ကြေကွဲမှုနှင့် နောင်တတရား
Vol. 7 Ch. 104
~ဟွမ်ဖူချင်း၏ စိတ်ထဲတွင် ပွက်လောရိုက်နေခဲ့ချေပြီ။ သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်အခါ သူ လုံးဝ တည်ငြိမ်မှု မရှိနိုင်တော့ပေ။
ဖုန်းဝူချန်၏ ကြမ်းတမ်းပြင်းထန်သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသောအခါ ဟွမ်ဖူချင်းသည် အစပိုင်းတွင် ရှောင်တိမ်းနိုင်သေးသော်လည်း ဖုန်းဝူချန်၏ တိုက်ခိုက်မှုများ ပို၍ ပို၍ ပြင်းထန်လာသည်နှင့်အမျှ ဟွမ်ဖူချင်းမှာ လုံးဝ ခုခံနိုင်စွမ်း ကင်းမဲ့သွားတော့သည်။ သူ၏ ထိတ်လန့်တကြားဖြစ်မှုက သူ၏ ဆုံးဖြတ်နိုင်စွမ်းကိုပါ ဆုံးရှုံးသွားစေခဲ့ပြီလေ။
"ရှပ်... ရှပ်... ရှပ်"
ဖုန်းဝူချန် လျင်မြန်စွာ လှုပ်ရှားလိုက်၏။ ဓားရောင်တစ်ချက် ဝင်းလက်သွားသည်နှင့် ဟွမ်ဖူချင်း၏ ခန္ဓာကိုယ်မှ သွေးများ ဖြာထွက်လာခဲ့သည်။
ဟွမ်ဖူချင်း၏ လက်များနှင့် ခြေထောက်များမှ အရွတ်များအားလုံး ဖုန်းဝူချန်၏ ဓားချက်ဖြင့် ဖြတ်တောက်ခံလိုက်ရပြီး အသည်းခိုက်အောင် ပြင်းထန်သော ဝေဒနာကြောင့် ဟွမ်ဖူချင်းမှာ မချိမဆံ့ အော်ဟစ်လိုက်မိတော့သည်။
"အား…..ဖုန်းဝူချန်။ ငါ့ကို မသတ်ပါနဲ့" အလွန်အမင်း နာကျင်နေသော ဟွမ်ဖူချင်းက အသနားခံလိုက်လေ၏။
"ဖုန်းဝူချန်။ မင်း ငါ့သားကို သတ်ရဲ သတ်ကြည့်.. ငါ ဖုန်းမိသားစုကို ချေမှုန်းပစ်မယ်" မုယွင်ရှန်းနှင့် တိုက်ခိုက်နေသော ဟွမ်ဖူယွင်ကျုံးက ဖုန်းဝူချန်ကို ဒေါသတကြီး ဟိန်းဟောက်
လိုက်လေသည်။
ဖုန်းဝူချန်က မလှမ်းမကမ်းရှိ အဆောက်အဦတစ်ခု၏ ထိပ်တွင် မူယွင်ရှန်းနှင့် တိုက်ခိုက်နေသော ဟွမ်ဖူယွင်ကျုံးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
ထို့နောက် သူ၏ လက်ထဲမှ မီးလျှံဓားသည် ချက်ချင်းပင် တွေဝေခြင်းမရှိဘဲ ဟွမ်ဖူချင်း၏ နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့တော့သည်။
"ငါ မင်းကို ဘာအခွင့်အရေးမှ ပေးမှာမဟုတ်ဘူး" ဖုန်းဝူချန်က အေးစက်စွာ တုံ့ပြန်လိုက်ပြီး မီးလျှံဓားကို ဖြည်းညှင်းစွာ ပြန်ဆွဲထုတ်လိုက်၏။
ဟွမ်ဖူချင်း၏ မျက်လုံးများတွင် စိတ်ပျက်အားငယ်မှုနှင့် ကြောက်ရွံ့မှုတို့ ပြည့်နှက်နေခဲ့သည်။
စကားမပြောနိုင်တော့ဘဲ အောက်သို့ ဘုန်းခနဲ လဲကျသွားခဲ့လေသည်။
ဖုန်းဝူချန် သူ့ကို အမှန်တကယ် သတ်ရဲလိမ့်မည်ဟု ဟွမ်ဖူချင်း မယုံကြည်နိုင်ခဲ့ပေ။
သူသည် ထျန်းယွင်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်ပြီး သူ၏ အစ်ကိုမှာ ထျန်းယွင်ဂိုဏ်း၏ ပါရမီရှင် တပည့်၊ ထျန်းယွင်ဂိုဏ်းမှ အလွန် တန်ဖိုးထားခံရသော ပါရမီရှင်တပည့် တစ်ဦး ဖြစ်သည် မဟုတ်ပါလား။
ဖုန်းဝူချန်သည် ထျန်းယွင်ဂိုဏ်းကို စော်ကားရန် မကြောက်ရွံ့လေသလော။
ဖုန်းဝူချန်သည် အင်ပါယာ၏ စစ်သူကြီးချုပ်ဖြစ်ပြီး အင်ပါယာမှ အလွန် တန်ဖိုးထားခြင်းခံရသူ ဖြစ်လျှင်ပင် ထျန်းယွင်ဂိုဏ်း၏ အင်အားမှာ အင်ပါယာထက် နိမ့်ကျသည် မဟုတ်ချေ။
အင်ပါယာ၏ အင်အားမှာ အမှန်ပင် သန်မာလှပြီး တပ်ဖွဲ့ဝင်များစွာ ရှိကာ ထျန်းယွင်ဂိုဏ်းထက် အဆပေါင်းများစွာ ပိုများလေသည်။
အင်ပါယာ၏ အသန်မာဆုံး မျိုးနွယ်စုဖြစ်သော ထျန်းယွင်ဂိုဏ်းတွင် တပည့်ပေါင်း သောင်းဂဏန်းသာ ရှိခဲ့ပြီး အင်ပါယာနှင့် တိုက်ခိုက်ရန် လုံးဝ မလုံလောက်ခဲ့ပေ။
သို့သော် ထျန်းယွင်ဂိုဏ်းမှာ အင်အားကြီး ပုဂ္ဂိုလ်များဖြင့် ပြည့်နှက်နေခဲ့ပြီး ယွမ်တန်ဘုံ ကျင့်ကြံခြင်း အဆင့် ရာပေါင်းများစွာသော လူများ ရှိနေခဲ့သည်။ ဤသည်မှာ ထျန်းယွင်ဂိုဏ်း၏ ကြောက်မက်ဖွယ်ရာ အပိုင်းပင် ဖြစ်လေသည်။
ထျန်းယွင်ဂိုဏ်း၏ ဂိုဏ်းချုပ်မှာ လက်လှမ်းမမီနိုင်သော ဘုံသို့ ခြေချနိုင်ခဲ့ပြီဟု ဆိုကြ၏။ ဤသည်မှာ ထျန်းယွင်ဂိုဏ်း၏ အကြောက်မက်ဖွယ်အကောင်းဆုံး အပိုင်းပင် ဖြစ်လေတော့သည်။
"ချင်းအာ"
ဟွမ်ဖူယွင်ကျုံးက သားဖြစ်သူအား ထိတ်လန့်တကြား အော်ခေါိလိုက်လေသည်။
"ဘုန်း"
ထိုစဉ် သူ၏ ခန္ဓာကိုယ်သည် မုယွင်ရှန်း၏ လက်ဝါးချက်ဖြင့် ကြမ်းတမ်းစွာ ရိုက်နှက်ခံလိုက်ရပြီး သွေးများ အန်ထွက်ကာ ခိုင်ခံ့သော အဆောက်အဦကိုပင် ဖောက်ထွင်း၍ အဟုန်ပြင်းစွာ ပစ််လွင့်သွားခဲ့သည်။ ပြင်းထန်သော အင်အားကြောင့် ဟွမ်ဖူယွင်ကျုံးသည် ခိုင်ခံ့သော အဆောက်အဦများစွာကို ဆက်တိုက် ဖောက်ထွင်း
ဝင်တိုက်သွားခဲ့လေ၏။
...
ထျန်းယွင်ဂိုဏ်းသည် အလွန် အစွမ်းထက်လှသည်မှာ ယုံမှားဖွယ်မရှိချေ။
...
ဖုန်းဝူချန်မှာမူ အေးစက်ခက်ထန်လှ၏။
...
ဖြစ်နိုင်သည်မှာ လွန်ခဲ့သော နှစ်နှစ်အတွင်း ဖုန်းမိသားစု၏ မှောင်မိုက်သော အချိန်ကာလများကြောင့် သူ ဤမျှ ပြင်းထန်စွာ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
“စစ်သူကြီးချုပ်ကို သတင်းပို့ပါတယ်။ ဟွမ်ဖူရွှမ်း သေပါပြီ”
"မဟာစစ်သူကြီးချုပ်ကို သတင်းပို့ပါတယ်။ ဟွမ်ဖူချန်ခုန်း သေပါပြီ"
“စစစ်သူကြီးချုပ်ကို သတင်းပို့ပါတယ်။ ဟွမ်ဖူချန်းရှန်းကို အရှင်ဖမ်းမိထားပါတယ်။ စစ်သူကြီးချုပ်ရဲ့ အပြစ်ပေးမှုကို စောင့်ဆိုင်းနေပါတယ်”
ဟွမ်ဖူယွင်ကျုံးနှင့် ဟွမ်ဖူချန်းရှန်းတို့မှလွဲ၍ ဟွမ်ဖူမျိုးနွယ်စုမှ အခြား အင်အားကြီး ပုဂ္ဂိုလ်များအားလုံး သတ်ဖြတ်ခံလိုက်ကြရလေပြီ။
ဖြစ်နိုင်သည်မှာ ဟွမ်ဖူချန်းရှန်း၏ စတုတ္ထအဆင့် ဆေးပညာရှင် ဂုဏ်ပုဒ်ကြောင့် ဖြစ်ပေမည်။ လွမ်ရှန်းက သူ့ကို ဖမ်းဆီးခဲ့ပြီး ထိုနေရာတွင်ပင် ချက်ချင်း မသတ်ဖြတ်ခဲ့ပေ။
ဖုန်းဝူချန်က ပြင်းထန်စွာ ဒဏ်ရာရနေသော ဟွမ်ဖူချန်းရှန်းကို အေးစက်စွာ တစ်ချက် ဝေ့ကြည့်လိုက်၏။ သူ၏ လက်ထဲမှ မီးလျှံနီဓားကို ဝှေ့ယမ်းလိုက်ပြီး ဟွမ်ဖူချန်းရှန်းကို ထိုနေရာတွင်ပင် ချက်ချင်း သတ်ဖြတ်ပစ်
လိုက်လေတော့သည်။
ဖုန်းဝူချန်၏ ရက်စက်မှုက ယွင်ကျိုးနယ်မှ အင်အားကြီး ပုဂ္ဂိုလ်များစွာကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။
စစ်စစ်ဆိုရသော် ဖုန်းဝူချန်မှာ ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ် အရွယ်သာ ရှိသေးသည် မဟုတ်ပါလား။
လွမ်ရှန်း၊ ဟွမ်ယန်နှင့် အခြားသူများမှာမူ တုန်လှုပ်သွားကြ၏။ စတုတ္ထ အဆင့် ဆေးပညာရှင် တစ်ဦးကို ဒီအတိုင်း သတ်ပစ်လိုက်သည်တဲ့လား။
ဟွမ်ဖူချန်းရှန်းမှာ လွန်ခဲ့သော တစ်နှစ်ကျော်ကမှ စတုတ္ထ အဆင့် ဆေးပညာရှင် တစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်၏။
ဖုန်းဝူချန် သူ့ကို အသုံးချရန် ဘာရှိမည်နည်း။
ဖုန်းဝူချန်၏ လက်ရှိ အရည်အချင်းအရ ဆေးပညာရှင် တစ်ဦးကို မွေးမြူပေးရန်မှာ လွယ်ကူလှ၏။ အားလုံးမှာ သူ စိတ်.. ရှိမရှိအပေါ်တွင်သာ မူတည်နေခဲ့သည်။
"စစ်သူကြီးချုပ်ကို သတင်းပို့ပါတယ်။ ယန်မျိုးနွယ်စုမှ မိန်းမများနှင့် ကလေးများမှလွဲ၍ အားလုံးကို သတ်ပစ်လိုက်ပါပြီ"
"မဟာစစ်သူကြီးကို သတင်းပို့ပါတယ်။ မော့မျိုးနွယ်စုက မိန်းမတွေနဲ့ ကလေးတွေက လွဲပြီး အားလုံးကို သတ်ပစ်လိုက်ပါပြီ"
အတော်ဆုံး စစ်သည်များ သတင်းပို့ရန် ရောက်ရှိလာကြ၏။ ကြည့်ရသည်မှာ သူတို့ ယန်မျိုးနွယ်စုနှင့် မော့မျိုးနွယ်စုတို့ထံ သွားရောက်ခဲ့ကြပြီး မျိုးနွယ်စုနှစ်ခုလုံးကို သတ်ဖြတ်ချေမှုန်းခဲ့ကြပုံရသည်။
"အမိန့်ဆင့်လိုက်။ ပြိုင်ဘက်ကင်းမြို့ကို ပိတ်ဆို့ထား။ ဟွမ်ဖူယွင်ကျုံးကို ထွက်မပြေးစေနဲ့" ဖုန်းဝူချန်က အမိန့်ပေးလိုက်၏။
ဟွမ်ဖူယွင်ကျုံးမှာ သတ္တမအလွှာ ယွမ်တန် အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ သူ၏ ကျင့်ကြံမှုမှာ နက်ရှိုင်းလှသည်။ အကယ်၍ သူ ထွက်ပြေးလိုပါက သူ့ကို တားဆီးရန် ခက်ခဲပေလိမ့်မည်။
"အား"
ပြိုင်ဘက်ကင်းမြို့အတွင်း၌ ဟွမ်ဖူယွင်ကျုံး၏ ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာခဲ့၏။
"ဝုန်း ဝုန်း”
အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာပြီး မြေပြင်ကို တဝုန်းဝုန်း တုန်ခါသွားစေခဲ့သည်။
ဟွမ်ဖူယွင်ကျုံး ရှိနေသော မြေပြင်တွင် ပတ်ဝန်းကျင်မှ အဆောက်အဦများအားလုံး ထို ကြောက်မက်ဖွယ်ရာ စွမ်းအင်ကြောင့် ပျက်စီးသွားခဲ့ပြီး လူတိုင်းကို ထိတ်လန့်တကြား ထွက်ပြေးစေခဲ့သည်။
"ဖုန်းဝူချန်။ ငါ မင်းကို ခွင့်မလွှတ်ဘူး" ဟွမ်ဖူယွင်ကျုံးက ဒေါသတကြီး အော်လိုက်ရာ သူ၏ အသံမှာ ပြိုင်ဘက်ကင်းမြို့ တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားခဲ့သည်။
ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်မှာ ပုံရိပ်အဖြစ် ဖွဲ့တည်လာသကဲ့သို့ လေထုထဲတွင် အရူးအမူး စီးဆင်းနေခဲ့၏။
ကြောက်မက်ဖွယ်ရာ စွမ်းအင်မှာ ထိန်းချုပ်မှု မဲ့စွာ ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ် ဖိအား တစ်ခု ပြိုင်ဘက်ကင်းမြို့ကို လွှမ်းခြုံထားခဲ့သည်။
ဟွမ်ဖူယွင်ကျုံး အရူးအမူး ဖြစ်သွားခဲ့လေပြီ။
ဟွမ်ဖူမျိုးနွယ်စုမှ မဟာအကြီးအကဲနှင့် အခြားသူများ သေဆုံးမှုက ဟွမ်ဖူမျိုးနွယ်စု၏ အသက်သွေးကြောကို အကြီးအကျယ် ထိခိုက်စေခဲ့ပြီး ဖြစ်၏။
ယခု သူ၏ ချစ်လှစွာသော သား ဟွမ်ဖူချင်းပါ အသတ်ခံလိုက်ရသဖြင့် ဟွမ်ဖူယွင်ကျုံးကို အကျိုးအကြောင်း ဆင်ခြင်တုံတရား ပျောက်ဆုံးသွားသည်အထိ ဒေါသထွက်စေခဲ့သည်။
"ဘုန်း"
ဒေါသထွက်နေသော ဟွမ်ဖူယွင်ကျုံးမှာ သူ၏ ဖင်နောက်တွင် ဒုံးပျံတပ်ဆင်ထားသကဲ့သို့ ဖြစ်နေခဲ့၏။
ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ရှေ့သို့ အရူးအမူး ပြေးဝင်တိုက်ခိုက်လေတော့သည်။ သူ အလွန် ကြမ်းတမ်းပြင်းထန်လှ၏။ သူ ဖြတ်သန်းသွားလေရာတွင် မရေမတွက်နိုင်သော အပျက်အစီး အပိုင်းအစများ လွင့်စင်ထွက်သွားပြီး အဆောက်အဦများ တစ်ခုပြီးတစ်ခု ပြိုကျသွားခဲ့သည်။
"သတိထားပါ၊ စစ်သူကြီးချုပ်" မုယွင်ရှန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အလျင်အမြန် အောက်သို့ လိုက်ပါသွားခဲ့၏။
"သွားကြ"
ဖုန်းဝူချန်က အသံတိုးတိုးဖြင့် အမိန့်ပေးလိုက်ပြီး ရှောင်တိမ်းရန် လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းကို ထုတ်သုံးလိုက်လေသည်။
ဟွမ်ယန်၊ လွမ်ရှန်းနှင့် အခြား အတော်ဆုံး စစ်သည်များ ဆက်တိုက်ပင် လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းကို ထုတ်သုံးကာ ပျောက်ကွယ်သွားကြသည်။
"ဘုန်း"
"ဝုန်း ဝုန်း"
အောက်သို့ ဝိုးတဝါး ပျောက်ကွယ်သွားသော မူယွင်ရှန်းသည် ဟွမ်ဖူယွင်ကျုံး၏ လက်ဝါးနှင့် တိုက်မိသွားခဲ့၏။
နားကွဲလုမတတ် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီး အလွန် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်တစ်ခု အရူးအမူး ပျံ့နှံ့ထွက်သွားခဲ့သည်။ မြေပြင်မှာ အလွှာလိုက် ၊ အလွှာလိုက် ပြိုကျသွားပြီး ပြိုင်ဘက်ကင်းမြို့ တစ်ခုလုံး တုန်ခါသွားခဲ့သည်။
ကြောက်မက်ဖွယ်ရာ အားလှိုင်းများ တိုက်ခတ်ထွက်သွားပြီး ပတ်ဝန်းကျင်မှ အဆောက်အဦများ မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ပျက်စီးသွားခဲ့ကြသည်။ မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားခဲ့ကြလေပြီ။
အင်အားကြီး ပုဂ္ဂိုလ်နှစ်ဦးကြားမှ ပြင်းထန်သော တိုက်ပွဲ၏ ဖျက်ဆီးအားမှာ အလွန် တုန်လှုပ်ဖွယ်ရာ ကောင်းလှ၏။
ပြိုင်ဘက်ကင်းမြို့တွင် ဤမျှ ကြောက်မက်ဖွယ်ရာ တိုက်ပွဲမျိုး ဘယ်သောအခါက ဖြစ်ပွားခဲ့ဖူးပါသနည်း။
"မူယွင်ရှန်း။ ငါ့လမ်းက ဖယ်စမ်း။ ငါ့ကို မတားနဲ့" ဟွမ်ဖူယွင်ကျုံးက အရူးအမူး ဟိန်းဟောက်လိုက်လေ၏။
သူ၏ မျက်နှာပေါ်မှ သွေးကြောများ ဖောင်းထနေပြီး သူ၏ မျက်လုံးများ သွေးရောင်လွှမ်းနေခဲ့သည်။ သူ၏ အသွင်အပြင်မှာ အလွန် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
မူယွင်ရှန်းက တည်ငြိမ်စွာ လှောင်ပြောင်လိုက်၏။
"ဒါကတော့ မင်းရဲ့ အရည်အချင်းအပေါ် မူတည်လိမ့်မယ်"
ဟွမ်ဖူယွင်ကျုံး မည်မျှပင် သန်မာစေကာမူ မူယွင်ရှန်း လုံးဝ မစိုးရိမ်ခဲ့ပေ။ ဟွမ်ဖူယွင်ကျုံး မည်မျှပင် သန်မာစေကာမူ ဟွမ်ဖူယွင်ကျုံးသည် ယွမ်တန်ဘုံ အဋ္ဌမ အလွှာတွင် ရှိနေသော သူ့ထက် သန်မာမည် မဟုတ်ပေ။
ရွှမ်းထျန်းဂိုဏ်း၏ ဂိုဏ်းချုပ်အနေဖြင့် အကယ်၍ သူသာ လုံလောက်သော အင်အား မရှိခဲ့ပါက အခြားသူများအတွက် ဟာသတစ်ပုဒ် ဖြစ်နေမည် မဟုတ်ပါလား။
"မဖြစ်သင့်တာ"
ဟွမ်ဖူယွင်ကျုံးက ဒေါသဖြင့် အံကြိတ်လိုက်ပြီး ရုတ်တရက် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်လေတော့သည်။
"ဘုန်း ဘုန်း ဘုန်း"
"ဝုန်း ဝုန်း"
ပြင်းထန်သော တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်များ လွယ်ကူစွာ ပျံ့နှံ့ထွက်သွားခဲ့၏။ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာရာ ပြိုင်ဘက်ကင်းမြို့မှ လူတိုင်းကို ထိတ်လန့်စေခဲ့ပြီး သူတို့၏ နှလုံးသားများ အဆက်မပြတ် တုန်ခါနေ တော့သည်။
မူယွင်ရှန်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန် သန်မာလှပြီး သူက ဟွမ်ဖူယွင်ကျုံးကို လမ်းတစ်လျှောက်လုံး ဖိနှိပ်ထားခဲ့၏။ ဟွမ်ဖူယွင်ကျုံးကို မည်သည့် အခွင့်အရေးမှ လုံးဝ မပေးခဲ့ဘဲ သိုင်းကွက်ကို ထုတ်သုံးရန် အခွင့်အရေးပင် မရှိခဲ့ပေ။
အချိန် တဖြည်းဖြည်း ကုန်လွန်လာသည်နှင့်အမျှ ဟွမ်ဖူယွင်ကျုံး၏ ဒဏ်ရာများမှာ ပို၍ ပို၍ ပြင်းထန်လာခဲ့၏။
သူ၏ မျက်နှာမှာ ဖြူဖျော့နေခဲ့ပြီး သူ၏ အဝတ်အစားများ စုတ်ပြဲနေကာ အလွန် သနားစရာ အခြေအနေသို့ ရောက်ရှိနေခဲ့သည်။ သူသည် မူယွင်ရှန်း၏ ပြင်းထန်သော တိုက်ခိုက်မှုများကို လုံးဝ မခံနိုင်တော့ပေ။
တစ်ဖက်တွင်မူ မူယွင်ရှန်းမှာ လုံးဝ ဒဏ်ရာကင်းမဲ့နေခဲ့ပြီး အစစ်အမှန် အနှစ်သာရ အချို့ကိုသာ သုံးစွဲခဲ့ရသည်။
ဟွမ်ဖူယွင်ကျုံး၏ ရှုံးနိမ့်မှုမှာ ကြိုတင်သတ်မှတ်ပြီးသား ကံကြမ္မာတစ်ခု ဖြစ်လေပြီ။
မုယွင်ရှန်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး အနည်းငယ်မျှ တွေဝေခြင်းမရှိဘဲ ပေါက်ကွဲထွက်မတတ် ရှေ့သို့ ပြေးဝင်တိုက်ခိုက်လိုက်၏။ သူ၏ လက်ဝါးကို ဟွမ်ဖူယွင်ကျုံးထံသို့ ပစ်လွှတ်လိုက်သည်။
"အကြီးအကဲဟွမ်ဖူ... မင်းရဲ့ လမ်းကို သွားဖို့ အချိန်တန်ပြီ"
"ဝှစ်"
ဤအခိုက်အတန့်မှာပင် အနက်ရောင် ပုံရိပ်တစ်ခု ရုတ်တရက် အလွန် တုန်လှုပ်ဖွယ်ရာ အမြန်နှုန်းဖြင့် တန်းတန်းမတ်မတ် ပျံသန်းလာခဲ့သည်။
မူယွင်ရှန်း၏ မျက်နှာ အနည်းငယ် လေးနက်သွားခဲ့သည်။
...'ယွမ်တန်ဘုံ နဝမအလွှာ။'...
"ဘုန်း"
မျက်စိတစ်မှိတ်အတွင်းမှာပင် ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်လာခဲ့၏။
လက်ဝါးချင်း ထိပ်တိုက် ထိတိုက်မိမှုအောက်တွင် မူယွင်ရှန်းမှာ အရုပ်ကျိုးပြတ် လွင့်ထွက်သွားခဲ့သည်။
"ဟွမ်ဖူထျန်းပါး"
မူယွင်ရှန်း၏ နှလုံးသားထဲတွင် အလွန်တရာ တုန်လှုပ်သွား၏။သူ၏ ခန္ဓာကိုယ်အတွင်းမှ အသက်စွမ်းအားနှင့် သွေးများ ပြင်းထန်စွာ လှုပ်ခတ်သွားကာ သွေးများ အန်ထွက်သွားရသည်။
မူထျန်းယွင် အမြန် ပျံသန်းလာခဲ့သော်လည်း ကံမကောင်းစွာဖြင့် နောက်ကျသွားခဲ့လေပြီ။
ထို အနက်ရောင် ပုံရိပ်သည် ဟွမ်ဖူယွင်ကျုံးနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ဖြစ်လေသည်။
လျှို့ဝှက်ဆန်းကြယ် လူ၏ အမြန်နှုန်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး မည်သူမျှ သူ မည်သူမည်ဝါ ဖြစ်သည်ကို ရှင်းလင်းစွာ မမြင်တွေ့နိုင်ခဲ့ကြပေ။
"ဟွမ်ဖူထျန်းပါးပဲ"
မူထျန်းယွင် ရေရွတ်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
"ဂိုဏ်းချုပ်ဟောင်းမူ... ခင်ဗျား သူ့ကို သိတာလား" ဖုန်းဝူချန်က မေးလိုက်လေ၏။
မူထျန်းယွင်က ခေါင်းညိတ်ရင်း လေးနက်စွာ တုံ့ပြန်လိုက်သည်။
“လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဒီအဘိုးကြီး တစ်ခါက သူနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်။ ဒါ သူ့ရဲ့ အရှိန်အဝါပဲ... မှားနိုင်စရာမရှိဘူး။ မထင်ထားဘူး.. ဒီလောက် နှစ်တွေ ကြာပြီးတဲ့နောက် သူ့ကျင့်ကြံမှု ဒီလောက် တိုးတက်သွားရသလား”
"ဒါဆို ဒီလိုကိုး" ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး သည်ကိစ္စကို စိတ်ထဲ မထားခဲ့ပေ။
တိုက်ပွဲအပြီးတွင် ပြိုင်ဘက်ကင်းမြို့မှာ ပရမ်းပတာ အခြေအနေသို့ ရောက်ရှိနေခဲ့၏။ အဆောက်အဦများစွာ ပျက်စီးသွားခဲ့ပြီး ဆုံးရှုံးမှုများမှာ လေးလံလှသည်။
ဖုန်းမိသားစုသို့ ပြန်ရောက်သည့်အခါ ပြင်းထန်သော သွေးနံ့များ သူတို့၏ နှာခေါင်းဝသို့ စူးစူးရှရှ တိုးဝင်လာခဲ့၏။
အလောင်းများကို ဖုန်းမိသားစု အစောင့်များမှ ရှင်းလင်းပြီး ဖြစ်သော်လည်း သွေးညှီနံ့မှာမူ ရှိနေဆဲ ဖြစ်သည်။
မော့လင်အာမှ လွဲ၍ အခြားသူအားလုံး သေဆုံးသွားခဲ့ကြလေပြီ။
မော့လင်အာမှာမူ ထိုနေရာတွင် မှင်သက်စွာ ရပ်နေခဲ့၏။ သူမ၏ မျက်နှာမှာ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေပြီး ခြောက်သွေ့နေသော မျက်ရည်စီးကြောင်း နှစ်ခု ရှိနေခဲ့သည်။
ဤသည်မှာ မော့လင်အာ ကြုံတွေ့ခဲ့ဖူးသမျှ အကြီးမားဆုံး ထိုးနှက်ချက် ဖြစ်ပေလိမ့်မည်။
သူမ၏ မိသားစု ပျက်စီးသွားခဲ့ပြီး သူမ၏ မာနတရားအားလုံးမှာ သူမ အထင်သေးခဲ့သော ဖုန်းဝူချန်၏ ခြေဖဝါးအောက်တွင် နင်းခြေခံလိုက်ရလေပြီ။
ကြောက်ရွံ့နေသော မော့လင်အာကို တစ်ချက် ဝေ့ကြည့်လိုက်ရင်း ဖုန်းဝူချန်က တိုးတိုး မှာကြားလိုက်သည်။
"ထျန်းယွင်ဂိုဏ်းကို ပြန်ပြီး ကောင်းကောင်း ကျင့်ကြံလိုက်ပါ"
ဤအခိုက်အတန့်တွင် မော့လင်အာသည် သူမ၏ နှလုံးသားထဲမှ တစ်စုံတစ်ခုကို ဆုံးရှုံးသွားခဲ့သည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။ အလွန် မသက်မသာဖြစ်ပြီး ဖော်ပြ၍မရနိုင်ပေ။ တစ်ခဏအတွင်းမှာပင် သူမ ကောင်းကင်ဘုံမှ ငရဲသို့ ပြုတ်ကျသွားခဲ့သည်။
"ဆရာဖုန်း... အင်ပါယာရဲ့ စစ်သူကြီးချုပ်... ဖုန်းဝူချန်... ဒါက ငါ့အပေါ် ထားတဲ့ နင့်ရဲ့ လက်စားချေမှုလား"
ရေရွတ်ရင်း.. မျက်ရည်များ သူမ၏ မျက်နှာပေါ်သို့ စီးကျလာခဲ့၏။
ဖုန်းဝူချန်၏ ကျောပြင်ကို ကြည့်ရင်း မော့လင်အာက ငိုယိုကာ မေးလိုက်လေသည်။
ဖုန်းဝူချန် မရပ်တန့်ခဲ့ပေ။.. နောက်သို့ လှည့်မကြည့်ခဲ့ပေ... ။ စကားလည်း မပြောခဲ့။
အဘယ်ကြောင့်ဆိုသော် မော့လင်အာသည် ထိုစဉ်က ပို၍ပင် အသည်းနှလုံး မဲ့ခဲ့သောကြောင့်တည်း။
ဖုန်းဝူချန် သူမကို မသတ်ခဲ့ဘဲ မော့လင်အာအပေါ် ဘာမှမလုပ်ခဲ့ခြင်းမှာ အလွန်ပင် မေတ္တာကရုဏာ ထားရှိခြင်း ဖြစ်လေပြီ။
ဖုန်းဝူချန် လူမဆန်သူ မဟုတ်ခဲ့ပေ။ သူနှင့် မော့လင်အာတို့မှာ ငယ်သူငယ်ချင်းများ၊ ကလေးဘဝ ကစားဖော်များ ဖြစ်ကြ၏။ ထိုအရာများမှာ ကလေးဘဝ အမှတ်တရများဖြစ်ပြီး သူက ထို ဖြူစင်သော ကလေးဘဝ ခံစားချက်များကို ဖျက်ဆီးလိုစိတ် မရှိခဲ့ပေ။
"နင် ပခု အမြင့်မှာ ရောက်နေပြီမလို့ ငါ နင်နဲ့ စကားပြောဖို့တောင် အရည်အချင်းမရှိတော့ဘူးလို့ နင် ထင်နေတာလား။ ငါ့မှာ ရှိခဲ့သမျှ အရာအားလုံး နင့်ကြောင့် ပျက်စီးသွားခဲ့ပြီ။ အရာအားလုံး နင့်ကြောင့် ပျက်စီးသွားခဲ့ပြီ။ ဖုန်းဝူချန်။ ငါ နင့်ကို မုန်းတယ်။ ငါ နင့်ကို မုန်းတယ်" မော့လင်အာက ဝမ်းနည်းပက်လက် ငိုယိုလိုက်တော့သည်။
မော့လင်အာ နောင်တရနေခဲ့၏။
ဤအရာအားလုံးမှာ သူမကိုယ်တိုင်ကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။
အကယ်၍ သူမ ဖုန်းဝူချန်ကို အနည်းငယ် နောက်ကျပြီးမှ သစ္စာဖောက်ခဲ့မည်ဆိုလျှင်... ဖြစ်နိုင်သည်မှာ ဖုန်းဝူချန် ယခု ရရှိနေသော ဂုဏ်ကျက်သရေ၏ တစ်ဝက်ကို သူမ ရရှိနေပေလိမ့်မည်။
ဖြစ်နိုင်သည်မှာ သူမ အင်ပါယာ စစ်သူကြီးချုပ်၏ မိန်းမ ဖြစ်လာခဲ့ပေလိမ့်မည်။
ကံမကောင်းစွာဖြင့် ဤအရာအားလုံးမှာ ဘယ်သောအခါမျှ အမှန်တကယ် ဖြစ်လာတော့မည် မဟုတ်ပေ။
"မော့လင်အာ... သွားတော့။ မင်းနဲ့ ငါကြားက အရာအားလုံး ပြတ်တောက်သွားခဲ့ပြီ။ အတိတ်အကြောင်းတွေကို ငါ မပြောချင်တော့ဘူး" ဖုန်းဝူချန်က စိတ် မဝင်စားဘဲ ပြော ဆိုလိုက်၏။
ဝမ်းနည်းကြေကွဲနေသော မော့လင်အာကို ကြည့်ရင်း ရှောင်ချင်းချင်း သက်ပြင်းချကာ ခေါင်းခါလိုက်မိတော့သည်။