မမောမပန်းနိုင် လိုက်လံဖမ်းဆီးမှု
Vol. 7 Ch. 103
~ဖုန်းမိသားစု၏ ခြံဝင်းထဲတွင် သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေ၏။ မြင်ကွင်းတစ်ခုလုံး ရေခဲရိုက်ခံထားရသကဲ့သို့ပင်။ လူတိုင်း မှင်တက်မိနေကြပြီး မလှုပ်မယှက်နိုင်ကြတော့ပေ။
လွမ်ရှန်း၏ စကားလုံးများမှာ လူတိုင်း၏ စိတ်ထဲတွင် အထပ်ထပ်အခါခါ ပြန်လည် ပဲ့တင်ထပ်နေခဲ့သည်။
လူတိုင်း၏ နှလုံးသားများမှာ လှုပ်ခတ်နေခဲ့ကြ၏။
ဤ ရေခဲရိုက်ခံထားရသည့် မြင်ကွင်းသည် မိနစ်အနည်းငယ်ကြာသည်အထိ တည်ရှိနေခဲ့သည်။
"အင်ပါယာရဲ့... စစ်သူကြီးချုပ်တဲ့။ ပြီးတော့... သူက ကောင်းကင်အရိပ် ယန်ဟော် မြင်းသည်တော် တပ်ဖွဲ့နဲ့ အလံနက် တပ်မတော်ရဲ့ စစ်သူကြီးချုပ်လည်း ဟုတ်သေးတယ်တဲ့"
"တစ်ယောက်အောက်... လူအားလုံးအထက်..."
"စစ်သူကြီးချုပ်ကို မြင်တွေ့ရခြင်းဟာ ဧကရာဇ်ကို မြင်တွေ့ရသလိုပဲတဲ့"
ဝါကျတိုင်းသည် လူတိုင်း၏ နားထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ လေးလံပြင်းထန်လှ၏။
ထိုရာထူးက မည်မျှ မြင့်မြတ်လှသော အဆင့်အတန်းမျိုးပါနည်း။ မယုံကြည်နိုင်ဖွယ်၊ စိတ်ကူးကြည့်၍ပင် မရနိုင်စရာပင်။
ကြာမြင့်သော တိတ်ဆိတ်မှုအပြီးတွင် ဖုန်းမိသားစု၏ ခြံဝင်းသည် ရုတ်တရက် ပေါက်ကွဲထွက်သွားတော့သည်။
"တတိယသခင်လေးက ဧကရာဇ် ချီးမြှင့်အပ်နှင်းထားတဲ့ စစ်သူကြီးချုပ်တဲ့"
"ချန်အာက အင်ပါယာရဲ့ စစ်သူကြီးချုပ်တဲ့။ ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဖုန်းကျိန့်ရှုံးနှင့် ရှောင်ချင်းချင်းတို့မှာ စကားလုံးများပင် ပျောက်ဆုံးသွားသည်အထိ တုန်လှုပ်ခြောက်ခြားသွားကြသည်။
"သူက စစ်သူကြီးချုပ် ဟုတ်လား။ ဒါ မဖြစ်နိုင်ဘူး။ သူက ဧကရာဇ် ချီးမြှင့်အပ်နှင်းထားတဲ့ စစ်သူကြီးချုပ် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ မယုံဘူး" ဟွမ်ဖူချင်းက ထိတ်လန့်တကြား ခေါင်းခါလိုက်၏။ သူ ဒီအဖြစ်ကို လုံးဝ မယုံကြည်ချင်ခဲ့ပေ။
ရှိနေသူများထဲတွင် အတုန်လှုပ်ဆုံးသူမှာ မော့လင်အာပင် ဖြစ်လေ၏။ သူမ ကြောက်လန့်လွန်း၍ သူမ၏ မျက်နှာမှာ ဝိညာဉ်လွင့်ထွက်သွားသကဲ့သို့ ဖြူဖျော့နေခဲ့သည်။ သူမ စကားတစ်လုံးမျှ မပြောနိုင်တော့ပေ။
ဖုန်းဝူချန်သည် အင်ပါယာ၏ စစ်သူကြီးချုပ်တဲ့။ သူသည် တစ်ယောက်အောက် လူအားလုံးအထက်တွင် ရှိနေသည်တဲ့။ စစ်သူကြီးချုပ်ကို မြင်တွေ့ရခြင်းမှာ ဧကရာဇ်ကို မြင်တွေ့ရသလိုပင်တဲ့။ ဤသည်မှာ မည်မျှ မြင့်မြတ်လှသော အဆင့်အတန်းမျိုးပါနည်း။
စစ်သူကြီးချုပ်၏ အဆင့်အတန်းမှာ မော့လင်အာကဲ့သို့သော ထျန်းယွင်ဂိုဏ်း တပည့်တစ်ဦးနှင့် နှိုင်းယှဉ်၍ ရနိုင်သောအရာ မဟုတ်ခဲ့ပေ။
ဤအခိုက်အတန့်တွင် မော့လင်အာသည် သူမ၏ မာနတရားနှင့် ဂုဏ်သိက္ခာအားလုံး ဖုန်းဝူချန်၏ ခြေအောက်တွင် ရက်စက်စွာ နင်းခြေခံလိုက်ရသကဲ့သို့ ခံစားလိုက်ရတော့သည်။ ဖုန်းဝူချန်နှင့် နှိုင်းယှဉ်လျှင် သူမ၏ အောင်မြင်မှုဟု ဆိုခဲ့သောအရာများမှာ လုံးဝ ဖော်ပြရန်ပင် မထိုက်တန်တော့ချေ။
...'ငါ့ဘဝ... ငါ့ဘဝတော့ ဆုံးပါပြီ'... သူမ၏ ရင်ထဲတွင် အေးစက်သော ခံစားချက်တစ်ခု စီးဆင်းသွားလေ၏။
မော့ခွန်း၊ ယန်ချင်းယွင်နှင့် မိသားစုနှစ်ခုမှ ကျန်လူများမှာ ထိတ်လန့်တကြား တုန်ယင်နေကြ၏။ နောက်ပြန်လှည့်ရန် လမ်းမရှိတော့ဘဲ သူတို့၏ နှလုံးသားထဲမှ နောင်တတရားမှာ ပြောဖွယ်ရာ မရှိတော့ပေ။
ဟွမ်ဖူယွင်ကျုံးနှင့် ကျန်လူများပင်လျှင် ဤအခိုက်အတန့်တွင် မော့မိသားစုကို ကူညီခဲ့မိသည့်အတွက် နောင်တရနေကြလေသည်။
ဟွမ်ဖူချင်း၏ မော့လင်အာအပေါ် ထားရှိသော အချစ်ကြောင့်သာ မဟုတ်ပါက ဟွမ်ဖူ မိသားစုသည် မော့မိသားစု၏ ကိစ္စရပ်များကို လုံးဝ ဂရုစိုက်မည် မဟုတ်ခဲ့ပေ။
ဟွမ်ဖူယွင်ကျုံးနှင့် အခြားသူများမှာလည်း အင်ပါယာမှ ချီးမြှင့်အပ်နှင်းလိုက်သော စစ်သူကြီးချုပ်မှာ ဖုန်းမျိုးနွယ်စု၏ တတိယသခင်လေး ဖုန်းဝူချန် ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ဟွမ်ဖူယွင်ကျုံးသည် သူ၏ မျက်လုံးများထဲမှ တုန်လှုပ်မှုကို တဖြည်းဖြည်း ပြန်လည် ထိန်းချုပ်လိုက်ကာ မေးလိုက်သည်။
"ဒါဆို မင်းက ယွင်ကျိုးနယ်မှာ ကျော်ကြားလှတဲ့... စိတ်တစ်ချက်တည်းနဲ့ လက်နက် တစ်ခု ဖန်တီးနိုင်စွမ်း ရှိတဲ့ ပဉ္စမအဆင့် ပန်းပဲဆရာ... ဆရာဖုန်းပေါ့"
ယခု ရှိနေကြသူတိုင်း ယခုအခါတွင် နားလည်သွားကြလေပြီ။
ယွင်ကျိုးနယ်မှ အင်အားစုအားလုံး၊ အသန်မာဆုံး ဖြစ်သော ရွှမ်းထျန်းဂိုဏ်း အပါအဝင်၊ အဘယ်ကြောင့် ထျန်းကျိုးနယ်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကာ ဖုန်းကျိန့်ရှုံး၏ မွေးနေ့ကို ဂုဏ်ပြုကြသနည်း ဟူ၍။
အကြောင်းမူကား ဖုန်းဝူချန်သည် စိတ်တစ်ချက်တည်းဖြင့် လက်နက် ဖန်တီးနိုင်သော ပဉ္စမအဆင့် ပစ္စည်းသန့်စင်သူတစ်ဦး ဖြစ်သောကြောင့်တည်း။ ထို့အပြင် သူသည် အင်ပါယာ၏ စစ်သူကြီးချုပ်လည်း ဖြစ်လေသည်။
ဧကရာဇ်၏ ဘွဲ့ထူးများ ချီးမြှင့်အပ်နှင်းခြင်း သတင်းနှင့် ကျော်ကြားသော ဆရာဖုန်း၏ သတင်းတို့သည် အင်ပါယာ တစ်ခွင်လုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ဖြစ်၏။ သို့သော် ဤ ထိပ်သီးပုဂ္ဂိုလ်ကြီးမှာ ဖုန်းမိသားစု၏ တတိယ သခင်လေး ဖုန်းဝူချန် ဖြစ်ကြောင်းကိုမူ လူအနည်းငယ်သာ သိရှိခဲ့ကြသည်။
ဖုန်းဝူချန် စစ်သူကြီးချုပ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဆိုသည့်အချက်ကို ဘေးဖယ်ထားဦး...။ ဖုန်းဝူချန်သည် စိတ်တစ်ချက်တည်းဖြင့် လက်နက်ဖန်တီးနိုင်သော ပဉ္စမအဆင့် ပစ္စည်းသန့်စင်သူ တစ်ဦး ဖြစ်သည် ဟူသော အချက်နှင့် တတိယအဆင့် ဆေးပညာရှင် ဝိညာဉ်စွမ်းအားဖြင့် စတုတ္ထအဆင့် ဆေးပညာရှင် တစ်ဦးကို ထိခိုက်စေနိုင်သည် ဟူသောအချက် တစ်ခုတည်းဖြင့်ပင် မရေမတွက်နိုင်သော လူများကို သတိထားစေရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သော တစ်နှစ်က ဖုန်းဝူချန်သည် ဒုတိယအဆင့် သိုင်းဝိညာဉ် အမှိုက်တစ်ယောက် ဖြစ်ခဲ့သည်ကို မည်သူက ထင်ထားမည်နည်း။ တစ်နှစ်အကြာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ကျော်ကြားသော ဆရာဖုန်း၊ အင်ပါယာ၏ စစ်သူကြီးချုပ် ဖြစ်လာခဲ့သည်။
"ချန်အာက တကယ်ပဲ ယွင်ကျိုးနယ်ရဲ့ ကျော်ကြားတဲ့ ဆရာဖုန်းပါလား။ သူက ပဉ္စမအဆင့် ပစ္စည်းသန့်စင်သူတဲ့" ဖုန်းကျိန့်ရှုံး၏ အသံမှာ တုန်ယင်နေခဲ့၏။ သူ၏ တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုကို သူ မဖုံးကွယ်နိုင်ခဲ့ပေ။
ဖုန်းမျိုးနွယ်စုထဲမှ မည်သူမျှ ရုတ်တရက် ရောက်ရှိလာသော မြင့်မြတ်သည့် အဆင့်အတန်းနှင့် ဂုဏ်ပုဒ်ကို လက်ခံရန် မဝံ့ရဲကြပေ။ သူတို့ စိတ်ကူးကြည့်ရန်ပင် မဝံ့ရဲကြဘဲ ဤအရာအားလုံး အိပ်မက်တစ်ခုသာ ဖြစ်သည်ဟု ခံစားနေကြရသည်။
"အခုတော့ မင်းတို့ ဘယ်သူ့ကို စော်ကားမိလဲဆိုတာ သိကြပြီလား။ ယန်မျိုးနွယ်စု၊ မော့မျိုးနွယ်စုနဲ့ ဟွမ်ဖူမျိုးနွယ်စုတို့က သူတို့ရဲ့ အထက်လူကြီးတွေကို စော်ကားခဲ့ကြတယ်။ သူတို့ရဲ့ ပြစ်မှုတွေက ခွင့်လွှတ်လို့မရနိုင်ဘူး" စစ်သူကြီး ဝူက အေးစက်စွာ အော်ဟစ်လိုက်လေ၏။
စစ်သူကြီးချုပ်၏ ဖခင် မွေးနေ့ပွဲ ကျင်းပနေသည်ကို သူတို့ ရောက်လာပြီး ပြဿနာရှာရဲကြသည်တဲ့။ သူတို့သည် အမှန်ပင် သေလမ်းရှာနေကြခြင်းသာ ဖြစ်လေသည်။
ယန်ချင်းယွင်နှင့် မော့ခွန်းတို့၏ မျက်နှာများ ပြာနှမ်းနေခဲ့ပြီး သူတို့၏ မျက်လုံးများတွင် စိတ်ပျက်အားငယ်မှုတို့ ပြည့်နှက်နေခဲ့သည်။
သူတို့သည် အင်ပါယာ၏ စစ်သူကြီးချုပ်ကို စော်ကားခဲ့ကြသည်။ သူတို့တွင် ဟွမ်ဖူမျိုးနွယ်စုနှင့် ထျန်းယွင်ဂိုဏ်းတို့၏ ကျောထောက်နောက်ခံ ရှိနေလျှင်ပင် သူတို့ကို ကယ်တင်နိုင်မည် မဟုတ်တော့ပေ။
မော့မျိုးနွယ်စုနှင့် ယန်မျိုးနွယ်စုတို့မှာ သေးငယ်သော မျိုးနွယ်စုများသာ ဖြစ်ကြ၏။ ထျန်းယွင်ဂိုဏ်းအတွက် သူတို့ကို ကယ်တင်ရန် အင်ပါယာကို စော်ကားသည့် အန္တရာယ်ကို စွန့်စားရလောက်အောင် မလုံလောက်ခဲ့ပေ။
"ဧကရာဇ် မြို့တော်ရဲ့ မြို့သခင်နဲ့ ထျန်းကျိုးရဲ့ ခေါင်းဆောင်တို့ မွေးနေ့ကို ဂုဏ်ပြုဖို့ ရောက်လာကြပါပြီ" ဤအခိုက်အတန့်တွင် စစ်သားတစ်ဦး၏ အော်ဟစ်သံ တံခါးအပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။
ဧကရာဇ်မြို့တော်၏ မြို့သခင်နှင့် ထျန်းကျိုး၏ ခေါင်းဆောင်တို့မှာ အဆင့်အတန်း မြင့်မားကြသော်လည်း သူတို့၏ ရောက်ရှိလာခြင်းမှာ လူတိုင်းကို တုန်လှုပ်စေရန် မလုံလောက်ခဲ့ပေ။
သူတို့နှစ်ဦးသည် စိတ်လှုပ်ရှားနေဟန်ဖြင့် အလျင်အမြန် ဝင်ရောက်လာခဲ့ကြ၏။ သူတို့ ဖုန်းဝူချန်ရှေ့သို့ ရောက်ရှိလာသည့်အခါ ချက်ချင်း ဒူးထောက်လိုက်ကြပြီး ရိုသေစွာ အသိပေးလိုက်ကြသည်။ "ဂါရဝပြုပါတယ် စစ်သူကြီးချုပ်။ အချိန်မီ မရောက်နိုင်ခဲ့တဲ့အတွက် ကျွန်တော်မျိုးတို့ကို ခွင့်လွှတ်ပေးပါ"
"ထကြပါ" ဖုန်းဝူချန်က တည်ငြိမ်စွာ ဆိုလိုက်၏။
"ကျေးဇူးတင်ပါတယ် စစ်သူကြီးချုပ်" သူတို့နှစ်ဦးမှာ လုံးဝ စိတ်သက်သာရာ
ရသွားကြ၏။ ဖုန်းဝူချန် သူတို့ကို အပြစ်ပေးမည်ကို စိုးရိမ်နေခဲ့ကြသည်။
သို့သော် သူတို့ နှစ်ဦး၏ ရောက်ရှိလာခြင်းမှာ ယန်မျိုးနွယ်စုနှင့် မော့မျိုးနွယ်စုတို့အတွက် နောက်ထပ် ထိုးနှက်ချက် တစ်ခု ဖြစ်ခဲ့လေ၏။
"စစ်သူကြီးချုပ်... ကျွန်တော်တို့ အရင်က ခင်ဗျားရဲ့ ဂုဏ်ပုဒ်ကို မသိခဲ့ဘဲ ခင်ဗျားကို စော်ကားမိခဲ့ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်မျိုးတို့ကို ခွင့်လွှတ်ပေးပါ စစ်သူကြီးချုပ်။ ဟွမ်ဖူမျိုးနွယ်စုနဲ့ ထျန်းယွင်ဂိုဏ်းတို့အတွက် ငဲ့ညှာသောအားဖြင့် ခင်ဗျား ဒီကိစ္စကို လွှတ်ထားလို့ မရနိုင်ဘူးလား" ဟွမ်ဖူယွင်ကျုံးက ဖုန်းဝူချန်အား အသိပေးလိုက်သည်။
"ဖုန်းမျိုးနွယ်စုကို စော်ကားသူတွေ သေရမယ်" ဖုန်းဝူချန်က အေးစက်စွာ တုံ့ပြန်လိုက်၏။ ဟွမ်ဖူယွင်ကျုံး ပြောဆိုခဲ့လျှင်ပင် ဖုန်းဝူချန် သူ့ကို မျက်နှာသာပေးမည် မဟုတ်ပေ။
ဤစကားကို ကြားသောအခါ ဟွမ်ဖူယွင်ကျုံး၏ မျက်နှာ မည်းမှောင်သွားခဲ့၏။ ဖုန်းဝူချန်က ဟွမ်ဖူမျိုးနွယ်စုကို မျက်နှာသာမပေးခဲ့သဖြင့် သူ ဒေါသထွက်သွားခဲ့သော်လည်း
ပေါက်ကွဲရန် မဝံ့ရဲခဲ့ပေ။
မူထျန်းယွင်နှင့် မူယွင်ရှန်းတို့ နှစ်ဦးစလုံး သူ့ထက် သန်မာကြ၏။ ဟွမ်ဖူ မျိုးနွယ်စု မည်မျှပင် သန်မာစေကာမူ သူတို့ ရွှမ်းထျန်းဂိုဏ်းထက် သန်မာနိုင်မည် မဟုတ်ပေ။
"စစ်သည်တို့... ငါ့အမိန့်ကို နားထောင်။ သနားညှာတာမှု မရှိဘဲ သတ်ပစ်ကြ"
ဟွမ်ယန်က တွေဝေခြင်း မရှိဘဲ အမိန့်ပေးလိုက်ပြီး သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်များ နောက်တစ်ကြိမ် ပေါက်ကွဲလာခဲ့သည်။
"သတ်"
ကောင်းကင်အရိပ် ယန်ဟော် မြင်းသည်တော် တပ်ဖွဲ့နှင့် အလံနက် တပ်မတော်တို့ ဟိန်းဟောက်လိုက်ကြ၏။
တပြိုင်နက်တည်း၌ အလွန် အေးစက်လေးလံသော သတ်ဖြတ်လိုသည့် အငွေ့အသက် တစ်ခု ကောင်းကင်သို့ တိုးထွက်သွားကာ တွေဝေခြင်း မရှိဘဲ ရှေ့သို့ ပြေးဝင် တိုက်ခိုက်ကြလေတော့သည်။
"ထျန်းယွင်ဂိုဏ်းက ဟွမ်ဖူ မျိုးနွယ်စုအတွက် ရပ်တည်ပေးရဲသလားဆိုတာ ငါ တွေ့မြင်ချင်သေးတယ်"
ဖုန်းဝူချန်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
"သတ်လိုက်"
ယွင်ကျိုးနယ်မှ အင်အားစုအမျိုးမျိုးမှ အင်အားကြီး ပုဂ္ဂိုလ်များ တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ကြလေ၏။ ထို ကြောက်မက်ဖွယ်ရာ အခင်းအကျင်းကို ကြည့်ရလျှင် သူတို့သည် ဟွမ်ဖူမျိုးနွယ်စု၊ ယန်မျိုးနွယ်စုနှင့် မော့မျိုးနွယ်စုတို့ကို ချေမှုန်းပစ်ရန် စီစဉ်ထားပုံရသည်။
"စစ်သူကြီးချုပ်... ကျေးဇူးပြုပြီး ကျွန်တော်မျိုးတို့ အသက်ကို ချမ်းသာပေးပါ"
အခြေအနေမှာ မျှော်လင့်ချက်ကင်းမဲ့နေခဲ့လေပြီ။ ယန်မျိုးနွယ်စုနှင့် မော့မျိုးနွယ်စုတို့ ထိတ်လန့်တကြားဖြစ်ကာ စိတ်ပျက်အားငယ်မှုတို့ဖြင့် ပြည့်နှက်နေခဲ့ကြသည်။ သူတို့တွင် ခုခံရန် စိတ် လုံးဝ မရှိတော့ဘဲ သူတို့ထဲမှ လူအများအပြား ဒူးထောက်ကာ အသနားခံ တောင်းပန်
ကြလေတော့သည်။
ကံမကောင်းစွာဖြင့် ကောင်းကင်အရိပ် ယန်ဟော်မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်တို့မှာ ရက်စက်ကြမ်းကြုတ်ခြင်းဖြင့် ကျော်ကြားလှ၏။ သူတို့သည် သူတို့၏ တောင်းပန်မှုများကို ဂရုမစိုက်ဘဲ သတ်ဖြတ်မှုများကိုသာ အာရုံစိုက်နေကြတော့သည်။
ဟွမ်ယန်နှင့် လွမ်ရှန်းတို့က တိုက်ခိုက်ကာ ယန်ချင်းယွင်နှင့် မော့ခွန်းတို့ကို ပထမဆုံး သတ်ဖြတ်ပစ်လိုက်ကြ၏။
"ချင်းအာကို ခေါ်ပြီး ထွက်သွား" ဟွမ်ဖူယွင်ကျုံးက အသံတိုးတိုးဖြင့် ညွှန်ကြားလိုက်သည်။
"လင်အာ။ သွား။ သွားတော့" ဟွမ်ဖူရွှမ်းမှ ဆွဲခေါ်ခံနေရသော ဟွမ်ဖူချင်းက ကြောက်ရွံ့တုန်လှုပ်နေပြီး မလှုပ်မယှက်နိုင်ဖြစ်နေသော မော့လင်အာကို အော်ဟစ်လိုက်လေ၏။
"ဟွမ်ဖူချင်း... မင်း ထွက်သွားလို့ မရဘူး" ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်၏။
သူ၏ လက်ထဲတွင် မီးလျှံဓားကို ကိုင်ဆောင်ထားပြီး လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက်ရာ သူ၏ အမြန်နှုန်းမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။
စစ်ပွဲ စတင်ဖြစ်ပွားသည့်အခါ ဟွမ်ဖူ မျိုးနွယ်စုမှ ကျွမ်းကျင်သူများ ဖုန်း မျိုးနွယ်စု နေအိမ်တော်မှ အလျင်အမြန် ထွက်ခွာသွားကြ၏။ မူထျန်းယွင်၊ မူယွင်ရှန်းနှင့် အခြား အင်အားကြီး ပုဂ္ဂိုလ်များ သူတို့နောက်သို့ လိုက်လံ ဖမ်းဆီးနေကြသည်။
ဖုန်းမျိုးနွယ်စု အိမ်တော် အပြင်မှ ယန်မျိုးနွယ်စုနှင့် မော့မျိုးနွယ်စုမှ လူများအားလုံး သတ်ဖြတ်ခံလိုက်ကြရ၏။ နေရာတိုင်းတွင် အလောင်းများ ပြန့်ကျဲနေပြီး သွေးများ မြစ်ချောင်းအလား စီးဆင်းနေခဲ့သည်။
ကောင်းကင်အရိပ် ယန်ဟော် မြင်းသည်တော် တပ်ဖွဲ့နှင့် အလံနက် တပ်မတော်တို့က ယန်မျိုးနွယ်စုနှင့် မော့မျိုးနွယ်စုတို့ကို သတ်ဖြတ်ပြီးနောက် သူတို့နောက်သို့ ထပ်ကြပ်မကွာ လိုက်လံသွားကြတော့သည်။
ပြိုင်ဘက်ကင်းမြို့မှ လူများ၏ ရှေ့မှောက်တွင် ပေါ်ပေါက်လာသော မြင်ကွင်းမှာ သူတို့၏ ဘဝတွင် တစ်ခါမျှ မမြင်ဖူးခဲ့သော အရာတစ်ခု သေချာပေါက် ဖြစ်ပေလိမ့်မည်။
ကျွမ်းကျင်သူ အမြောက်အမြား ပြိုင်ဘက်ကင်းမြို့၏ အဆောက်အဦများပေါ်တွင် ခုန်ပျံကျော်လွှားနေကြ၏။
ကောင်းကင်အရိပ် ယန်ဟော် မြင်းသည်တော် တပ်ဖွဲ့နှင့် အလံနက် တပ်မတော်မှ အတော်ဆုံး စစ်သည် အမြောက်အမြား အဆက်မပြတ် ဝေဝါး..ပျောက်ကွယ်နေကြသည်။ ဤသည်မှာ အမြင်အာရုံကို ရိုက်ခတ်မှု တစ်ခု ဖြစ်ပြီး မြင်ကွင်းမှာ အလွန် ခမ်းနားထည်ဝါကာ တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။
ဟွမ်ဖူမျိုးနွယ်စုသည် ကျွမ်းကျင်သူ အမြောက်အမြား၏ လိုက်ဖမ်းခြင်းကို အမှန်တကယ် ခံနေရသည်။
ကျွမ်းကျင်သူ ရာပေါင်းများစွာက ဟွမ်ဖူမျိုးနွယ်စုမှ ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာကို လိုက်လံဖမ်းဆီးနေကြသည်။
ဟွမ်ဖူမျိုးနွယ်စု မည်သူ့ကို စော်ကားခဲ့လေသနည်း။
ပြိုင်ဘက်ကင်းမြို့မှ လူများ အလွန် နားမလည်နိုင် ဖြစ်နေကြပြီး သူတို့ တစ်ယောက်ချင်းစီမှာ ကြောက်ရွံ့မှု အရိပ်အယောင်များ ပြသနေကြသည်။
ဟွမ်ဖူယွင်ကျုံး ထွက်ပြေးနေစဉ် လမ်းခုလတ်တွင် မူယွင်ရှန်းမှ တားဆီးခံလိုက်ရ၏။
"မူယွင်ရှန်း။ မင်း တကယ်ပဲ ဟွမ်ဖူ မျိုးနွယ်စုနဲ့ ရန်သူဖြစ်ချင်နေတာလား"
ဟွမ်ဖူယွင်ကျုံး ချက်ချင်းပင် မည်းမှောင်သော မျက်နှာဖြင့် မေးလိုက်သည်။ သူ၏ မျက်နှာမှာ အလွန် တင်းမာနေခဲ့သည်။
"ဟွမ်ဖူမျိုးနွယ်စု ခေါင်းဆောင်... ခင်ဗျားကို တစ်ခု ပြောဖို့ မေ့သွားတယ်။ အခုချိန်မှာ ယွင်ကျိုးနယ်မှာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သူက စစ်သူကြီးချုပ်ပဲ" မူယွင်ရှန်းက အေးစက်စွာ ပြုံးရင်း ပြောကြားလိုက်၏။
ဤသည်မှာ ဖုန်းဝူချန်၏ အမိန့်ဖြစ်သောကြောင့် သူ မနာခံဘဲ မနေဝံ့ခဲ့ပေ။
"သူက နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သူ ဟုတ်လား" ဟွမ်ဖူယွင်ကျုံး၏ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့၏။ သူ တစ်စုံတစ်ခုကို ခန့်မှန်းမိလိုက်ပုံရသည်။
ယွင်ကျိုးနယ် တစ်ခုလုံး ဖုန်းဝူချန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။ ထိုအရာက သူ ယွင်ကျိုးနယ်၏ အရှင်သခင်ဖြစ်ကြောင်း ဆိုလိုနေသည် မဟုတ်လော။
မူယွင်ရှန်း စကားအပိုပြော၍ အချိန်မဖြုန်းခဲ့ပေ။ သူ၏ အစစ်အမှန် ချီကို ထုတ်ဖော်လိုက်ပြီး ခန့်ညားထည်ဝါသော စွမ်းအားဖြင့် ရှေ့သို့ ပြေးဝင်တိုက်ခိုက်လေတော့သည်။
အသည်းအသန် ထွက်ပြေးနေသော ဟွမ်ဖူမျိုးနွယ်စုမှ ကျွမ်းကျင်သူများထဲတွင် ပထမဆုံး သတ်ဖြတ်ခံရသူမှာ ဟွမ်ဖူလျန် ဖြစ်လေ၏။ လွမ်ရှန်းက သူ့အား လျှပ်တပြက် နေရာရွှေ့ပြောင်းကာ လည်ပင်းကို ဓားတစ်ချက်ဖြင့် ဖြတ်ပိုင်း၍ အဆုံးသတ်
ပေးလိုက်လေသည်။
ဟွမ်ဖူမျိုးနွယ်စုမှ အခြား ကျွမ်းကျင်သူများမှာ ပြိုင်ဘက်ကင်းမြို့မှ မလွတ်မြောက်နိုင်သေးပေ။
သူတို့အားလုံး ချူဝူဟန်နှင့် ယွင်ကျိုးနယ်မှ အခြား ကျွမ်းကျင်သူများ၊ အားကောင်းသော လှုပ်ရှားမှုသိုင်းကွက်များ ပိုင်ဆိုင်သည့် အတော်ဆုံး စစ်သည်များ၏ လိုက်လံဖမ်းဆီးခြင်းနှင့် ကြားဖြတ်တားဆီးခြင်းတို့ကို ခံနေကြရသည်။
"ဟွန်း"
ဖုန်းဝူချန်က ဟွမ်ဖူရွှမ်းနောက်သို့ လိုက်လံရင်း သူ၏ ဝိညာဉ်စွမ်းအားကို ထုတ်ဖော်လိုက်၏။
“အား..”
လေးလံသော အော်ဟစ်သံ တစ်ချက်ဖြင့် ဒဏ်ရာများဖြင့် ထွက်ပြေးနေသော ဟွမ်ဖူချန်းရှန်း သွေးများ ထပ်မံ အန်ထွက်လာခဲ့သည်။ သူ ဟန်ချက် ပျက်သွားသည့် တစ်ခဏမှာပင် အောက်သို့ ပြုတ်ကျသွားခဲ့တော့သည်။
"မဟာအကြီးအကဲ"
ဟွမ်ဖူယွင်ကျုံး တုန်လှုပ်သွားခဲ့သည်။
ဟွမ်ဖူမျိုးနွယ်စုမှ ကျွမ်းကျင်သူများထဲတွင် ဟွမ်ဖူချန်းရှန်းမှာ ခံပြင်းရဆုံး ဖြစ်ပေလိမ့်မည်။ သူ၏ ယွမ်တန်ဘုံ ဆဋ္ဌမအဆင့် ကျင့်ကြံမှုဖြင့် သူသည် တိုက်ခိုက်ရန် အခွင့်အရေးပင် မရရှိခဲ့ဘဲ ဖုန်းဝူချန်၏ ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုဖြင့် နှစ်ကြိမ်တိုင်တိုင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ဟွမ်ဖူချန်းရှန်း၏ ဝိညာဉ်ခန္ဓာကိုယ် နှစ်ကြိမ်တိုင်တိုင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး သူ ထရပ်ရန် အင်အား မရှိတော့ပေ။
ဟွမ်ဖူချန်းရှန်းသည် ဟွမ်ဖူမျိုးနွယ်စု၏ တစ်ဦးတည်းသော ဆေးပညာရှင် ဖြစ်၏။ အကယ်၍ သူ ဤသို့ သေဆုံးသွားခဲ့ပါက ဟွမ်ဖူ မျိုးနွယ်စုအတွက် လုံးဝ လေးလံသော ထိုးနှက်ချက် တစ်ခု ဖြစ်ပေလိမ့်မည်။
"ဂိုဏ်းချုပ်ဟောင်းမူ... ဟွမ်ဖူရွှမ်းကို အမြန် တားလိုက်ပါ" ဖုန်းဝူချန်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သူ လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုလျှင်ပင် ဟွမ်ဖူရွှမ်းကို အမီလိုက်ရန် ခက်ခဲနေခဲ့သည်။
သို့သော် မူထျန်းယွင် လှုပ်ရှားလိုက်သည့်အခါတွင်မူ ကွဲပြားသွားခဲ့၏။ လျှပ်တပြက် လှုပ်ရှားမှု အနည်းငယ်ဖြင့် သူသည် ဟွမ်ဖူရွှမ်း၏ ရှေ့မှောက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။
"ဒုတိယသခင်လေး။ အမြန် ထွက်သွားပါ" ဟွမ်ဖူရွှမ်းက အော်ဟစ်ရင်း မူထျန်းယွင်ကို အလွန် ကြောက်ရွံ့စွာ ကြည့်လိုက်လေသည်။
အင်ပါယာမှ လူတိုင်း ဤအဘိုးအို မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သိရှိကြ၏။
ထျန်းယွင်ဂိုဏ်း၏ ဂိုဏ်းချုပ်ပင်လျှင် သူ့ကို သတိထားရပေသည်။
"ဘုန်း"
မူထျန်းယွင်သည် အလွန် ကြောက်မက်ဖွယ် ကောင်းသော အမြန်နှုန်းဖြင့် လင်းလက်သွားခဲ့၏။ ရုတ်တရက် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီး ယွမ်တန်ဘုံ ပဉ္စမအလွှာ ဟွမ်ဖူရွှမ်းမှာ သွေးတစ်လုပ် အန်ထွက်လာခဲ့သည်။
သူ၏ ပုံရိပ်မှာ အနက်ရောင် ပုံရိပ်အသွင် ပြောင်းလဲသွားပြီး အဆောက်အဦ အများအပြားကို ဆက်တိုက် ဝင်တိုက်ကာ လွင့်စင်ထွက်သွားခဲ့သည်။ သူ သေသည်၊ ရှင်သည်ကိုမူ မသိနိုင်ခဲ့ပေ။
ဟွမ်ဖူချင်းမှာမူ ကြာမြင့်စွာကတည်းက သတ္တိ ပျောက်ဆုံးနေခဲ့လေပြီ။
ယင်းက သူ သေခြင်းတရားနှင့် ဤမျှ နီးကပ်စွာ ခံစားခဲ့ရဖူးသည့် ပထမဆုံးအကြိမ် ဖြစ်ပြီး သေခြင်း၏ အငွေ့အသက်ကို ခံစားခဲ့ရဖူးသည့် ပထမဆုံး အကြိမ်လည်း ဖြစ်လေ၏။
"မင်း ထွက်သွားနိုင်လို့လား" ဖုန်းဝူချန်၏ အေးစက်သော အသံ ဟွမ်ဖူချင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
"ဖုန်းဝူချန်" ဟွမ်ဖူချင်း၏ မျက်နှာ ဖြူဖျော့သွားပြီး သူ အလွန် ကြောက်ရွံ့တကြားဖြစ်ကာ လှည့်၍ ထွက်ပြေးလေတော့သည်။
ဤအခိုက်အတန့်တွင် ဟွမ်ဖူချင်းသည် ဖုန်းဝူချန်နှင့် တိုက်ခိုက်ရန် လုံးဝ မဝံ့ရဲတော့ပေ။ သူသည် ပြိုင်ဘက်ကင်းမြို့မှ အမြန်ဆုံး ထွက်ပြေးရန်သာ လိုလားနေခဲ့ပြီး တစ်ခဏမျှပင် ဆက်မနေလိုတော့ပေ။
ဖုန်းဝူချန်က သူ၏ လက်ထဲတွင် မီးလျှံဓားကို ကိုင်ဆောင်ထားပြီး အသက်ရှူမှားလောက်အောင် အေးစက်သော သတ်ဖြတ်လိုစိတ်ဖြင့် ပြေးဝင်တိုက်ခိုက်လိုက်လေ၏။
"ဖုန်းဝူချန်... ရပ်လိုက်စမ်း" ဟွမ်ဖူယွင်ကျုံးက စိုးရိမ်တကြီး ဟိန်းဟောက်လိုက်လေသည်။
"ဝှစ်။ ဝှစ်။ ဝှစ်" ဖုန်းဝူချန်၏ ပုံရိပ်မှာ မရေမတွက်နိုင်သော ဝိုးတဝါး အနက်ရောင် အရိပ်များအဖြစ်သို့ ပြောင်းလဲသွားပြီး လျှပ်တပြက် လှုပ်ရှားမှု အနည်းငယ်ဖြင့် သူသည် ဟွမ်ဖူချင်းကို ကြားဖြတ်တားဆီးလိုက်ပြီး ဖြစ်ရာ ဟွမ်ဖူချင်းကို ကြောက်လန့်လွန်း၍ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားစေခဲ့သည်။
"ဖုန်းမျိုးနွယ်စုက မင်း ကြိုက်သလို လာပြီး ကြိုက်သလို ထွက်သွားလို့ရတဲ့ နေရာ လုံးဝ မဟုတ်ဘူး"
ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်ပြီး မီးလျှံဓားမှာမူ ရက်စက်စွာ ဝှေ့ယမ်းထွက်သွားခဲ့ပြီး ဖြစ်လေတော့သည်။