← Chapters

သွေးကျောက်စိမ်း ဗောဓိ

Vol. 7 Ch. 105

သွေးကျောက်စိမ်း ဗောဓိ

Vol. 7 Ch. 105

~ မော့လင်အာသည် လင်ရှောင်ရှောင်ကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်၏။

လင်ရှောင်ရှောင်၏ စကားလုံးများက သူမ၏ နှလုံးသားကို နာကြည်းမှုများဖြင့် လောင်မြိုက်စေခဲ့ပြီ မဟုတ်ပါလော။

မော့လင်အာသည် လင်ရှောင်ရှောင်၏ အလှတရားနှင့် ပါရမီကို မနာလို ဖြစ်မိသည်။ သူမသည် လင်ရှောင်ရှောင် ဖုန်းဝူချန်နှင့် အတူရှိနေသည်ကို သေလောက်အောင် မုန်းတီးမိတော့၏။

...'လင်ရှောင်ရှောင်။ နင် ငါ့ကို စော်ကားလေ... နင့်အပေါ်ထားတဲ့ ငါ့ရဲ့ မုန်းတီးမှုက ပိုနက်ရှိုင်းလေပဲ။ မကြာခင် တစ်နေ့မှာ နင် သေတာတောင်မှ ကောင်းသေးတယ်လို့ တောင့်တလာစေရမယ်'... မော့လင်အာက သူမ၏ စိတ်ထဲတွင် ပြင်းထန်စွာ ကြိမ်းဝါးလိုက်သည်။

သူမ၏ အေးစက်သော အကြည့် ဖုန်းဝူချန်ထံသို့ ဝေ့ကြည့်သွား၏။ မော့လင်အာက အေးစက်စွာ ဆိုလိုက်သည်။ "ဖုန်းဝူချန်...နင် ငါ့ရဲ့ အရာအားလုံးကို ဖျက်ဆီးခဲ့တယ်။ နင် နောင်တရစေရမယ်"

ထိုစကားအဆုံးတွင် မော့လင်အာသည် ဝမ်းနည်းပူဆွေးမှုနှင့် မုန်းတီးမှုတို့ဖြင့် ဖုန်းမျိုးနွယ်စုမှ လှည့်ထွက်သွား

ခဲ့လေတော့သည်။

မော့လင်အာ၏ ကျောပြင်ကို ကြည့်ရင်း မြောင်ချင်းချင်းက စိုးရိမ်တကြီး မေးလိုက်သည်။ "အစ်ကိုဖုန်း... မိန်းမတစ်ယောက်ရဲ့ နာကြည်းမှုက အရမ်းနက်ရှိုင်းတယ်နော်။ ရှင်.. တကယ်ပဲ စိတ်မပူဘူးလား"

"သူက သူ့ရဲ့ မာနတရားကြောင့် လုံးဝ လွှမ်းမိုးခံနေရတာ။ ယ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မှု မလုပ်ရင်... သူ့ကို စောင့်ကြိုနေတာက အဆုံးမရှိတဲ့ ချောက်နက်ကြီးပဲ"

ပြောဆိုရင်း လင်ရှောင်ရှောင်က ခေါင်းခါလိုက်၏။

ဖုန်းဝူချန်လည်း စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

ဖုန်းမိသားစုမှ ထွက်ခွာသွားသော မော့လင်အာမှာမူ အခြားလူ တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသယောင် ထင်ရ၏။

သူမ၏ မျက်လုံးများတွင် မုန်းတီးမှုတို့ ပြည့်နှက်နေပြီး သူမ၏ ခန္ဓာကိုယ်မှ အရိုးကွဲမတတ် အေးစက်သော အငွေ့အသက်တစ်ခု ထုတ်လွှတ်နေခဲ့သည်။

စစ်ပွဲအပြီးတွင် ယန်မိသားစုနှင့် မော့မိသားစုတို့မှာ ပျက်သုဉ်းရန် ကံကြမ္မာ ပါလာခဲ့လေပြီ။

မိသားစုနှစ်ခုလုံး သတ်ဖြတ်ချေမှုန်းခံရသည့် သတင်းမှာ ပြိုင်ဘက်ကင်းမြို့ တစ်ခုလုံးသို့ ဟိုးလေးကျော်သွားခဲ့ပြီး ဖြစ်၏။

ဖုန်းမိသားစုကို ရှင်းလင်းပြီးနောက် ဖုန်းကျိန့်ရှုံး၏ မွေးနေ့ပွဲ အခမ်းအနား ဆက်လက်ကျင်းပခဲ့သည်။

ဖုန်းကျိန့်ရှုံးသည် ဖုန်းမိသားစုကို ကူညီရန်နှင့် ဂုဏ်ပြုရန် ရောက်ရှိလာခဲ့ကြသော ယွင်ကျိုးမှ အင်အားစု အကြီးအငယ်အားလုံးကို အလွန် ကျေးဇူးတင်နေခဲ့သည်။

မုထျန်းယွင်နှင့် ယွင်ကျိုးမှ အခြား အင်အားစု အကြီးအငယ်အားလုံး ဖုန်းကျိန့်ရှုံးကို အရက်ခွက်မြှောက် ဂုဏ်ပြုကြလေ၏။

လက်ဆောင်အမျိုးမျိုးတို့မှာ ခန်းမဆောင် တစ်ခုလုံး ပြည့်နှက်နေခဲ့သည်။

လက်ဆောင်အားလုံးထဲတွင် လင်ရှောင်ရှောင်၏ လက်ဆောင်မှာ အဖိုးတန်ဆုံး ဖြစ်လေသည်။

၎င်းမှာ သွေးကျောက်စိမ်း ဗောဓိ ဟုခေါ်သော အံ့ဖွယ်ရတနာတစ်ခု ဖြစ်၏။ ၎င်းက ဖုန်းကျိန့်ရှုံးကို ယွမ်တန်ဘုံ ဒုတိယ အလွှာသို့ တိုက်ရိုက် ခြေချနိုင်စေခဲ့သည်။

လူတိုင်း တုန်လှုပ်ခြောက်ခြားသွားကြ၏။

လင်ရှောင်ရှောင်၏ လျှို့ဝှက်ဆန်းကြယ်သော ဇာစ်မြစ်က လူတိုင်းကို စပ်စုစိတ် ပြင်းပြစေသလို ကြောက်ရွံ့စေခဲ့သည်။

.....

ဟွမ်ဖူ၏ အိမ်တော်။

ပြင်းထန်စွာ ဒဏ်ရာရရှိထားသော ဟွမ်ဖူယွင်ကျုံးမှာမူ ဒေါသထွက်နေဆဲပင်။

သူ၏ စိတ်ထဲတွင် ဟွမ်ဖူချင်း ဖုန်းဝူချန်၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရသည့် မြင်ကွင်းများသာ ပြည့်နှက်နေခဲ့၏။

သူ၏ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်နှင့် ဒေါသတို့က ဟွမ်ဖူမိသားစုတစ်ခုလုံးကို ထိတ်လန့်တကြား အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

ကျွမ်းကျင်သူ အများအပြား ထွက်ခွာသွားခဲ့သော်လည်း ဟွမ်ဖူယွင်ကျုံး တစ်ယောက်တည်းသာ ပြန်ရောက်လာခဲ့သည်။ ထို့အပြင် သူသည် ဟွမ်ဖူထျန်းပါးမှ ကယ်တင်ခြင်း ခံခဲ့ရခြင်း ဖြစ်၏။ အခြားသူအားလုံး သေဆုံးသွားခဲ့ပြီဟု သူတို့လည်း ခန့်မှန်းမိကြသည်။

ဟွမ်ဖူမိသားစု၏ ဒုတိယသခင်လေး ဟွမ်ဖူချင်းမှာလည်း သေဆုံးသွားခဲ့ပြီ ဖြစ်၏။ သို့မဟုတ်ပါက ဟွမ်ဖူယွင်ကျုံး ဤမျှ ဒေါသထွက်နေမည် မဟုတ်ပေ။

ဟွမ်ဖူမျိုးနွယ်စုတွင် နက်ရှိုင်းသော အခြေခံရှိပြီး မူလကတည်းက မျိုးနွယ်စုကြီးတစ်ခု ဖြစ်သည်ဟု ဆိုရပေမည်။ ကျွမ်းကျင်သူ တစ်ဒါဇင်ကျော် သေဆုံးမှုက သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို များစွာ အားနည်းသွားစေခြင်း မရှိခဲ့ပေ။

ဟွမ်ဖူမျိုးနွယ်စု၏ အင်အားမှာ မြို့တော်မှ ယဲ့မျိုးနွယ်စုနှင့် တန်းတူရပ်တည်နိုင်ရန် လုံလောက်နေခဲ့သည်။

"ငါတို့ တစ်လှမ်း နောက်ကျသွားခဲ့တယ်။ မဟုတ်ရင် ချင်းအာ သေမှာမဟုတ်ဘူး" ဟွမ်ဖူထျန်းပါးက လေးနက်သော အသံဖြင့် ဆိုလိုက်၏။ သူ၏ ဇရာ ထောင်းသော မျက်နှာမှာ အလွန် အုံ့မှိုင်းနေခဲ့သည်။

ဟွမ်ဖူထျန်းပါးမှာလည်း ဖုန်းဝူချန် အင်ပါယာ၏ စစ်သူကြီးချုပ် ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် ယွင်ဒေသမှ အင်အားစု အမျိုးမျိုးမှ ကျွမ်းကျင်သူများ ဖုန်းမျိုးနွယ်စုကို ကူညီရန် ရောက်ရှိလာကြလိမ့်မည်ဟုလည်း မမျှော်လင့်ထားခဲ့ပေ။

"မိသားစုခေါင်းဆောင်... ဖုန်းဝူချန်က မရိုးရှင်းဘူး" အကြီးအကဲ တစ်ဦးက လေးနက်စွာ ဆိုလိုက်၏။

“လွန်ခဲ့တဲ့ တစ်နှစ်က ကျုပ်တို့ သိထားတာအရ ဖုန်းဝူချန်က ဒုတိယအဆင့် သိုင်းဝိညာဉ် အမှိုက်တစ်ယောက်ပဲ။ နောက်တော့ ဘာအကြောင်းကြောင့်မှန်း မသိဘဲ သူ့ရဲ့ ကျင့်ကြံမှုအရှိန်က ရုတ်တရက် အရမ်း ကြောက်စရာကောင်းလာခဲ့တယ်။ တစ်နှစ်အကြာမှာ သူက စိတ်တစ်ချက်တည်းနဲ့ အရာတစ်ခုခုကို ဖန်တီးနိုင်စွမ်းရှိတဲ့ ဆရာဖုန်း ဖြစ်လာခဲ့ပြီး ဧကရာဇ်က မဟာစစ်သူကြီးဘွဲ့ ချီးမြှင့်ခဲ့တယ်။”

“ သူက တတိယအဆင့် ဆေးပညာရှင်လည်း ဟုတ်သေးတယ်။ သူ့ရဲ့ ဝိညာဉ်စွမ်းအားက မဟာအကြီးအကဲရဲ့ စွမ်းအားထက်တောင် ပိုပြီး အားကောင်းပြီး ကြောက်စရာကောင်းတယ်။ တစ်နှစ်တာအတွင်းမှာ တကယ်ပဲ ဒီလောက် ကြောက်စရာကောင်းတဲ့ ပြောင်းလဲမှုမျိုး ရှိနိုင်ပါ့မလား"

ထိုအခါ အခြားအကြီးအကဲ တစ်ဦးက ခေါင်းညိတ်ရင်း ထောက်ခံလိုက်၏။

"တစ်နှစ်တာ အချိန်အတွင်းမှာတော့ အောင်မြင်ဖို့ မဖြစ်နိုင်ဘူး"

ပါရမီ မည်မျှပင် မြင့်မားစေကာမူ သူတို့သည် တစ်နှစ်တာ အချိန်အတွင်း တစ်စုံတစ်ယောက်က သူတို့၏ ဆေးပညာနှင့် ပန်းပဲပညာ အလွှာများကို တိုးမြှင့်ရင်း ကျင့်ကြံမှု အဆင့်ကို လျင်မြန်စွာ တိုးမြှင့်နိုင်လိမ့်မည်ဟု မယုံကြည်ခဲ့ကြပေ။

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ်ရာ ကျင့်ကြံမှု … တိုးတက်နှုန်းကို ဘေးဖယ်ထားဦး...။

တိုက်ကြီးမှ ပါရမီရှင်များစွာ ထိုသို့ ပြုလုပ်နိုင်ကြ၏။

သို့သော် ဆေးပညာနှင့် ပန်းပဲပညာ အလွှာများမှာ ကျင့်ကြံမှု အလွှာများထက် များစွာ ပို၍ ခက်ခဲလှသည်။

ပါရမီ မည်မျှပင် မြင့်မားစေကာမူ တစ်နှစ်တာ အချိန်အတွင်း တတိယအဆင့် ဆေးပညာရှင်နှင့် ပဉ္စမအဆင့် ပန်းပဲဆရာ ဖြစ်လာရန်မှာ မဖြစ်နိုင်ပေ။

တစ်နှစ်တာ မပြောနှင့်... ဆယ်စုနှစ် အနည်းငယ်အတွင်း အောင်မြင်ရန်ပင် မဖြစ်နိုင်ပေ။

ဟွမ်ဖူထျန်းပါး၏ အိုမင်းသော မျက်နှာ လေးနက်သွားပြီး လေးနက်သော အသံဖြင့် ဆိုလိုက်၏။

"ဖုန်းဝူချန်နောက်ကွယ်မှာ ကြောက်စရာကောင်းတဲ့ ကျွမ်းကျင်သူတစ်ယောက် ရှိနေတာမဟုတ်ရင်... ဒါမှမဟုတ် သူ ကံကောင်းထောက်မပြီး အမွေအနှစ် တစ်ခုခု ရခဲ့တာပဲ ဖြစ်ရမယ်"

သို့သော် မည်သို့သော ကျွမ်းကျင်သူမျိုး ဖြစ်မည်ကိုမူ ဟွမ်ဖူထျန်းပါး စိတ်ကူးကြည့်ရန် မဝံ့ရဲခဲ့ပေ။ သူသည် ဖုန်းဝူချန် ကံကောင်းထောက်မစွာ အမွေအနှစ် တစ်ခု ရရှိခဲ့သည်ဟု ယုံကြည်လိုစိတ် ပိုရှိခဲ့သည်။

အကယ်၍ ဖုန်းဝူချန် နောက်ကွယ်တွင် ကြောက်စရာ ကောင်းသော ကျွမ်းကျင်သူ တစ်ဦး အမှန်တကယ် ရှိနေခဲ့ပါက ထိုအရာ မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်ပါမည်နည်း။

"မိသားစုခေါင်းဆောင်.. ဖုန်းဝူချန်က အင်ပါယာရဲ့ စစ်သူကြီးချုပ်ပဲ။ ကျုပ်တို့ သူ့ကို သတ်ချင်ရင် အင်ပါယာက သဘောတူမှာ မဟုတ်ဘူး" အကြီးအကဲ တစ်ဦးက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

"ချင်းအာနဲ့ မဟာအကြီးအကဲတို့ အလကား သေသွားမှာ မဟုတ်ဘူး။ ဖုန်းဝူချန်ရဲ့ ဂုဏ်ပုဒ် ဘာပဲဖြစ်ဖြစ်... သူ သေကို သေရမယ်"

ဟွမ်ဖူထျန်းပါးက အေးစက်စွာ ကြုံးဝါးလိုက်ရာ သူ၏ အိုမင်းသော မျက်လုံးများထဲတွင် မမြင်နိုင်သော အေးစက်သည့် သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့သည်။

ဖုန်းဝူချန်၏ ကျင့်ကြံမှုအရှိန်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။ အကယ်၍ သူ့ကို နောက်ထပ် နှစ်အနည်းငယ် လွှတ်ထားလိုက်ပါက ဟွမ်ဖူမိသားစု မပြောနှင့်... ထျန်းယွင်ဂိုဏ်းပင်လျှင် သူ့ကို ဘာမှလုပ်နိုင်မည် မဟုတ်တော့ပေ။

ဟွမ်ဖူထျန်းပါးက အမိန့်ပေးလိုက်၏။

"ချက်ချင်း လူတစ်ယောက် လွှတ်ပြီး ထျန်းယွင်ဂိုဏ်းကို သတင်းပို့လိုက်။ အင်ပါယာ ဘယ်လောက်ပဲ သန်မာပါစေ... သူတို့ ထျန်းယွင်ဂိုဏ်းနဲ့ တိုက်ပွဲ မဖြစ်ရဲပါဘူး"

သူတို့သည် ထျန်းယွင်ဂိုဏ်း၏ အကူအညီဖြင့်သာ အင်ပါယာကို တိုက်ခိုက်နိုင်ပေလိမ့်မည်။

ဟွမ်ဖူကျန့်ထျန်းသည် မလွဲဧကန် အရေးအကြီးဆုံး တည်ရှိမှု ဖြစ်လေသည်။

.....

—---------

မွေးနေ့..စားသောက်ပွဲ ပြီးဆုံးပြီးနောက် မူထျန်းယွင်နှင့် ယွင်ကျိုးနယ်မှ အင်အားစုအမျိုးမျိုးမှ အခြား အင်အားကြီး ပုဂ္ဂိုလ်များ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်၍ ထွက်ခွာသွားကြ၏။

ဟွမ်ယန်က တံဆိပ်တစ်ခုကို ဖုန်းဝူချန်ထံ ပေးအပ်ပြီးနောက် သူနှင့် လွမ်ရှန်းတို့ အတော်ဆုံး စစ်သည်များနှင့်အတူ မြို့တော်သို့ ပြန်သွားခဲ့ကြသည်။

ကျန်းယွင်ထျန်းလည်း ဖုန်းဝူချန်ကို ခုနစ်ရက်အတွင်း အကယ်ဒမီသို့ ပြန်လာရန် သတိပေးပြီးနောက် သွေးနီငှက်ပေါ်အား စီးနင်းလျက် အကယ်ဒမီသို့ ပြန်သွားခဲ့၏။

စည်ကား သိုက်မြိုက်နေသော ဖုန်းမိသားစုမှာ ချက်ချင်းပင် များစွာ ပို၍ တိတ်ဆိတ်သွားခဲ့သည်။

"ချန်အာ... အမှန်အတိုင်း ပြောစမ်း... မင်းရဲ့ ဆရာက ဘယ်သူလဲ"

ခန်းမဆောင်ထဲတွင် ဖုန်းကျိန့်ရှုံးက ပထမဆုံး မေးလိုက်လေ၏။ လူတိုင်း၏ မျက်လုံးများ ဖုန်းဝူချန်အပေါ်သို့ ကျရောက်သွားကြသည်။

တစ်နှစ်တာအတွင်း ဖုန်းဝူချန်၏ တိုးတက်မှုမှာ ကြောက်မက်ဖွယ် ကောင်းလှ၏။ သူသည် တတိယအဆင့် ဆေးပညာရှင်ဖြစ်ပြီး စိတ်တစ်ချက်တည်းဖြင့် ဖုန်းဝူချန်ကို အရာတစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်စွမ်းရှိသော ဆရာဖုန်းလည်း ဖြစ်လေသည်။ ဖုန်းဝူချန်ကို ဤမျှ ကြောက်မက်ဖွယ် ကောင်းအောင် လေ့ကျင့်ပေးနိုင်သော အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး မည်သူဖြစ်မည်ကို သူတို့အားလုံး အလွန် သိချင်စိတ် ပြင်းပြနေခဲ့ကြသည်။

"ဖေဖေ... ကျွန်တော့်ဆရာက ထုတ်ဖော်မပြောရဘူးလို့ ပြောထားတယ်" ဖုန်းဝူချန်က တစ်စုံတစ်ခုကို ပြောချင်သော်လည်း မပြောနိုင်သကဲ့သို့ ဟန်ဆောင်လိုက်၏။

ဖုန်းကျိန့်ရှုံးက စိုးရိမ်တကြီး ဆိုလိုက်သည်။ "ဒါဆို ငါတို့ ဘယ်လိုလုပ်သင့်လဲ။ ဖုန်းမိသားစုက အနည်းဆုံးတော့ မင်းရဲ့ ဆရာကို ကျေးဇူးတင်သင့်တယ် မဟုတ်လား"

ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ဖေဖေ... ဒီအကြောင်းကို စဉ်းစားနေမယ့်အစား အားလုံး အချိန်ကို အမိအရဖမ်းပြီး ကျင့်ကြံကြတာက ပိုမကောင်းဘူးလား။ ဟွမ်ဖူမိသားစုက ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး။ ထျန်းယွင်ဂိုဏ်းက ဝင်စွက်ဖက်လာမလားဆိုတာတောင် သားတို့ မသိသေးဘူး"

ဤစကားကို ကြားသောအခါ ဖုန်းကျိန့်ရှုံး အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်စွာ ခေါင်းညိတ်လိုက်၏။ သူ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ စတင်ဝင်ရောက်လာခဲ့သည်။

ဟွမ်ဖူမိသားစုမှ အင်အားကြီး ပုဂ္ဂိုလ်များစွာ သေဆုံးခဲ့ပြီး အရေးအကြီးဆုံးမှာ ဟွမ်ဖူချင်း အသတ်ခံလိုက်ရခြင်း ဖြစ်၏။

ဟွမ်ဖူမိသားစုသည် ဤကိစ္စကို သေချာပေါက် ဒီအတိုင်း မလွှတ်ထားပေ။ ထို့အပြင် ဟွမ်ဖူချင်းမှာ ထျန်းယွင်ဂိုဏ်း၏ တပည့် တစ်ဦး ဖြစ်၏။ ထျန်းယွင်ဂိုဏ်းသည် ဤတစ်ကြိမ်တွင် လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

"ယွင်ကျိုးက အဓိက အင်အားစုတွေရဲ့ အင်အားကြီး ပုဂ္ဂိုလ်တွေ ထွက်ခွာသွားကြပြီ။ ဟွမ်ဖူ မိသားစုသာ အခွင့်ကောင်းယူပြီး တိုက်ခိုက်လာရင် ငါတို့မှာ အနိုင်ရဖို့ အခွင့်အရေး လုံးဝမရှိဘူး" ဖုန်းချန်ယန်က လေးနက်စွာ ဆိုလိုက်လေ၏။

ဖုန်းဝူချန်ကလည်း လေးနက်စွာ တုံ့ပြန်လိုက်၏။

"ဟွမ်ဖူမိသားစုအတွက် ကျွန်တော် စိတ်မပူပါဘူး။ အကယ်ဒမီရဲ့ မဟာ အကြီးအကဲက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ ကျွန်တော် စိုးရိမ်တာက ထျန်းယွင်ဂိုဏ်းပဲ"

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ်ရာ အင်အားနှင့် နက်ရှိုင်းသော နောက်ခံတို့ကို ကျန်းယွင်ထျန်း မြင်တွေ့ခဲ့ပြီး ဖြစ်၏။ သူသာ မမိုက်မဲပါက သူ လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

"ချန်အာ... ထျန်းယွင်ဂိုဏ်းသာ ဝင်စွက်ဖက်လာရင် အင်ပါယာက ကူညီပါ့မလား" ရှောင်ချင်းချင်းက စိုးရိမ်တကြီး မေးလိုက်သည်။

ဖုန်းဝူချန်က ခေါင်းခါရင်း ဆိုလိုက်၏။ "ကျွန်တော်လည်း မသိဘူး"

ဖုန်းဝူချန်သည် အင်ပါယာ၏ စစ်သူကြီးချုပ် ဖြစ်သော်ငြားလည်း သူ ဧကရာဇ်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သူ နန်းတွင်းအကြံပေးနှင့် မင်းသားတို့ကိုသာ မြင်ဖူးခဲ့သည်။

ဧကရာဇ်သည် အင်ပါယာတွင် နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သူ ဖြစ်၏။ အကယ်၍ ဧကရာဇ်က မကူညီပါက နန်းတွင်းအကြံပေးနှင့် မင်းသားတို့ တစ်ယောက်တည်းဖြင့် ကူကယ်ရာမဲ့ ဖြစ်နေပေလိမ့်မည်။

စကားဝိုင်းမှာ ကြာရှည်မခံခဲ့ဘဲ လူတိုင်း ကျင့်ကြံရန် ပြန်သွားကြလေသည်။

"ရှောင်ရှောင်... မင်းဆီမှာ ဟို သွေးကျောက်စိမ်း ဗောဓိ ကျန်သေးလား" သူ၏ အခန်းသို့ ပြန်လာစဉ် လမ်းတွင် ဖုန်းဝူချန်က မေးလိုက်၏။ သူ ဤရတနာအကြောင်းကို စဉ်းစားနေခဲ့သည်။

ယခင်က ဖုန်းကျိန့်ရှုံး ချက်ချင်းပင် ယွမ်တန်ဘုံ ဒုတိယအလွှာသို့ ခြေချနိုင်ခဲ့သည်ကို မြင်တွေ့ခဲ့ရသောအခါ လူများစွာကို မနာလို ဖြစ်စေခဲ့သည်။

"အစ်ကိုကြီးဖုန်း မေးလိမ့်မယ်ဆိုတာ ကျွန်မ သိသားပဲ...။ ဒါကြောင့် အစ်ကိုကြီးဖုန်းအတွက် တစ်ခု ပြင်ဆင်ထားပါတယ် နော်"

လင်ရှောင်ရှောင်က ကလေးဆန်စွာ ပြုံးလိုက်၏။ သူမ၏ လက်တစ်ချက် လှုပ်ရှားလိုက်သည်နှင့် သွေးကျောက်စိမ်း ဗောဓိတစ်ခု လေထဲမှ အလိုအလျောက် ထွက်ပေါ်လာခဲ့သည်။

သွေးကျောက်စိမ်း ဗောဓိမှာ အနီရင့်ရောင် ဖြစ်ပြီး ၎င်း၏ မျက်နှာပြင်မှာ သာမန် ကျောက်မျက်ရတနာ တစ်ခုကဲ့သို့ ထင်ရ၏။ ထူးခြားမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ သို့သော် ၎င်းတွင် တိုက်ရိုက် စုပ်ယူနိုင်ပြီး သန့်စင်ရန် မလိုအပ်သော မနှိုင်းယှဉ်နိုင်လောက်အောင် သန့်စင်သည့် စွမ်းအင်များ ပါဝင်နေခဲ့သည်။

သွေးကျောက်စိမ်း ဗောဓိကို လက်ခံရယူပြီးနောက် ဖုန်းဝူချန်က မေးလိုက်သည်။

"ရှောင်ရှောင်... မင်း ဒီ သွေးကျောက်စိမ်း ဗောဓိကို ဘယ်က ရခဲ့တာလဲ"

"မဟာအကြီးအကဲက ကျွန်မကို ပေးခဲ့တာပါ" လင်ရှောင်ရှောင်က နူးညံ့စွာ ပြုံးရင်း ဆိုလိုက်၏။

ဖုန်းဝူချန်က လုံးဝဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"သွေးကျောက်စိမ်း ဗောဓိကို နှစ်တွေနဲ့ ခွဲခြားထားတယ်။ သက်တမ်းရင့်လေလေ... ပါဝင်တဲ့ စွမ်းအင်က ပိုကြီးမားလေလေပဲ။ ဒီတစ်ခုက အနှစ် ၂၀ သက်တမ်းလောက် ရှိသင့်တယ်။ ဖေဖေ သုံးစွဲခဲ့တဲ့ တစ်ခုကလည်း အတူတူလောက်ပဲ"

တစ်ခဏရပ်ပြီးနောက် ဖုန်းဝူချန်က ဆက်ပြောသည်။

"ဒီရတနာက ကြုံတောင့်ကြုံခဲ ကြုံတွေ့နိုင်ပေမဲ့ ရှာဖွေလို့မရနိုင်ဘူး။ ဒါက အဆင့်ကိုး ရေခဲမီးလျှံ မြွေပွေးရဲ့ မျက်ရည်တွေကနေ မွေးမြူထားတဲ့ အဖိုးတန်ရတနာပဲ။ သက်တမ်းရင့်လေလေ... ပါဝင်တဲ့ စွမ်းအင်က ပိုကြီးမားလေလေပဲ...။ ကောင်းကင်အဆင့် အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်ကိုတောင် ကျင့်ကြံမှု တိုးတက်စေနိုင်တယ်"

"အစ်ကိုကြီးဖုန်းက တော်တော် သိတာပဲ...။ ရေခဲမီးလျှံ မြွေပွေးကိုတောင် သိသေးပါလား" လင်ရှောင်ရှောင်က ချိုမြိန်စွာ ပြုံးရင်း ပြန်ပြောလိုက်၏။

"အခွင့်အရေးရရင် တိုက်ကြီးရဲ့ မိစ္ဆာသားရဲ တောင်တန်းဆီ သွားကြည့်လိုက်ဦး။ ရတနာတွေ များများရှိလေ... ပိုကောင်းလေပဲ"

ဖုန်းဝူချန်က ပြုံးကာ ပြောနေရင်း သူ၏ အကြည့်က လင်ရှောင်ရှောင်ကို ကြည့်နေခဲ့သည်။

ဖုန်းဝူချန်က ဆက်ပြောသည်။

"မင်းရဲ့ မဟာအကြီးအကဲတောင်မှ ဒီရတနာ ရှိနေမှတော့... အဲ့ဒါက မင်းနောက်ကွယ်က အင်အားစုက အရမ်း အားကောင်းတယ်ဆိုတာကို သက်သေပြဖို့ လုံလောက်နေပြီ"

ထိုအခါ လင်ရှောင်ရှောင်က ချိုမြိန်စွာ ပြုံးရင်း ဝမ်းမြောက်စွာ ပြောလိုက်၏။

"အစ်ကိုကြီးဖုန်းသာ တိုက်ကြီးကို သွားချင်တယ်ဆိုရင် ရှောင်ရှောင် ရှင်နဲ့အတူ သားရဲတောင်တန်းဆီ လိုက်ခဲ့ပါမယ်"

...'အဆင့်ကိုး ရေခဲမီးလျှံ သားရဲက ကောင်းကင် လူသားဘုံ အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်နဲ့ ညီမျှတယ်။ သူမှာ မြစ်ချောင်းတွေကို ပြောင်းပြန်လှန်ပြီး ပင်လယ်တွေကို လှုပ်ခတ်နိုင်စွမ်း ရှိတယ်...။ ပြီးတော့ ကောင်းကင်နဲ့ မြေကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအားလည်း ရှိတယ်။ ရှောင်ရှောင်နောက်ကွယ်က အင်အားစုက တကယ်ပဲ ကြောက်စရာကောင်းတာပဲ'...

ဖုန်းဝူချန် ရင်တွင်း တွေးလိုက်မိသည်။

သူ၏ အခန်းသို့ ပြန်ရောက်သည့်အခါ ဖုန်းဝူချန်သည် သွေးကျောက်စိမ်း ဗောဓိကို သုံးစွဲရန် အလျင်မလိုခဲ့ဘဲ နက်နဲခြင်းထိုးထွင်းသိမြင်မှု ဆေးလုံးကို မှီခို၍ ကျင့်ကြံလေတော့သည်။

သူ၏ လက်ရှိ ကျင့်ကြံမှုမှာ ယွမ်တန်ဘုံသို့ ခြေတစ်လှမ်းဝင်နေခဲ့ပြီ ဖြစ်လေရာ ယခု အချိန်တွင် သွေးကျောက်စိမ်း ဗောဓိကို သုံးစွဲလိုက်ပါက အလွန် ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။

ကျင့်ကြံနေစဉ်မှာပင် ဟွမ်ဖူ မျိုးနွယ်စု အမဲလိုက်ခံရသည့် သတင်းနှင့် ဖုန်းမျိုးနွယ်စု၏ တတိယ သခင်လေး အင်ပါယာ၏ စစ်သူကြီးချုပ် ဖြစ်သည်ဟူသော သတင်းတို့မှာ ပြိုင်ဘက်ကင်းမြို့မှ တောမီးပမာ ပျံ့သွားခဲ့ပြီ ဖြစ်လေသည်။

ပြိုင်ဘက်ကင်းမြို့ ပတ်ဝန်းကျင်မှ မြို့များနှင့် အင်အားစုများ တုန်လှုပ်ခြောက်ခြားသွားကြပြီး ပြိုင်ဘက်ကင်းမြို့နှင့် အနီးဆုံးဖြစ်သော မိသားစုများနှင့် အင်အားစုများမှာ နောက်တစ်နေ့တွင် ပြိုင်ဘက်ကင်းမြို့ရှိ ဖုန်းမျိုးနွယ်စုထံသို့ ချက်ချင်း အလျင်အမြန် ရောက်ရှိ

လာကြတော့သည်။

"ဟွမ်ဖူမျိုးနွယ်စုက အင်အားကြီး ပုဂ္ဂိုလ် တစ်ဒါဇင်ကျော် အသတ်ခံလိုက်ရတယ်...။ ပြီးတော့ သူတို့က ယွင်ကျိုးက အင်အားစု အမျိုးမျိုးက အင်အားကြီး ပုဂ္ဂိုလ်တွေလို့ ကြားတယ်။ ရွှမ်းထျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်တောင်မှ ရောက်လာခဲ့တယ်တဲ့"

"ဟွမ်ဖူမျိုးနွယ်စုရဲ့ ဒုတိယသခင်လေးလည်း အသတ်ခံလိုက်ရတယ်။ ပြီးတော့ သူ့ကို စစ်သူကြီးချုပ်က သတ်လိုက်တာ။ ဟွမ်ဖူချင်းက ထျန်းယွင်ဂိုဏ်းရဲ့ တပည့်တစ်ဦး...။ ငါ့အထင် ထျန်းယွင်ဂိုဏ်းက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး"

"ဟုတ်တယ်။ ဟွမ်ဖူကျန့်ထျန်းက ထျန်းယွင်ဂိုဏ်းရဲ့ ပါရမီရှင် ချစ်တပည့် ပဲ။ ဟွမ်ဖူချင်း အသတ်ခံလိုက်ရတာကို သူသာ သိသွားရင် ဘာဖြစ်လာမလဲ"

“ဖုန်းမျိုးနွယ်စုရဲ့ တတိယသခင်လေးကို ဧကရာဇ်က စစ်သူကြီးချုပ်ဘွဲ့ ချီးမြှင့်ထားတယ်။ ဟွမ်ဖူ မျိုးနွယ်စုက သူတို့ရဲ့ အထက်လူကြီးတွေကို စော်ကားခဲ့တာ... ဒါက သေဒဏ် သေပြစ်ပဲ။ စစ်သူကြီးချုပ်မှာ အင်ပါယာရဲ့ ကျောထောက်နောက်ခံ ရှိတယ်...။ ထျန်းယွင်ဂိုဏ်းက သူ့ကို ဘာမှ မလုပ်နိုင်လောက်ဘူး”

တစ်ခဏအတွင်းမှာပင် သတင်းများ အဝေးသို့ ပေါက်ကြားသွားခဲ့ပြီး မကြာမီမှာပင် ထျန်းကျိုးနယ် တစ်ခုလုံးသို့ စီးဆင်းသွားကာ မရေမတွက်နိုင်သော အင်အားစုများကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။

အချို့လူများက တပည့် တစ်ဦး သေဆုံးခြင်းမှာ သေးငယ်သော ကိစ္စတစ်ခု ဖြစ်ပြီး ထျန်းယွင်ဂိုဏ်းသည် ထိုအကြောင်းကြောင့် အင်ပါယာနှင့် ထိပ်တိုက်တွေ့ရန် မလိုအပ်ဟု ထင်မြင်ကြ၏။

သို့သော် အချို့လူများကမူ ဤသည်မှာ ထျန်းယွင်ဂိုဏ်း၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သည်ဟု ထင်မြင်ကြ၏။ တပည့်တစ်ဦး သေဆုံးခြင်းကို လျစ်လျူရှုခြင်းမှာ ထျန်းယွင်ဂိုဏ်း၏ ပုံစံမဟုတ်ခဲ့ပေ။

All Chapters