← Chapters

တွေ့ဆုံခြင်း

Vol. 44 Ch. 652

တွေ့ဆုံခြင်း

Vol. 44 Ch. 652

အစက တာအိုလမ်းစဉ်ဂိုဏ်း၏ ဝင်ခွင့်မေးခွန်းများ ရောင်းဖို့တွေးခဲ့သည်။ သို့သော် တစ်ဘက်လူက သူတို့နောက်ခံကို သိနေသည်။ မေးခွန်းအတုရောင်းလျှင် အဆင်မပြေ။ နောက်ပိုင်းတွင် သူတို့နောက်လိုက်လာနိုင်သည်။

လူလေးယောက်ထွက်သွားပြီးနောက် နောက်ထပ်ဝတ်ရုံရှင်များ သူတို့ဆီချဉ်းကပ်လာပြီး ယန်အားတိုးသွေးစက်ဝယ်ကြသည်။

ခန်းမထဲတွင်ရှိစဉ်က အားလုံးရှေ့တွင် ဝယ်ရမည်ကို ရှက်သောကြောင့်ဖြစ်လိမ့်မည်။

ငွေရှာရသည့်အပျော်စိတ်ကို မုန်ကျင်းကျိုး ပထမဆုံးခံစားမိသည်။

နောက်ထပ်ဝယ်သူမလာတော့။ တစ်နေ့တာရပ်နား၍ လှည့်ပြန်ရန်ပြင်ကြသည်။ ထိုစဉ် နောက်ထပ်ဝတ်ရုံရှင်တစ်ယောက် ပျံသန်းလာသည်။

လက်ဝါးတစ်ဘက်ကို ရင်ဘတ်ရှေ့တွင်ထောင်၍ တည်ငြိမ်စွာလမ်းလျှောက်သည်။ ယဉ်ကျေးသည့်လေသံဖြင့်ပြောသည်။

"ဒကာတို့၊ ဒကာတို့မှာ ယန်အားတိုးသွေးစက်ရောင်းဖို့ရှိသေးလား"

မုန်ကျင်းကျိုး "..."

ကိုယ်တော်၊ ဘုန်းကြီးမှန်းသိပ်မသိသာအောင် နည်းနည်းလေးတော့ ဟန်‌ဆောင်ပါဦးလား..

အခုကိုယ်‌တော်က ဗြဟ္မစရိယသီလကို ဖောက်ဖျက်နေတာလေ။ ဗုဒ္ဓက လိုက်လာပြီး ပြဿနာရှာရင် ကိုယ်တော်ခေါင်းပြတ်မှာလား ကျုပ်ခေါင်းပြတ်မှာလား...

ကိုယ်တော်က ဆက်ပြောသည်။

"ပြီးတော့ နိမ့်ပါးတဲ့ကိုယ်တော့်မှာ ဝိညာဉ်ကျောက်မရှိပါဘူး။ ကုန်ကျစရိတ်ကို ဘာသာရေးဝန်ဆောင်မှုနဲ့ ပေးချေလို့ရမလား။

ဘုန်းကြီးဆိုတာ မလိမ်ဘူး။ ကျုပ်က ဘာသာရေးအခမ်းအနားတွေစီစဉ်တာ ကျွမ်းကျင်ပါတယ်။ မွေးနေ့တွေဖြစ်ဖြစ်၊ အသက်ရှည်ဆုတောင်းပွဲဖြစ်ဖြစ်၊ သရဲနှင်တာဖြစ်ဖြစ်၊ သေသူ့ဝိညာဉ် ပိုဆောင်ပေးတာဖြစ်ဖြစ်ပါ"

ထိုစကားကြားပြီးနောက် မုန်ကျင်းကျိုး အလေးအနက်စဉ်းစားသည်။ မွေးနေ့ပွဲလုပ်ဖို့ သားသမီးရှိမှဖြစ်မည်။ သက်ရှည်ဆုတောင်းပွဲလုပ်ဖို့ သက်တမ်းကုန်ခါနီးဖြစ်ရမည်။ သရဲနှင်ဖို့ဆိုသည်မှာလဲ ထိုသရဲများက သူ့နားကိုကပ်လာရဲဦးမှ။ သေသူ့ဝိညာဉ်ပို့ဖို့ဆိုသည်မှာလည်း အရင်သေမှဖြစ်မည်။

သူဘာမှမလိုအပ်။

လုယန် အတွေးတစ်ခုဝင်လာပြီး ပြန်မေးသည်။

"ကိုယ်တော့်ရဲ့ ဓမ္မနာမည်က ဘယ်လိုခေါ်လဲ"

"ရှီချန်းပါ"

"မိတ်ဆွေရှီချန်းလား"

လုယန်နှင့်မုန်ကျင်းကျိုးတို့ တအံ့တဩ ရေရွတ်မိကြသည်။ စွန်စီးဘုံကျောင်းမှကိုယ်တော်နှင့် ဤနေရာတွင်လာဆုံရမည်ဟု ထင်မထား။

ရင်းရင်းနှီးနှီးခေါ်သည့်လေသံကြောင့် ရှီချန်းလည်း အတော်အံ့အားသင့်သွားသည်။

သူ့သိသမျှလူထဲတွင် ယန်အားတိုးသွေးရောင်းသူ တစ်ယောက်မှမရှိဟုထင်သည်။

သုံးယောက်လုံး ခြုံထားသည့်ဝတ်ရုံများ ချွတ်လိုက်သည်။ မျက်နှာအစစ်များပေါ်လာသည်။

ရှီချန်းသည် ချောမောခံ့ညားသည်။ သင်္ကန်းက သပ်ရပ်သည်။ တည်ငြိမ်သည့်အမူအရာရှိသည်။ အပြုံးက သေမျိုးလောကကို ထိုးထွင်းမြင်သယောင်ရှိသည်။ တကယ်ထူးခြားသည့် ဗုဒ္ဓကိုယ်တော်ဖြစ်သည်။

အရင်က အချင်းချင်းမတွေ့ဖူးသော်လည်း ပုံတူပန်းချီကို မြင်ဖူးကြသည်။

"မိတ်ဆွေတို့က လုယန်နဲ့မုန်ကျင်းကျိုးလား"

ရှိချန်းလည်း ဝမ်းသာသွားသဖြင့် အသံနှုန်းမြင့်တက်လာသည်။ တည်ငြိမ်သည့်အမူအရာ နည်းနည်းပျက်သွားသည်။

လွန်ခဲ့သည့်နှစ်ဝက်က တာအိုလမ်းစဉ်ဂိုဏ်းသို့သွားခဲ့သည့် အဓိကရည်ရွယ်ချက်မှာ ထိုနှစ်ယောက်ထံမှ အရဟတ်လက်သီးနှင့် တစ်ကိုယ်တော်ကျိန်စာလက်သီးပညာ သင်ဖို့ဖြစ်သည်။ သို့သော် ကံဆိုးသဖြင့် လူချင်းလွဲသွားသည်။

"အကိုတော်နှစ်ယောက်နဲ့ ဒီနေရာမှာတွေ့ရတာ တကယ်ရေစက်ပါလို့ပဲထင်တယ်"

လုယန်လည်း အံ့ဩနေသည်။ ချင်းကျိုးပွဲတော်ကျင်းပစဉ်က မသေမျိုးငါးဂိုဏ်းထဲမှ သားသတ်ရုံသို့သွားနေသဖြင့် ပွဲလာမတက်သည့် တစ်ဦးတည်းသော ပါရမီရှင်တပည့်မှာ ရှီချန်းဖြစ်သည်။

ကိုယ်တော်ကျဲ့ရှားက ဝစီပိတ်ကျင့်နေသဖြင့် ရွှေသန္ဓေဖိုင်နယ်ပွဲအကြောင်း ရှီချန်းကိုသတင်းပေးမည့်လူ တစ်ယောက်မှမရှိ။

"ကျုပ်မှတ်မိသလောက် ကိုယ်တော်ရှီချန်းက သားသတ်ရုံမှာ အလုပ်လုပ်နေတာမဟုတ်လား"

ရှီချန်း ခေါင်းခါသည်။

"အစကတော့ အဲဒီမှာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့သုံးလက 'နောက်တစ်ခေါက်'ဆိုတဲ့ အသားကင်ဆိုင်တစ်ခုက ကျုပ်တို့သားသတ်ရုံကိုဝယ်လိုက်တယ်။

အသားကင်ဆိုင်ကလူတွေက ကျုပ်နောက်ခံကိုသိတာနဲ့ ကျုပ်ကိုထွက်သွားပေးဖို့ပြောကြတယ်"

အသားကင်ဆိုင်ကို ကိုးငရဲဂိုဏ်းက ထောက်ပံ့ပေးထားကြောင့် ရှီချန်းသိသွားမည်ကို ကြောက်ကြသောကြောင့်ဖြစ်မည်ဟု လုယန်ယူဆသည်။

ဘယ်လိုပြောပြော နတ်ဆိုးဂိုဏ်းနှင့် မသေမျိုးဂိုဏ်းများသည် ပေါင်းစပ်မရအောင် ဆန့်ကျင်နေသည်။

"ဒါပေမယ့် ကိစ္စမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကလည်း ထွက်သွားတော့ဖို့ ပြင်နေတာပါ။ အဲဒီအချန်မှာ တိုက်ဆိုင်သွားတာ။

'သားသတ်ဓားကိုချပြီး ဗုဒ္ဓဖြစ်လာတယ်'ဆိုတဲ့ အဆုံးအမကို ကျုပ်ဉာဏ်အလင်းရခဲ့တယ်။ ရွှေသန္ဓေကိုခွဲပြီး နတ်ဝိညာဉ်အဆင့်ကို တက်နိုင်ခဲ့တယ်"

စကားပြောနေရင် မြို့တော်အတွင်းပိုင်းဆီ သူတို့လျှောက်လာသည်။

မဟာရှားတွင် ညမထွက်ရအမိန့်မရှိ။ ညဘက်မှာပင် မြို့တော်က သက်ဝင်လှုပ်ရှားနေသည်။

ဝတ်ရုံနက်များချွတ်၍ သာမန်အဝတ်အစားဖြင့် သွားလာနေသဖြင့် လူအုပ်ကြားထဲ သိပ်မပေါ်လွင်ကြ။

"ကိုယ်တော်က ဝိညာဉ်ကျောက်မရှိဘဲ မှောင်ခိုဈေးထဲကို ဘယ်လိုရောက်လာတာလဲ။ ဈေးထဲမှာ အလှူခံလို့ရောရလို့လား"

ရှီချန်း အနည်းငယ်ပြုံးသည်။

"အာဏာပိုင်တွေဆီသတင်းပို့လိုက်ရင် နည်းနည်းတော့ရမှာပါ"

"..."

"..."

ထို့နောက် ရှီချန်းလေသံက ဝမ်းနည်းရိပ်သန်းလာသည်။

"ဒီမှောင်ခိုဈေးမျိုးက ဝိညာဉ်တွေကုန်ကူးတယ်လို့ ကျုပ်ထင်ထားတာ။ တစ်ပတ်ပတ်ကြည့်လိုက်မှ အခွန်ရှောင်တဲ့လူနေတဲ့ မှောင်ခိုဈေးအငယ်စားလေးမှန်းသိတယ်။

ကျုပ်ဆရာစကားပြောနိုင်တဲ့အချိန်တုန်းက ပြောဖူးတယ်။ ဒီလိုမှောင်ခိုဈေးအငယ်စားလေးတွေကို ရုံးတော်က တမင်မသိကျိုးကျွံပြုထားတာတဲ့။ ဒီတော့ သူတို့အကြောင်း သွားတိုင်လို့ မသင့်တော်ဘူး။

အဲလိုတိုင်ခွင့်မရပေမယ့် အကိုတော်နှစ်ယောက်နဲ့တွေ့ရတာကိုက ထူးခြားတဲ့အကျိုးအမြတ်ဖြစ်နေပါပြီ။

ယန်အားတိုးသွေးနဲ့ အကိုမုန်ကို ဆက်စပ်မစဉ်းစားမိတာ ကျုပ်ဉာဏ်နည်းလို့ပါ"

"ဒါဆို လောင်မုန်ရဲ့သွေးကို ကိုယ်တော်က ဘာလုပ်ဖို့လဲ။ ရင်ထဲမှာ တစ်ယောက်ယောက်ရှိနေလို့လား"

"အကိုလုက နောက်နေပြန်ပြီ။ ကျုပ်က ဘုန်းကြီးပါ။ ဘုန်းကြီးရင်ထဲမှာ တစ်ယောက်ယောက်ဆိုတာမျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ။

ကျုပ်စိတ်အခြေအနေကို အဆင့်တစ်ခုထိလေ့ကျင့်ဖို့ သန့်စင်ယန်ဓာတ်သွေးကို သန့်စင်ချင်တာ။ ဒါမှ တည်တည်ငြိမ်ငြိမ်နဲ့ ဒုက္ခတွေကြားမှာ အနှောက်အယှက်မရှိနေနိုင်မှာ"

ရှီချန်း လမ်းလျှောက်ရပ်သွားသည်။ ညာလက်ကိုဆန့်၍ လမ်းဘေးမှ လူစည်နေသည့်ဆောင်ကြာမြိုင်ကို လက်ညှိုးထိုးပြ၍ ပြုံးနေသည်

"အဲဒါ ကျုပ်စိတ်ကိုလေ့ကျင့်တဲ့နေရာပဲ။ 'အလှတစ်ပါးကို ရင်ခွင်မှာပိုက်၊ ကျွန်ုပ်နှလုံးသားက ကန်ရေလိုတည်ငြိမ်နေတယ်၊ သူ့ကို အရောင်ချယ်ထားတဲ့အရိုးစုလို့ပဲမြင်တယ်'တဲ့။ အဲဒီ့အချိန်မှ စိတ်သမာဓိဟာ တကယ်ပြည့်စုံတာ။

အကိုလုရဲ့ဆရာ တာအိုရှင်ဝစီပိတ်အကြောင်း ကျုပ်ကြားဖူးတယ်။ သူလည်း လောကီကမ္ဘာထဲမှာ ကျင့်ကြံတဲ့လူတဲ့။ အကိုလု လောကီကျင့်စဉ်လမ်းတွေနဲ့ ရင်းနှီးမှာပါ။ ကျုပ်ကျင့်ကြံတဲ့လမ်းစဉ်ကို နားလည်မယ်ထင်ပါတယ်"

အမှန်တော့ သူ့ဆရာဝစီပိတ်သည် လောကီကျင့်စဉ်လမ်းကို ထောင်ထဲတွင်သာ ကျင့်ကြံချိန်များသည်ဟု လုယန်ပြောလိုက်ချင်သည်။ သို့သော် ပြောလျှင် သူတို့မသေမျိုးဂိုဏ်း သိက္ခာထိခိုက်မည်။ ထို့ကြောင့် ဘာမှမပြောတော့။

"ကျုပ်တို့အားလုံး မသေမျိုးဂိုဏ်းတွေက တပည့်တွေပါ။ သွေးစက်နည်းနည်းလောက်က ဘာမှတန်ဖိုးမရှိပါဘူး"

မုန်ကျင်းကျိုးက ရက်ရောလှသည်။ ရှီချန်ကို သွေးစက်နှစ်ဆယ် ချက်ချင်းပေးလိုက်သည်။

သာမန်နတ်ဝိညာဉ်အဆင့်တစ်ယောက်အဖို သွေးတစ်စက်ဆိုလျှင် ထိရောက်သည်။ သို့သော် ရှီချန်းလို ပါရမီရှင်အဖို့ သွေးတစ်စက်နှစ်စက်ဖြင့် လုံလောက်မည်မဟုတ်။ သွေးစက်နှစ်ဆယ် တစ်ခါတည်းသောက်ဖို့လိုသည်။

ရှီချန်းက သွေးထဲမှယန်ချီကို ခံစားရင်း လက်အုပ်ချီ၍ ဦညွှတ်သည်။

"အကိုတော်နှစ်ယောက်ကို ရှီချန်းကြိုပြီး ကျေးဇူးတင်ပါတယ်"

ရှီချန်း အားနာမနေတော့။ သွေးစက်နှစ်ဆယ်လုံး မျိုးချလိုက်သည်။

"တကယ်အလုပ်ဖြစ်တာပဲ"

ရှီချန်းမျက်လုံးများ တောက်ပလာသည်။

အကိုမုန်၏သွေး၏ သူထင်သည်ထက် အာနိသင်ပြင်းသည်။ သူ့ခန္ဓာကိုယ်က တစ်ခါမှမခံစားဖူးသည့်ပုံစံမျိုးဖြင့် တုံ့ပြန်လာသည်။

မုန်ကျင်းကျိုး၏သွေးစွမ်းအားကို ထိန်းချုပ်မထားနိုင်သဖြင့် ဆောင်ကြာမြိုင်ဆီ သူတန်းသွားသည်။ သူအမူအရာက တည်ငြိမ်သည်။ လောကီကမ္ဘာနယ်ကို ကျော်လွန်ပြီးသယောင်ရှိသည်။

ဆောင်ကြာမြိုင်တွင် သူဘယ်လောက်ကြာအောင်နေမည်မှန်း လုယန်နှင့်မုန်ကျင်းကျိုးမသိ။ ထို့ကြောင့် အနီးမှ စားသောက်ဆိုင်တွင်သာ စောင့်ကြရသည်။

ယနေ့ညရသည့် ဝင်ငွေကို ရေတွက်ကြသည်။

"တစ်သိန်းငါးသောင်း၊ ငါးသိန်း၊ တစ်သိန်း။ စုစုပေါင်း ဝိညာဉ်ကျောက် နှစ်သန်းသုံးသိန်း..."

မုန်ကျင်းကျိုး အပြုံးပန်းဝေနေသည်။ ပထမဆုံးစီးပွားရေးလုပ်ငန်းက ငွေထိုမျှရသည်။ စီးပွားရေးပညာတွင် သဘာဝပါရမီပါလာခြင်းဖြစ်မည်ဟု သူ့ကိုယ်သူထင်မိသည်။

သို့သော် ထိုလုပ်ငန်းကို ဆက်တိုက်လုပ်၍မဖြစ်။

ယနေ့ညရောင်းခဲ့သည့်သွေးများသည် သူ့ကိုယ်ထဲမှ ပုံမှန်အတိုင်း ထုတ်ယူထားခြင်းမဟုတ်။ သန္ဓေခဲ၍သန့်စင်ထားသည့် သွေးသန္ဓေဖြစ်သည်။

ဒုတိယတစ်ကြိမ် သွေးထုတ်ဖို့ သုံးလေးရက်နားဖို့လိုသည်။

"ဒါပေမယ့် ငါငွေရှာနိုင်တယ်လို့ သက်သေပြနိုင်ရင် လုံလောက်ပါပြီ။ ဘာလို့သွေးဆက်ရောင်းနေမှာလဲ"

ဝိညာဉ်ကျောက်နှစ်သန်းကျော်သည် နတ်ဝိညာဉ်အဆင့်တစ်ယောက် ချက်ချင်းထုတ်ပြနိုင်သည့် ပမာဏမဟုတ်။

"ရော့...မင်းကို တစ်ဝက်ပေးမယ်"

မုန်ကျင်းကျိုး ခပ်ညှင်းညှင်းရယ်ပြီး မှော်လက်စွပ်တစ်ဝက်ကို လုယန်ဆီ တွန်းပို့လိုက်သည်။

ထိုခွေးသူတောင်းစား သူ့အတွက်ကြော်ငြာပေးသည်က သိပ်နားဝင်မချိုသော်လည်း တကယ်အထောက်အကူရသည်။ ထို့ကြောင့်လည်း အပြင်ရောက်ချိန်တွင် သွေးရောင်းရခြင်းဖြစ်သည်။ ဝိညာဉ်ကျောက်မျှဝေပေးမှ တရားမျှတမည်။

လုယန်မငြင်းဘဲ လက်ခံသည်။

နှစ်ယောက်သား အလကားရသည့်ရေကိုသောက်၍ အေးအေးလူလူစကားပြောနေသည်။ ဆိုင်ရှင်၏ ဒေါသမျက်စောင်းများကို အရေးမစိုက်ကြ။

"ရှီချန်းက အခုလောက်ဆို ထွက်လာတော့မှာလား"

သူတို့ပြောနေစဉ်မှာပင် ရှီချန်း ဆောင်ကြာမြိုင်မှ ထွက်လာသည်။ မျက်နှာက တည်ငြိမ်သည်။ ဝင်သွားစဉ်ကလိုပင် ပျော်ခြင်းဝမ်းနည်းခြင်းမရှိ။

လုယန် ဆိုင်းထဲမှ လှမ်းခေါ်လိုက်သည်။

"စိတ်သမာဓိလေ့ကျင့်တာ ဘယ်လိုလဲ"

ရှီချန်း မပွင့်တပွင့်ပြုံးသည်။

"မအောင်မြင်ဘူး"

**********************************

All Chapters