အစွမ်းကုန် တုန်လှုပ်ခြင်း
Vol. 7 Ch. 99
~လင်ရှောင်ရှောင်၏ စကားလုံးများက ရှိနေသူအားလုံးကို ကျောက်ရုပ်ကြီးများပမာ မှင်တက်သွားစေခဲ့တော့၏။
အမြဲတမ်း နူးညံ့သိမ်မွေ့ပြီး နာခံတတ်ဟန်ရှိသော လင်ရှောင်ရှောင်သည် တစ်ခါ စကားစလိုက်သည်နှင့် မော့လင်အာကို လုံးဝ တန်ဖိုးမရှိသူ၊ အညတရတစ်ယောက်အဖြစ်သို့ ကျဆင်းသွားစေခဲ့လေသည်။
ဖုန်းဝူချန်ကိုယ်တိုင်ပင် အံ့အားသင့်စွာဖြင့် လင်ရှောင်ရှောင်ကို နောက်သို့ လှည့်ကြည့်မိလေ၏။ လင်ရှောင်ရှောင်က မော့လင်အာ၏ အပြစ်အနာအဆာများကို ဤမျှ တည့်တိုး ထောက်ပြရဲလိမ့်မည်ဟု သူ မယုံကြည်နိုင်ခဲ့ပေ။
ထိုအခိုက်အတန့်၌ပင် ဖုန်းဝူချန်သည် သူ့အတွက် ရှေ့ထွက်ရပ်တည်ပေးခဲ့သော လင်ရှောင်ရှောင်ကို ရင်ထဲမှ လှိုက်လှဲစွာ ကျေးဇူးတင်သွားမိတော့သည်။
"အဆင့်အတန်းဆိုတာ လူတွေက လေးစားကြည်ညိုလို့ ရလာတာ...။ နင် အခုလုပ်နေသလို တွင်တွင်ကြွားလုံးထုတ်ဖို့၊ သူများနဲ့ လိုက်နှိုင်းယှဉ်ဖို့ မဟုတ်ဘူး။ နင့်အဆင့်အတန်းကို နင် သိပ်မြင့်တယ် ထင်နေတာလား။ ဒါဆို... အစ်ကိုကြီးဖုန်းရဲ့ လက်ရှိဂုဏ်ပုဒ်က ဘာလဲဆိုတာ နင်သိကော သိရဲ့လား။ နင့်မျက်လုံးထဲမှာ နင်က အကောင်းဆုံးပဲ... တခြားလူတွေက ဘာမှမဟုတ်ဘူး။ နင်က နင့်ရဲ့ မာနတရားကို ကျေနပ်စေဖို့ တခြားလူတွေကို စော်ကားရုံသက်သက်ပဲ" လင်ရှောင်ရှောင်က ဆက်လက်၍ ပြောဆိုရင်း မော့လင်အာကို တစ်စက်မျှ မျက်နှာသာ မပေးခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် လင်ရှောင်ရှောင်သည် မော့လင်အာ လွန်ကဲနေပြီဟု ခံစားမိသောကြောင့် ဖြစ်၏။
...
"မမလေးလင်... ပြောတာမှန်လိုက်တာဗျာ" လျိုချင်းယန်က စိတ်လှုပ်ရှားစွာဖြင့် လင်ရှောင်ရှောင်ကို လက်မထောင်ပြလိုက်လေသည်။
ဖုန်းမိသားစုထံမှ အားပေးသြဘာပေးသံများ ထွက်ပေါ်လာခဲ့၏။
လင်ရှောင်ရှောင်၏ စကားလုံးများက သူတို့ကို အတိုင်းမသိ ကျေနပ်မှု ရရှိစေခဲ့သည်။
မော့လင်အာသည် အမှန်တကယ်ပင် လွန်လွန်းနေခဲ့ပြီး ဖုန်းမိသားစုမှ လူများသည် ကြာမြင့်စွာကတည်းက သည်းမခံနိုင် ဖြစ်နေခဲ့ကြသည်။
ရှောင်ချင်းချင်းပင်လျှင် ချီးကျူးစကား မဆိုဘဲ မနေနိုင်တော့ဘဲ လင်ရှောင်ရှောင်အပေါ် ပို၍ သဘောကျ နှစ်သက်လာမိလေတော့သည်။
မော့မိသားစု အထက်ပိုင်းလူကြီးများ၏ မျက်နှာများမှာ မည်းမှောင်လွန်းလှသဖြင့် ရေစက်များပင် ယိုစီးကျလာနိုင်သယောင် ထင်ရတော့၏။
မော့လင်အာသည် မော့ခွန်း၏ လက်ဖဝါးပေါ်မှ ပုလဲလေးတစ်လုံး ဖြစ်ပါ၏။
မော့ခွန်းက သူမအား ငယ်စဉ်ကတည်းက အလွန်အမင်း အလိုလိုက်ခဲ့သည် မဟုတ်ပါလား။ အခြားသူများက သူ၏ ရတနာလေးကို ဤသို့ စော်ကားသည်ကို မော့ခွန်း မည်သို့ သည်းခံနိုင်မည်နည်း။
သို့ဖြစ်သော်ငြားလည်း... လက်ရှိအခြေအနေအရ ယန်မိသားစုနှင့် မော့မိသားစုတို့ လက်တွဲလိုက်လျှင်ပင် သူတို့သည် လက်ရှိ ဖုန်းမိသားစု၏ ပြိုင်ဘက် ဖြစ်နိုင်ဖွယ်မရှိချေ။
လင်းမိသားစုနှင့် ဝမ်ပေါင်ကုန်တိုက်တို့၏ အကူအညီအပြင် လျှို့ဝှက်ဆန်းကြယ်စွာ အစွမ်းထက်သော လင်ရှောင်ရှောင်နှင့် မခန့်မှန်းနိုင်သော ဖုန်းဝူချန်တို့ ပေါင်းထည့်လိုက်ပါက ဖုန်းမိသားစု၏ အင်အားမှာ အားနည်းမည် မဟုတ်သည်မှာ ယုံမှားဖွယ်မရှိချေ။
သို့သော် မော့ခွန်းမှာမူ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် အလျင်လိုခြင်း အရိပ်အယောင် မပြခဲ့ပေ။
...'ချန်အာမှာ ဘာဂုဏ်ပုဒ်များ ရှိနေသေးလို့လဲ'..
အဖေဖြစ်သူ ဖုန်းကျိန့်ရှုံးသည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
ကြည့်ရသည်မှာ လင်ရှောင်ရှောင်က ဖုန်းဝူချန်၏ လက်ရှိ အဆင့်အတန်းကို သိနေပုံရလေသည်။
ဖုန်းချန်ယန်လည်း မျက်မှောင်ကြုတ်လိုက်မိပြီး လင်ရှောင်ရှောင် နောက်ဆုံး ပြောလိုက်သော စကားများကို အလွန် အာရုံစိုက်နေခဲ့သည်။
လင်ရှောင်ရှောင်သည် ထက်မြက်စွာ ပြောဆိုခဲ့ပြီး ဝါကျတိုင်းမှာ အသည်းနှလုံးကို ထုတ်ချင်းပေါက် ထိုးစိုက်သွားသဖြင့် မော့လင်အာမှာ ထိုနေရာတွင် လုံးဝ မှင်သက်မိနေခဲ့တော့၏။
အမြဲတမ်း အခြားသူများကို အထင်သေးခဲ့သော မော့လင်အာသည် ဒီအဖြစ်ကို မည်သို့ လက်ခံနိုင်မည်နည်း။
လင်ရှောင်ရှောင်၏ စကားလုံးများက မော့လင်အာ၏ မာနတရား တစ်ခုလုံး တစ်ချိန်တည်းတွင် ကြေမွသွားသကဲ့သို့၊ လင်ရှောင်ရှောင်၏ ခြေအောက်တွင် ရက်စက်စွာ နင်းခြေခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေ၏။
ယန်နှင့် မော့မိသားစုမှ လူများမှာလည်း လင်ရှောင်ရှောင် ထျန်းယွင်ဂိုဏ်းမှ တပည့် တစ်ဦးကို ဤသို့ စော်ကားရဲလိမ့်မည်ဟု မယုံကြည်နိုင်ခဲ့ကြပေ။
ကောင်မလေးသည် ထျန်းယွင်ဂိုဏ်းကို စော်ကားရန် မကြောက်ရွံ့လေသလော။
သို့သော် ရှိနေသူများထဲမှ မည်သူမျှ လင်ရှောင်ရှောင်ကို ရင်ဆိုင်ရန် မဝံ့ရဲကြပေ။
သူမ၏ မည်သူမည်ဝါဖြစ်မှုကို ဘေးဖယ်ထားဦး...။
သူမ၏ ယွမ်တန်ဘုံ ပထမအလွှာ ကျင့်ကြံမှု တစ်ခုတည်းဖြင့်ပင် ရှိနေသူအားလုံးကို တားဆီးရန် လုံလောက်နေခဲ့သည်။
"နင်... နင် တကယ်ပဲ ငါ့ကို စော်ကားရဲတယ် ဟုတ်လား"
မော့လင်အာသည် လင်ရှောင်ရှောင်ကို မှင်သက်စွာ စိုက်ကြည့်နေမိပြီး သူမ၏ အသံမှာ တုန်ယင်နေခဲ့သည်။
သူမ ဘယ်အချိန်က ဤသို့ စော်ကားခံခဲ့ရဖူးသနည်း။
သူမ ဘယ်အချိန်က ဤမျှ အရှက်ရခဲ့ဖူးသနည်း။
လင်ရှောင်ရှောင်ထံမှ စော်ကားမှုများနှင့် ထိုးနှက်မှုများမှာ မော့လင်အာ သည်းခံနိုင်သည်ထက် ပိုလွန်နေခဲ့လေပြီ။
လင်ရှောင်ရှောင်က အေးစက်စွာ မှတ်ချက်ချလိုက်၏။
"နင့်ကို ကုစားလို့ မရတော့ဘူး။ နင့်နှလုံးသားထဲမှာ မာနတရားက လွဲပြီး ဘာမှ မရှိတော့ဘူး"
"ဘာအခြေခံနဲ့ ငါ့ကို စော်ကားတာလဲ။ နင်က ဘာမို့လို့လဲ။ ငါ့ကို စော်ကားဖို့ နင့်မှာ ဘာအခွင့်အရေး ရှိလို့လဲ"
မော့လင်အာက အလွန်အမင်း ဒေါသတကြီး ရန်တွေ့
လိုက်တော့သည်။
လင်ရှောင်ရှောင်သည် စိတ်လှုပ်ရှားကာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသော မော့လင်အာကို နောက်ထပ် အာရုံမစိုက်တော့ပေ။
"လင်အာ"
မော့လင်အာ တဖြည်းဖြည်း ထိန်းမရသိမ်းမရ ဖြစ်လာသည်ကို မြင်သောအခါ မော့ခွန်းက အလျင်အမြန် အော်ဟစ်လိုက်ပြီး နောက်သို့ ဆွဲကာ အသံတိုးတိုးဖြင့် ကြိမ်းမောင်းလိုက်သည်။
"မင်း အရှက်ကွဲတာ မလုံလောက်သေးဘူးလား"
မော့ခွန်း၏ ကြိမ်းမောင်းမှုကြောင့် မော့လင်အာ ခဏတာ သတိပြန်ဝင်လာသော်လည်း သူမ၏ မျက်လုံးများထဲမှ သတ်ဖြတ်လိုစိတ်နှင့် နာကြည်းမှုများမှာ ပို၍ပင် ပြင်းထန်လာခဲ့တော့သည်။
အဆုံးတွင် မော့လင်အာသည် လင်ရှောင်ရှောင်၏ ပါရမီနှင့် အလှအပကို မနာလိုဖြစ်နေခဲ့ခြင်း ဖြစ်၏။
သူမသည် ဖုန်းဝူချန် သူမထက် ပိုကောင်းသော တစ်ယောက်ကို ရှာတွေ့သွားသည်ကို မုန်းတီးခဲ့ပြီး ဖုန်းဝူချန်၏ ကျင့်ကြံမှု သူမကို ကျော်လွန်သွားသည်ကို ပို၍ပင် မုန်းတီးခဲ့သည်။
ဤအရာအားလုံးသည် မော့လင်အာ၏ မာနကြီးသောစိတ်၊ လောဘတရား၏ သားကောင်ဖြစ်သော စိတ်မှ ပေါက်ဖွားလာခဲ့ခြင်း ဖြစ်၏။
အမြဲတမ်း မိမိကိုယ်ကိုသာ ထိပ်တန်းဟု ထင်မှတ်ပြီး မထီမဲ့မြင်ပြုတတ်သော မော့လင်အာသည် အခြားမည်သူမျှ သူမထက် ပိုကောင်းသည်ကို ခွင့်မပြုနိုင်ဟု ယုံကြည်ထားခဲ့သည်။
သူမတစ်ယောက်တည်းသာ အကောင်းဆုံး ဖြစ်ရမည်။
...'လင်ရှောင်ရှောင်။ ဖုန်းဝူချန်။ ငါ မော့လင်အာ ကျိန်ဆိုတယ်။ ငါ နင်တို့နှစ်ယောက်ကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး။ ဘယ်တော့မှပဲ။'...
မော့လင်အာက သူမ၏ စိတ်ထဲတွင် ပြင်းထန်စွာ ကျိန်ဆိုနေခဲ့ပြီး နှလုံးသားထဲမှာ အဆိပ်ပြင်းသော မုန်းတီးမှုများ ပို၍ ပို၍ တိုးပွားလာခဲ့သည်။
လူအုပ်စုနှစ်ခု ထိပ်တိုက်ရင်ဆိုင်နေချိန်မှာပင် ကြီးမားသော တပ်ဖွဲ့တစ်ဖွဲ့သည် ကြီးကျယ်သော အရှိန်အဟုန်ဖြင့် ပြိုင်ဘက်ကင်းမြို့ထဲသို့ ဝင်ရောက်လာခဲ့ပြီး ဖြစ်လေသည်။
“ကလောက်၊ ကလောက်”
ပြိုင်ဘက်ကင်းမြို့၏ လမ်းမများပေါ်တွင် သံမြင်းခွာသံပေါင်းများစွာ ပဲ့တင်ထပ်သွား၏။
ခမ်းနားထည်ဝါသော အငွေ့အသက်...။ သံမဏိကဲ့သို့ အေးစက်သော စစ်အင်အား၏ တည်ရှိမှုက ကြည့်ရှုသူများ၏ နှလုံးသားထဲသို့ ကြောက်ရွံ့မှုကို ထိုးနှက် ပေးပို့နေခဲ့သည်။
...'ဘုရား... ဘုရား... စစ်တပ်ကြီးပါလား'...
လူအုပ်ထဲမှ တစ်ယောက် မသိမသာ ရေရွတ်လိုက်မိ၏။
"အင်ပါယာရဲ့ ကောင်းကင်အရိပ် ယန်ဟော် မြင်းသည်တော်တပ်ဖွဲ့"
"အလံနက်တပ်မတော်"
ပြိုင်ဘက်ကင်းမြို့၏ လမ်းမများပေါ်တွင် လူအုပ်ကြီးမှာ ကြောက်ရွံ့ထိတ်လန့်ရသလို စိတ်လှုပ်ရှားရသလိုလည်း ဖြစ်နေကြပြီး သူတို့၏ ကြွေးကြော်သံများမှာ ဆက်တိုက် ထွက်ပေါ်နေခဲ့သည်။
သို့သော် ပြိုင်ဘက်ကင်းမြို့မှ လူများကို စိတ်ရှုပ်ထွေးစေသည်မှာ အင်ပါယာ၏ အတော်ဆုံး စစ်သည်များ အဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိလာရသနည်း။
မည်သည့် ရည်ရွယ်ချက်အတွက်နည်း။
ကောင်းကင်အရိပ် ယန်ဟော် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်တို့သည် ဖုန်းနေအိမ်တော်သို့ တည့်တည့်မတ်မတ် ဦးတည်လာခဲ့ကြပြီး သူတို့ကို ဦးဆောင်လာသူမှာ တပ်မှူး ဟွမ်ယန် ဖြစ်လေသည်။
ဖုန်းမိသားစု အိမ်တော်ကြီးရှေ့တွင် ခန့်ညားထည်ဝါသော စစ်မြင်းများ တဒုန်းဒုန်း စီးနင်းလာသည်ကို မြင်တွေ့လိုက်ရသောအခါ လူတိုင်း တုန်လှုပ်ခြောက်ခြားကာ ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားကြသည်။
"ဒါ... ဒါ ကောင်းကင်အရိပ် ယန်ဟော်မြင်းသည်တော်တပ်ဖွဲ့။ ပြီးတော့ အလံနက်တပ်မတော်" ဖုန်းမိသားစု အစောင့်များ အသက်ရှူဖို့ပင် မေ့သွားကြတော့သည်။
ယန်နှင့် မော့မိသားစုမှ လူများအပြင် စူးစမ်းကြည့်ရှုရန် ရောက်ရှိလာကြသော ကြည့်ရှုသူများအားလုံး ထိတ်လန့်တကြား နောက်ဆုတ်သွားကြ၏။
"ကောင်းကင်အရိပ် ယန်ဟော်မြင်းသည်တော်တပ်ဖွဲ့နဲ့ အလံနက်တပ်မတော်က ပြိုင်ဘက်ကင်းမြို့ကို ဘာလို့ ရောက်လာကြတာလဲ။ ဘာတွေဖြစ်နေတာလဲ။ သူတို့ ဖုန်းမိသားစုဆီ လာကြတာတော့ မဟုတ်ဘူးမလား" လူတိုင်း စိတ်ရှုပ်ထွေးစွာဖြင့် တွေးတောနေကြသည်။
"မသက်ဆိုင်တဲ့လူတွေ ခြေလှမ်းဆယ်လှမ်း နောက်ဆုတ်။ အမိန့်မနာခံရင် သတ်ပစ်မယ်" ဟွမ်ယန်က သူ၏ အမိန့်ကို ဟိန်းဟောက်လိုက်ရာ တစ်လုံးတစ်ပါဒမျှ ယုံမှားသံသယဖြစ်ဖွယ် မရှိခဲ့ပေ။
လူအုပ်ကြီး ထိတ်လန့်တကြား နောက်ဆုတ်သွားကြ၏။ မည်သူမျှ ဟွမ်ယန်၏ အမိန့်ကို မလိုက်နာဘဲ မနေဝံ့ကြပေ။
ဟွမ်ယန်နှင့် အလံနက်တပ်မတော်၏ ခေါင်းဆောင်တို့ မြင်းပေါ်မှ ဆင်းလိုက်ကြပြီး ဖုန်းနေအိမ်တော်ဆီသို့ လျှောက်လှမ်းသွားကြသည်။ အခြားသူများမှာမူ ထိုနေရာတွင်ပင် အသင့်အနေအထားဖြင့် ရပ်နေကြ၏။
ဟွမ်ယန်က ဖုန်းမိသားစု အစောင့်တစ်ဦးအား မှာကြားလိုက်သည်။ "ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့ ခေါင်းဆောင် ဟွမ်ယန်ပါ။ မွေးနေ့ပွဲ ဂုဏ်ပြုဖို့ လာတာ။ ကျွန်တော့်ရဲ့ ရောက်ရှိကြောင်းကို သတင်းပို့ပေးပါ"
ဖုန်းမိသားစု၏ ခြံဝန်းကျယ်ကြီးအတွင်းတွင် လူတိုင်း သံမြင်းခွာသံများ ဆက်တိုက် ကြားနေရပြီး အားလုံး အလွန်အမင်း တုန်လှုပ်ခြောက်ခြားနေကြသည်။
"အဲ့ဒါ ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့ အလံနက်တပ်မတော်ရဲ့ အသံတွေလား"
"ဟုတ်တယ်။ သူတို့က အင်ပါယာရဲ့ အတော်ဆုံး စစ်သည်တွေပဲ"
"ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့ အလံနက်တပ်မတော်က ဘာလို့ ရောက်လာကြတာလဲ"
ခြံဝင်းထဲတွင် လူတိုင်း အလွန်အမင်း စိတ်ရှုပ်ထွေးနေကြပြီး မည်သူမျှ အခြေအနေကို ရှင်းလင်း မပြောပြနိုင်ခဲ့ပေ။
ဖုန်းကျိန့်ရှုံးသည် အလွန်အမင်း စိတ်ရှုပ်ထွေးသွားပြီး မျက်မှောင်ကြုတ်ကာ အတွေးနက်နေမိသည်။ ...'ဧကရာဇ်ရဲ့ အတော်ဆုံး စစ်သည်တွေက ပြိုင်ဘက်ကင်းမြို့ကို တစ်ခါမှ ခြေမချဖူးဘူး။ ဘာဖြစ်လို့ ဒီနေ့ ဖုန်းမိသားစုဆီ ရောက်လာကြတာလဲ။'...
...'ဘာလို့ သူတို့ ရောက်လာရတာလဲ'... ဖုန်းဝူချန် သူ့နှလုံးသားထဲတွင် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။
လူတိုင်း စိတ်ရှုပ်ထွေးနေကြစဉ်မှာပင် ဖုန်းမိသားစု အစောင့်တစ်ဦး ရုတ်တရက် စိတ်လှုပ်ရှားပြီး မယုံကြည်နိုင်သော အော်ဟစ်သံကြီးဖြင့် ကြွေးကြော်လိုက်လေသည်။
"ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့ ခေါင်းဆောင် ဟွမ်ယန်နဲ့ အလံနက်
တပ်မတော် ခေါင်းဆောင် လွမ်ရှန်းတို့... မွေးနေ့ပွဲ ဂုဏ်ပြုဖို့ ရောက်လာကြပါပြီ"
"မွေးနေ့ပွဲ ဂုဏ်ပြုဖို့ ဟုတ်လား" ဖုန်းမိသားစု အစောင့်၏ အသံကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်နှာများ နောက်တစ်ကြိမ် အကြီးအကျယ် ပြောင်းလဲသွားကြပြီး သူတို့၏ မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်သွားကြတော့သည်။
ဖုန်းကျိန့်ရှုံးမှာ လုံးဝ မှင်တက်သွားခဲ့ပြီး ရှောင်ချင်းချင်းနှင့် အကြီးအကဲများထဲမှ ဖုန်းချန်ယန်တို့မှာလည်း အတူတူပင် အံ့အားသင့်နေကြသည်။
ဖုန်းမိသားစုသည် ဧကရာဇ်၏ အတော်ဆုံး စစ်သည်များနှင့် ဘယ်အချိန်က ဆက်ဆံရေး ရှိသွားခဲ့သနည်း။
ဖုန်းမိသားစုထဲမှ မည်သူမျှ ကောင်းကင်အရိပ် မြင်းသည်တော် တပ်ဖွဲ့ သို့မဟုတ် အလံနက် တပ်မတော်ကို မသိကြသလို သူတို့ထဲမှ အဖွဲ့ဝင်လည်း မဟုတ်ခဲ့ပေ။
"ရတနာခုနစ်ပါး ချီစုစည်း ဆေးလုံးကြောင့် ဖြစ်နိုင်မလား"
ဖုန်းချန်ယန်က မျက်မှောင်ကြုတ်ရင်း ခန့်မှန်းလိုက်လေသည်။
သို့သော် ဒါက မဖြစ်နိုင်ဟု ထင်ရ၏။ အကယ်၍ ဖုန်းမိသားစုက ရတနာခုနစ်ပါး ချီစုစည်းဆေးလုံး ဖော်စပ်နည်းကို အင်ပါယာအား ပေးအပ်ခဲ့လျှင်ပင် ထိုအချက်သည် ဧကရာဇ်၏ အတော်ဆုံး စစ်သည်များကို မွေးနေ့ပွဲ ဂုဏ်ပြုရန် လာရောက်စေလောက်အောင် လုံလောက်မည် မဟုတ်ပါ။
ထို့အပြင် ယနေ့ ဖုန်းကျိန့်ရှုံး၏ အသက်ငါးဆယ်ပြည့် မွေးနေ့ဖြစ်သည်ကို သူတို့ မည်သို့ သိရှိနိုင်မည်နည်း။
သံချပ်ကာဝတ်စုံများ ဝတ်ဆင်ထားပြီး ခန့်ညားထည်ဝါနေသော ဟွမ်ယန်နှင့် လွမ်ရှန်းတို့သည် သူတို့၏ ဦးခေါင်းများကို မော့ထားရင်း ခြံဝင်းထဲသို့ လျှောက်လှမ်း
ဝင်ရောက်လာကြရာ ယန်နှင့် မော့မိသားစုမှ လူများ ဘေးသို့ ဖယ်ပေးလိုက်ကြရသည်။
သူတို့နှစ်ဦးသည် ပထမဦးစွာ ဖုန်းဝူချန်ကို ရိုသေစွာ တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ဖုန်းကျိန့်ရှုံးထံသို့ လက်သီးဆုပ် အရိုအသေပေးလိုက်ကြသည်။
"ဟွမ်ယန်နဲ့ လွမ်ရှန်းတို့ဟာ ဗိုလ်ချုပ်ကြီးရဲ့ အမိန့်အရ ဖုန်းမိသားစုခေါင်းဆောင်ရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့ ရောက်လာတာပါ...။ ခင်ဗျားရဲ့ ကျင့်ကြံမှုတွေ ဆက်ပြီး အရှိန်အဟုန်နဲ့ တိုးတက်ပါစေလို့ မျှော်လင့်ပါတယ်"
"ဗိုလ်ချုပ်ကြီး ဟုတ်လား" လူတိုင်း ကျောက်ရုပ်ကြီးများပမာ ငြိမ်သက်လျက် နောက်တစ်ကြိမ် နက်နက်ရှိုင်းရှိုင်း တုန်လှုပ်သွားကြပြန်သည်။
မော့ခွန်း၊ ယန်ချင်းယွင်နှင့် အခြားသူများ၏ မျက်နှာများမှာ တောင့်တင်းနေကြ၏။
အင်ပါယာ၏ ဗိုလ်ချုပ်ကြီးက သူတို့ကို ဖုန်းကျိန့်ရှုံး၏ မွေးနေ့ကို ဂုဏ်ပြုရန် လွှတ်လိုက်သည်ကို သူတို့ လုံးဝ မယုံကြည်နိုင်ခဲ့ကြပေ။
ဖုန်းကျိန့်ရှုံး ကိုယ်တိုင်လည်း မှင်တက်မိနေခဲ့သည်။ ဗိုလ်ချုပ်ကြီးက သူ၏ မွေးနေ့ကို ဂုဏ်ပြုရန် အင်ပါယာ၏ အတော်ဆုံး တပ်ဖွဲ့များကို အမှန်တကယ် လွှတ်လိုက်သည်တဲ့။
ဖုန်းကျိန့်ရှုံးသည် သူ အိပ်မက်မက်နေသကဲ့သို့ မယုံကြည်နိုင်လောက်အောင် ဂုဏ်ယူမိသွားပြီး အလျင်အမြန်ပင် ပြုံးကာ တုံ့ပြန်လိုက်သည်။ "ဗိုလ်ချုပ်ကြီးကို ကျေးဇူးအများကြီး တင်ပါတယ်"
"ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့ အလံနက်တပ်မတော်တို့က ဖုန်းမိသားစုခေါင်းဆောင်ရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့ ရောက်လာကြတာပါ" ထိုအခိုက်အတန့်တွင် ဖုန်းမိသားစု တံခါးများ အပြင်ဘက်မှ ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်တို့မှ စစ်သည်များ၏ မွေးနေ့ဂုဏ်ပြုစကားများ ထွက်ပေါ်လာခဲ့သည်။ သူတို့၏ အားကောင်းသော အသံများမှာ မြေကြီးကို တုန်ခါစေပြီး ကြောက်ရွံ့ထိတ်လန့်ဖွယ် ကောင်းလှ၏။
ဖုန်းနေအိမ်တော် အပြင်ဘက်မှ လူအုပ်ကြီးမှာ မှင်တက်မိနေကြ၏။ အင်ပါယာ၏ အတော်ဆုံး စစ်သည်များက အမှန်တကယ်ပင် ဖုန်းကျိန့်ရှုံး၏ မွေးနေ့ကို ဂုဏ်ပြုရန် ရောက်ရှိလာခဲ့ကြသည်တဲ့။
"ဖုန်းမိသားစုက အင်ပါယာအတွက် အကျိုးပြုခဲ့တာတွေ ရှိတယ်။ နန်းတွင်းအကြံပေးကြီးက ဖုန်းမိသားစုကို ရွှေဒင်္ဂါး သန်းတစ်သောင်း၊ ရွှေဝိညာဉ်ဆေးလုံး သုံးရာနဲ့ အဆင့်မြင့်လက်နက် တစ်ရာကို အထူး ချီးမြှင့်လိုက်ပါတယ်။ လက်ဆောင်တွေ ယူလာခဲ့စေ"
ဟွမ်ယန်က ခန့်ညားသော အသံဖြင့် ကြေညာလိုက်ပြီးနောက် ဖုန်းဝူချန်ကို မျက်ခုံးပင့်ပြကာ အရိပ်အမြွက်ပြလိုက်လေသည်။
ထိုအခါ ဖုန်းဝူချန်မှာ မရယ်ဘဲ မနေနိုင်သလို ငိုချင်စိတ်လည်း ပေါက်လာခဲ့သော်လည်း သူ၏ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း နွေးထွေးသွားမိသည်။
"ဟူး..."
လက်ဆောင်များအကြောင်း ကြားသောအခါ ရှိနေသူအားလုံး အေးစက်သော လေကို ရှူသွင်းလိုက်ကြ၏။
မကြာမီမှာပင် အတော်ဆုံး စစ်သည်အချို့ လက်ဆောင်များကို ယူဆောင်လာခဲ့ကြသည်။ သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းထားသော ရွှေဒင်္ဂါး သန်းတစ်သောင်းမှ လွဲ၍ အခြား ရတနာများမှာ ခင်းကျင်းပြသထားရာ အလွန်ပင် မျက်စိကျိန်းလှသည်။
ဖုန်းမိသားစု တစ်ခုလုံး ဤလက်ဆောင်များကြောင့် မှင်တက်သွားခဲ့ကြ၏။
…ဒါ... ဒါ အရမ်းများလွန်းနေတာ မဟုတ်ဘူးလား။…
ဟွမ်ယန်က ရိုသေစွာ အသိပေးလိုက်၏။
"မိသားစုခေါင်းဆောင်ဖုန်း... ဒါက နန်းတွင်းအကြံပေးကြီးရဲ့ သဘောထားပါပဲ"
"ကျေး... ကျေးဇူးတင်ပါတယ်... နန်းတွင်းအကြံပေးကြီး ခင်ဗျာ"
ဖုန်းကျိန့်ရှုံးမှာ တုန်လှုပ်လွန်း၍ တုန်ယင်နေခဲ့သည်။
ဖုန်းကျိန့်ရှုံး မမိုက်မဲခဲ့ပါ။ သူ သိသည်မှာ ဖုန်းမိသားစုသည် သေးငယ်သော မျိုးနွယ်စုတစ်ခုသာ ဖြစ်ပြီး အင်ပါယာက သူတို့ကို ဤမျှ မျက်နှာသာပေး ဆက်ဆံမည် မဟုတ်ကြောင်းပင်။ သို့သော် သူ အဖြေရှာမရခဲ့ပေ။
"ရှောင်ရှောင်... အမှန်အတိုင်းပြော... ဒါ သမီး စီစဉ်တာလား။ ချန်အာက အစောတုန်းက သမီး ဦးလေးဖုန်းအတွက် လက်ဆောင်ကောင်းတစ်ခု ပြင်ဆင်ထားတယ်လို့ ပြောခဲ့တယ်လေ။ အဲ့ဒါ သူတို့ကို ရည်ညွှန်းတာလား" သူမ၏ တုန်လှုပ်မှုမှ သက်သာရာရပြီးနောက် ရှောင်ချင်းချင်းက လင်ရှောင်ရှောင်ကို အသံတိုးတိုးဖြင့် လျင်မြန်စွာ မေးလိုက်လေသည်။
လင်ရှောင်ရှောင်က ခေါင်းခါရင်း ပြုံးလိုက်၏။ "ဒေါ်လေးရှောင်... သမီးမှာ အဲ့ဒီလောက် စွမ်းရည်မရှိပါဘူး။ ပြီးတော့ သမီး သူတို့ကိုလည်း မသိဘူး"
"ချန်အာ ဖြစ်နိုင်မလား။ ဒါပေမဲ့ ဒါလည်း မဟုတ်သေးဘူး။ ချန်အာက ဧကရာဇ် တော်ဝင်မိသားစုက ဘယ်သူ့ကိုမှ မသိဘူး။ ကမ္ဘာပေါ်မှာ ဘယ်သူကများ အင်ပါယာရဲ့ ဗိုလ်ချုပ်ကြီးကို မွေးနေ့ပွဲ ဂုဏ်ပြုဖို့ တစ်ယောက်ယောက် လွှတ်ခိုင်းနိုင်မှာတဲ့လဲ"
ရှောင်ချင်းချင်းသည် အင်ပါယာ၏ ဗိုလ်ချုပ်ကြီးကို ဤသို့ အမိန့်ပေးစေခိုင်းနိုင်သူ မည်သူဖြစ်မည်ကို အမှန်တကယ် စဉ်းစား၍ မရနိုင်ခဲ့ပေ။
ဟွမ်ယန်က မော့နှင့် ယန်မိသားစုမှ လူများကို တစ်ချက် အကဲခတ်
လိုက်ပြီးနောက် ဖုန်းကျိန့်ရှုံးကို မေးမြန်းလိုက်သည်။
“မိသားစုခေါင်းဆောင်ဖုန်း... သူတို့က ပြဿနာရှာဖို့ ဒီကို ရောက်နေကြတာလားဗျ”
ဤစကားကို ကြားသောအခါ မော့ခွန်း၊ ယန်ချင်းယွင်နှင့် အခြားသူများ၏ မျက်နှာအမူအရာများ အကြီးအကျယ် ပြောင်းလဲသွားကြလေ၏။
"ခေါင်းဆောင်ဟွမ်ယန်... သူတို့ တကယ်ပဲ ပြဿနာရှာဖို့ လာကြတာပါ။ ဒီအခွင့်အရေးကို အသုံးချပြီး ကျွန်တော်တို့ ဖုန်းမိသားစုကို ချေမှုန်းပစ်ဖို့ ကြည့်နေကြတာ"
ဖုန်းကျိန့်ရှုံး စကားမပြောမီမှာပင် ဖုန်းမိသားစု အစောင့်တစ်ဦးက ဒေါသတကြီး ဝင်ရောက်
ပြောဆိုလိုက်သည်။
“ဟုတ်ပါတယ်။ ဟွမ်ဖူမိသားစုနဲ့ ထျန်းယွင်ဂိုဏ်းရဲ့ အထောက်အပံ့ကို အခွင့်ကောင်းယူပြီး သူတို့က ကျွန်တော်တို့ မိသားစုခေါင်းဆောင်ရဲ့ မွေးနေ့မှာ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားကြတာပါ” အခြားအစောင့် တစ်ဦးကလည်း ထပ်လောင်း
ပြောဆိုလိုက်၏။
လွမ်ရှန်းက ဖုန်းဝူချန်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ပြုံးရင်း မှတ်ချက်ချလိုက်သည်။
"ဒါဆို ထျန်းယွင်ဂိုဏ်းက ခင်ဗျားတို့ကို ကျောထောက်နောက်ခံ ပေးထားတာကိုး"
"ရှင်တို့ ဝင်မစွက်ဖက်တာ ကောင်းလိမ့်မယ်။ ကျွန်မက ထျန်းယွင်ဂိုဏ်းက တပည့်"
မော့လင်အာက ဟွမ်ယန်ကို အေးစက်စွာ မာန်မဲလိုက်လေသည်။
ဟွမ်ယန်မှာမူ ခြိမ်းခြောက်မှုကြောင့် လုံးဝ မတုန်လှုပ်သွားဘဲ လှောင်ပြောင်
လိုက်သည်။
"မင်းက ထျန်းယွင်ဂိုဏ်းက တပည့် ဟုတ်လား၊ မဟုတ်လား ငါ စိတ်မဝင်စားဘူး။ ငါ ဘာလုပ်ရမယ်ဆိုတာကို မင်း လာပြီး ညွှန်ကြားဖို့ မလိုဘူး"
ထိုစဉ်မှာပင် သြဇာအာဏာ အပြည့် ပါသော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ကြောက်ခမန်းလိလိ အင်အားကြီး အရှိန်အဝါ တစ်ခု အပြင်ဘက်မှ ပေါက်ကွဲလာခဲ့တော့သည်။
“အင်ပါယာရဲ့ အတော်ဆုံး စစ်သည်တွေ ဘာလုပ်ချင်လဲဆိုတာကို ဒီအဘိုးကြီးက တွေ့မြင်ချင်သေးတယ်”
“ယွမ်တန်ဘုံ ပဉ္စမအလွှာ”
ထို ကြောက်မက်ဖွယ်ရာ အရှိန်အဝါအား ခံစားမိသောအခါ ဖုန်းကျိန့်ရှုံးနှင့် အခြားသူများ၏ မျက်နှာ အမူအရာများ လေးနက်သွားကြလေ၏။
"ဟွမ်ဖူ မိသားစု ရောက်လာပြီ"
မော့နှင့် ယန်မိသားစုဝင်များ ချက်ချင်းပင် ဝမ်းသာအယ်လဲ ဖြစ်သွားကြပြီး ယခင်က စိတ်ပျက်အားငယ်မှုနှင့် ကြောက်ရွံ့မှုများကို လွှင့်ပစ်လိုက်
ကြတော့သည်။