ဟွမ်ဖူချင်းအား အနိုင်ယူခြင်း
Vol. 7 Ch. 100
~"အညတရ ဖုန်းမိသားစုက မွေးနေ့ပွဲ ကျင်းပနေတာကို အင်ပါယာရဲ့ အတော်ဆုံး စစ်သည်တွေကတောင် ဂုဏ်ပြုဖို့ ရောက်လာကြတယ်တဲ့။ တော်တော် ဂုဏ်ယူစရာပဲနော်"
စူးရှထိုးထွင်းသော အသံတစ်ခု ဖုန်းမိသားစု၏ ခြံဝင်းထဲသို့ ပျံ့လွင့်လာခဲ့သည်။
"ဘယ်သူမှတောင် ရောက်မလာသေးဘဲနဲ့ ဘာမွေးနေ့ပွဲ ကျင်းပနေတာလဲ။ ကြည့်ရတာ အင်ပါယာရဲ့ အတော်ဆုံး စစ်သည်တွေက လူပြည့်အောင် လာဖြည့်ပေးကြတာနဲ့ တူတယ်၊ ဟက်ဟက်"
ထိုသို့ မောက်မာပြီး သရော်လှောင်ပြောင်သော ရယ်သံတစ်ခု က နောက်ဆက်တွဲ ထွက်ပေါ်လာခဲ့၏။
ယွမ်တန်ဘုံ ပဉ္စမအဆင့် ပုဂ္ဂိုလ်တစ်ဦး၏ တုန်လှုပ်ဖွယ် တည်ရှိမှုနှင့်အတူ ကြောက်မက်ဖွယ် ဖိနှိပ်မှု တစ်ခုက လူတိုင်း၏ မျက်နှာများကို ဖြူဖျော့သွားစေပြီး အသက်ရှူရ ခက်ခဲစေခဲ့သည်။
ဟွမ်ယန်နှင့် လွမ်ရှန်းတို့ နှစ်ဦးစလုံး ပို၍ လေးနက်သွားကြ၏။
သူတို့ ဟွမ်ဖူမိသားစု၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ကြားသိဖူးကြသည်။
ယွမ်တန်ဘုံ ပဉ္စမအလွှာသည် လုံးဝ ပြိုင်ဘက်ကင်း အင်အားကြီး ပုဂ္ဂိုလ် တစ်ဦးကို ကိုယ်စားပြုပေသည်တကား။
...'ဟွမ်ဖူမိသားစုရဲ့ အင်အားက တကယ်ပဲ ကြောက်စရာကောင်းတာပဲ...။ ယွင်ကျိုးနယ်က ဖန်ထျန်း တောင်ကြားထက်တောင် သန်မာသေးတယ်။ သူတို့ ရွှမ်းထျန်းဂိုဏ်းနဲ့တောင် ယှဉ်ပြိုင်နိုင်လောက်တယ်။'...
ဖုန်းဝူချန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
...
ဟွမ်ဖူမိသားစုမှ စုစုပေါင်း လူဆယ့်နှစ်ယောက် ရောက်ရှိလာခဲ့ကြပြီး သူတို့အားလုံးမှာ ယွမ်တန်ဘုံ ကျွမ်းကျင်သူများ ဖြစ်ကြကာ ဟွမ်ဖူချင်းလည်း သူတို့ထဲတွင် ပါဝင်လေ၏။
ဤမျှ အားကောင်းသော အင်အားစုဖြင့် သူတို့ ပြိုင်ဘက်ကင်းမြို့ကို လွယ်လွယ်ကူကူ သိမ်းပိုက်နိုင်ပေသည်။
ဟွမ်ဖူမိသားစုမှ သိုင်းပညာရှင်များ ဖုန်းမိသားစု၏ ခြံဝင်းထဲသို့ ဝင်ရောက်လာကြရာ မော့ခွန်းနှင့် ယန်ချင်းယွင်ကဲ့သို့သော ပုဂ္ဂိုလ်များက ရိုသေစွာ နှုတ်ဆက်ကြလေသည်။
“အစ်ကို ဟွမ်ဖူ... ခင်ဗျား နောက်ဆုံးတော့ ရောက်လာပြီပဲ”
မော့ခွန်းက ဝမ်းမြောက်စွာ ပြုံးရင်း နှုတ်ဆက်လိုက်၏။
ဟွမ်ဖူမိသားစု၏ ကျောထောက်နောက်ခံဖြင့် မော့ခွန်းသည် ဘာကိုမျှ ကြောက်ရွံ့စရာ မလိုတော့ဟု ခံစားနေရသည်။
သူတို့ကို ဦးဆောင်လာသော လူလတ်ပိုင်းအရွယ် ပုဂ္ဂိုလ်မှာ ဟွမ်ဖူရွှမ်းမှ လွဲ၍ အခြား မဟုတ်ပေ။ သူသည် ဟွမ်ဖူမိသားစု၏ အဆင့်မြင့်ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပြီး သူ၏ ကျင့်ကြံမှုမှာ သူ၏ မိသားစု အကြီးအကဲများနှင့် တန်းတူ ဖြစ်၏။
သူ့နောက်တွင် ယွမ်တန်ဘုံ စတုတ္ထအလွှာသို့ ရောက်ရှိနေသော ဟွမ်ဖူချန်ခုန်း လိုက်ပါလာခဲ့သည်။
ဟွမ်ဖူရွှမ်းက ယဉ်ကျေးစွာ ခေါင်းညိတ်ပြရင်း တုံ့ပြန်လိုက်သည်။
"မိသားစုခေါင်းဆောင်မော့... မိသားစုခေါင်းဆောင်ယန်"
‘ဒါတော့ ဒုက္ခပဲ’
ယွီဝမ်ရှုံး မျက်မှောင်ကြုတ်လိုက်မိပြီး အလွန်အမင်း စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။
ဖုန်းကျိန့်ရှုံးနှင့် ဖုန်းချန်ယန်တို့ အတွက်လည်း ထိုနည်း၎င်းပင်။
ဟွမ်ဖူမိသားစုမှ သိုင်းပညာရှင်များ ရောက်ရှိလာသည်နှင့် သူတို့တွင် ခုခံရန် အင်အား မရှိတော့ချေ။
ဟွမ်ဖူရွှမ်း တစ်ယောက်တည်းဖြင့်ပင် သူတို့အားလုံးကို ချေမှုန်းပစ်ရန် လုံလောက်နေခဲ့သည်လေ။
"ယောက်ျား... ဘယ်လိုလုပ်ကြမလဲ"
ရှောင်ချင်းချင်းက စိုးရိမ်တကြီး မေးလိုက်ရာ သူမ၏ နှလုံးသားမှာ စိုးရိမ်ပူပန်မှုဖြင့် ပူလောင်နေခဲ့သည်။
"မိန်းမ... နောက်ကျရင် ချန်အာနဲ့ တခြားသူတွေကို ခေါ်ပြီး ထွက်သွားပါ"
ဖုန်းကျိန့်ရှုံးက အသံတိုးတိုးဖြင့် မှာကြားရင်း မျက်မှောင်ကြုတ်
လိုက်သည်။ သူက အဆိုးဆုံး အရေးပေါ် အစီအစဉ်ကို ချမှတ်လိုက်ပြီး ဖြစ်၏။
ဟွမ်ဖူမိသားစုနှင့် ရင်ဆိုင်ရာတွင် သူတို့တွင် အနိုင်ရရန် အခွင့်အရေး မရှိခဲ့ပေ။ သို့သော် အနည်းဆုံးတော့ သူတို့ ခဏတာ ခုခံထားနိုင်ပေလိမ့်မည်။
ရှောင်ချင်းချင်းနှင့် ဖုန်းဝူချန်တို့ကို ကာကွယ်ရန်၊ သူတို့၏ အသက်ကို စတေး၍ပင် လွတ်မြောက်စေရန် စိတ်ပိုင်းဖြတ်ထားကြသည်။
တစ်ဖက်မှာ ဟွမ်ဖူမိသားစု၏ အင်အားမှာ အလွန်ကြီးမားလှသဖြင့် ဖုန်းဝူချန်ပင်လျှင် စိုးရိမ်မိလေ၏။
အင်ပါယာ၏ အတော်ဆုံး စစ်သည် ရာပေါင်းများစွာ ရှိနေသော်ငြားလည်း သူတို့ ဟွမ်ဖူမိသားစုမှ ကျွမ်းကျင်သူ ဆယ့်နှစ်ယောက်ကို တားဆီးနိုင်မည်မှာ သံသယဖြစ်ဖွယ် ကောင်းလှသည်။
ရှိနေသူအားလုံးထဲတွင် လင်ရှောင်ရှောင်ကတော့ စိုးရိမ်ပုံ မရခဲ့ချေ။
"လင်အာ။ နင် အဆင်ပြေရဲ့လား"
ဟွမ်ဖူချင်းက မော့လင်အာ၏ ဘေးသို့ အလျင်အမြန် ပြေးသွားပြီး စိုးရိမ်တကြီး မေးလိုက်သည်။
သို့သော် ဟွမ်ဖူချင်း မော့လင်အာ၏ မျက်လုံးများထဲမှ ဒေါသကို မြင်တွေ့လိုက်ရသောအခါ သူ၏ မျက်နှာ မည်းမှောင်သွားခဲ့၏။
"အစ်ကိုဟွမ်ဖူ... သူတို့ ငါ့ကို စော်ကားတယ်... ပြီးတော့ ယန်ထျန်းကိုတောင် ဒဏ်ရာရအောင် လုပ်ခဲ့တယ်"
မော့လင်အာက လင်ရှောင်ရှောင်ကို စူးစိုက်ကြည့်ရင်း အလျင်အမြန် တိုင်တန်းလိုက်သည်။
ဟွမ်ဖူမိသားစု ရောက်ရှိလာသည့်အတွက် မော့လင်အာ အတိုင်းမသိ ဝမ်းမြောက်သွားခဲ့၏။ ကောင်းကင်အရိပ် မြင်းသည်တော် တပ်ဖွဲ့ သို့မဟုတ် အလံနက် တပ်မတော်ကို ကြောက်ရွံ့နေစရာ မလိုတော့သည့်အပြင် ဖုန်းမိသားစုမှာမူ... မည်သူမျှ အသက်ရှင်ရမည် မဟုတ်တော့ပေ။
ဖုန်းဝူချန်ထံသို့ ရက်စက် ကြမ်းကြုတ်သော အကြည့်ဖြင့် လှည့်ကြည့်ရင်း ဟွမ်ဖူချင်းက မထီမဲ့မြင် ခြိမ်းခြောက်လိုက်သည်။
"ဖုန်းဝူချန်... လင်အာကို စော်ကားရဲတာ မင်း သတ္တိတော်တော် ရှိနေတာပဲ။ ကြည့်ရတာ အသက်ရှင်ရတာ ငြီးငွေ့နေပြီနဲ့ တူတယ်"
"စမ်းကြည့်လိုက်လေ"
ဟွမ်ယန်က အေးစက်စွာ တုံ့ပြန်လိုက်ရာ သတ်ဖြတ်လိုသော အရှိန်အဝါက လေထုထဲတွင် စီးဆင်းသွားခဲ့သည်။
"ငါက မင်းကို ကြောက်မယ် ထင်နေလား၊ဟားဟား"
ဟွမ်ဖူချင်းက လှောင်ရယ်လိုက်ပြီး ကောင်းကင်အရိပ် မြင်းသည်တော် တပ်ဖွဲ့ကို ကြောက်ရွံ့ခြင်း အရိပ်အယောင် မပြခဲ့ပေ။
ထိုစဉ် ဟွမ်ဖူရွှမ်းက လေးနက်သော အသံဖြင့် ကြိမ်းမောင်းလိုက်သည်။
"ဗိုလ်ချုပ်ကြီးတောင် ငါတို့ မိသားစု ခေါင်းဆောင် ဟွမ်ဖူကို မျက်နှာသာပေးရတယ်။ မင်းလို စစ်သား သေးသေးလေးက ငါတို့ ဒုတိယ သခင်လေးကို မရိုမသေ လုပ်ရဲတယ်။ မင်း သတ္တိ တော်တော် ရှိတာပဲ"
"ဗိုလ်ချုပ်ကြီးက မိသားစု ခေါင်းဆောင် ဟွမ်ဖူကို မျက်နှာသာပေးတာ... မင်းတို့ကို မဟုတ်ဘူး။ ငါတို့က ဗိုလ်ချုပ်ကြီးရဲ့ အမိန့်အရ မိသားစု ခေါင်းဆောင် ဖုန်းရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့ ဒီကို ရောက်နေတာ။ ဒါပေမဲ့ မင်းတို့က ဒီကို ရောက်လာပြီး ရုတ်ရုတ်သဲသဲ လာလုပ်နေတာက ဗိုလ်ချုပ်ကြီးကို မျက်စိထဲ မထည့်ဘူးလို့ ထင်ရတယ်" ဟွမ်ယန်က မနှိမ့်ချ မမြင့်ကြွားဘဲ တုံ့ပြန်လိုက်ပြီး ဖိအားကို သူတို့ထံသို့ ပြန်လှည့်ပေးလိုက်လေသည်။
"ဗိုလ်ချုပ်ကြီးနဲ့ ငါ့ကို လာမခြိမ်းခြောက်နဲ့။ ဘေးဖယ်နေ။ မဟုတ်ရင် အားလုံးကို သတ်ပစ်မယ်"
ဟွမ်ဖူချင်းက အေးစက်စွာ အမိန့်ပေးလိုက်ရာ အားကောင်းသော လွှမ်းမိုးနိုင်စွမ်းကို ထုတ်လွှတ်နေခဲ့သည်။
"လုပ်ကြည့်လိုက်လေ။ ဟွမ်ဖူမိသားစုက အင်ပါယာနဲ့ ရန်သူ ဖြစ်ရဲမယ်လို့ ငါ တကယ်ပဲ သံသယ ရှိတယ်"
ဟွမ်ယန်မှာမူ လုံးဝ တုန်လှုပ်ခြင်း မရှိဘဲ မျက်နှာ အမူအရာ တစ်ချက်မျှ မပြောင်းလဲဘဲ အနည်းငယ်မျှ ခြိမ်းခြောက်ခံရပုံ မရပေ။
"မင်း" ဟွမ်ဖူချင်းက ဒေါသတကြီး ကြိမ်းမောင်းလိုက်ပြီး သူ၏ သတ်ဖြတ်လိုသော မျက်လုံးများက ဟွမ်ယန်အပေါ်တွင် စူးစိုက်နေခဲ့သည်။
အင်ပါယာ၏ အတော်ဆုံး စစ်သည်များ ရှိနေသဖြင့် ဟွမ်ဖူမိသားစုသည် မဆင်မခြင် မပြုမူရဲခဲ့ပေ။ အကယ်၍ သူတို့ စစ်ပွဲ စတင်လိုက်ပါက သူတို့သည် ဗိုလ်ချုပ်ကြီးနှင့် အင်ပါယာကို စော်ကားမိနိုင်ပေသည်။
ကောင်းကင် အရိပ် မြင်းသည်တော် တပ်ဖွဲ့နှင့် အလံနက် တပ်မတော်တို့သည် အင်ပါယာ၏ ဂုဏ်ယူစရာ ဖြစ်ကြ၏။ အကယ်၍ ဟွမ်ဖူ မိသားစုသာ လှုပ်ရှားဝံ့ပါက ၎င်းက အင်ပါယာ၏ အာဏာကို စိန်ခေါ်ခြင်းပင် ဖြစ်ပေလိမ့်မည်။
သို့သော် ထျန်းယွင်ဂိုဏ်း၏ ကျောထောက်နောက်ခံဖြင့် ဟွမ်ဖူမိသားစုသည် အင်ပါယာကို မဖြစ်မနေ ကြောက်ရွံ့နေမည် မဟုတ်ပေ။ သူတို့ အလျင်စလို ပြုမူရန် မဝံ့ရဲခြင်းသာ ဖြစ်၏။
"ဒီကိစ္စကို ကျွန်တော် ကိုင်တွယ်ပါ့မယ်" ဖုန်းဝူချန်က ဖြည်းညှင်းစွာ ပြောလိုက်ပြီး ခြေလှမ်းအနည်းငယ် ရှေ့တိုးလိုက်လေသည်။
ဟွမ်ယန်နှင့် လွမ်ရှန်းတို့ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ဘေးသို့ ဖယ်ပေးလိုက်ကြသည်။ ကြည့်ရသည်မှာ သူတို့ စိုးရိမ်ပူပန်ပုံမရပေ။
မျက်လုံးအားလုံး ဖုန်းဝူချန်အပေါ်သို့ ကျရောက်သွားကြ၏။ လူတိုင်း သူ အမှန်တကယ် မည်မျှ အစွမ်းထက်သည်ကို သိလိုနေကြသည်။
"ဖုန်းဝူချန်။ ဒီတစ်နှစ်အတွင်း မင်း ဘယ်လောက် တိုးတက်လာလဲ ကြည့်ကြသေးတာပေါ့" ဟွမ်ဖူချင်းက ဟိန်းဟောက်လိုက်ရာ သူ၏ ရက်စက်ကြမ်းကြုတ်မှုမှာ ပို၍ ပြင်းထန်လာခဲ့သည်။
သူ၏ စကားအဆုံးတွင် အားကောင်းသော အစစ်အမှန်ယွမ် လှိုင်းလုံးတစ်ခုကို လှုပ်နှိုးလိုက်ရာ သူ၏ အရှိန်အဝါမှာ ကြမ်းတမ်းပြင်းထန်လှ၏။
ခြံဝင်းထဲတွင် လူများ အလျင်အမြန် နောက်ဆုတ်သွားကြပြီး လွတ်လပ်သော နေရာတစ်ခုကို ဖန်တီးပေးလိုက်ကြသည်။
"သတိထားနော် ချန်အာ" ဖုန်းကျိန့်ရှုံးက အလွန် စိုးရိမ်တကြီးဖြင့် သတိပေးလိုက်လေသည်။
ဟွမ်ဖူချင်းသည် ယွမ်တန်ဘုံ ပထမ အလွှာတွင် ရှိနေပြီး သူ၏ အင်အားမှာ လုံးဝ ကြောက်မက်ဖွယ် ကောင်းလှသည်။
"မင်း အစွမ်းကုန် ထုတ်သုံးတာ ကောင်းလိမ့်မယ်။ ဘာလို့လဲဆိုတော့ ငါ မင်းကို သတ်ပစ်မှာမို့လို့ပဲ" ဟွမ်ဖူချင်းက မဲ့ပြုံးပြုံးလိုက်ပြီး သူ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ချက်ချင်းပင် ရှေ့သို့ ပြေးဝင်တိုက်ခိုက်လေတော့သည်။
အားနည်းမှု မပြလိုသော ဖုန်းဝူချန်သည်လည်း ပြေးဝင်တိုက်ခိုက်လိုက်ပြီး သူ၏ အတွင်းမှ နဂါးနတ်ဘုရား စွမ်းအားကို ဆင့်ခေါ်ကာ အားပြင်းပြင်း လက်သီး တစ်ချက်ဖြင့် တုံ့ပြန်လိုက်လေ၏။
"ဘုန်း"
သူတို့၏ လက်သီးများ တိုက်မိသွားရာ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီး ကြမ်းတမ်းသော အစစ်အမှန်ယွမ် ချီစွမ်းအင်သည် အရိုင်းဆန်သော လေပြင်းကဲ့သို့ ပျံ့နှံ့ထွက်သွားခဲ့သည်။
"အသွင်ပြောင်းဘုံ နဝမအလွှာ" ဖုန်းဝူချန်၏ အရှိန်အဝါမှ စွမ်းအားကို ခံစားမိသောအခါ ဟွမ်ဖူချင်း အံ့အားသင့်သွားခဲ့သည်။
ဟွမ်ဖူချင်း အံ့အားသင့်သွားရခြင်းမှာ ဖုန်းဝူချန်၏ ကျင့်ကြံမှု
အဆင့်ကြောင့်သာမက ဖုန်းဝူချန်၏ ကြောက်မက်ဖွယ်ရာ အင်အားကြောင့်လည်း ဖြစ်၏။ အသွင်ပြောင်းဘုံ နဝမ အလွှာတွင် ရှိနေသူတစ်ယောက်က ယွမ်တန်ဘုံ ပထမအဆင့်၏ စွမ်းအားကို ခုခံနိုင်ခြင်းမှာ မရိုးရှင်းလှပေ။
"အသွင်ပြောင်းဘုံ နဝမအလွှာ"
မော့နှင့် ယန်မိသားစုဝင်များ အလွန်အမင်း တုန်လှုပ်သွားကြ၏။
ဖုန်းဝူချန် မော့လင်အာနှင့် တိုက်ခိုက်စဉ်က ဒဏ်ရာကင်းမဲ့စွာ ရပ်တည်နိုင်ခဲ့သည်မှာ အံ့ဩစရာ မရှိတော့ပေ။
ဖုန်းဝူချန်၏ ကျင့်ကြံမှုသည် မော့လင်အာထက် အများကြီး သာလွန်နေခဲ့သည်ပင်။
"သူ ဘယ်လိုလုပ် ဒီလောက် မြန်မြန် တိုးတက်နိုင်ရတာလဲ။ သူ ငါ့ကို ကျော်တက်သွားလို့ မရဘူး"
မော့လင်အာ အလွန်အမင်း တုန်လှုပ်သွားခဲ့၏။
သူမ စွန့်ပစ်ခဲ့ပြီး စော်ကားခဲ့သော အမှိုက်တစ်ယောက်က သူမကဲ့သို့ ပါရမီရှင်တစ်ယောက်ကို တစ်နှစ်တာအတွင်း ကျော်လွန်သွားသည်ကို သူမ လက်မခံနိုင်ခဲ့ပေ။
‘ဒီကောင်စုတ်လေးရဲ့ အင်အားက မရိုးရှင်းဘူး။ အသွင်ပြောင်းဘုံ နဝမအလွှာက ယွမ်တန်ဘုံရဲ့ စွမ်းအားကို တကယ်ပဲ ခုခံနိုင်တာပဲ’
ဟွမ်ဖူရွှမ်း စဉ်းစားကာ
မျက်မှောင်ကြုတ်လိုက်မိသည်။
မော့ခွန်း၊ ယန်ချင်းယွင်နှင့် အခြားသူများမှာမူ သူတို့၏ အတွင်းစိတ်အထိ အလွန်အမင်း မှင်သက်အံ့ဩသွားကြသည်။
အသွင်ပြောင်းဘုံ နဝမအလွှာက ယွမ်တန်ဘုံ ပထမအလွှာနှင့် တိုက်ခိုက်ရန် ဖြစ်နိုင်လေသလော။
...'ချန်အာက ငါ ထင်ထားတာထက် တကယ်ပဲ ပိုသန်မာနေတာပဲ'...
ဖုန်းကျိန့်ရှုံး တိတ်တဆိတ် တွေးလိုက်မိပြီး သူ၏ မျက်နှာတွင်လည်း တုန်လှုပ်မှု အရိပ်အယောင် တစ်ခု ထင်ဟပ်နေခဲ့သည်။
ထိပ်တိုက် တိုက်ပွဲတစ်ခုတွင် ဟွမ်ဖူချင်း၏ အင်အားဖြင့်ပင် သူသည် ဖုန်းဝူချန်ကို ခြေတစ်လှမ်းမျှပင် နောက်ဆုတ်အောင် မလုပ်နိုင်ခဲ့ပေ။
"ဘုန်း ဘုန်း ဘုန်း"
ဟွမ်ဖူချင်း၏ မျက်နှာ မည်းမှောင်သွားပြီး သူ ချက်ချင်းပင် ဒေါသတကြီး တိုက်ခိုက်မှု တစ်ခုကို စတင်လိုက်လေတော့သည်။ သူ၏ လက်သီးများနှင့် ခြေထောက်များက ဖုန်းဝူချန်ထံသို့ အရူးအမူး ထိုးနှက်ကန်ကျောက်နေခဲ့၏။
သူသည် ဖုန်းဝူချန် သူ့ကို ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု အမှန်တကယ် မယုံကြည်ခဲ့ပေ။ ပြင်းထန်သော တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေခဲ့ပြီး ပေါက်ကွဲသံများ အဆက်မပြတ် ပဲ့တင်ထပ်နေကာ အားကောင်းသော အစစ်အမှန်ယွမ် ချီစွမ်းအင် လှိုင်းလုံးများ ပေါက်ကွဲနေတော့သည်။
ဟွမ်ဖူချင်း မည်သို့ပင် တိုက်ခိုက်စေကာမူ၊ သူ၏ စွမ်းအား မည်မျှပင် ကြမ်းတမ်းပြင်းထန်စေကာမူ ဖုန်းဝူချန်က ခုခံတားဆီးနိုင်ခဲ့ပြီး အတော်လေး အားစိုက်ထုတ်စရာ မလိုဘဲ ပြုလုပ်နိုင်ခဲ့သည်။
ကြည့်ရှုနေသော လူအုပ်ကြီးမှာ ကြည့်ရှုရင်း တဖြည်းဖြည်း ပို၍ တုန်လှုပ်လာကြပြီး အသွင်ပြောင်းဘုံ နဝမအလွှာက ယွမ်တန်ဘုံ ပထမအလွှာနှင့် အမှန်တကယ် တိုက်ခိုက်နိုင်လိမ့်မည်ဟု မယုံကြည်ဝံ့ ဖြစ်နေကြသည်။
ဖုန်းကျိန့်ရှုံး၊ ယွီဝမ်ရှုံး၊ လင်းထျန်းရှင်းနှင့် အခြားသူများအားလုံးလည်း မျက်လုံးများ လင်ဗန်းလို ပြူးကျယ်သွားကြ၏။
ဖုန်းဝူချန်၏ အင်အားမှာ သူတို့ကို ရှင်းလင်းစွာ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
မော့လင်အာမှာမူ တုန်လှုပ်လွန်း၍ စကားပင် မပြောနိုင်တော့ပေ။
ဤသန်မာလှသည့် ဖုန်းဝူချန်သည် သူမ သိခဲ့သော ဖုန်းဝူချန် အမှန်ပင် ဟုတ်ပါလေစ။
ဟွမ်ဖူချင်း ကိုယ်တိုင်ပင် မယုံကြည်နိုင် ဖြစ်နေခဲ့၏။ သူ၏ ကျင့်ကြံမှုဖြင့် သူ အသာစီး မရနိုင်ရုံသာမက သူ၏ လက်များနှင့် ခြေထောက်များမှာလည်း နာကျင်မှုကြောင့် ထုံကျင်နေခဲ့သည်။
...'စစ်သူကြီးချုပ်ရဲ့ အင်အားက တကယ်ပဲ ကြောက်စရာကောင်းတာပဲ...။ လအနည်းငယ် မတွေ့ရတဲ့အတွင်း သူ နောက်ထပ် အလွှာ နှစ်ခု ဖောက်ထွက်သွားခဲ့ပြီပဲ'...
ဟွမ်ယန် နက်နက်ရှိုင်းရှိုင်း တွေးလိုက်မိပြီး ဖုန်းဝူချန်၏ ကြောက်မက်ဖွယ်ရာ ကျင့်ကြံမှု အမြန်နှုန်းကို ဖော်ပြရန် စကားလုံးများ ရှာမတွေ့နိုင်တော့ပေ။
ဖုန်းမိသားစုမှာမူ ကြည့်ရှုရင်း တဖြည်းဖြည်း ပို၍ စိတ်လှုပ်ရှားလာကြ၏။ ဖုန်းဝူချန် ပြသလိုက်သော အင်အားမှာ အံ့ဖွယ်ရာတစ်ခုသာ ဖြစ်လေသည်။
"နဂါးနတ်ဘုရား အရိပ်"
ဖုန်းဝူချန် တဖြည်းဖြည်း အသာစီးရလာခဲ့ပြီး သူ၏ လှုပ်ရှားမှု သိုင်းကွက်ကို ချက်ချင်း ထုတ်သုံးလိုက်လေ၏။ ပို၍ ..လျင်မြန်ပြီး ပို၍ ကြမ်းတမ်းသော တိုက်ခိုက်မှုများကို စတင်လိုက်လေတော့သည်။
"သူ့အမြန်နှုန်း တိုးလာတယ်"
ဟွမ်ဖူချင်း ထိတ်လန့်တကြား ကြွေးကြော်လိုက်ပြီး တိုက်ပွဲဆက်လက် ဖြစ်ပွားနေသည်နှင့်အမျှ သူသည် ပို၍ ပို၍ စိတ်ရှုပ်ထွေးလာခဲ့တော့သည်။
"ဘုန်း ဘုန်း ဘုန်း"
မိနစ်အနည်းငယ်မျှသော လက်ပွန်းတတီး တိုက်ပွဲအတွင်းမှာပင် ဟွမ်ဖူချင်းသည် တိုက်ခိုက်မှုများကို မကာကွယ်နိုင်တော့ပေ။ ဖုန်းဝူချန်၏ ထက်မြက်သော တိုက်ခိုက်မှုများကို လုံးဝ မခုခံနိုင်တော့ဘဲ ဖုန်းဝူချန်၏ လက်ချက်ဖြင့် အဆက်မပြတ် ထိမှန်ကာ နောက်ဆုံးတွင် မည်သည့် အသာစီးမှ မရဘဲ နောက်ဆုတ်သွားခဲ့ရသည်။
"ဝှစ်"
"ဘုန်း"
"ခွပ်"
ဟွမ်ဖူချင်းကို နောက်ဆုတ်စေသည့် အခိုက်အတန့်မှာပင် ဖုန်းဝူချန် ရုတ်တရက် လှစ်ခနဲ ပျောက်ကွယ်သွားပြီး ဟွမ်ဖူချင်း၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးနှက်ရန် ပြန်လည်ပေါ်ပေါက်လာခဲ့၏။ သူ၏ အမြန်နှုန်းမှာ အဆုံးစွန်ထိ ရောက်ရှိနေခဲ့သည်။ ဘုန်းခနဲ မြည်သံနှင့်အတူ ဟွမ်ဖူချင်း တုန်ခါသွားပြီး သွေးများ အန်ထွက်ကာ သူ၏ ခန္ဓာကိုယ် လွင့်စင်ထွက်သွားခဲ့သည်။
"လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း" ဟွမ်ယန်နှင့် လွမ်ရှန်းတို့၏ မျက်နှာအမူအရာများ ရုတ်တရက် စိတ်လှုပ်ရှားသွားကြသည်။
"အဲ့ဒါ ဟို လျှို့ဝှက်ဆန်းကြယ် လူတွေရဲ့ လှုပ်ရှားမှုသိုင်းကွက်ပဲ" ဖုန်းကျိန့်ရှုံး မျက်မှောင်ကြုတ်လိုက်မိသည်။
"အဲ့ဒါ ဘယ်လို လှုပ်ရှားမှုသိုင်းကွက်မျိုးလဲ။ မြန်လိုက်တာ... လုံးဝ ဖမ်းဆုပ်လို့မရဘူး" ဟွမ်ဖူချန်ခုန်း အလွန်တရာ တုန်လှုပ်သွားခဲ့သည်။
မော့ခွန်း၊ ယန်ချင်းယွင်နှင့် အခြားသူများမှာမူ အံ့သြလွန်း၍ ကျောက်ရုပ်များသဖွယ် ဖြစ်သွားကြတော့သည်။
"ဟမ့်"
ဟွမ်ဖူရွှမ်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး ဖုန်းဝူချန်ကို မျက်လုံး
ကျဉ်းမြောင်းစွာဖြင့် တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထို့နောက်သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လွင့်စင်ထွက်သွားသော ဟွမ်ဖူချင်းကို အားကောင်းသော စွမ်းအင်က နောက်သို့ ဆွဲယူလိုက်လေသည်။
"မဖြစ်သင့်တာ"
ဟွမ်ဖူချင်း၏ မျက်နှာမှာ ပြင်းထန်ခက်ထန်နေခဲ့ပြီး ဒေါသတကြီး တွေးလိုက်မိသည်။
...'သူ့အင်အားက ဘာလဲ။ အသွင်ပြောင်းဘုံ နဝမ အလွှာက ဒီလောက် အားကောင်းတဲ့ စွမ်းအား ရှိနေဖို့ မဖြစ်နိုင်ဘူး... ပြီးတော့ သူ့အမြန်နှုန်းက ငါ့ထက်တောင် သာလွန်နေသေးတယ်။'...
"မင်းရဲ့ အရည်အချင်း အဆင့်နဲ့... မင်းက ငါ့ကို ဘယ်လို သတ်နိုင်မှာတဲ့လဲ"
ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်ရာ သူ၏ အေးစက်မှုမှာ လွှမ်းမိုးနိုင်စွမ်း ရှိလှသည်။
ဟွမ်ဖူချင်း၏ မျက်နှာမှ အရေပြားများ တဆတ်ဆတ်တုန်သွားခဲ့၏။ လူအများအပြားရှေ့တွင် သူ၏ ယွမ်တန်ဘုံ ကျင့်ကြံမှုဖြင့် ဖုန်းဝူချန်ကို မကျော်လွှားနိုင်ခဲ့သည်မှာ လုံးဝ မျက်နှာပျက်စရာ မဟုတ်ပါလား။
"နက်နဲခြင်း အဆင့် အလယ်အလတ်တန်းစား သိုင်းပညာ။ တာလော့ ရွှမ်းဖုန်း လက်ဝါး"
ဟွမ်ဖူချင်းက သူ၏ လက်များကို ပူးယှက်လိုက်ပြီး ဟိန်းဟောက်လိုက်ကာ လေထဲမှတစ်ဆင့် လက်ဝါးချက်တစ်ခုကို ပစ်လွှတ်လိုက်လေသည်။
ဒေါသထွက်နေသော ဟွမ်ဖူချင်းသည် ခြံဝင်းထဲမှ အခြားသူများ၏ အသက်ကို လုံးဝ ထည့်မတွက်တော့ပေ။
"တတိယအလွှာ ကောင်းကင်အမျက်ဒေါသ လက်ဝါး"
ဖုန်းဝူချန်သည် မည်သည့် တွေဝေမှုမှ မရှိဘဲ သူ၏ သိုင်းကွက်ကို ထုတ်လွှတ်လိုက်ပြီး လက်ဝါးသုံးချက်ကို ထပ်ဆင့်ကာ စွမ်းအားကို အလွန်အမင်း တိုးမြှင့်လိုက်လေသည်။
"ဘုန်း"
အားကောင်းသော လက်ဝါးပုံရိပ်များ တိုက်မိသွားရာ ကျယ်လောင်စွာ ပေါက်ကွဲသွားခဲ့သည်။
ဟွမ်ဖူချင်း သွေးများ အန်ထွက်လာပြီး သူ၏ ခန္ဓာကိုယ် နောက်တစ်ကြိမ် လွင့်စင်ထွက်သွားခဲ့ရသည်။ သူက ဖုန်းဝူချန်၏ စွမ်းအားကို လုံးဝ မခုခံနိုင်ခဲ့ပေ။
"ငါ အသွင်ပြောင်းဘုံ နဝမအလွှာရဲ့ လက်ချက်နဲ့ ရှုံးနိမ့်သွားလိမ့်မယ်လို့ မယုံနိုင်ဘူး"
ဟွမ်ဖူချင်း အံ့ဩတကြီး ထိတ်လန့်သွားခဲ့၏။
ပြင်းထန်သော အားလှိုင်း အကြွင်းအကျန်များ ပျံ့နှံ့ထွက်သွားပြီး ဖုန်းဝူချန်လည်း ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့ရသည်။
ဖုန်းမိသားစု ခြံဝင်း၏ မြေပြင်မှာ ကြီးမားသော တွင်းနက်ကြီးအဖြစ် ပေါက်ကွဲသွားပြီး အက်ကွဲကြောင်းများ ကွဲအက်လာခဲ့သည်။
ယွမ်တန်ဘုံ ပထမ အလွှာသည် အသွင်ပြောင်းဘုံ နဝမ အလွှာ၏ လက်ချက်ဖြင့် အမှန်တကယ် ရှုံးနိမ့်သွားခဲ့သည်။
ဖုန်းဝူချန်သည် ဟွမ်ဖူချင်းကို လွယ်လွယ်ကူကူ အနိုင်ယူလိုက်၏။
နေရာတစ်ခုလုံး တုန်လှုပ်သွားခဲ့ပြီး အံ့အားသင့်သော အကြည့်များအားလုံး ဖုန်းဝူချန်အပေါ်သို့ ကျရောက်သွားကြ၏။ ဟွမ်ဖူမိသားစုမှ အင်အားကြီး ကျင့်ကြံသူ တစ်ဒါဇင်ကျော်ပင်လျှင် ဟွမ်ဖူချင်း ဖုန်းဝူချန်၏ လက်ချက်ဖြင့် မရှုမလှ ရှုံးနိမ့်သွားလိမ့်မည်ဟု မယုံကြည်နိုင်ခဲ့ကြပေ။
"ဟွမ်ဖူချင်း... မင်းရဲ့ အင်အားက ဒီလောက်ပဲလား...။ မင်းကို သတ်ပစ်ဖို့က ငါ့လက်ကို လှန်လိုက်သလောက် လွယ်တယ်"
ဖုန်းဝူချန်က အေးစက်စွာ မထီမဲ့မြင် ကဲ့ရဲ့လိုက်သည်။
" သောက်ရေးမပါတာ။ မင်း ငါ့ကို အထင်သေးရဲတယ်။ သူတို့အားလုံးကို ငါ့အတွက် သတ်ပစ်လိုက်"
ဒေါသပေါက်ကွဲသွားသော ဟွမ်ဖူချင်းက ဟိန်းဟောက်လိုက်ရာ သူ၏ မျက်လုံးများ သွေးရောင်လွှမ်းသွားပြီး သူ၏ သတ်ဖြတ်လိုစိတ်များ ကောင်းကင်သို့ တိုးထွက်သွား
ခဲ့တော့သည်။