← Chapters

ဖုန်းကျိန့်ရှုံး၏ မွေးနေ့ကြီး အခမ်းအနား

Vol. 7 Ch. 97

ဖုန်းကျိန့်ရှုံး၏ မွေးနေ့ကြီး အခမ်းအနား

Vol. 7 Ch. 97

~ထျန်းယွင်ဂိုဏ်း…။

အင်ပါယာအတွင်း အသန်မာဆုံး ဂိုဏ်းဖြစ်သည့်အညီ ထျန်းယွင်ဂိုဏ်းတွင် အစွမ်းထက် ကျင့်ကြံသူများစွာ ရှိလေ၏။

တပည့်ပေါင်း တစ်သောင်းကျော်နှင့် ပါရမီရှင်များလည်း အလျှံပယ်ပင်။

ဟွမ်ဖူချင်းနှင့် မော့လင်အာတို့တွင် ချီးကျူးဖွယ် ပါရမီများ ရှိကြသော်ငြား ထျန်းယွင်ဂိုဏ်းအတွင်း၌မူ သူတို့သည် ပျမ်းမျှအထက် အနည်းငယ်

သာသူများဟုသာ သတ်မှတ်ခံရလေသည်။

အမှန်တကယ် ထျန်းယွင်ဂိုဏ်း၏ ပါရမီရှင် တပည့်ဟု သတ်မှတ်ခံရသူမှာ ဟွမ်ဖူချင်း၏ အစ်ကိုကြီးသာ ဖြစ်၏။

ဟွမ်ဖူချင်း၏ အစ်ကိုနှင့် ဆက်နွှယ်မှုကြောင့် ဟွမ်ဖူချင်းရော မော့လင်အာပါ ထျန်းယွင်ဂိုဏ်းတွင် အလွန် လူသိများကြပြီး စီနီယာ အစ်ကိုကြီး၊ အစ်မကြီးများစွာက သူတို့ကို အလွန်လေးစားစွာ ဆက်ဆံကြလေသည်။

...

ထျန်းယွင်ဂိုဏ်းတွင် တစ်နှစ်တာ နေထိုင်ပြီးနောက် ဟွမ်ဖူချင်းသည် ယွမ်တန်ဘုံ ပထမအဆင့်သို့ ဖောက်ထွက် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

မော့လင်အာပင်လျှင် ယခုအခါ အသွင်ပြောင်းဘုံ အဋ္ဌမအလွှာသို့ ရောက်ရှိနေခဲ့ပြီတည်း။

ထျန်းယွင်ဂိုဏ်း၏ နက်ရှိုင်းသော အရင်းအမြစ်များသာ မရှိပါက သူတို့၏ ကျင့်ကြံမှုအဆင့်ကို ဤမျှ လျင်မြန်စွာ တိုးတက်အောင် မလုပ်နိုင်ခဲ့ပေ။

“လင်အာ... အခုလေးတင် သတင်းရတယ်။ မနေ့က ဖုန်းဝူချန် ပြိုင်ဘက်ကင်းမြို့ကို ပြန်ရောက်လာတယ်တဲ့။ ယန်မိသားစုက ယန်ကျုံးထျန်းနဲ့ ကိုယ်ရံတော် တစ်ဒါဇင်ကျော် အသတ်ခံလိုက်ရတယ်တဲ့..”

ဟွမ်ဖူချင်းက ထျန်းယွင်ဂိုဏ်း၏ နောက်ဘက်တောင်တန်းများတွင် ကျင့်ကြံနေသော မော့လင်အာထံသို့ ချဉ်းကပ်ရင်း အသိပေးလိုက်လေသည်။

မော့လင်အာက သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး လုံးဝဂရုမစိုက်ဟန်ဖြင့် ဆိုသည်။

" ငါ သိပြီးသားပါ။ သူက သေဖို့ ပြန်လာတာပဲ ဖြစ်မှာ။ အကယ်ဒမီက ကျောင်းသားတိုင်းအတွက် တာဝန်ယူတယ်လို့ ဆိုပေမဲ့ ထျန်းယွင်ဂိုဏ်းကသာ လှုပ်ရှားလိုက်ရင် သူတို့တောင်မှ ကြားဝင်ဖို့ တွန့်နေမှာ။ ဒီတစ်ခါတော့ ဖုန်းမိသားစု သေချာပေါက် ပျက်စီးရလိမ့်မယ်"

"ဟုတ်တယ်လေ...။ အကယ်ဒမီနဲ့ အင်ပါယာကြားက ဆက်ဆံရေးသာ မရှိရင် ထျန်းယွင်ဂိုဏ်းက သူတို့ကို ဘာလို့ မျက်နှာသာပေးစရာ လိုမှာလဲ"

ဟွမ်ဖူချင်းက ငြင်းဆန်ခြင်း မပြုဘဲ ခေါင်းညိတ်လိုက်သည်။

တစ်ခဏရပ်ပြီးနောက် ဟွမ်ဖူချင်းက ထပ်ပြောသည်။

"ဒါပေမဲ့ ဖုန်းဝူချန် လက်ရှိ ဘယ်ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်နေလဲဆိုတာတော့ ကိုယ် မသိဘူး။ ဟိုကောင်မလေး လင်ရှောင်ရှောင်ကတော့ ယွမ်တန်ဘုံ ပထမအလွှာကို ရောက်နေပြီ"

"ငါတို့ လက်ရှိ ကျင့်ကြံမှု အဆင့်အတွက် ထျန်းယွင်ဂိုဏ်းရဲ့ အကူအညီကို ကျေးဇူးတင်ရမှာပဲ။ ဖုန်းဝူချန် ငါတို့ကို ကျော်တက်သွားနိုင်စရာ အကြောင်း လုံးဝမရှိဘူး"

မော့လင်အာက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်၏။

သူမ၏ အမြင်တွင် ဖုန်းဝူချန်သည် ထာဝရ အရေးမပါသူ တစ်ယောက်ဟု ထင်ရလေသည်။

ထို့အပြင် မော့လင်အာသည် ဖုန်းဝူချန် ထျန်းယွင်ဂိုဏ်းထက် ပို၍ အစွမ်းထက်နိုင်လိမ့်မည်ဟု ဘယ်သောအခါမျှ ယုံကြည်မည် မဟုတ်ပေ။

အကယ်၍သာ ယန်ကျုံးထျန်းသည် ဖုန်းဝူချန်၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သူတို့ သိရှိသွားပါက သူတို့၏ တုံ့ပြန်ပုံများမှာ စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။

"လင်ရှောင်ရှောင်"

ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု မော့လင်အာ၏ မျက်လုံးများထဲတွင် လင်းလက်သွားပြီး လင်ရှောင်ရှောင်၏ အမည်ကို ဖော်ပြလိုက်သည်နှင့် သူမ၏ အတွင်းစိတ်ထဲတွင် အမည်မဖော်နိုင်သော ဒေါသမီးများ တိုးထွက်လာခဲ့သည်။

အလှအပအရဖြစ်စေ၊ ကျင့်ကြံမှုအရဖြစ်စေ လင်ရှောင်ရှောင်သည် မော့လင်အာကို ကျော်လွန်နေခဲ့ရာ သူမအား အလွန်အမင်း မနာလို ဖြစ်စေခဲ့သည်။

မော့လင်အာကို ပို၍ စိတ်အနှောင့်အယှက် ဖြစ်စေသည်မှာ လင်ရှောင်ရှောင်က ဖုန်းဝူချန်နောက်သို့ လိုက်ပါနေခြင်းပင်တည်း။

သူမအတွက်မူ ဤသည်မှာ မျက်နှာကို ဖြတ်ရိုက်ခံရခြင်းမှ လွဲ၍ အခြားမဟုတ်ပေ။

အမှန်တရားကို မသိသူများအဖို့ သူမ ဖုန်းဝူချန်ကို စွန့်ပစ်ခဲ့သည်ဟု ထင်ရမည်မဟုတ်ဘဲ ဖုန်းဝူချန်က သူမအား ပို၍ လှပသော မိန်းကလေး တစ်ယောက်အတွက် စွန့်ပစ်ခဲ့သည်ဟု အထင်မှားပေလိမ့်မည်။

ဟွမ်ဖူချင်းက ဂုဏ်ယူစွာ ပြုံးရင်း ဆိုလိုက်သည်။

"သူ ကိုယ်တို့ကို ကျော်တက်သွားမှာကိုတော့ စိတ်မပူပါဘူး။ ဒုတိယအဆင့် သိုင်းဝိညာဉ်ရဲ့ ပါရမီရှင် တစ်ယောက်က တစ်နှစ်အတွင်း ဘယ်လောက်

တိုးတက်နိုင်မလဲဆိုတာကိုပဲ သိချင်တာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်က သူ ယန်ထျန်းကို အနိုင်ယူပြီး မော့ယွီကို သတ်နိုင်ခဲ့တယ်ဆိုတော့ သူရဲ့ အင်အားက တကယ်ပဲ မသေးလှဘူး"

"အစ်ကိုဟွမ်ဖူ... ရက်အနည်းငယ်ကြာရင် ငါတို့လည်း တောင်အောက် ဆင်းကြရအောင်" မော့လင်အာက ဟွမ်ဖူချင်းကို ကြည့်ရင်း အကြံပြုလိုက်သည်။

ထိုအခါ ဟွမ်ဖူချင်းက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။

"အင်း…စိတ်ချပါ လင်အာ။ ဖုန်းမိသားစုက ပျက်စီးဖို့ပဲ ရှိတယ်"

…

လင်းမိသားစုထံမှ ပြန်ရောက်ပြီးနောက် ဖုန်းဝူချန်သည် ကျင့်ကြံခြင်းကို စတင်လေ၏။ ယန်နှင့် မော့မိသားစုတို့ သူ့အပေါ် လှုပ်ရှားမှု မပြုသရွေ့ သူက အလေးမထားခဲ့ပေ။

ဖုန်းကျိန့်ရှုံး၏ မွေးနေ့ နီးကပ်လာသည်နှင့်အမျှ ဖုန်းမိသားစုသည် စီစဉ်မှုများ ပြုလုပ်ကာ ဖိတ်စာများ ပေးပို့လေသည်။

ဟုတ်ပါသည်။

ဖုန်းကျိန့်ရှုံး၏ မွေးနေ့ကြီး အခမ်းအနားသည် ပြိုင်ဘက်ကင်းမြို့ အနီးတစ်ဝိုက်မှ အင်အားစုများကို ဖိတ်ကြားခြင်းဖြင့်သာ ကန့်သတ်ထားခဲ့သည်။

ထျန်းယန်အကယ်ဒမီကိုပင် ဖိတ်ကြားခဲ့ခြင်း မရှိပေ။

ဖုန်းမိသားစုသည် မိသားစုကြီးတစ်ခု မဟုတ်သဖြင့် ထျန်းကျိုးနယ် တစ်ခုလုံး၏ အင်အားစုဖွဲ့စည်းပုံကို ဖိတ်ကြားရန်မှာ လက်တွေ့မကျသည် မဟုတ်လော။

ပြောစရာမလိုသည်မှာ လူအများအပြားသည် ဖုန်းနှင့် မော့မိသားစုတို့ကြားမှ ရန်ငြိုးကို သိရှိပြီးဖြစ်ရာ ထိုအချက်က သူတို့ကို မွေးနေ့ပွဲ တက်ရောက်ခြင်းမှ တားဆီးပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ဖိတ်စာများ ပေးပို့ပြီးဖြစ်ရာ သူတို့ တက်ရောက်ခြင်း၊ မတက်ရောက်ခြင်းမှာ သူတို့၏ ရွေးချယ်မှုသာဖြစ်ပြီး ဖုန်းဝူချန်မှာ လုံးဝ ဂရုမစိုက်ခဲ့ပေ။

အကယ်၍ သူတို့ ဟွမ်ဖူမိသားစုကို ကြောက်ရွံ့လွန်း၍ မည်သူမျှ မတက်ရောက်ခဲ့လျှင်ပင် ဖုန်းကျိန့်ရှုံး၏ မွေးနေ့ပွဲ အခမ်းအနားကို ဖျက်သိမ်းမည် မဟုတ်ချေ။

အချိန် တရွေ့ရွေ့ ကုန်လွန်သွားပြီး ဖုန်းကျိန့်ရှုံး၏ မွေးနေ့ရောက်သည့်အခါ ဖုန်းနေအိမ်တော်သည် စည်ကားသိုက်မြိုက်နေ၏။ ဖုန်းကျိန့်ရှုံးမှာလည်း ဝမ်းမြောက်ပျော်ရွှင်မှုတို့ဖြင့် ပြုံးရွှင်နေခဲ့သည်။

ဝမ်ပေါင်ကုန်တိုက်၏ ကုန်တိုက်ပိုင်ရှင် ယွီဝမ်ရှုံး၊ လင်းမိသားစု၏ မိသားစုခေါင်းဆောင် လင်းထျန်းရှင်းနှင့် အခြား ဩဇာရှိ ပုဂ္ဂိုလ်များမှာ သူတို့၏ ဂုဏ်ပြုစကားများ ဆိုရန် ပထမဆုံး ရောက်ရှိလာခဲ့ကြသည်။

သို့တိုင်အောင် စုဝေးမှုမှာ အနည်းငယ် ခြောက်ကပ်နေပုံရသည်။

ဆက်လက်၍ ပြိုင်ဘက်ကင်းမြို့ အနီးတစ်ဝိုက်မှ ဖုန်းမိသားစုနှင့် ဆက်ဆံရေးကောင်းမွန်သော အင်အားစု အနည်းငယ် ရောက်ရှိလာခဲ့ကြသည်။

သတ်မှတ်ချိန် နီးကပ်လာသည်နှင့်အမျှ အခြား မည်သည့် အင်အားစုကိုမျှ မမြင်တွေ့ရတော့ပေ။

ယခုအချိန်တွင် ဖုန်းကျိန့်ရှုံးနှင့် အခြားသူများမှာ ဤမျှလောက်ကို ခန့်မှန်းပြီးဖြစ်ကြပေမည်။

ဖုန်းဝူချန်နှင့် သူ၏ မိသားစု အခြေအနေကို နားလည်ကြသည်။ နောက်ဆုံးတွင် သူတို့သည် အင်အားစုငယ်လေးများ ဖြစ်ကြရာ ဟွမ်ဖူမိသားစုကို ဆန့်ကျင်ရန် မဝံ့ရဲကြပေ။

"ညီအစ်ကိုဖုန်း... ညီအစ်ကိုလင်း... ငါတို့သုံးယောက် အသက်နဲ့ သေခြင်းကို အတူတူ ဖြတ်သန်းခဲ့ကြတာပဲ။ ဒီဘဝမှာ မင်းတို့နှစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခွင့်ရတာကို ငါ သေပျော်လောက်ပြီလို့ မှတ်ယူတယ်။ လေးစားမှု အမှတ်အသားအနေနဲ့ မင်းတို့နှစ်ယောက်လုံးကို ငါ သောက်ခွက်မြှောက် ဂုဏ်ပြုတယ်" ယွီဝမ်ရှုံးက သူ၏ ခွက်ကို မြှောက်ရင်း ပြုံးကာ ဆိုလိုက်သည်။

"ညီအစ်ကိုဖုန်းက ရိုးသားဖြောင့်မတ်ပြီး သူ တစ်ခါက ငါ့ ကျောက်မိသားစုကို ဆိုးရွားတဲ့ အခြေအနေကနေ ကယ်တင်ခဲ့ဖူးတယ်။ ငါလည်း ညီအစ်ကိုဖုန်းကို ခွက်မြှောက် ဂုဏ်ပြုပါတယ်" ကျောက်မိသားစု၏ ခေါင်းဆောင်က သူ၏ အရက်ခွက်ကို မြှောက်ရင်း လှိုက်လှဲစွာ ပြောဆိုလိုက်သည်။

ဖုန်းကျိန့်ရှုံးကို ဂုဏ်ပြုရန် ရောက်ရှိလာသော ဧည့်သည်များ တစ်ယောက်ပြီးတစ်ယောက် သူတို့၏ အရက်ခွက်များကို သူ့ထံသို့ မြှောက်ကြလေသည်။

“ဖုန်းမိသားစုရဲ့ ဆိုးရွားတဲ့ အခြေအနေကြားကနေ ခင်ဗျားတို့အားလုံး ဒီကို ရောက်အောင် လာနိုင်ခဲ့ကြတာကို ကျွန်တော် အလွန် ကျေးဇူးတင်မိပါတယ်။ ”

ဖုန်းကျိန့်ရှုံးက လှိုက်လှဲစွာ ကြွေးကြော်လိုက်ပြီး

'ဒီနေ့ သောက်ထားကြစို့... မနက်ဖြန်ဆိုတာ ဘယ်တော့မှ မရောက်လာနိုင်ဘူး' ဟူသော သဘောထားကို ပြသကာ နောက်ဆက်တွဲ ဘာဖြစ်လာမည်ကို လုံးဝ ဂရုမစိုက်တော့ပေ။

"ဖေဖေ။ ကျွန်တော်လည်း ဖေဖေ့ကို ဂုဏ်ပြုပါတယ်။ ဖေဖေ့ ကျင့်ကြံမှုတွေ အဆင့်ဆင့် တိုးတက်ပါစေ။ ဖေဖေ အသက်ရှည် ကျန်းမာပါစေ"

ဖုန်းဝူချန်က သူ၏ ခွက်ကို မြှောက်ရင်း ဆက်ပြောသည်။

ဖုန်းမိသားစုဝင်အားလုံး အတုယူကာ ခွက်မြှောက်၍ ဂုဏ်ပြုကြလေသည်။ အခမ်းအနားအတွက် ဧည့်သည် အနည်းငယ်သာ ရှိသော်လည်း အငွေ့အသက်မှာမူ စည်ကားမြိုင်ဆိုင်နေဆဲ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် အစောင့်တစ်ယောက်က အလျင်အမြန် ပြေးဝင်လာကာ သတင်းပို့လေသည်။

“မိသားစုခေါင်းဆောင်။ မော့မိသားစုနဲ့ ယန်မိသားစုက လူတွေ ရောက်လာကြပါတယ်။ လူအများကြီးပဲ”

ဖုန်းကျိန့်ရှုံး၊ ယွီဝမ်ရှုံးနှင့် အခြားသူများ၏ မျက်နှာများ အနည်းငယ် ညှို့မှိုင်းသွားကြသည်။

မော့နှင့် ယန်မိသားစုတို့ ရည်ရွယ်ချက်ကောင်းဖြင့် ရောက်လာခြင်း မဟုတ်သည်မှာ ထင်ရှားလေသည်။

"သူတို့ကို ဝင်ခွင့်ပေးလိုက်"

ဖုန်းဝူချန်က တည်ငြိမ်စွာ ဆိုလိုက်ပြီးနောက် ဖုန်းကျိန့်ရှုံးကို စိတ်အေးစေရန် ပြောလိုက်သည်။

"ဖေဖေ... စိတ်မပူပါနဲ့။ ဒီနေ့က ဖေဖေ့ အခမ်းအနားပဲ။ ဧည့်သည်တွေကို ကြိုဆိုရမှာပေါ့"

ဖုန်းကျိန့်ရှုံး ခေါင်းညိတ်လိုက်သော်လည်း သူ၏ နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှု အချို့ ရှိနေဆဲ ဖြစ်သည်။

နောက်ဆုံးတွင် ဖုန်းဝူချန်က ယန်ကျုံးထျန်းကို သတ်ဖြတ်ခဲ့ပြီး လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့က ယန်မိသားစု ကိုယ်ရံတော် တစ်ဒါဇင်ခန့်ကို သတ်ဖြတ်ခဲ့သည် မဟုတ်လော။ ယန်မိသားစုက ဒီကိစ္စကို မည်သို့ လျစ်လျူရှုနိုင်မည်နည်း။

"မိသားစုခေါင်းဆောင်ဖုန်း မွေးနေ့ပွဲ ကျင်းပနေတာကို ကျုပ်တို့ မဖိတ်ကြားဘဲ ရောက်လာကြတာ။ ခင်ဗျားတို့ ကျုပ်တို့ကို တံခါးဝကနေ လှည့်ပြန်ခိုင်းမှာတော့ မဟုတ်ဘူးမလား" မော့ခွန်းက အပြုံးတစ်ခုဖြင့် ဆိုလိုက်သည်။ သူက အလွန်ဖော်ရွေဟန် ပေါက်နေသည်။

သူနှင့်အတူ လိုက်ပါလာသူများမှာ မော့မိသားစု၏ အကြီးအကဲများနှင့် အဆင့်မြင့် အရာရှိများ ဖြစ်ကြပြီး မော့လင်အာလည်း သူတို့ထဲတွင် ပါဝင်လေသည်။

"လာရောက်သူတိုင်းဟာ ဧည့်သည်ပါပဲ" ဖုန်းဝူချန်က သူ၏ မျက်နှာအမူအရာ တစ်ချက်မျှ မပြောင်းလဲဘဲ လုံးဝဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်သည်။

"ဖုန်းဝူချန်... မတွေ့ရတာ ကြာပြီနော်"

မော့လင်အာက အလွန် မောက်မာသော အမူအရာဖြင့် အေးစက်စွာ ဆိုလိုက်သည်။

မော့လင်အာမှာ လင်ရှောင်ရှောင်ကို မြင်လိုက်သည့် အခိုက်အတန့်မှာပင် သူမ၏ လှပသော မျက်လုံးများထဲတွင် ဒေါသမီးလျှံတစ်ခု တောက်လောင်လာခဲ့သည်။

လင်ရှောင်ရှောင်သည် လွန်ခဲ့သော တစ်နှစ်ကထက် ပို၍ လှပလာခဲ့ပြီး သူမ၏ ကျင့်ကြံမှုမှာလည်း တိုးတက်လာခဲ့ရာ မော့လင်အာကို ပြင်းထန်သော မနာလိုစိတ်တို့ဖြင့် ပြည့်နှက်စေခဲ့သည်။ သူမ လင်ရှောင်ရှောင်ကို ချက်ချင်း သတ်ပစ်လိုက်ချင်စိတ် ပေါက်သွားခဲ့သည်။

ဖုန်းဝူချန် ပို၍ အပူအပင်ကင်းမဲ့ပြီး ကျေနပ်နေပုံ ပေါက်လေလေ၊ မော့လင်အာ၏ သူ့အပေါ် ထားရှိသော မုန်းတီးမှုမှာ ပို၍ နက်ရှိုင်းလာလေလေပင်။

ဖုန်းဝူချန်က မော့လင်အာကို လုံးဝ ဂရုမစိုက်ဟန်ဖြင့် တစ်ချက် ဝေ့ကြည့်လိုက်သည်။

တစ်နှစ်တာ ကြာပြီးနောက် သူသည် လုံးဝ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။

ယခု မော့လင်အာကို ရင်ဆိုင်ရသောအခါ သူ ဘာမှမခံစားရတော့ပေ။ သူမသည် သူစိမ်းတစ်ယောက်ကဲ့သို့ပင်။

"ထျန်းယွင်ဂိုဏ်းက တကယ်ပဲ အစွမ်းထက်တာပဲ။ ငါတို့ နောက်ဆုံးတွေ့ခဲ့တာ တစ်နှစ် ရှိပြီ။ မင်း အသွင်ပြောင်းဘုံ အဋ္ဌမအလွှာကိုတောင် ဖောက်ထွက်နိုင်ခဲ့ပြီပဲ"

ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ ဆိုလိုက်ပြီး မော့လင်အာကို နောက်တစ်ကြိမ် လှည့်မကြည့်တော့ပေ။

"အဲ့ဒါ စက်ဆုပ်စရာကောင်းတဲ့ မော့လင်အာလား"

လျိုချင်းယန်က လင်ရှောင်ရှောင်ကို တစ်ချက်ဝေ့ကြည့်ရင်း ကပ်၍ တိုးတိုး လေး မေးလိုက်သည်။

"ဟုတ်တယ်"

လင်ရှောင်ရှောင် အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

မြောင်ချင်းချင်းက ခပ်တိုးတိုးဖြင့်…

"ရှောင်ရှောင်က ပိုတော်တုန်းပဲ။ သူ့ထက် အများကြီး ပိုလှတယ်"

"ချန်အာ ပြောတာမှန်တယ်။ လာရောက်သူတိုင်းဟာ ဧည့်သည်ပဲ။ ကျေးဇူးပြုပြီး အထဲကြွပါ"

ဖုန်းကျိန့်ရှုံးက ရက်ရောစွာ ဖိတ်လိုက်သည်။

"မိသားစုခေါင်းဆောင်ဖုန်း... ခင်ဗျား မွေးနေ့ပွဲကို ကျုပ်တို့ကိုတောင် မဖိတ်ကြားဘူး။ ခင်ဗျားအတွက် ကျုပ်တို့က ဒီလောက် အရေးမပါဘူးလား"

ယန်ချင်းယွင်က အေးစက်စွာ မေးလိုက်သည်။

သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်နှင့် ဒေါသတို့ အနည်းငယ် ရစ်သိုင်းနေသည်။

ယန်ရှန်းကလည်း လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ကြည့်ရတာ မိသားစု ခေါင်းဆောင်ဖုန်းရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့ ရောက်လာတဲ့ လူ သိပ်မများဘူး နဲ့တူတယ်"

"ယန်ချင်းယွင်... မင်း ဒီကို ပြဿနာရှာဖို့ လာတာဆိုရင်တော့ အကြီးအကဲတွေက မင်းကို မကြိုဆိုဘူးကွ" လင်းထျန်းရှင်းက အေးစက်စွာ အော်ဟစ်လိုက်သည်။

ထိုသူတို့က အခမ်းအနားကို ဖျက်ဆီးရန် ရောက်လာကြသည်မှာ သိသာလှသည်။

"ပြဿနာရှာတယ် ဟုတ်လား။ ဟမ့်" ယန်ချင်းယွင်က လင်းထျန်းရှင်းကို မထီမဲ့မြင် တစ်ချက် ဝေ့ကြည့်လိုက်ပြီး ခက်ထန်စွာ ပြောလိုက်သည်။

"ဖုန်းမိသားစုက ယန်ကျုံးထျန်းနဲ့ ငါတို့ ယန်မိသားစုရဲ့ ကိုယ်ရံတော် တစ်ဒါဇင်ကျော်ကို သတ်ဖြတ်ခဲ့တယ်။ မင်းက ငါ ပြဿနာရှာနေတယ်လို့ ပြောရဲသေးလား"

"ဖုန်းဝူချန်... မင်းငါ့သားကို သတ်ခဲ့တယ်။ ငါ ဒီနေ့ မင်းကို သတ်ကို သတ်ရမယ်" မော့ယွမ်ခုံက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ သတ်ဖြတ်လိုစိတ်များ ကောင်းကင်သို့ တိုးထွက်သွားခဲ့သည်။

ထိုအခါ

ဖုန်းကျိန့်ရှုံးက ခက်ထန်စွာ တူံ့ပြန်လိုက်သည်။

"ဒါဆိုရင်တော့ မင်းရဲ့ စွမ်းရည်ကို ငါတို့ မြင်ကြရမှာပေါ့"

"မိသားစုခေါင်းဆောင်ဖုန်း... ထျန်းယန်

အကယ်ဒမီရဲ့ ကာကွယ်မှု မပါဘဲ ခင်ဗျားတို့ ဖုန်းမိသားစု ဒီနေ့ ပျက်စီးရလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီမတိုင်ခင်မှာ ကျုပ်တို့ မွေးနေ့လက်ဆောင်ကို အရင် တင်ဆက်ဖို့ လိုသေးတယ်။ ဒါက ရိုးရှင်းတဲ့ အရာတစ်ခု မဟုတ်ဘူး...။ တော်တော်လေး တန်ဖိုးကြီးတဲ့ ဖန်တီးမှုတစ်ခုပဲ" ယန်ချင်းယွင်က လှောင်ပြုံးဖြင့် ဆိုလိုက်သည်။

ထိုစကားများနှင့်အတူ ယန်မိသားစုမှ ကိုယ်ရံတော် အများအပြား ကြီးမားသော ခေါင်းတလားတစ်ခုကို ထမ်း၍ ဝင်လာကြပြီး ခြံဝင်းအလယ်တွင် ချထားလိုက်ကြသည်။

ကြီးမားသော အနက်ရောင် ခေါင်းတလားကို မြင်တွေ့လိုက်ရသောအခါ ဖုန်းကျိန့်ရှုံးနှင့် သူ၏ လူများ၏ မျက်နှာများ ချက်ချင်း မည်းမှောင်သွားကြပြီး ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

"မိသားစုခေါင်းဆောင်ဖုန်း... ဒီမွေးနေ့လက်ဆောင်ကို ခင်ဗျား ကျေနပ်ရဲ့လား" ယန်ချင်းယွင်က လှောင်ပြုံးဖြင့် မေးလိုက်သည်။

"ခေါင်းတလားက မဆိုးဘူးပဲ။ ယန်မိသားစုခေါင်းဆောင်ရဲ့ စေတနာကောင်းကို ကျေးဇူးတင်ပါတယ်" ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ ပြုံးရင်း ဆိုလိုက်သည်။ ခေါင်းတလားကို တစ်ချက် ဝေ့ကြည့်ပြီးနောက် သူက ထပ်ပြောသည်။

"ဒါပေမဲ့ ခေါင်းတလားက သေးလွန်းတယ်။ ခင်ဗျားတို့အားလုံးကို ကျွန်တော် ထည့်လို့ ဆံ့မှာမဟုတ်ဘူး။ ဖြစ်နိုင်ရင် မိသားစုခေါင်းဆောင်ယန်က ခေါင်းတလားတွေ ပိုလုပ်ထားသင့်တယ် မဟုတ်လား"

"ဘာကွ။ မောက်မာလိုက်တာ"

ယန်ထျန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ မျက်နှာမှာ အေးစက်နေပြီး အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်တစ်ခု သူ၏ ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားသည်။

"ဘုန်း"

ယန်ထျန်းက ခေါင်းတလား အဖုံးကို ကန်လိုက်ရာ လေးလံသော အဖုံးသည် ဖုန်းဝူချန်ထံသို့ လျင်မြန်စွာ ပျံထွက်သွားခဲ့သည်။

ဖုန်းဝူချန် ကြောက်ရွံ့မှု မပြခဲ့ပေ။ သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်ပြီး ခေါင်းတလားအဖုံးကို လွယ်ကူစွာ ဖမ်းဆုပ်လိုက်ကာ ယန်ထျန်း၏ စွမ်းအားကို ကုန်ဆုံးစေခဲ့သည်။

ယန်ထျန်းသည် အသွင်ပြောင်းဘုံ အဋ္ဌမအလွှာတွင် ရှိနေသော်လည်း သူ၏ အင်အားဖြင့် ဖုန်းဝူချန်ကို ခြေတစ်လှမ်း နောက်ဆုတ်စေရန်ပင် မစွမ်းနိုင်ခဲ့။

ဤအချက်က ဖုန်းဝူချန်၏ အင်အားသည် ယန်ထျန်းထက် မနည်းကြောင်း ဆိုလိုပေသည်။

မော့ခွန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

သူ၏ ပြင်းထန်သော အကြည့်က ဖုန်းဝူချန်အပေါ်တွင် စူးစိုက်နေခဲ့သည်။ ...'ဒီကောင်စုတ်လေးရဲ့ အင်အားက ပိုပြီးတောင် သန်မာလာသေးတယ်။'...

ဖုန်းဝူချန်က ခပ်ဖွဖွ ရယ်မောရင်း ဆိုလိုက်သည်။

“ဒီလောက် ကောင်းတဲ့ ခေါင်းတလားကို မပျက်စီးသင့်ဘူး။ မဟုတ်ရင် ခင်ဗျားတို့အားလုံးကို ဘယ်လိုလုပ် ထည့်လို့ရတော့မှာလဲ..ဟားဟား”

သူ၏ အကြည့် ယန်ထျန်းထံသို့ ပြန်ရောက်သွားသည့်အခါ ချက်ချင်းပင် ရက်စက်ကြမ်းကြုတ်သွားခဲ့သည်။

"မင်း အတော့်ကို မောက်မာလှချည်လား။ အစ်ကိုယန်ထျန်း... သူ့ကို သတ်ပစ်လိုက်"

ယန်ပုဖန်မှာ သူ့ဒေါသကို မထိန်းနိုင်တော့ဘဲ ဟိန်းဟောက်လိုက်သည်။

"ဟွန်း"

ယန်ထျန်း၏ မျက်နှာ ကြောက်မက်ဖွယ်ရာ ပုံပျက်ပန်းပျက် ဖြစ်သွားသည်။ သူ ဒေါသဖြင့် ပေါက်ကွဲထွက်ရန် အသင့်ဖြစ်နေခဲ့ပြီး ပြင်းထန်သော အေးစက်သည့် နှာမှုတ်သံတစ်ချက်ဖြင့် သူ၏ အစွမ်းကုန်သုံးကာ ဖုန်းဝူချန်ထံသို့ ပြေးဝင် တိုက်ခိုက်လေတော့သည်။ ဒါက သူ၏ အင်အားအပေါ် ထားရှိသော အလွန်ကြီးမားသည့် ယုံကြည်မှုကို ပြသနေလေသည်။

ယန်ထျန်းသည် မယုံကြည်နိုင်လောက်အောင် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ဖုန်းဝူချန်၏ ဦးခေါင်းကို လက်သီးတစ်ချက်ဖြင့် ပစ်မှတ်ထားလိုက်သည်။

သူ၏ လက်သီးတွင် ခရမ်းရောင်အလင်းတန်းများ လင်းလက်နေ၏။ အလွန် ကြမ်းတမ်းသော စွမ်းအားများ ပါဝင်နေကာ အလွန်ပင် ပြင်းထန်လှသည်။

"ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတယ်" လျိုချင်းယန်က မထီမဲ့မြင် ရှုတ်ချလိုက်၏။

"ဖုန်းဝူချန်... ဒီနှစ်အတွင်း မင်း ဘယ်လောက် တိုးတက်လာလဲ ကြည့်ကြသေးတာပေါ့" မော့လင်အာက သူမဘာသာ တွေးလိုက်ပြီး ဖုန်းဝူချန်ကို အေးစက် မောက်မာသော အကြည့်ဖြင့် ကြည့်နေခဲ့သည်။

မော့ခွန်း၊ ယန်ချင်းယွင်နှင့် အခြားသူများမှာလည်း တစ်နှစ်တာ ပျောက်ဆုံးနေခဲ့သော ဖုန်းဝူချန် မည်မျှ သန်မာလာခဲ့သည်ကို သိချင်စိတ် ပြင်းပြနေကြသည်။

"ယန်ထျန်း... မင်းခြေထောက်ရော ကောင်းသွားပြီလား" ဖုန်းဝူချန်က အေးစက်စွာ လှောင်ပြုံးဖြင့် မေးလိုက်သည်။ သူ၏ မျက်လုံးများမှာ ပို၍ပင် ပြင်းထန်စွာ တောက်ပနေခဲ့သည်။

"ဘုန်း"

"ခွပ်"

သူ စကားဆုံးသည်နှင့် ဖုန်းဝူချန်က လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ "ခွပ်" ခနဲ မြည်သံနှင့်အတူ သူ၏ လက်သီးသည် ယန်ထျန်း၏ လက်သီးနှင့် တိုက်မိသွားခဲ့သည်။

တိုက်မိသည့် အခိုက်အတန့်မှာပင် ရုတ်တရက် ကျွတ်ခနဲ မြည်သံတစ်ချက် ပဲ့တင်ထွက်လာခဲ့သည်။

အရိုးကျိုးသံပင်။

ခြံဝင်းတစ်ခုလုံး နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်ခဲ့သည်။

မည်သူ့အရိုး ကျိုးသွားခဲ့သနည်း။

All Chapters