစုခေါင်းဆောင်ကို သတင်းပို့ပါတယ်...။ ဖုန်းဝူချန် ပြိုင်ဘက်ကင်းမြို့ကို ပြန်ရောက်လာတာ အတည်ပြုပြီးပါပြီ။ သူ ဝမ်ပေါင်ကုန်တိုက်မှာ ရှိနေပါတယ်" အစောင့်တစ်ဦးက ရိုသေစွာ သတင်းပို့လိုက်သည်။

"အဲ့ဒီသောက်ကလေး တကယ် ပြန်လာခဲ့တာပဲ။ သူသာ ပြန်မလာခဲ့ရင် ငါ စိတ်အေးနိုင်မှာ မဟုတ်ဘူး။ သူ့ကိုသာ ငါတို့ မဖယ်ရှားပစ်နိုင်ရင် ရတက်မအေးရတဲ့ အနာဂတ် ခြိမ်းခြောက်မှုကြီး ဖြစ်နေလိမ့်မယ်" မော့ခွန်းက အေးစက်စွာ ကြုံးဝါးလိုက်သည်။

သူ၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုသည့် အရိပ်အယောင်များ လင်းလက်နေသည်။

"မိသားစုခေါင်းဆောင်ကို သတင်းပို့ပါတယ်...။ ယန်မိသားစုဆီက အခုလေးတင် သတင်းရပါတယ်။ ယန်ကျုံးထျန်း အသတ်ခံလိုက်ရပါပြီ။ ဒီနေ့ ယန်ချုံက ကိုယ်ရံတော်တွေကို ဖုန်းမိသားစုဆီ ခေါ်သွားခဲ့ပြီး ကိုယ်ရံတော် ဆယ့်သုံးယောက်လုံး သေဆုံးခဲ့ပါတယ်" အခြားအစောင့်တစ်ဦး ခန်းမဆောင်ထဲသို့ ဝင်ရောက်လာကာ သတင်းပို့လိုက်ပြန်သည်။

"ယန်ကျုံးထျန်း အသတ်ခံလိုက်ရတယ် ဟုတ်လား" မော့ခွန်း၏ မျက်နှာတွင် တစ်ခဏအတွင်း မယုံကြည်နိုင်သော အမူအရာတစ်ခု ထင်ဟပ်သွားသည်။

အစောင့်က ရိုသေစွာ ဆိုသည်။

“လုံးဝ အမှန်ပါပဲ ခင်ဗျာ။ ဒီကိစ္စကြောင့် ယန်မိသားစု အလွန်ဒေါသ

ထွက်နေပါတယ်”

"မိသားစုခေါင်းဆောင်... ကြည့်ရတာ စစ်ပွဲကို စောစော စလို့ ရလောက်ပြီ။ ဖုန်းကျိန့်ရှုံးရဲ့ မွေးနေ့ကြီးအတွက် အချိန်ကိုက်ပဲ" အကြီးအကဲက လေးနက်စွာ ရေရွတ်လိုက်သည်။

သူ၏ နက်ရှိုင်းသည့် အိုမင်းသော မျက်လုံးများတွင် အေးစက်သော သတ်ဖြတ်လိုသည့် အရိပ်အယောင်များ လင်းလက်နေသည်။

မော့ခွန်း၏ မျက်နှာအမူအရာမှာမူ အလွန်လေးနက်နေခဲ့သည်။

ယန်ကျုံးထျန်းကို မည်သူ သတ်ဖြတ်ခဲ့သည်ကို သူ သိချင်နေခဲ့သည်။

ဖုန်းဝူရှင်းလား။ သို့သော် ဖုန်းဝူရှင်းက ယခုအချိန်တွင် မဆင်မခြင် ပြုမူဝံ့မည် မဟုတ်ပေ။ ဖုန်းကျိန့်ရှုံးမှလွဲ၍ ဖုန်းမိသားစုတွင် ယန်ကျုံးထျန်းကို သတ်ဖြတ်နိုင်သူ အခြား မည်သူ ရှိသေးသနည်း။

ဖုန်းဝူချန် ဖြစ်နိုင်လေသလော။

"မဖြစ်နိုင်ဘူး...။ သူ မဖြစ်နိုင်ဘူး။ သူ့ရဲ့ မြင့်မားတဲ့ ပါရမီနဲ့တောင်မှ တစ်နှစ်အတွင်းမှာ ယန်ကျုံးထျန်းကို သတ်ဖြတ်နိုင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး’

မော့ခွန်း စိတ်ထဲ၌ သူ့ဘာသာ ခေါင်းခါလိုက်သည်။

...

—-------

..

ယန်ကျုံးထျန်း သေဆုံးမှုက ယန်မိသားစု၏ အထက်ပိုင်းပုဂ္ဂိုလ်များကို အလွန်အမင်း ဒေါသထွက်စေခဲ့သည်။

ယန်ချင်းယွင်သာ ကြားဝင်မတားဆီးခဲ့ပါက ယန်ထျန်းသည် ဖုန်းဝူချန်ကို လက်စားချေရန် သွားရောက်ပြီးလောက်ပြီ ဖြစ်သည်။

"ယန်ကျုံးထျန်းကို ဘယ်သူသတ်သွားလဲ မင်းတို့သိလား" ယန်ချင်းယွင်က လေးနက်သော လေသံဖြင့် မေးလိုက်သည်။ သူ၏ မျက်နှာမှာ ရေများ ယိုစီးကျနိုင်လောက်အောင် မည်းမှောင်နေခဲ့သည်။

ဖုန်းအိမ်က ပြန်လာခဲ့သော ယန်ချုံက ခေါင်းခါရင်း ပြန်ဖြေသည်။

"ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ဖုန်းကျိန့်ရှုံးပဲ ဖြစ်ရမယ်။ သူက လွဲရင် ဟို လျှို့ဝှက်ဆန်းကြယ် မမလေးလင်လည်း ရှိသေးတယ်။ သူက ယွမ်တန်ဘုံ ပထမအလွှာကို ရောက်နေပြီ"

"ယွမ်တန်ဘုံ ပထမအလွှာ ဟုတ်လား" ယန်မိသားစု၏ အဆင့်မြင့်ပုဂ္ဂိုလ်များ တုန်လှုပ်သွားကြသည်။

"လုံးဝ အမှန်ပါပဲ" ယန်ချုံက အလွန်ယုံကြည်မှုရှိစွာ ပြန်ဖြေသည်။

"ဖုန်းဝူချန်ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ" ယန်ရှန်းက မေးလိုက်သည်။

"ကျွန်တော် မသိပါဘူး။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကို ကျွန်တော် မခွဲခြားနိုင်ဘူး"

ယန်ချုံက ခေါင်းခါလိုက်ပြီး ထပ်မေးလိုက်သည်။

"မိသားစုခေါင်းဆောင်... ကျွန်တော်တို့ ဘယ်တော့ လှုပ်ရှားကြမှာလဲ။ ဒီနေ့ကို ကျွန်တော်တို့ အရမ်းကြာကြာ စောင့်ခဲ့ရပြီ"

ယန်ချင်းယွင် တွေးတောလိုက်သည်။

...'အဲ့ဒီ လင်ရှောင်ရှောင်ဆိုတဲ့ မိန်းကလေးရဲ့ နောက်ခံက တကယ်တမ်း ဘာလဲ။'...

ဤမျှ ငယ်ရွယ်သော အရွယ်တွင် ယွမ်တန်ဘုံ ပထမ အလွှာသို့ ခြေချနိုင်ခဲ့သူသည် သာမန်ပါရမီရှင် တစ်ယောက်ထက် ပိုရမည်မှာ သေချာရာ ယန်ချင်းယွင် စိုးရိမ်သွားသည်။

“မိန်းကလေး တစ်ယောက်ပဲဟာ... ကြောက်စရာ ဘာမှ မရှိဘူး"

ယန်ချင်းယွင်..ခေါင်းခါလိုက်သည်။ ဟွမ်ဖူမိသားစုနှင့် ထျန်းယွင်ဂိုဏ်းတို့ သူတို့ဘက်တွင် ရှိနေသဖြင့် သူတို့ မည်သည့်အရာကိုမှ ကြောက်ရွံ့နေစရာ လုံးဝမလိုအပ်ခဲ့ပေ။

ပြင်းထန်သော သတ်ဖြတ်လိုသည့် အရိပ်အယောင်တစ်ခု ယန်ချင်းယွင်၏ မျက်လုံးများထဲတွင် လင်းလက်သွားပြီး သူ ခက်ထန်စွာ ကြုံးဝါးလိုက်သည်။

"နောက်ဆယ်ရက်ဆို ဖုန်းကျိန့်ရှုံးရဲ့ အသက်ငါးဆယ်ပြည့် မွေးနေ့ပဲ။ အဲ့ဒီနေ့က ဖုန်းမိသားစု ကပ်ဘေးနဲ့ ကြုံတွေ့ရမယ့်နေ့ပဲ ဖြစ်လိမ့်မယ်"

ယန်နှင့် မော့မိသားစုတို့ နှစ်ဦးစလုံး သူတို့၏ အခွင့်အရေးကို သတ်မှတ်ပြီးဖြစ်ကြသည်။

သူတို့သည် ဖုန်းမိသားစုကို ဖြိုခွင်းပစ်ရန် အငမ်းမရ စောင့်ဆိုင်းနေခဲ့ကြသည်။

အကယ်ဒမီ၏ တစ်နှစ်တာ ကာကွယ်မှုသာ မရှိခဲ့ပါက ကြာမြင့်စွာကတည်းက လှုပ်ရှားခဲ့ကြပြီးလောက်ပြီ ဖြစ်သည်။

ဖုန်းကျိန့်ရှုံး၏ မွေးနေ့သည် ငြိမ်းချမ်းသော နေ့တစ်နေ့ ဖြစ်လာဖွယ် မရှိပေ။

ဤ နီးကပ်လာနေသော စစ်ပွဲသည် ရှောင်လွှဲ၍ မရနိုင်တော့သည်မှာ သေချာ နေလေပြီ။

All Chapters