← Chapters

ထွက်ခွာခြင်း

Vol. 1 Ch. 37

ထွက်ခွာခြင်း

Vol. 1 Ch. 37

စိတ်ပျက်ခြင်းထက် ပို၍ ဝမ်းနည်းဖွယ်ကောင်းသည့်အရာ မရှိတော့ပေ။ သေခြင်းသည်ပင် အရေးမပါပေ။

ကျန်းရီသည် ကျန်းဂိုဏ်းတွင် ကြီးပြင်းခဲ့ရသောကြောင့် ကျန်းဂိုဏ်းကို သူ၏ အိမ်ဟုသာ အမြဲတွေးထားခဲ့သည်။ ကျန်းဂိုဏ်းသည် သူ့အတွက် သူဂုဏ်ယူရသော တစ်စုံတစ်ရာ၊ ကာကွယ်ရန် ထိုက်တန်သော အိမ်တစ်လုံး ဖြစ်သည်။

သူအသက်ခုနှစ်နှစ် အရွယ်မှ စတင်၍ အေးစက်မှုကို ခံစားခဲ့ရသည်။ သို့သော် သူသည် မယုံကြည်ခဲ့ပေ  ...  သူအသုံးမကျသောကြောင့် ဟုသာ တွေးခဲ့သည်။ သူသည် ထူးချွန်သူ တစ်ယောက်ဖြစ်လာပြီး ပို၍ မြန်မြန် ကျင့်ကြံနိုင်လာလျှင် အကြီးအကဲနှင့် စီနီယာများသည် သူ့ကို အသိအမှတ်ပြုလာကာ ကြင်နာစွာ ဆက်ဆံလာလိမ့်မည်ဟု ထင်နေခဲ့သေးသည်။

သူကိုးနှစ်အရွယ်တွင် အကြီးအကဲချုပ် ပျောက်ဆုံးသွားပြီးနောက် ကျန်းဂိုဏ်းသည် သူ့ကို စတင်၍ ဥပက္ခာပြု ဖယ်ကျဉ်လာခဲ့သည်။ ကျန်းဂိုဏ်းသား အားလုံးသည် သူ့ကို စတင် အနိုင်ကျင့်လာကြ သော်လည်း သူ့ရင်ထဲတွင် မျှော်လင့်ချက်လေး တစ်မျှင် ကျန်နေခဲ့သေးသည်။ ယနေ့မတိုင်ခင်အထိ ကျန်းဂိုဏ်းသည် သူ့ကို အသိအမှတ်ပြု ထောက်ပံ့လာကာ သူကြိုးစားသလောက် အသိအမှတ်ပြုလိမ့်မည်၊ သူ့ကို မိသားစုတစ်ခု၏ နွေးထွေးမှုကို ပြလာလိမ့်မည်ဟု စိတ်ကူးယဉ်နေသေးသည်။

တကယ်တော့ သူယနေ့ပြုလုပ်ခဲ့သော ဆူပူမှုတွင် သူ၏ သတ်သေလိုမှုကို အသုံးချကာ အကြီးအကဲများကို စုဆောင်းစေခဲ့သည်။ သူသည် သူ့ချိပ်ပိတ်သင်္ကေတကို ချိုးဖျက်နေသော အကြောင်းနှင့် သူ့အင်အားကို အံ့သြစရာ ကောင်းအောင် တိုးတက်စေသော ဆန်းကြယ်သည့် ကျင့်စဉ် အကြောင်းကို ပြောရန် စိတ်ကူးထားခဲ့သည်။

ယခုမူ သူသည် ကျန်းဂိုဏ်းအပေါ်တွင် ထားရှိသော မျှော်လင့်ချက်များ အားလုံးကို စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။ ကျန်းဂိုဏ်း၏ သွေးများသည် သူ့ကိုယ်ထဲတွင် စီးဆင်းမနေခဲ့ပေ… ကျန်းဂိုဏ်း၏ အမြင်တွင် သူသည် ဘာမှမဟုတ်သော နိမ့်ကျသူ တစ်ယောက်သာ ဖြစ်သည်။ သူတို့အတွက် သူသည် အနာဂတ်တွင် ခြိမ်းခြောက်မှု ဖြစ်လာနိုင်သည့် အန္တရာယ်တစ်ခုသာ ဖြစ်သည်။

သေခြင်းသည်ကား ကျန်းရီ ဘယ်တော့မှ ကြောက်မည် မဟုတ်သော အရာတစ်ခုဖြစ်သည်…

သူငယ်စဉ်က အကြီးအကဲချုပ်သည် သူ့ကို သဘောတရားတစ်ခု သင်ပေးခဲ့သည်။ သူသည် စစ်မှန်၍ အင်အားကြီးသော သူရဲကောင်း တစ်ယောက် ဖြစ်လိုလျှင် စစ်သည်တစ်ဦး၏ စိတ်ထားရှိရမည် ဟူ၍  ... သူသည် သေခြင်းအပါအဝင် မည်သည်ကိုမှ ကြောက်မနေခဲ့ပေ။ သူကြောက်သော အရာသည်ကား ကျန်းရှောင်နူကို မကာကွယ်နိုင်ခြင်းနှင့် ထပ်မံ၍ ကာကွယ်ခွင့် မရှိတော့မည်ကိုသာ ဖြစ်သည်။

"ကောင်းတယ်… တစ်ယောက်မှ မမြင်လိုက်ဘူးဆိုရင် ဒီကိစ္စက ရှင်းလင်းသွားပြီ  ... အကြီးအကဲတွေမှာ ပြောစရာမရှိတော့ဘူးဆိုရင် ကျွန်တော် ဂိုဏ်းစည်းမျဉ်းအတိုင်း ဆောင်ရွက်တော့မယ်"

ကျန်းယွင်ရှဲ၏ အသံသည် ကျန်းရီအား လက်ရှိသို့ ပြန်လည်ခေါ်ဆောင်လိုက်သည်  ... သို့သော် ဒီတစ်ကြိမ်တွင် သူသည် မည်သို့မျှ ခွန်းတုံ့မပြန်ခဲ့ချေ။ သူသည် ထပ်မံ၍ စကား ပြောချင်စိတ်လည်း မရှိတော့သလို ဤကဲ့သို့ စက်ဆုပ်ဖွယ် နေရာတွင်လည်း တစ်စက္ကန့်မျှပင် ဆက်နေလိုစိတ် မရှိတော့ပေ

လူတိုင်းသည် တိတ်ဆိတ်နေခဲ့ကြသည်။ ကျန်းဂိုဏ်းချုပ်သည်ကား ခေါင်းငုံ့ကာ လက်ဖက်ရည်ကိုသာ ဆက်သောက်နေခဲ့သည်။ သူသည် ထင်မြင်ချက် တစ်ခုခုကို ပြောလိုဟန်မရပေ။ သို့သော် သူ စည်းကမ်း ထိန်းသိမ်းရေး ဆောင်သို့ ဝင်လာခဲ့စဉ်က ပြောခဲ့သော စကားသည် သူ၏ သဘောထားကို ပွင့်ပွင့်လင်းလင်း ဖော်ပြနေခဲ့သည်။ သူသည် ကျန်းရုလုံ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သည် ဟူသော အချက်ကို အလွန် မကျေမနပ် ဖြစ်နေခဲ့သည်။

ဒုတိယအကြီးအကဲ၏ မျက်နှာရှိ ပါးရေတို့သည် အနည်းငယ် တွန့်သွားသော်ငြား သူသည် မည်သည့် စကားမှ ဆိုမလာခဲ့ချေ။ သူနှင့် အကြီးအကဲချုပ်တို့သည် သွေးသားတော်စပ်ကြပြီး ကျန်းဂိုဏ်းရှိ အဆုံးအဖြတ် ပေးနိုင်သော နေရာများကို ပိုင်ဆိုင်ခဲ့ကြသည်။ သို့သော် အကြီးအကဲချုပ် ပျောက်ဆုံးသွားပြီး နောက်တွင် သူတို့၏ ရင်းနှီးမှုသည် အားနည်းလာခဲ့သည်။ သူ့တွင် အသက်ရှင်စရာ အချိန်လည်း အများကြီး မကျန်တော့ရာ သူ့မျိုးဆက်များအပေါ်တွင် သက်ရောက်လာနိုင်ခြင်း ရှိသောကြောင့် ကျန်းရီလို လူတစ်ယောက်အတွက် ခုခံပြောဆို ပေးလိုစိတ် ရှိမနေသည်မှာ သဘာဝပင် ဖြစ်သည်။

"နေဦး"

ဒုတိယ အကြီးအကဲသည် မည်သည့် မှတ်ချက်မှ ပြုမလာသော်လည်း ကျန်းယွင်ရှန်နှင့် သွေးသားတော်စပ်သော ကျန်းယွင်မုန့်သည် စကားပြောလာခဲ့သည်။ သူသည် စိတ်လိုက်မာန်ပါ လုပ်တတ်သော သူတစ်ဦး ဖြစ်ကာ သူ့ခံစားချက်များကို ဖုံးကွယ်မထားတတ်သော စရိုက် ရှိသည်။ သူသည် သိုင်းပညာ သရုပ်ပြခန်းမမှ ပြန်လာခဲ့စဉ်တည်းက ကျန်းရီအကြောင်းကို သိလိုစိတ် ပြင်းပြနေခဲ့သည်။ သူသည် ကျန်းရီ ကွပ်မျက် ခံရတော့မည်ကို မြင်လျှင် မနေနိုင်တော့ဘဲ မေးမြန်းလာခဲ့သည်  ...

"ကျန်းရီ  ... မင်း ဘယ်က အင်အားတွေရလာတာလဲ  ... ဘယ်လိုမျိုး ဒီလောက်မြန်မြန် တိုးတက်လာရတာလဲ  ... ကျန်းရုလုံကို ဘယ်လိုမျိုး အနိုင်တိုက်လိုက်တာလဲ''

"ဟမ်''

ကျန်းယွင်မုန့်၏ မေးခွန်းများသည် ဤနေရာရှိ လူအများ သိချင်နေကြသည်များဖြစ်သည်။ ကျန်းရီသည် ကျန်းဂိုဏ်းတွင် အဆင့်အတန်း မမြင့်မားတော့သော်လည်း သူသည် ကျော်ကြားနေဆဲသာ ဖြစ်သည်။ ကျန်းယွင်ဟိုင်၏ လွှမ်းမိုးနိုင်စွမ်းရှိမှုကြောင့် သို့မဟုတ် သူ့ဒန်တျန်းကို ချိတ်ပိတ်ထားသော သုံးစား၍ မရသည့် ချိပ်ပိတ်သင်္ကေတ ကြောင့်လည်း ဖြစ်နိုင်သည်။ မကြာသေးမီကလည်း ကျန်းရီသည် ကျန်းရုဟူနှင့် သူ့အဖွဲ့ကို အနိုင်ခဲ့သည်။ အချိန်ခဏလေး အတွင်းတွင် သူ့အင်အားသည် ဘယ်လိုများ တိုးတက်လာရပါသနည်း  ... အရေးအကြီးဆုံး အချက်သည်ကား သူသည် ကျန်းရုလုံကို အလွယ်တကူ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

ကျန်းရီသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူ့တွင် ရှင်းပြချင်စိတ် ရှိမနေခဲ့ပေ။ ကျန်းယွင်မုန့်၏ စကားသည် သူ့ကို ကာကွယ်လိုသော အရိပ်အယောင်များ ပါဝင်နေသည်ဟု ယူဆရသောကြောင့် သူသည် လှည့်ကွက် တချို့ ပြုလုပ်လိုက်သည်  ...

"ကျွန်တော်က နှစ်တစ်ထောင် အနက်ရောင် သွေးဂျင်ဆင်းကို ရခဲ့တယ်လေ  ... ကျန်းရုလုံကို ဘယ်လိုအနိုင်ယူတာလဲ ဟုတ်လား  ... သူ့လို အသုံးမကျတဲ့ကောင်ကို အနိုင်တိုက်ဖို့က အဲ့လောက် ခက်ခဲလို့လား  ... ကျွန်တော် အစီအစဉ်လေး နည်းနည်းချလိုက်တာနဲ့ သူက လွယ်လွယ်ကူကူ ရှုံးသွားတာပဲလေ''

"နှစ်တစ်ထောင် အနက်ရောင် သွေးဂျင်ဆင်းလား''

ကျန်းယွင်ရှန် မှတစ်ပါး လူတိုင်းသည် အသက်မရှူနိုင် လောက်သည်အထိ ဆွံ့အသွားကြသည်။ ကျန်းယွင်ရှန်သည်ကား သူ့ခေါင်းကို အနည်းငယ် မော့လာကာ ကျန်းရီကို ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။

"နှစ်တစ်ထောင် အနက်ရောင် သွေးဂျင်ဆင်း"

ဒီလောက် ပြိုင်ဘက်ကင်းတဲ့ ပစ္စည်းကို ကျန်းရီဆိုတဲ့ ဒီကံကောင်းတဲ့ ခွေးကောင်က တကယ် ရှာတွေ့ခဲ့တာလား  ... သူက ဒီလို အဖိုးတန် ဆေးပင်ကို ဂိုဏ်းလက်ထဲ မအပ်ဘဲ ဘယ်လိုများ ကိုယ်တိုင် သုံးပစ်လိုက်နိုင်တာလဲ ကျန်းဟန်ရွှေသာ ဒီဆေးပင်ကို သုံးစွဲခွင့် ရခဲ့မယ်ဆိုရင် သူက ခရမ်းရောင် နန်းတော်ရှင်အဆင့်ကို ချက်ချင်း ရောက်သွားမှာ  ... ဟုတ်တယ်မလား

"ဟမ့်"

ကျန်းယွင်ရှဲသည် နှာတစ်ချက်မှုတ်လိုက်သည်။ သူသည် သူ့သားကို သတိရလိုက်ကာ ကျန်းရီကို လုံးဝ မကျေနပ်ခဲ့တော့ပေ။ ကျန်းယွင်ရှစ်သည် ဆွံ့အနေရာမှ အသိဝင်လာကာ အမိန့်ကို ချက်ချင်း ထုတ်ပြန်လိုက်သည်  ...

"လုံလောက်ပြီ ... ဒီကိစ္စကို ဆက်ပြီး ဆွေးနွေးဖို့ မလိုတော့ဘူး ... သူ့ကို တောင်အနောက်ဘက်ကို ခေါ်သွားပြီး ချက်ချင်း ကွပ်မျက်လိုက်ကြ''

"နေဦး"

ထိုအချိန်တွင် အခြားအသံတစ်သံသည် ပေါ်ထွက်လာခဲ့သည်။ ဒီတစ်ကြိမ်တွင် ကျန်းရီသည်လည်း ဆွံ့အသွားရသည်။ စကားပြောလိုက်သူသည်ကား ကျန်းဂိုဏ်းချုပ် ကျန်းယွင်ရှန်ပင် ဖြစ်သည်။

ကျန်းယွင်ရှန်သည် လက်ဖက်ရည်ခွက်ကို ချလိုက်ကာ  မတ်တတ်ရပ်လိုက်သည်။ သူသည် ဒုတိယ အကြီးအကဲကို ခေါင်းညိတ်ပြလိုက်ပြီး ထွက်ပေါက်ရှိရာ ဘက်သို့ လျှောက်လာကာ ကျန်းရီရှေ့တွင် ရပ်တန့်လိုက်သည်  ... .

"ဟင်း  ... ဦးလေးဟိုင် ပျောက်သွားတာ ခြောက်နှစ်ကြာခဲ့ပြီ  ... သူဘာဖြစ်နေပြီလဲဆိုတာ ငါတို့ မသိရဘူး  ... ကျန်းရီ  ... ဦးလေးဟိုင်က မင်းကို အရမ်းချစ်ပြီး အရမ်းဦးစားပေးခဲ့တာ ငါတို့သိပါတယ်  ... ဦးလေးဟိုင်က ငါတို့နဲ့ အတူမရှိတော့ပေမဲ့ ကျန်းဂိုဏ်းအတွက် သူလုပ်ပေးခဲ့တာတွေက ငါတို့ရင်ထဲမှာ မှတ်ကျောက် တင်ထားပြီးသားပါ  ... ဒီနေ့ ဦးလေးဟိုင်အတွက် ငါမင်း အသက်ကို ပေးလိုက်မယ်  ... ပြီးတော့  ... သေမိန့်ကနေ ကင်းလွတ်ခွင့် ပေးလိုက်ပေမဲ့ အပြစ်ပေးမှုကတော့ ဆက်ရှိနေဦးမှာပဲ"

"ယွင်ရှစ် ... သတိပေးတဲ့ အနေနဲ့ သူ့ခြေထောက် တစ်ချောင်းကို ချိုးလိုက်  ... သူသာ အနာဂတ်မှာ ပြဿနာတစ်ခုခု ထပ်ရှာရဲမယ်ဆိုရင် သူ့ကို ချက်ချင်း ကွပ်မျက်မယ် အမိန့်ထုတ်ပြန်လိုက်  ... ဝိဉာဏ်သားရဲ သင်တန်းကျောင်းနဲ့ အနောက်ဘက် မြို့စောင့်တပ်ရဲ့ လူသစ်လက်ခံပွဲ မတိုင်မီမှာ အလားတူ ပြဿနာမျိူး ထပ်ဖြစ်ခဲ့မယ်ဆိုရင် ငါ့ကိုမရှာဘဲ ဒါမှမဟုတ် စည်းကမ်းထိန်းသိမ်းရေး ဆောင်ရဲ့ ခွင့်ပြုချက်မလိုဘဲ သိုင်းပညာခန်းမဆောင်က ကွပ်မျက်တာကို လုပ်ဆောင်နိုင်တယ်  ... ဒီကိစ္စက ဖြေရှင်းပြီးပြီ  ... လူတိုင်း သွားနိုင်ပြီ"

စကားဆုံးသည်နှင့် ကျန်းယွင်ရှန်သည် ကျန်းရီကို စိုက်ကြည့်လိုက်ပြီး ထွက်ပေါက်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်ကာ လူတိုင်း၏ မြင်ကွင်းထဲမှ ကွယ်ပျောက်သွားခဲ့သည်။ အကြီးအကဲများ သည်လည်း မည်သည့်စကားမှ မဆိုတော့ဘဲ အလျင်အမြန် ထွက်ခွာသွားခဲ့ကြသည်။ ယခုမူ စည်းကမ်းထိန်းသိမ်းရေးဆောင်တွင် ကျန်းယွင်ရှစ်နှင့် အပြင်ဘက်မှ ကြည့်နေကြသော ဂိုဏ်းသားများသာ ကျန်ရှိခဲ့သည်။

ငါ့အသက်ကို ပေးတယ်  ... ဟား..ဟား

ကျန်းရီသည် အမူအရာမဲ့နေဆဲပင်  ... သို့သော် သူ၏ ရင်ထဲတွင် လှောင်ပြောင် ရယ်မောနေခဲ့သည်။ သူသည် ကျန်းယွင်ရှန် ထွက်မသွားခင်တွင် သူ့ကို စိုက်ကြည့်သွားသော အကြည့်မှသည် သတ်ဖြတ်လိုစိတ် များကို ခံစားနေခဲ့ရသည်။ ကျန်းယွင်ရှန်သည် သူ့ကို သတ်ချင်စိတ်ကို ထိန်း၍ သမာသမတ် ကျသည့်ပုံ ဟန်ဆောင် သွားခြင်းသာ ဖြစ်သည်။

ယနေ့ ဖြစ်သွားခဲ့သည့် ဖြစ်ရပ်သည် အတော်လေး အရေးပါပေသည်။ ကျန်းရီသာ အမှန်တကယ် ကွပ်မျက်ခံရလျှင် ဂိုဏ်းအတွင်း ဆူပူအုံကြွမှုများကို ဖိတ်ခေါ်လိုက်သလို ဖြစ်ပေလိမ့်မည်။ မည်သို့ပင် ဖြစ်စေ ကျန်းရုဟူတို့ အဖွဲ့သည် ကျန်းရီကို အမှန်တကယ် ရိုက်ခဲ့ခြင်းဖြစ်ပြီး ကျန်းရှောင်နူသည် ချွန်းယာ၏ အိပ်ရာထက်တွင် အမှန်တကယ် လှဲနေရခြင်းဖြစ်သည်။ ကျန်းယွင်ရှန်သည် ကျန်းရီ၏ အသက်ကို ကယ်ခြင်းအားဖြင့် အကြီးအကဲချုပ်၏ ကျေးဇူးများကို အမှတ်ရနေသကဲ့သို့ ပြုမူခဲ့သည်။ သူသည် သူ၏ နူးညံ့သော သဘာထား ဖော်ပြလိုက်ပြီး လူတိုင်း၏ ပါးစပ်များ ပိတ်သွားစေရန် ဖြစ်သည်။

ဟား..ဟား  ... ငါခန့်မှန်းကြည့်တာတော့ ဝိဉာဏ်သားရဲ သင်တန်းကျောင်းရဲ့ လူသစ် လက်ခံပွဲ ပြီးဆုံးသွားတာနဲ့ ငါကျန်းရီလေးက ရုတ်တရက် ထူးထူးဆန်းဆန်း သေဆုံးသွားရတော့မယ် ထင်တယ်  ...

ကျန်းရီသည် သတ်ဖြတ်ချင်စိတ်များကို သေချာ သဘောပေါက်လိုက်ပေသည်။ သူသည် ယခုသေမသွားမှတော့ ကြောင်တောင်တောင် နိုင်စွာ သူသေဆုံးသည်ကို စောင့်ကြည့်ရပေမည်။ သူ့တွင် မျှော်လင့်တစ်ချက်သာ ကျန်လျှင်တောင် ထိုတစ်ခုအတွက် တိုက်ခိုက်မည် ဖြစ်သည်။

"ဂိုဏ်းချုပ်က ကြင်နာတတ်တဲ့ နှလုံးသားနဲ့ ဒီအဆုံးအဖြတ်ကို ချမှတ်သွားမှတော့ ငါလက်ခံတယ်  ... တစ်ယောက်ယောက် လာပြီး ကျန်းရီရဲ့ ခြေထောက်ကို ချိုးလိုက်ကြ..သူသာ ထပ်ပြီး ပြဿနာရှာရဲရင် ခွင့်လွှတ်မခံရဘဲ ချက်ချင်း ကွပ်မျက်ခံရမယ်"

ကျန်းယွင်ရှစ်သည် အဓိပ္ပာယ်ကို ချက်ချင်းနားလည်လိုက်လေသည်။ သူသည် သူ့အစ်ကို အကြောင်းကို ကောင်းကောင်းသိပါသည်။ ကျန်းရီသည် အချိန်အကြာကြီး အသက်မရှင်နိုင်တော့ပေ။

"မလိုဘူး"

အစောင့်သည် လှုပ်ရှားလိုက်သည်ကို မြင်လျှင် ကျန်းရီသည် ချက်ချင်း အော်ပြောလိုက်သည်။ ထို့နောက် သူသည် တွေဝေနေခြင်း အလျှင်းမရှိဘဲ လက်တစ်ဖက်ကို မြှောက်ကာ သူ၏ ဘယ်ဘယ် ခြေထောက်ဆီသို့ လျှပ်စီး၏ အလျင်နှင့် ရိုက်ချလိုက်လေသည်။

"ခရက်"

အရိုးကျိုးသံ တစ်ခုသည် ထွက်ပေါ်လာခဲ့သည်။ ကျန်းရီ၏ ဘယ်ဘက် ခြေထောက်သည် ကျိုးသွားပြီ ဖြစ်သည်။ ကျန်းရီသည် အစမှ အဆုံးတိုင် နာကျင်ဟန်မပြသလို တစ်ချက်မှလည်း မအော်ဟစ်ခဲ့ပေ။ သူ၏ နဖူးများသည် ချွေးစေးများ စီးကျနေပြီး သူ၏ ပါးများသည် အနည်းငယ်တွန့်သွားသော်လည်း မျက်ဝန်းများမူ ကြောက်မယ်ဖွယ်ကောင်းအောင် တည်ငြိမ်နေခဲ့သည်။

"စည်းကမ်းထိန်းသိမ်းရေးဆောင် လက်ထောက်အကြီးအကဲ ...  ကျွန်တော် အခုသွားလို့ ရပြီလား''

ကျန်းရီသည် သက်ပြင်းရှည် တစ်ချက်ချလိုက်ကာ ကျန်းယွင်ရှစ်ကို လှည့်မေးလိုက်သည်။ သူသည် စကားပြောရာတွင် 'လက်ထောက် ' ဟူသော စကားစုကို ပိုလေးနက်အောင် ပြောလိုက်သည်။

"ဂိုဏ်းအတွင်းရေး ကိစ္စတွေကို ကိုင်တွယ်တဲ့ အဆောင်ကို သွားပြီး ဆေးနှစ်လုံးထုတ်ယူလိုက်  ... ပြီးရင် မင်းအပြစ်ကို အိမ်မှာ ပြန်ပြီးသုံးသပ်နေ  ... သွားတော့"

ကျန်းယွင်ရှစ်သည် မကြာခင်တွင် သေရမည့်သူကို ဒေါသထွက်နေရသည်မှာ မတန်ဟု တွေးနေခဲ့သည်။

ကျန်းရီသည် ခြေထောက်တစ်ဖက် ထောက်လိုက်သော်လည်း သူ၏ ပခုံးထက်မှ နာကျင်မှုနှင့် ဟန်ချက်ပျက်နေသော ခြေထောက်တစ်ဖက် တို့ကြောင့် လဲကျသွားရသည်။

သူသည် ကျန်းဂိုဏ်းမှ အစေခံများ၏ အကူအညီကို ငြင်းပယ်လိုက်ကာ အံကြိတ်၍ မတ်တတ်ရပ်လိုက်သည်။ သူသည် အပင်ငယ်တစ်ခုအနားသို့ ရောက်သောအခါ သစ်ကိုင်းတစ်ခုကို ချိုးယူလိုက်သည်။ သူသည် သစ်ကိုင်း၏ အကူအညီနှင့် သူ၏ အိမ်ခြံဝန်းလေးဆီသို့ သွေးများ တစ်စက်စက်ကျရင်း ပြန်သွားခဲ့သည်။

***

ကျန်းဂိုဏ်း၏ စည်းကမ်းထိန်းသိမ်းရေး ဆောင်သည် ကျန်းရီ၏ အိမ်ခြံဝန်းလေးနှင့် သိပ်မဝေးပေ။ ပုံမှန်ဆိုလျှင် သုံးမိနစ်သာ ကြာသော်လည်း ဒီတစ်ကြိမ်တွင်မူ ကျန်းရီသည် တစ်နာရီကျော် ကြာမြင့်ခဲ့လေသည်။ သူသည် အကြိမ်ပေါင်းများစွာ လဲကျကာ သတိလစ်သွားမတတ်ပင်။

"ဘန်း"

သူသည် ခြံဝန်းတံခါးလေးကို တွန်းဖွင့်လိုက်သည်။ ခြံဝန်းထဲသို့ ခြေချပြီး နောက်တွင် သူသည် ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး ထိန်းမထားနိုင်တော့ဘဲ လဲကျသွားခဲ့သည်။ သူသည် အံကြိတ်ကာ တင်ပျဉ်ချိတ် ထိုင်လိုက်ပြီး ပြန်လည်ကုစားရန် စတင်တရားနိုင်ခဲ့တော့သည်။ သူသာ ကုသခြင်း လုပ်ငန်းစဉ်ကို ယခုမစတင်လိုက် ပါလျှင်  သွေးထွက်လွန်ပြီး သေသွားပေလိမ့်မည်။

"အိုက်ယား  ... .သခင်လေးကျန်းရီ  ... သခင်လေး  ... ဘာတွေဖြစ်ခဲ့တာလဲ''

တစ်နာရီမျှ ကြာပြီးနောက် ကျန်းရီသည် အော်သံတစ်ခုကြောင့် နိုးကြားသွားခဲ့သည်။ ချွန်းယာသည် ကျန်းရီသူ့ကို ပေးလိုက်သော ခရမ်းရောင်ရွှေကို သုံး၍ ဆေးများဝယ်ရန် ထွက်သွားခဲ့ခြင်း ဖြစ်သည်။ အပြန်လမ်းတွင် သူသည် ကျန်းအိမ်တော် အနောက်ဘက်ခြမ်း တစ်ခုလုံးမှ ကျန်းရီ၏ ဖြစ်ရပ်အကြောင်း ပြောနေသည်ကို ကြားခဲ့ရသည်။ သူမသည် သူမအိမ်တောင် မပြန်နိုင်တော့ပဲ ကျန်းရီ၏ ခြံဝန်းလေးဆီ တန်းတန်းမတ်မတ် ပြေးလာခဲ့ခြင်း ဖြစ်သည်။

ကျန်းရီသည် သူ၏ နွမ်းနယ်ပုံ ပေါ်နေသော မျက်လုံးများကို ဖွင့်လာခဲ့သည်။ သူသည် ချွန်းယာ၏ လက်ထဲမှ ကြွေပုလင်းဖြူလေးကို မြင်လျှင် သူ့မျက်နှာတွင် ကျေးဇူးတင်သော အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်

"ငါအဆင်ပြေတယ်  ... ချွန်းယာ  ... ရှောင်နူကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးပဲ  ... အိုး  ... ဟုတ်သားပဲ  ... ငါဒဏ်ရာ ရထားတာ ရှောင်နူသိလား''

"သူမ မသိသေးပါဘူး  ... ကျွန်မ အိမ်မပြန်ရသေးဘူး "

ချွန်းယာသည်  ခေါင်းယမ်းလိုက်ကာ ကြွေပုလင်းလေးကို ကျန်းရီထံ ချက်ချင်း ကမ်းပေးလာခဲ့သည်။

"သခင်လေးကျန်းရီ  ... ဒါက အရမ်းစွမ်းတဲ့ ဒဏ်ရာပျောက်ဆေးပဲ  ... ဒါကို သခင်လေး ပြန်ကောင်းဖို့ အရင်သောက်လိုက်တာ ပိုကောင်းလိမ့်မယ်  ... ကျွန်မမှာ သခင်လေး ပေးထားတဲ့ ပိုက်ဆံတွေ အလုံအလောက် ကျန်သေးတယ်  ... ရှောင်နူအတွက် ထပ်ပြီး ဆေးတွေ သွားဝယ်လိုက်မယ်"

"မဖြစ်ဘူး"

ကျန်းရီသည် ခေါင်းယမ်းလိုက်ကာ စိတ်ဆုံးဖြတ်ထားပြီးသည့်ပုံနှင့် ချွန်းယာကို ကြည့်ကာ ပြောလိုက်သည်

"ချွန်းယာ  ... .နားထောင်  ... မင်းဒီနေ့ကိစ္စ အကြောင်းကို ကြားခဲ့ပြီးပြီ မဟုတ်လား  ... မင်းရှောင်နူကို အားလုံးပြန်ပြောပြလို့ရတယ်  ... ဒါပေမဲ့ ငါဒီနေ့ ဒဏ်ရာရသွားတဲ့ အကြောင်းကို မပြောနဲ့  ... မင်းဒီလိုပြောရမယ်  ... .ငါ့ကို စည်းကမ်းထိန်းသိမ်းရေးဆောင်က တရားသေလွှတ်ပေးလိုက်ပြီး ငါကျန်းဂိုဏ်းကနေ ထွက်သွားတယ်  ... မင်းက ရှောင်နူကို ဘာကိုမှ မတွေးဘဲ သူမဒဏ်ရာတွေ မြန်မြန်ပျောက်အောင် လုပ်ဖို့ပဲ ပြောပေး  ... ဂိုဏ်းချုပ်က အမိန့်ချပေးထားတဲ့အတွက် လတ်တလောမှာ ဘယ်သူမှ သူမကို ထိရဲမှာ မဟုတ်ဘူး  ... ငါတစ်လအတွင်း ပြန်လာခဲ့မယ်  ... မင်းနားလည်လား''

"အာ''

ချွန်းယာသည် ရေရွတ်လိုက်ပြီး သံသယရှိသလို မေးလာခဲ့သည်  ...

"သခင်လေး ကျန်းရီက တစ်လကြာအောင် ထွက်သွားမယ်  ... ဒါပေမဲ့ ဒီလိုပုံစံနဲ့ ဘယ်လို လမ်းလျှောက်မှာလဲ''

"မင်းစိတ်မပူပါနဲ့  ... ငါ ဒီညပဲ ထွက်သွားမယ်… တစ်လကြာရင် ပြန်လာမယ်လို့ ငါကတိပေးတယ်"

ကျန်းရီသည် အများကြီး ရှင်းပြမနေတော့ပေ။ သူသည် အတိုချုပ်၍သာ ချွန်းယာကို ညွှန်ကြားလိုက်ပြီး ပြန်၍သာ ရှောင်နူကို ဂရုစိုက်ခိုင်းလိုက်သည်။ ထို့နောက် သူသည် ဆေးလုံးကို သောက်လိုက်ကာ ဒဏ်ရာများကို ပြန်ကုသနေလိုက်သည်။ ဤဆေးတစ်လုံးဖြင့် သူ့ဒဏ်ရာများကို ကုသရန် မလုံလောက်ကြောင်း သိသော်လည်း ယနေ့ညတွင် သူသေချာပေါက် ထွက်သွားရပေမည်။ သူသာ ယခုထွက်မသွားလျှင် ဘယ်တော့မှ ထွက်သွားနိုင်တော့မည် မဟုတ်ဘဲ ကံတရားကို လက်ခံလိုက်ရုံသာ ရှိတော့မည်။

*****

All Chapters