စစ်ပွဲ အစ
Vol. 7 Ch. 101
~ပြိုင်ဘက်ကင်းမြို့၏ မြို့တံခါးဝတွင်မူ အသုတ်လိုက်၊ အသုတ်လိုက်သော ပြင်ပမှ ကျွမ်းကျင်သူများ မြို့ထဲသို့ တဖွဲဖွဲ ဝင်ရောက်လာကြလေ၏။
ပြိုင်ဘက်ကင်းမြို့မှ လူတိုင်းမှာ သူတို့ မည်သည့်အရပ်မှ လာကြသည်ကို မသိကြသဖြင့် စပ်စုစိတ် ပြင်းပြနေကြတော့သည်။
ယနေ့ ပြိုင်ဘက်ကင်းမြို့ ဘာဖြစ်နေပါသနည်း။ ပထမဦးစွာ အင်ပါယာ၏ အတော်ဆုံး စစ်သည်များ ပြိုင်ဘက်ကင်းမြို့ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ ယခုတစ်ဖန် အမည်မသိ ကျွမ်းကျင်သူများ အုပ်စုလိုက် ရောက်ရှိလာကြပြန်သည်။
ပြိုင်ဘက်ကင်းမြို့မှ လူတိုင်းကို ပို၍ စပ်စုစိတ် ပြင်းပြစေသည်မှာ ဤလူများအားလုံး ဖုန်းမိသားစုထံသို့ ဦးတည်သွားနေကြခြင်းပင် ဖြစ်လေ၏။
သူတို့အားလုံး ဖုန်းကျိန့်ရှုံး၏ မွေးနေ့ကို ဂုဏ်ပြုရန် လာရောက်ကြခြင်းများ ဖြစ်နိုင်လေသလော။
ဖုန်းမိသားစုမှာ သာမန် မိသားစုငယ်လေးတစ်ခုသာ ဖြစ်ပါ၏။ သူတို့ မည်သို့ ဤမျှ ဩဇာလွှမ်းမိုးနိုင်ပါသနည်း။
ဖုန်းကျိန့်ရှုံးမှာ ယွမ်တန်ဘုံတွင်သာ ရှိနေသေးသည် မဟုတ်ပါလား။ သူ မည်သို့ ဤမျှ များပြားလှသော မရင်းနှီးသည့် ကျွမ်းကျင်သူများကို သိကျွမ်းနိုင်ပါသနည်း။
စပ်စုစိတ်ကြောင့် ပြိုင်ဘက်ကင်းမြို့မှ လူများ တဖြည်းဖြည်း ပိုမိုများပြားလာကာ ဘာတွေဖြစ်ပျက်နေသည်ကို ကြည့်ရှုရန် ဖုန်းမိသားစုထံသို့ စတင် ဦးတည်လာကြတော့သည်။
ဖုန်းမိသားစု၏ ခြံဝင်းထဲတွင်မူ ယမ်းငွေ့များဖြင့် ပြည့်နှက်ကာ တင်းမာမှုတို့က လေထုထဲတွင် စေးကပ်နေခဲ့လေပြီ။
"မင်း သတ္တိတော်တော်ရှိတာပဲ။ ဒုတိယ သခင်လေးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ရဲသေးတယ်။ ငါ ထင်တာတော့ မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီနဲ့တူတယ်"
ဟွမ်ဖူချန်ခုန်းက သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း ဟိန်းဟောက်လိုက်၏။
သူ၏ စူးရှအေးစက်သော သတ်ဖြတ်လိုစိတ်များက ကြမ်းတမ်းသော လေပြင်းနှယ် တိုက်ခတ်လာခဲ့၏။
စယွမ်တန်ဘုံ စတုတ္ထအလွှာ၏ ကြောက်မက်ဖွယ်ရာ အရှိန်အဝါ ပျံ့နှံ့ထွက်ပေါ်လာပြီး နေရာတစ်ခုလုံးကို ဖိနှိပ်ထားလိုက်ရာ လူတိုင်း၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်တို့ကို တောင့်တင်းသွားစေခဲ့၏။
ဖုန်းဝူချန်က ဟွမ်ဖူချန်ခုန်းကို လုံးဝဂရုမစိုက်ဟန်ဖြင့် တစ်ချက် ဝေ့ကြည့်လိုက်ပြီး မနှိမ့်ချ မမြင့်ကြွားဘဲ တုံ့ပြန်လိုက်သည်။
"ကျွန်တော်က အမှန်တရားကို ပြောလိုက်ရုံပါပဲ"
"သူတို့အားလုံးကို သတ်ပစ်လိုက်" ဒေါသထွက်နေသော ဟွမ်ဖူချန်ခုန်းက ဟိန်းဟောက်လိုက်လေ၏။ သူ၏ အသွင်အပြင်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
ထိုအခါ ဟွမ်ယန်ကလည်း လေထဲသို့ လက်ဆန့်တန်းလိုက်ရာ အနက်ရောင် လှံရှည်တစ်လက် ပေါ်ထွက်လာခဲ့၏။ လှံရှည်မှာ အလွန် ပြင်းထန်သော အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ ၎င်းမှာ ဝိညာဉ်လက်နက် တစ်ခုပင်။
လွမ်ရှန်းကလည်း အပြာနုရောင် ဓားရှည်တစ်လက်ကို ထုတ်ယူလိုက်၏။ ဓားသွား၏ အေးစက်သော အငွေ့အသက်မှာ ခြိမ်းခြောက်မှုရှိပြီး အလွန်ပင် ကြီးစိုးနိုင်စွမ်းရှိလှသည်။
အေးစက်ပြီး သံမဏိသွေးဆန်သော သတ်ဖြတ်လိုစိတ်များ သူတို့နှစ်ဦးထံမှ ပျံ့နှံ့ထွက်ပေါ်လာခဲ့၏။
ဟွမ်ဖူမိသားစုမှ ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရသည့်တိုင် ဟွမ်ယန်နှင့် လွမ်ရှန်းတို့မှာ ကြောက်ရွံ့ခြင်း
ကင်းမဲ့နေခဲ့သည်။
သွေးဆာပြီး လေးလံသော သတ်ဖြတ်လိုစိတ်မှာ ပုံရိပ်အဖြစ် ထင်ဟပ်လာသကဲ့သို့ ဖြစ်နေပြီး လူတိုင်းကို ထိတ်လန့်တကြား ဖြစ်စေခဲ့တော့၏။
"ရိုင်းစိုင်းလိုက်တာ။ သေလိုက်စမ်း"
ဟွမ်ယန်က အေးစက်စွာ အမိန့်ပေးလိုက်၏။
စကားလုံးတိုင်းမှာ သွေးဆာသော သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေပြီး ဟန့်တားနိုင်စွမ်း ရှိလှသည်။
"ရိုင်းစိုင်းလိုက်တာ။ သေသင့်တယ်"
ကောင်းကင်အရိပ် ယန်ဟော်မြင်းသည်တော် တပ်ဖွဲ့နှင့် အလံနက် တပ်မတော်တို့ကလည်း တစ်ချိန်တည်းတွင် ဟိန်းဟောက်
လိုက်ကြ၏။
သူတို့၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ် ကောင်းပြီး သတ်ဖြတ်လိုစိတ် ပြင်းပြနေကာ သူတို့၏ ဟိန်းဟောက်သံများက ပြိုင်ဘက်ကင်းမြို့ တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားခဲ့သည်။
ပြိုင်ဘက်ကင်းမြို့မှ လူတိုင်း ထိုကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြောင့် တုန်လှုပ်ခြောက်ခြားသွားကြ၏။ သူတို့သည် အင်ပါယာ၏ အတော်ဆုံး စစ်သည်များ၏ ရဲစွမ်းသတ္တိနှင့် ကြောက်ရွံ့ခြင်း ကင်းမဲ့မှုကို အမှန်တကယ် ခံစားလိုက်ကြရသည်။
ဖုန်းမိသားစု အပြင်ဘက်တွင် ယန်မိသားစုနှင့် မော့မိသားစုမှ လူများမှာ ကြောက်လန့်လွန်း၍ မြေပြင်ပေါ်သို့ လဲကျသွားကြ၏။ သူတို့၏ မျက်နှာများ ဖြူဖျော့နေခဲ့သည်။ ထိုသို့သော ကြောက်ရွံ့မှုမျိုးမှာ သူတို့ ထိန်းချုပ်နိုင်သည့်အရာ မဟုတ်ခဲ့ပေ။
အတော်ဆုံး စစ်သည် အမြောက်အမြား ဖုန်းမျိုးနွယ်စု၏ ခြံဝင်းထဲသို့ တဖွဲဖွဲ ဝင်ရောက်လာကြပြီး ဟွမ်ဖူမျိုးနွယ်စု၊ ယန်မျိုးနွယ်စုနှင့် မော့မျိုးနွယ်စုတို့ကို ဝန်းရံထားလိုက်ကြသည်။
"ငါ့အထက်လူကြီးကို စော်ကားတယ် ဟုတ်လား"
ဟွမ်ဖူရွှမ်းက ဟွမ်ယန်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အေးစက်စွာ ဆိုလိုက်၏။
"ဗိုလ်ချုပ်ကြီး ဒီမှာ မရှိဘူး။ ငါ ဘယ်လိုလုပ် ငါ့အထက်လူကြီးကို စော်ကားလို့ရမှာလဲ။ ဗိုလ်ချုပ်ကြီးကို ငဲ့ညှာသောအားဖြင့် မင်းတို့ လက်ဆောင်တွေ ပေးပြီးတာနဲ့ ချက်ချင်း ထွက်သွားတာ ကောင်းလိမ့်မယ်။ မဟုတ်ရင် ငါ့ကို မယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့"
ဟွမ်ဖူရွှမ်းသည် ကြွားဝါနေခြင်း မဟုတ်သည်မှာ သဘာဝကျပါ၏။ အကြောင်းမူကား သူ၏ ယွမ်တန်ဘုံ ပဉ္စမအလွှာ ကျင့်ကြံမှုဖြင့် သူသည် အတော်ဆုံး အရာရှိ ရာပေါင်းများစွာကို အလေးအနက် ထားမည် မဟုတ်သည်မှာ ယုံမှားဖွယ် မရှိချေ။
“မော့လင်အာက ငါတို့ ဟွမ်ဖူ မိသားစုရဲ့ အနာဂတ် ချွေးမလောင်းပဲ။ ဖုန်းဝူချန် မော့ယွီကို သတ်တာက ငါတို့ မိသားစု ကိစ္စ။ မင်းတို့ တပ်ဖွဲ့ နှစ်ခု ဝင်စွက်ဖက်ဖို့ မလိုဘူး။ ဒီကိစ္စသာ ဗိုလ်ချုပ်ကြီးဆီ ရောက်သွားရင် မင်းတို့ ဗိုလ်ချုပ်ကြီးက ငါတို့ ဟွမ်ဖူမိသားစုကို ရှင်းပြချက် တစ်ခု ပေးရလိမ့်မယ်လို့ ငါ ထင်တယ်။ ဒီကိစ္စသာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားရင် မင်းတို့ အကျိုးဆက်တွေကို ခံနိုင်ပါ့မလား”
ဟွမ်ဖူချန်ခုန်းက အေးစက်စွာ ရန်တွေ့လိုက်သည်။
ထိုအခါ လွမ်ရှန်းက အေးစက်စွာ တုံ့ပြန်လိုက်၏။
"ဧကရာဇ်ကသာ မင်းတို့ကို အပြစ်ပေးဖို့ ဆုံးဖြတ်လိုက်ရင် မင်းတို့ ဟွမ်ဖူမိသားစုတောင်မှ အကျိုးဆက်တွေကို ခံနိုင်မှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်မိတယ်"
"ဧကရာဇ်ကို သုံးပြီး ကျွန်မတို့ကို လာမဖိအားပေးနဲ့။ ရှင်က ပထမအဆင့် အရာရှိတောင် မဟုတ်ဘူး။ ကျွန်မတို့နောက်မှာ ထျန်းယွင်ဂိုဏ်း ရှိနေတာကို မမေ့နဲ့" ဟု မော့လင်အာက အေးစက်စွာ ဆိုလိုက်ပြီး သူမ၏ သာလွန်သော သဘောထားကို ထပ်မံပြသလိုက်ပြန်သည်။
လွမ်ရှန်းက အေးစက်စွာ ချေပလိုက်၏။
"မင်းတို့မှာ ထျန်းယွင်ဂိုဏ်း ရှိတော့ရော ဘာဖြစ်လဲ။ မင်းတို့ အထက်လူကြီးကို စော်ကားခဲ့တယ်... ဒါကြောင့် မင်းတို့ သေကို သေရမယ်"
“မဖြစ်သင့်တာ။ မင်းတို့ကို ကမ်းတဲ့ ခွက်ကို ငြင်းပြီးမှ အတင်းအကျပ် သောက်ခိုင်းခံရတာပဲ။ သာမန် စစ်သားလေးတွေက ငါတို့ ဟွမ်ဖူမိသားစုရဲ့ ကိစ္စကို ဝင်စွက်ဖက်ရဲပါလား။ သူတို့ကို သတ်ပစ်လိုက်စမ်း”
ဟွမ်ဖူချင်း သည်းမခံနိုင်တော့ပေ။
"လုပ်လိုက်" ဟွမ်ဖူရွှမ်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသော အစစ်အမှန်ဝိညာဉ်စွမ်းအား ပေါက်ကွဲထွက်လာခဲ့သည်။
"ညီအစ်ကိုယွီ... ညီအစ်ကိုလင်း... အားလုံး သတိထားကြ။ ချန်အာ... နောက်ဆုတ်လိုက်။ မင်းအမေနဲ့ ရှောင်ရှောင်ကို ခေါ်ပြီး ခဏနေရင် ထွက်သွား" ဖုန်းကျိန့်ရှုံးသည် မျက်မှောင်ကြုတ်လိုက်ပြီး စစ်ပွဲအတွက် အသင့်ပြင်ဆင်ပြီး ဖြစ်လေသည်။
လင်းထျန်းရှင်းကလည်း ပြင်းထန်စွာ ပြောလိုက်၏။
"ထွက်ပေါက် မရှိတော့မှတော့ ငါတို့ တိုက်ကို တိုက်ရမှာပဲ။ တိုက်ခိုက်ရုံပဲ ရှိတော့တယ်"
သူ၏ အင်အား မလုံလောက်မှန်း သိသော်ငြားလည်း သူ နောက်မဆုတ်ခဲ့ပေ။
ယွီဝမ်ရှုံးကလည်း သူ၏ အစစ်အမှန်
ဝိညာဉ်စွမ်းအားကို လည်ပတ်လိုက်ရင်း လေးနက်သော အသံဖြင့် ဆိုလိုက်သည်။
"ပြင်းထန်တဲ့ စစ်ပွဲက ရှောင်လွှဲလို့ မရတော့ဘူး။ အတူတူ တိုက်ကြရအောင်။ သေသည်အထိ တိုက်ကြမယ်"
"ရှောင်ရှောင်... ငါ့အမေနဲ့ တခြားသူတွေကို မင်းဆီ အပ်ခဲ့မယ်။ ချင်းယန်... ချင်းအာ... မင်းတို့လည်း သွားကြ" ဖုန်းဝူချန်က လေးနက်စွာ မှာကြားလိုက်သည်။
သူ လုံးဝ ထွက်ပြေးရန် အစီအစဉ် မရှိဘဲ သေသည်အထိ တိုက်ခိုက်ရန်သာ ရည်ရွယ်ထားတော့၏။
"အစ်ကိုကြီးဖုန်း... စိတ်မပူပါနဲ့"
လင်ရှောင်ရှောင်က တိုးညှင်းစွာ ရယ်မောလိုက်သည်။
"အစ်ကိုဖုန်း... သေရင် အတူတူသေကြမယ်" ဟု လျိုချင်းယန်က လည်း အသံတိုးတိုးဖြင့် ကြွေးကြော်လိုက်လေ၏။
“သေပေတော့”
ဟွမ်ဖူချင်းက ဟိန်းဟောက်လိုက်ပြီး ဖုန်းဝူချန်ကို သွေးရောင်လွှမ်းသော မျက်လုံးများဖြင့် စူးစူးရဲရဲ ကြည့်ကာ ပထမဆုံး ပြေးဝင်
တိုက်ခိုက်လေတော့သည်။
ဟွမ်ဖူ မိသားစု၊ ယန် မိသားစုနှင့် မော့ မိသားစုတို့မှ အင်အားကြီး ပုဂ္ဂိုလ်များအားလုံး တိုက်ခိုက်ကြလေသည်။
စစ်ပွဲ စတင်တော့မည် ဖြစ်လေပြီ။
"ရှောင်ရှောင်... ငါ့အမေကို ခေါ်သွား" ဖုန်းဝူချန်က အသံတိုးတိုးဖြင့် အော်ဟစ်လိုက်သည်။ သူ မီးလျှံဓားကို ထုတ်ယူလိုက်ပြီး နဂါးနတ်ဘုရား၏ စွမ်းအားကို ထုတ်ဖော်လိုက်ရာ ကြမ်းတမ်းသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
ရှေ့သို့ ပြေးဝင်လာသော ဟွမ်ဖူချင်းကို စိုက်ကြည့်ရင်း ဖုန်းဝူချန်၏ သတ်ဖြတ်လိုစိတ်မှာ ပြင်းထန်လာ၏။ သူက အေးစက်စွာ ကြိမ်းဝါးလိုက်သည်။
"ဖုန်းမိသားစုကို စော်ကားသူတွေ... သေစေ"
ဖုန်းဝူချန်၏ စကားလုံးများမှာ ဟွမ်ဖူချင်းအတွက် သေဒဏ်ချမှတ်လိုက်ခြင်းပင် ဖြစ်လေ၏။
ဟွမ်ဖူချင်းက သတ်ဖြတ်လိုသော ဟန်ပန်ဖြင့် ပြန်လည် ဟိန်းဟောက်လိုက်လေသည်။
"ဖုန်းဝူချန်။ သေလိုက်စမ်း"
"သတ်"
ဟွမ်ယန်က အော်ဟစ်လိုက်ပြီး သူ၏ လှံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ လွမ်ရှန်းနှင့်အတူ ဟွမ်ဖူ မိသားစုမှ အင်အားကြီး ပုဂ္ဂိုလ်များထံသို့ ပြေးဝင်တိုက်ခိုက်လေတော့သည်။
"သတ်... သတ်... သတ်"
ကောင်းကင်အရိပ် ယန်ဟော် မြင်းသည်တော် တပ်ဖွဲ့နှင့် အလံနက် တပ်မတော်တို့ ဟိန်းဟောက်လိုက်ကြရာ သူတို့၏ အသံများ ကောင်းကင်ကို တုန်ခါသွားစေခဲ့သည်။ သူတို့ အုပ်စုလိုက် ပြေးဝင်လာကြပြီး ယန်မိသားစုနှင့် မော့မိသားစုတို့ကို ဦးဆောင် တိုက်ခိုက်ကြလေတော့သည်။
"ဖုန်းကျိန့်ရှုံး။ မင်းအသက်ကို ပေးလိုက်စမ်း" မော့ခွန်းက ဒေါသတကြီး အော်ဟစ်လိုက်ကာ ပြင်းထန်စွာ ပြေးဝင်တိုက်ခိုက်လေတော့သည်။
သူက ဖုန်းကျိန့်ရှုံးကို ပစ်မှတ်ထားပြီး ဖြစ်လေ၏။
ဖုန်းကျိန့်ရှုံးက ဒေါသတကြီး ပြန်လည် အော်ဟစ်လိုက်သည်။
"ဘယ်သူ သေမလဲဆိုတာ ငါတို့ အခုထိ မသိသေးဘူး"
ဖုန်းမိသားစု၏ ခြံဝင်းမှာ ပရမ်းပတာ ဖြစ်နေခဲ့၏။ နေရာတိုင်းတွင် လူများ ပြည့်နှက်နေပြီး ခြံဝင်းတစ်ခုလုံးကို သိမ်းပိုက်ထားကြသည်။
"ဘုန်း... ဘုန်း... ဘုန်း"
"ဒုတ်... ဒုတ်... ဒုတ်"
ဟွမ်ဖူရွှမ်းနှင့် ဟွမ်ဖူချန်ခုန်းတို့ ရက်စက်စွာ တိုက်ခိုက်ကြလေသည်။
ဖုန်းမိသားစု၏ အစောင့်များနှင့် အတော်ဆုံး စစ်သည်များကို ရင်ဆိုင်ရာတွင် သူတို့သည် တစ်ယောက်ပြီး တစ်ယောက် လက်ဝါး စောင်းဖြင့် သတ်ဖြတ်ပစ်ခဲ့ကြ၏။
ပုရွက်ဆိတ်များကို နင်းခြေပစ်သကဲ့သို့ လွယ်ကူလှ၏။
ထိုစဉ်
"လွမ်ရှန်း။ သူတို့ကို တားထား"ဟု ဟွမ်ယန်က အော်ဟစ်လိုက်၏။
ယွမ်တန်ဘုံ အလွှာရှိ အတော်ဆုံး စစ်သည် ဒါဇင်ပေါင်းများစွာ တစ်ချိန်တည်းတွင် လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက်ကြသည်။
သူတို့၏ အမြန်နှုန်းမှာ ကြောက်မက်ဖွယ် ကောင်းလှပြီး သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန် ကောင်းမွန်လှသည်။
အတော်ဆုံး စစ်သည် ဒါဇင်ပေါင်းများစွာ ဟွမ်ဖူရွှမ်းနှင့် အခြားသူများ၏ ပတ်ပတ်လည်တွင် အဆက်မပြတ် လင်းလက် ပျောက်ကွယ်နေကြ၏။
သူတို့သည် လားရာအမျိုးမျိုးမှ တိုက်ခိုက်ကြလေသည်။ သူတို့၏ အမြန်နှုန်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။ သူတို့၏ ပုံရိပ်များကိုပင် မမြင်နိုင်ဘဲ တစ်ခဏအတွင်း ပျောက်ကွယ်သွားသော ဝိုးတဝါး အနက်ရောင် အရိပ်များသာ မြင်နိုင်လေသည်။
ဟွမ်ဖူရွှမ်းနှင့် ဟွမ်ဖူချန်ခုန်းတို့၏ ကျင့်ကြံမှု မည်မျှပင် သန်မာစေကာမူ သူတို့သည် ဟွမ်ယန်နှင့် အခြားသူများ၏ တိကျသော တည်နေရာကို မဖော်ထုတ်နိုင်ခဲ့ကြပေ။
"ဒါ ဘယ်လို လှုပ်ရှားမှုသိုင်းကွက်မျိုးလဲ။ အားကောင်းလိုက်တာ။ ထျန်းကျိုးနယ်က လျှို့ဝှက်ဆန်းကြယ် လူရှစ်ယောက်ရဲ့ ကောလာဟလတွေနဲ့ တစ်ပုံစံတည်းပဲ" ဟွမ်ဖူရွှမ်း မျက်မှောင်ကြုတ်လိုက်ကာ တိတ်တဆိတ် တွေးလိုက်မိသည်။
ဟွမ်ဖူချန်ခုန်းက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်၏။
"သူတို့ ဘယ်တုန်းက ဒီလောက် သန်မာသွားကြတာလဲ"
ဖုန်းကျိန့်ရှုံးလည်း တုန်လှုပ်သွားပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
‘သူတို့မှာလည်း ဒီလောက် ကြောက်စရာ ကောင်းတဲ့ လှုပ်ရှားမှုသိုင်းကွက် ရှိနေတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဟို လျှို့ဝှက်ဆန်းကြယ် လူရှစ်ယောက်လည်း သိတယ်။ ချန်အာလည်း သိတယ်။ ချန်အာက သူတို့နဲ့ ဘယ်လို ပတ်သက်နေတာလဲ’ ဖုန်းကျိန့်ရှုံး မမိုက်မဲခဲ့ပါ။ အင်ပါယာသည် သာမန် ရတနာခုနစ်ပါး ချီစုစည်းဆေးလုံးအတွက် ကောင်းကင်အရိပ် ယန်ဟော်မြင်းသည်တော် တပ်ဖွဲ့နှင့် အလံနက် တပ်မတော်ကို လွှတ်မည် မဟုတ်ပေ။
ထို့အပြင် လင်ရှောင်ရှောင် အစောပိုင်းက ပြောခဲ့သော စကားများက သူ့အာ ပို၍ပင် ထူးဆန်းသည်ဟု ခံစားစေခဲ့သည်။
ယခု ဖုန်းဝူချန်၏ လှုပ်ရှားမှုသိုင်းကွက်သည် အင်ပါယာ၏ အတော်ဆုံး စစ်သည်များနှင့် တစ်ထေရာတည်း တူညီနေခဲ့သည်။ ဒါက တိုက်ဆိုင်မှု တစ်ခု သေချာပေါက် မဟုတ်ပေ။
"ချန်အာ တစ်ခုခုကို ဖုံးကွယ်ထားတာ သေချာတယ်" ဖုန်းကျိန့်ရှုံး အလွန် သေချာသွားခဲ့သည်။
ပြင်းထန်သော စစ်ပွဲ စတင်ဖြစ်ပွားပြီး မကြာမီမှာပင် ခြံဝင်းထဲတွင် သေဆုံးဒဏ်ရာရသူ အရေအတွက် တိုးပွားလာခဲ့သည်။
ကောင်းကင်အရိပ် ယန်ဟော်မြင်းသည်တော်
တပ်ဖွဲ့နှင့် အလံနက်တပ်မတော်မှ စစ်သည်များ ခြံဝင်းထဲသို့ အဆက်မပြတ် တဖွဲဖွဲ ဝင်ရောက်လာကြ၏။ သူတို့၏ သတ်ဖြတ်လိုစိတ်များ မြင့်တက်နေခဲ့ပြီး သူတို့၏ နည်းလမ်းများမှာ ရက်စက်ကြမ်းကြုတ်လှသည်။
“ ဝူး.. “
ပြင်းထန်သော စစ်ပွဲ စတင်ဖြစ်ပွားချိန်တွင် ရင်းနှီးနေသော အော်မြည်သံ တစ်ခု ရုတ်တရက် ကောင်းကင်မှ ထွက်ပေါ်လာခဲ့၏။
ပျံသန်းနိုင်သော ငှက်ကြီး တစ်ကောင် ဖုန်းမိသားစုအပေါ်မှ ကောင်းကင်တွင် ဝဲပျံနေခဲ့သည်။
"ရပ်လိုက်ကြ"
တဆက်တည်း၌ အလွန် ကြီးစိုးနိုင်စွမ်းရှိသော အရှိန်အဝါ ပါဝင်သည့် ကျယ်လောင်သော အော်ဟစ်သံ တစ်ချက် ကြားလိုက်ရလေ၏။
" ထျန်းယန် အကယ်ဒမီရဲ့ သွေးနီငှက်။ အကယ်ဒမီရဲ့ မဟာအကြီးအကဲ"
လူတိုင်း ကောင်းကင်ကို မော့ကြည့်ရင်း တုန်လှုပ်သွားကြသည်။
အလွန် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ပျံ့နှံ့ထွက်ပေါ်လာပြီး တိုက်ပွဲဝင်နေသော နှစ်ဖက်စလုံး ရပ်တန့်သွားကြသည်။
"မတွေ့ရတာ ကြာပြီနော် မဟာအကြီးအကဲ"
ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ ပြုံးကာ နှုတ်ဆက်လိုက်သည်။
"မဟာအကြီးအကဲ"
ဖုန်းကျိန့်ရှုံးနှင့် အခြားသူများ ဝမ်းမြောက်သွားကြ၏။
ထိုအခါ ကျန်းယွင်ထျန်းက ဖုန်းဝူချန်ကို ကြည့်ရင်း ကျေနပ်စွာ ပြုံးလိုက်၏။
"မင်း တစ်နှစ်အတွင်း အများကြီး ကြီးပြင်းလာခဲ့တာပဲ"
သို့သော် သူ ဖုန်းဝူချန်၏ ဝိညာဉ် စွမ်းအားကို အာရုံခံမိသောအခါ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး သူ၏ နှလုံးသား တုန်လှုပ်သွားခဲ့သည်။
...'တတိယအဆင့် ဆေးပညာရှင်။'...
ကျန်းယွင်ထျန်းက ဖုန်းဝူချန်ကို မှင်သက်စွာ ကြည့်နေမိ၏။
ဒါ ဘယ်လို ကြောက်မက်ဖွယ်ရာ ကျင့်ကြံမှုအရှိန်မျိုးလဲ။
ဖုန်းဝူချန်က တစ်နှစ်တာအတွင်း တတိယအဆင့် ဆေးပညာရှင်အဖြစ် ခြေချနိုင်ခဲ့သည်တဲ့။
"ကျန်းယွင်ထျန်း။ မင်း ထပ်လာပြန်ပြီ။ မင်း တခြားလူတွေရဲ့ ကိစ္စကို ဝင်စွက်ဖက်ရဲသေးတယ်"
ဟွမ်ဖူရွှမ်းက သွေးနီငှက်ပေါ်မှ ကျန်းယွင်ထျန်းကို အေးစက်စွာ စိုက်ကြည့်ရင်း အေးစက်စွာ ကြိမ်းဝါးလိုက်သည်။
တဖြည်းဖြည်း သတိပြန်ဝင်လာပြီးနောက် ကျန်းယွင်ထျန်းက တည်ငြိမ်စွာ ဆိုလိုက်၏။
"ဒီအဘိုးကြီးက ဖုန်းမိသားစုကို တစ်နှစ်တာ ကာကွယ်ပေးမယ်လို့ ကတိပေးထားမှတော့ သူ ကတိကို ဖြည့်ဆည်းရမှာပေါ့။ တစ်နှစ်တာ သတ်မှတ်ရက် မတိုင်ခင် ခုနစ်ရက် ကျန်သေးတယ်"
"ဖုန်းမိသားစုက ယန်မိသားစုက လူ ဆယ်ယောက်ကျော်ကို သတ်ခဲ့တယ်။ မင်း ဘယ်သူ့ကို ကာကွယ်ပေးပေး ငါ စိတ်မဝင်စားဘူး...။ ဖုန်းမိသားစု ဒီနေ့ သေကို သေရမယ်" ယန်ချင်းယွင်က ဒေါသတကြီး အော်ဟစ်လိုက်၏။
ဟွမ်ဖူ မိသားစုနှင့် ထျန်းယွင်ဂိုဏ်းတို့၏ ကျောထောက်နောက်ခံဖြင့် သူသည် ထျန်းယန် အကယ်ဒမီကို မကြောက်ရွံ့ခဲ့ပေ။
"ကျန်းယွင်ထျန်း... ထျန်းယွင်ဂိုဏ်း ခေါင်းဆောင် ပြောခဲ့တာကို မမေ့နဲ့။ မင်းတို့ အကယ်ဒမီသာ ထပ်ပြီး ဝင်စွက်ဖက်ရင် ထျန်းယွင်ဂိုဏ်းက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး" ဟွမ်ဖူရွှမ်းက အေးစက်စွာ ဟိန်းဟောက်လိုက်ပြီး သူတို့ကို ဖိနှိပ်ရန် ထျန်းယွင်ဂိုဏ်းကို တိုက်ရိုက် အသုံးပြုလိုက်လေသည်။
ဤစကားကို ကြားသောအခါ ကျန်းယွင်ထျန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ ခက်ခဲသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ဖုန်းမိသားစုမှာလည်း တိတ်တဆိတ် စိုးရိမ်ပူပန်နေကြ၏။ အကယ်၍ အကယ်ဒမီက ဂရုမစိုက်တော့ပါက သူတို့ အမှန်တကယ် မျှော်လင့်ချက် မရှိတော့ပေ။
ထျန်းယွင်ဂိုဏ်းသည် အသေးအဖွဲ ကိစ္စမဟုတ်ခဲ့ပေ။ အကယ်ဒမီပင်လျှင် သူတို့ကို စော်ကားရန် မတတ်နိုင်ခဲ့ပေ။ သို့သော် ဖုန်းဝူချန်သည် အကယ်ဒမီ၏ ကျောင်းသားတစ်ဦး ဖြစ်ပြီး အကယ်ဒမီမှ အလွန် တန်ဖိုးထားခံရသူ ဖြစ်၏။ သူသည် အမည်တပ် ခေါ်ဆိုနိုင်သော တစ်ဦးတည်းသော ကျောင်းသား ဖြစ်လေသည်။
ကျန်းယွင်ထျန်းအတွက် ရွေးချယ်ရန် ခက်ခဲနေခဲ့သည်။
ကျန်းယွင်ထျန်း ကြောက်ရွံ့နေပုံ ရသည်ကို မြင်သောအခါ ဟွမ်ဖူရွှမ်းက မောက်မာစွာ လှောင်ပြောင်လိုက်၏။
"ကျန်းယွင်ထျန်း... ဒီတစ်ခါ ဖုန်းမိသားစုက အရင်သတ်ခဲ့တာ။ မင်း ဝင်စွက်ဖက်ချင်ရင် စမ်းကြည့်လိုက်လေ"
"ဒီအဘိုးကြီးက စကားကို ပြန်မရုတ်သိမ်းဘူး"
ကျန်းယွင်ထျန်းက ဖြည်းညှင်းစွာ ဆိုလိုက်ပြီး သူ၏ ရပ်တည်ချက်ကို ဖော်ပြပြီး ဖြစ်လေသည်။
ကျန်းယွင်ထျန်း မမိုက်မဲခဲ့ပါ။ ကောင်းကင်အရိပ် ယန်ဟော်မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်တို့ ပေါ်ပေါက်လာခြင်းမှာ သေးငယ်သော ကိစ္စတစ်ခု မဟုတ်ခဲ့ပေ။
အကယ်၍ ကိစ္စကြီးတစ်ခု မဟုတ်ခဲ့ပါက အင်ပါယာသည် အတော်ဆုံး စစ်သည်များကို စေလွှတ်မည် မဟုတ်ပေ။
"ဟွန်း။ မင်း သေချင်နေတာပဲ။ ထျန်းယွင်ဂိုဏ်းသာ ကြားဝင်လာရင် မင်းတို့အားလုံး သေရလိမ့်မယ်"
ဟွမ်ဖူရွှမ်းက မောက်မာစွာ ကြည့်ရင်း လှောင်ပြောင်လိုက်သည်။
ဤအချိန်တွင် စစ်သားတစ်ဦး တံခါးအပြင်ဘက်မှ အော်ဟစ်လိုက်လေသည်။
"ယွင်ကျိုးနယ် ဖန်ထျန်း တောင်ကြားသခင် စုယွမ်ရှန်းနဲ့ အကြီးအကဲသုံးပါး ဂုဏ်ပြုဖို့ ရောက်လာပါပြီ"
"ယွင်ကျိုးနယ် လွမ်ထျန်းမြို့ မြို့တော်ဝန်။ ထျန်းဖုန်းမြို့ မြို့တော်ဝန်။ ပြီးတော့ အဓိက မိသားစုတွေရဲ့ ခေါင်းဆောင်တွေ ဂုဏ်ပြုဖို့ ရောက်လာကြပါပြီ"
"ယွင်ကျိုးနယ် လေလံရုံက ဥက္ကဌ ရှန်းယန်နဲ့ မဟာအကြီးအကဲ ဝေ့ယွင် ဂုဏ်ပြုဖို့ ရောက်လာပါပြီ"
"ယွင်ကျိုးနယ် ထျန်းတုမြို့ မြို့တော်ဝန် ချူဝူဟန် ဂုဏ်ပြုဖို့ ရောက်လာပါပြီ"
"ယွင်ကျိုးနယ် စစ်သူကြီး ဝူ ဂုဏ်ပြုဖို့ ရောက်လာပါပြီ"
"ယွင်ကျိုးနယ် ရွှမ်းထျန်းဂိုဏ်း ဂိုဏ်းချုပ် မူယွင်ရှန်း၊ ဂိုဏ်းချုပ်ဟောင်း မူထျန်းယွင်နဲ့ အကြီးအကဲသုံးပါး ဂုဏ်ပြုဖို့ ရောက်လာကြပါပြီ"
ကြေညာသံများ ဆက်တိုက် ဖုန်းမျိုးနွယ်စု အပြင်ဘက်မှ ထွက်ပေါ်လာခဲ့၏။
လူတိုင်း မှင်တက်သွားကြသည်။
ခြံဝင်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားခဲ့၏။ လူတိုင်း၏ မျက်နှာတွင် တုန်လှုပ်မှုတို့ ပြည့်နှက်နေခဲ့သည်။
ယွင်ကျိုးနယ်မှ အဓိက အင်အားစုအားလုံး ဖုန်းကျိန့်ရှုံးကို ဂုဏ်ပြုရန် ရောက်ရှိလာခဲ့ကြသည်။ ထိုမျှမက အင်အားစု တစ်ခုချင်းစီမှာ အခြား တစ်ခုထက် ပို၍ အားကောင်းနေခဲ့သည်။